← Chapters

အခန်း ၂၁၉

Vol. 16 Ch. 219

အခန်း ၂၁၉

Vol. 16 Ch. 219

အပိုင်း(၂၁၉) လျူလီ၏အတွေးများနှင့် ရင်တွင်းစကားများ

အရှေ့နန်းတော်စံအိမ်။

တုန်းဖန်လျူလီက တင်ပလ္လင်ခွေထိုင်ကာ နှလုံးသားငါးရပ်ကို ကောင်းကင်ဆီသို့ မျက်နှာမူထားပြီး တောရိုင်းမြေ၏ ကံကြမ္မာကို အာရုံခံနေသည်။ နေဝင်ပြီး ညကောင်းကင်ယံတွင် ကြယ်များ ပြည့်နှက်လာမှသာ သူက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

ဇာမဏီငှက်၏ စိတ်ဆန္ဒနှင့် ရောယှက်နေသော ရွှေရောင်နဂါးတစ်ကောင်က သူ့မျက်လုံးအစုံ၏ နက်ရှိုင်းသောနေရာတွင် လက်ကနဲ တောက်ပသွားသည်။

တုန်းဖန်လျူလီက မီးဖိုချောင်တွင် ဟင်းချက်နေသော မုန့်ချင်ကျိုးကို ဘေးတစောင်း လှမ်းကြည့်လိုက်သည်။ ဝူတျဲက မီးမွှေးရန် ကူညီပေးနေပြီး စုချင်ချိုးကမူ ဟင်းသီးဟင်းရွက်များကို ကြိုးကြိုးစားစား လှီးဖြတ်ကာ ဟင်းခတ်အမွှေးအကြိုင်များကို ကမ်းပေးနေသည်။

"ဧကရာဇ်ကျမ်း…"

သူ၏ နီရဲသောနှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး ရှေ့တွင် ရွှေရောင်ပိုးချည်မျှင်များ ယှက်နွယ်သွားကာ စာသားမဲ့စာအုပ်တစ်အုပ်အဖြစ် ဖြစ်တည်လာသည်။

တုန်းဖန်လျူလီက အနည်းငယ် မယုံကြည်နိုင်ဖြစ်ကာ စူးစိုက်ကြည့်နေမိသည်။

ဧကရာဇ်ကျမ်းသည် တောရိုင်းမြေ၏ကံကြမ္မာကို စုပ်ယူလိုက်ပြီး ကြီးမားလှသော အသွင်ပြောင်းလဲမှုကြီး ဖြစ်လာခဲ့သည်။ မူလက အဖြူရောင်နှင့် ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေသော ကောင်းကင်စာအုပ်က ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အမြင့်မြတ်ဆုံးသောထည်ဝါမှုကို ဖြာထွက်နေသည်။

"လွတ်ငြိမ်းခွင့်…"

တုန်းဖန်လျူလီက လက်ချောင်းထိပ်များကို ပင့်ခေါက်လိုက်ပြီး ရေကန်ထဲရှိ မျိုးရိုးဗီဇပြောင်းနေသော ငါးဆီသို့ ချိန်ရွယ်လိုက်သည်။

နောက်တစ်ခဏတွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမများဖြင့် ဖွဲ့စည်းထားသော သံကြိုးများက ငါးကို ရစ်ပတ်ချည်နှောင်လိုက်ပြီး ၎င်းကို လှုပ်ရှား၍မရအောင် လုပ်ပစ်လိုက်သည်။

"လွတ်ငြိမ်းခွင့်တိုင်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေ ပါဝင်နေတယ်..."

"ပါးစပ်ကထွက်တဲ့ စကားတိုင်းက နိယာမဖြစ်လာတယ်၊ အမိန့်ဖြစ်လာတယ်ဆိုတာ ဒါကိုပြောတာပဲ"

တုန်းဖန်လျူလီက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး၊ ဧကရာဇ်တာအိုကျမ်းကို ပျောက်ကွယ်သွားစေရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မေးစေ့ကို လက်ပေါ်တင်ကာ ခေါင်းလေးစောင်းပြီး မီးဖိုချောင်ထဲမှ မုန့်ချင်ကျိုးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်...

"ကြင်ရာတော်... ရှင့်ကို နားလည်ဖို့ တဖြည်းဖြည်းနဲ့ ပိုခက်ခဲလာသလိုပဲ။"

"ရှင်က တကယ်တမ်း ဘယ်သူများလဲ။"

မုန့်ချင်ကျိုးက သူ၏ အဖိုးတန်ဆုံးပိုင်ဆိုင်မှုများကို ရေတွက်ပြနေသကဲ့သို့ လျှို့ဝှက်ချက်အမျိုးမျိုးကို ကိုယ်တိုင် ပြန်လည်ပြောပြခဲ့သည်။

ယခု ပြန်တွေးကြည့်မည်ဆိုလျှင်... အရာအားလုံးကို တိတ်တဆိတ် တွန်းအားပေးနေသူ၏ ပစ်မှတ်နှင့် အစီအစဉ်ကို သူ အပြည့်အဝ သတိထားမိနေခဲ့သည်။ ထို့အပြင် ၎င်းမှတစ်ဆင့် အတ္တကင်းမဲ့ဗုဒ္ဓသည် ထိုသို့ တိတ်တဆိတ် ကြိုးကိုင်လှုပ်ရှားနေသူ ဖြစ်နိုင်ကြောင်းကိုပါ ကောက်ချက်ချနိုင်ခဲ့သည်။

၎င်းမှာ ဗဟုသုတကြွယ်ဝရုံသက်သက်နှင့် ရှင်းပြရနိုင်သော အရာမျိုး မဟုတ်ပေ။ ထိုလျှို့ဝှက်ချက်များကို လီကွမ်ယန်နဲ့ ဝမ်ရှန်ကျားတို့ပင် သိထားရန် မဖြစ်နိုင်ချေ။

ကောင်းကင်စစ်သူကြီးနှင့် အနက်ရောင်ဝတ်ဝန်ကြီးချုပ်တို့ကို တွေးမိသောအခါ တုန်းဖန်လျူလီသည် ထိုသူနှစ်ဦး မုန့်ချင်ကျိုးရှေ့တွင် ဒူးထောက်ကာ သူ့အား သခင်အဖြစ် လေးစားစွာ ခေါ်ဝေါ်ခဲ့ကြသည့် မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။

အတိတ်က အမှတ်ရစရာများက တဖြည်းဖြည်းနှင့် ပြန်လည်လွင့်မျောလာခဲ့သည်။

ပစ္စုပ္ပန်ရွာတွင် နေထိုင်သော်လည်း လောကရေးရာများကို သိရှိနေပြီး သူသည် မဟာကျင်းကို အကျပ်အတည်းများစွာမှ ကျော်လွှားနိုင်ရန်နှင့် အထွတ်အထိပ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိစေရန် မသိမသာ တွန်းအားပေးခဲ့သည်။

ဝူး...

တုန်းဖန်လျူလီက သည်းထန်စွာရွာသွန်းနေသော မိုးသံကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး မိုးထဲတွင် ပြိုကျပျက်စီးနေသော ဘုရားကျောင်းတစ်ခုကို မြင်ယောင်လာသည်။ ထိုအချိန်က စုတ်ပြတ်သတ်နေသော လူငယ်တစ်ယောက်က ချင်းလျူလီအနေဖြင့် ဧကရီအဖြစ် သေချာပေါက် နန်းတက်ရမည်ဟု ပြတ်သားစွာ ကြေညာခဲ့သည်။

အတိတ်က ဖြစ်ရပ်များ ပေါင်းစပ်ယှက်နွယ်သွားပြီး မျက်လုံးများကို ဖုံးအုပ်ထားသည့် ပြုံးနေသော လူငယ်လေးတစ်ယောက်၏ပုံရိပ် ဖြစ်ပေါ်လာကာ ယခုအခါတွင်တော့ ထိုအရာက လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဖုံးလွှမ်းနေခဲ့လေပြီ။

"အရင်က ငါ့ကို ဒုက္ခပေးနေခဲ့တဲ့ သက်တမ်းအကျပ်အတည်းက ချင်ကျိုးရဲ့ စကားတွေကြောင့် အလင်းပွင့်သွားခဲ့ပြီး ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်။ တောရိုင်းမြေရဲ့ ကံကြမ္မာက တကယ်ပဲ ငါ့ရဲ့ကျင့်စဉ်အဆင့်ကို ဝိညာဉ်နဲ့စိတ် ထပ်တူကျ ပေါင်းစပ်နိုင်တဲ့ အဆင့်အထိ မြှင့်တင်ပေးခဲ့တယ်။"

"သက်တမ်းက ငါ့အတွက် စိုးရိမ်စရာမဟုတ်တော့ပေမယ့် ပြဿနာသစ်တစ်ခုက ရှေ့မှာ ရောက်နေပြီ..."

"သူက ဧကရာဇ်အဖြစ် နန်းတက်နိုင်သလို၊ ကျေးလက်ကိုပြန်ပြီးတော့ အေးအေးချမ်းချမ်း နေချင်လည်း နေနိုင်တယ်…"

တုန်းဖန်လျူလီက လှပသော မျက်ဝန်းများကို အောက်သို့ချပြီး မျက်နှာအမူအရာ ညှိုးနွမ်းသွားသည်။

မုန့်ချင်ကျိုး ပြောခဲ့သလိုပင် ဧကရာဇ်ဖြစ်မည့်လမ်းကို ရွေးချယ်လိုက်သည်နှင့် ထိုလမ်းသည် ဆူးငြောင့် ခလုတ်များ၊ လောကအရပ်ရပ်မှ ရန်သူများနှင့် ပြည့်နှက်နေလိမ့်မည်။ ထိပ်ဆုံးသို့ အောင်မြင်စွာ ရောက်ရှိပြီး လူသားဧကရာဇ်ဟူသောဘွဲ့ကို ရရှိလျှင်ပင် ကောင်းကင်ဘုံ၏ အစေခံတစ်ဦးအဖြစ် ကံကြမ္မာ သတ်မှတ်ခံရမည် ဖြစ်သည်။

ကောင်းကင်တာအို၏ကျေးကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရသော တုန်းဖန်လျူလီသည် ယခင်တုန်းဖန်လျူလီ ဟုတ်ပါသေးရဲ့လား။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ချင်ကျိုးပြောတာ မှန်တယ်။ ကံကြမ္မာရဲ့စွမ်းအားဆိုတာ လောကမှာ အကြီးမားဆုံးသော အခွင့်အရေးပဲ။ ငါက တောရိုင်းမြေရဲ့ ကံကြမ္မာ ဆယ်ပုံတစ်ပုံကိုပဲ စုပ်ယူရသေးတယ်။ အဲဒါက ငါ့ရဲ့ ကျင့်စဉ်အခြေခံကို ကောင်းကင်ထောက်တိုင်တစ်ပိုင်းအဆင့်အထိ မြှင့်တင်ပေးခဲ့ရုံ အပြင်ကို လက်ရှိအဆင့်က နံနက်ခင်းအလင်းနယ်ပယ်ရဲ့ နောက်ဆုံးအဆင့်ပဲ ရှိနေသေးပေမယ့် ကောင်းကင်ထောက်တိုင် အဆင့်အောက်က ဘယ်သူ့ကိုမဆို ဖိနှိပ်နိုင်စွမ်းရှိနေပြီ... အဲ… ချင်ကျိုးကလွဲရင်ပေါ့"

တုန်းဖန်လျူလီက အလွန်ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး လွတ်လပ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

မုန့်ချင်ကျိုးထံ သူ၏နှလုံးသားနှင့်ဝိညာဉ်ကို အပ်နှင်းခဲ့သည့် အချိန်မှစ၍ သူသည် ခင်ပွန်းဖြစ်သူကို ကျော်လွန်နိုင်ရန် အမြဲပင် ကြိုးစားနေခဲ့သည်။ သူက သာမန်အမျိုးသမီးတစ်ဦးကဲ့သို့ အမျိုးသားတစ်ဦး၏ နောက်တွင် ပုန်းအောင်းကာ အကာအကွယ်ကို မရှာဖွေချင်။ သူကသာ မုန့်ချင်ကျိုးကို ကာကွယ်ပေးချင်ခဲ့သည်။

သို့သော်လည်း...

တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ကျောပြင်ကို လှည့်ကြည့်ရင်း သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။ တောရိုင်းမြေ၏ ကံကြမ္မာကို စုပ်ယူပြီး ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ရရှိကာ လူသားဧကရာဇ်၏ လမ်းစဉ်အတွက် ဝင်ခွင့်လက်မှတ်တစ်ခု ရရှိခဲ့လျှင်ပင် မုန့်ချင်ကျိုးကို ဖောက်ထွင်းမမြင်နိုင်သေးပေ။

သူ၏စွမ်းအားများ ပိုမို အားကောင်းလာသည်နှင့်အမျှ... သူ၏ခင်ပွန်းသည် မည်မျှအထိ အမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို သူက တဖြည်းဖြည်း ပိုနားလည်လာခဲ့သည်။

တုန်းဖန်လျူလီတွင် ခံစားချက်တစ်ခုပင် ရှိနေသည်။ အကယ်၍ သူသည် ထပ်မံအဆင့်တက်သွားပြီး မုန့်ချင်ကျိုးနှင့် တူညီသောအဆင့်တစ်ခုတည်းတွင် တိုက်ခိုက်မည်ဆိုလျှင်ပင် တိုက်ကွက် သုံးကွက် မပြည့်ခင်မှာတင် ရှုံးနိမ့်သွားနိုင်ခြေရှိသည်။

"ညစာရပြီ။ လာစားကြတော့။" စုချင်ချိုးက ဟင်းပန်းကန်ပြား အချို့ကို ကိုင်ဆောင်လာရင်း အော်ခေါ်လိုက်သည်။

"လာပြီ။" တုန်းဖန်လျူလီက ပြုံးရင်း ပြန်ထူးလိုက်ပြီး ဝတ်ရုံအောက်စကိုမကာ ဟင်းပန်းကန်များ ကူသယ်ပေးရန် အမြန်ပြေးသွားလေသည်။

မုန့်ချင်ကျိုးက ခါးစည်းရှေ့ဖုံးကို ချွတ်လိုက်ပြီး ဟော့ပေါ့အိုးကို လက်နှစ်ဖက်ဖြင့် မကာ ပြောလိုက်သည်။

"ဒီနေ့ မင်းတို့ကို အသစ်အဆန်းနဲ့ စိတ်လှုပ်ရှားစရာတစ်ခု ကျွေးမလို့... ဟော့ပေါ့လေ။"

"ဟော့ပေါ့ ဟုတ်လား…"

အမျိုးသမီးသုံးယောက်စလုံး တွေဝေသွားကြသည်။

ခဏအကြာတွင် သူတို့လေးယောက်က ခြံဝင်းအတွင်းရှိ ကျောက်စားပွဲကို ဝိုင်းထိုင်နေသည်။ စုချင်ချိုးက အသားပြားတစ်ပြားကို ညှပ်ယူလိုက်ပြီး ပွက်ပွက်ဆူနေသော အစပ်ဟင်းရည်ပူပူထဲသို့ စက္ကန့်အနည်းငယ်ခန့် နှစ်လိုက်ကာ ပြန်ဆယ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ၏ လှပသောမျက်လုံးများက ချက်ချင်း အရောင်တောက်သွားပြီး လက်မထောင်ပြကာ ပြောလိုက်သည်။

"အရသာရှိလိုက်တာ။"

"သခင်လေး။ ရှင့်ရဲ့ တရားဝင်ရာထူးကနေ နှုတ်ထွက်ပြီးတော့ ဇာတိကို ပြန်သွားမယ်ဆိုရင်တောင် ဒီလို အရည်အချင်းမျိုးနဲ့ဆိုရင် ကျွန်မတို့တွေနဲ့ မမလေးကို ကောင်းကောင်းကြီး ရှာကျွေးနိုင်မှာ သေချာတယ်။"

မုန့်ချင်ကျိုးက ပြုံးရင်း ခေါင်းခါလိုက်သည်။ "ရာထူးကထွက်ပြီး ဇာတိကိုပြန်ရမယ် ဟုတ်လား။ လျူလီက အဲ့ဒါကို သဘောတူမှာ မဟုတ်ဘူး။"

ထိုစကားကို ကြားလိုက်ရသောအခါ ဝူတျဲက စုချင်ချိုးကို တိတ်တဆိတ် စိုက်ကြည့်ပြီး အမဲအူကြမ်း အတုံးကြီးတစ်တုံးကို ခပ်ယူကာ သူ့ပန်းကန်လုံးထဲ ထိုးထည့်ပေးရင်း ဆူပူလိုက်သည်။

"စားနေတာတောင် နင်က ပါးစပ်ပိတ်မထားဘူးပဲ။"

စုချင်ချိုးက လျှာလေးကို ထုတ်ပြလိုက်ပြီး ကိုယ့်ခေါင်းကိုယ် ပြန်ပုတ်ကာ စကားမှားပြောမိသွားကြောင်း နားလည်သွားသည်။

တုန်းဖန်လျူလီက မျက်နှာဖုံးကို အပေါ်သို့ ပင့်တင်လိုက်ကာ ဝတ်ရုံဖြင့် ကွယ်ထားလိုက်ပြီး မုန့်ချင်ကျိုး ပြုလုပ်ထားသော စပါကလင်ရေကို တစ်ငုံသောက်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။

"ရှင်က မမေးကြည့်ရသေးဘဲနဲ့ ရှင့်ဇနီးက ဆန္ဒမရှိဘူးဆိုတာ ဘယ်လိုသိတာလဲ။"

တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိထားသောကြောင့် မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ စိတ်တွင်းလှိုင်းလေထန်မှုများကို နားလည်ပြီး ပြုံးကာ ပြောလိုက်သည်။

"ခေတ်ကြီးတစ်ခု ရောက်လာတော့မယ်၊ နှစ်သောင်းပေါင်းများစွာအတွင်း မကြုံစဖူး အပြောင်းအလဲကြီး တစ်ခုပဲ။ အခြေအနေတွေက ဒီအထိတောင် ရောက်လာပြီဆိုတော့ လူသားဧကရာဇ်တစ်ပါး သေချာပေါက် ပေါ်ထွက်လာလိမ့်မယ်။ ဒါပေမယ့် နောက်တက်မယ့် လူသားဧကရာဇ်က ပညာရှိတဲ့ အုပ်စိုးရှင်တစ်ပါး ဖြစ်မလား၊ ဒါမှမဟုတ် မိုက်မဲတဲ့သူ ဖြစ်မလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။"

"ငါ့ဇနီးက တစ်ခါတုန်းက လောကကြီးကို လှည့်လည်သွားလာခဲ့ဖူးတယ်။ အပေါ်ယံကြည့်ရင်တော့ အပျော်ခရီးထွက်တာနဲ့ တူပေမယ့် သာမန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို မျက်မြင်ကိုယ်တွေ့ကြုံချင်လို့ သူ အဲဒီလို လုပ်ခဲ့တယ်ဆိုတာ ငါသိတယ်။ သူ သွားခဲ့တဲ့နေရာတွေက နာမည်ကြီး အပန်းဖြေစခန်းတွေ မဟုတ်ဘူး။ သွေးထွက်သံယိုဖြစ်နေတဲ့ စစ်မြေပြင်တွေ၊ အေးစက်လှတဲ့ နယ်စပ်ဒေသတွေ၊ ပြီးတော့ လူတွေက သူတို့ရဲ့ ကိုယ်ပိုင်အသားကိုတောင် ချက်ပြုတ်စားသောက်နေရတဲ့ လူသူကင်းမဲ့တဲ့ နေရာတွေပဲ။"

"ဒီအရာတွေကို ကိုယ်တိုင်မြင်တွေ့ဖူးမှပဲ သန္နိဋ္ဌာန်ကို ခိုင်မာအောင် လုပ်နိုင်မှာပေါ့။"

"သူက ဒီလောကကြီးမှာ ဘာဆင်းရဲဒုက္ခမှ ထပ်မရှိတော့ဖို့ မျှော်လင့်နေတယ်။ ပြီးတော့ သူ့ရဲ့ဒီဆန္ဒလေး ပြည့်ဝလာအောင် ငါ ကူညီပေးချင်တယ်။"

"သူ့ရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့... တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက် သူ့ရဲ့ဆန္ဒတွေကို ဖိနှိပ်ခဲ့မယ်ဆိုရင်..."

မုန့်ချင်ကျိုးက အနည်းငယ် ရပ်တန့်သွားပြီးမှ ဆက်ပြောသည်။ "ငါက သူ့ကို ချစ်တာလား၊ ဒါမှမဟုတ် ငါ့ကိုယ်ငါ ချစ်တာလား။"

ခလွတ်...

တုန်းဖန်လျူလီ၏ လက်ထဲမှ ကျောက်စိမ်းတူများက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ ဇာမဏီမျက်ဝန်းများက ရှေ့မှလူကို ငေးမောစွာ ကြည့်နေမိသည်။ သူ၏နှလုံးသားက လေးလံသော သံတူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် ခုန်ပေါက်မှု ရပ်တန့်သွားသည်။ သူ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။

"ဘာလို့လဲ..."

ရုတ်တရက်ဆိုသလို အကောင်းဆုံးသော အစားအစများပင် အရသာမရှိတော့သလို ခံစားလိုက်ရသည်။ ဝူတျဲက ကြယ်များပြည့်နေသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဒီဘဝမှာတော့ ငါ အိမ်ထောင်ပြုဖြစ်တော့မယ် မထင်ဘူး။"

"ငါလည်း အတူတူပဲ။"

စုချင်ချိုးက စားချင်စိတ်ရှိနေဆဲ ဖြစ်သော်လည်း သူ၏စိတ်ခံစားချက်က ဝူတျဲနှင့် ကွက်တိ တူညီနေ၏။ သခင်လေးကဲ့သို့ အဖိုးတန်ရတနာကြီး သူတို့ရှေ့တွင် ရှိနေမှတော့... အခြားဘယ်သူ့ကို သူတို့မျက်လုံးထဲ ထည့်နိုင်တော့မည်နည်း။

"ရှင့်ရဲ့ဇနီးက ရှင်နဲ့တွေ့ဖို့အတွက် သူ့ဘဝရဲ့ ကံကောင်းခြင်းတွေအကုန်လုံးကို အသုံးပြုခဲ့ရတာ သေချာတယ်…" တုန်းဖန်လျူလီက ပြောလိုက်သည်။

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။

သူ မည်သူမည်ဝါဖြစ်ကြောင်းကို မသိခဲ့လျှင် အဆင်ပြေနိုင်သော်လည်း ယခု သိနေသည့်အချိန်တွင် ထိုစကားများကို ကြားလိုက်ရခြင်းက... ဟွန်း၊ တစ်ခုခုတော့ မှားနေသလို ခံစားရ၏။

"တကယ်တော့ ငါက အဲဒီလောက်ကြီးလည်း မကောင်းပါဘူး"

"လျူလီ... အဟွတ် အဟွတ် သူက အခုဆိုရင် ကျင့်ကြံလို့ ရနေပြီလေ။ ဒါပေမယ့် ငါ့ကိုတော့ မီဖို့ မလွယ်သေးဘူးပေါ့။"

"အခု ငါက ဒီအဆင့်ထိ ကျင့်ကြံပြီးပြီဆိုတော့ အမြင့်ဆုံးထိပ်က ရှုခင်းကို သေချာပေါက် မြင်တွေ့ရမယ့် ကံကြမ္မာရှိနေတယ်။ တကယ်လို့ လျူလီက ငါနဲ့အတူ ကျေးလက်ကို ပြန်ပြီး အိမ်ရှင်မတစ်ယောက်လုပ်ရင်း သူ့ရဲ့ ကျင့်စဉ်တွေကို လျစ်လျူရှုလိုက်မယ်ဆိုရင်... အနာဂတ်မှာ ငါနဲ့အတူ ဘယ်သူက အတူတူ ဖြတ်သန်းပေးနိုင် တော့မှာလဲ။”

…

All Chapters