အခန်း ၂၂၁
Vol. 16 Ch. 221
အပိုင်း(၂၂၁) ဗုဒ္ဓတိုင်းပြည်သို့ ချီတက်ခြင်း၊ သုခဝတီဘုံကို နင်းချေခြင်း
နောက်တစ်နေ့နံနက်။
မိသားစုလေးယောက် နံနက်စာစားပြီးနောက် ဝူတျဲက ကူရှီးယွဲ့ကို မျက်လုံးထောင့်မှနေ၍ ခဏခဏ ခိုးကြည့်နေပြီး နှုတ်ခမ်းကို တိတ်တဆိတ် စူထားလေသည်။
စုချင်ချိုးကမူ ရယ်ချင်စိတ်ကိုအောင့်ထားကာ ဆန်ပြုတ်ပန်းကန်ထဲ ခေါင်းငုံ့ထားသည်။
ကူရှီးယွဲ့၏ သရုပ်မှန်ကို ဝူတျဲသိသွားချိန်တွင် ပြသမည့် တုံ့ပြန်မှုကို သူတို့က စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
တုန်းဖန်လျူလီက မျက်နှာဖုံးကိုမကာ အနည်းငယ် စားလိုက်ပြီး ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။
ယမန်ညက သူသည် မုန့်ချင်ကျိုးကို ဆုချရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ပထမအချက်မှာ တောရိုင်းမြေ၏ ကံကြမ္မာက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုလာစေရန် ကြီးမားသော ကတိသစ္စာပြုရန် သတိပေးခံခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ညစာစားချိန်တွင် မုန့်ချင်ကျိုးက အလွန် နားလည်မှု ရှိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ တတိယအချက်မှာ သူ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်ကာ မုန့်ချင်ကျိုး၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးကြွေးတင်နေသည်ဟု ခံစားရ၍ ကျေးဇူးဆပ်သည့် အနေဖြင့် ယခုလို အားထုတ်ခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ထားဘဲ မုန့်ချင်ကျိုး၏ အနှစ်သာရသွေးက အလွန်တရာပင် ကြွယ်ဝနေပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမို၍အားကောင်းနေခဲ့သည်။ ထို့ကြောင့် သူ၏ကျင့်ကြံမှုနှင့် သက်တမ်းတို့မှာ အဘက်ဘက်မှ တိုးတက်လာခဲ့သည်။ အမှန်တကယ်တော့ ဆုချခံလိုက်ရသူမှာ သူကိုယ်တိုင် ဖြစ်သွားသလိုပင်။
လူသားဧကရာဇ်လား။ လောကကြီးကို ငြိမ်းချမ်းရေး ပြန်လည်ယူဆောင်ပေးနိုင်ပြီး အမှောင်ထုကို မောင်းထုတ်နိုင်မယ်ဆိုရင် ကောင်းကင်တာအိုကို ဆန့်ကျင်တိုက်ခိုက်ရတာ ဘာဆုံးရှုံးစရာရှိလို့လဲ။ ဧကရာဇ် တစ်ပါးက ဘယ်လိုလုပ်ပြီး ကျေးကျွန် ဒါမှမဟုတ် အစေခံတစ်ယောက် ဖြစ်နိုင်မှာလဲ။ လွတ်လပ်ခွင့်တွေ ဆုံးရှုံးမယ်၊ လူသားဧကရာဇ်ဆိုတဲ့ အဆင့်အတန်းကနေ ဖယ်ရှားခံရမယ်၊ ပြီးတော့ ကောင်းကင်တာအိုရဲ့ အလိုဆန္ဒကို ဖျက်ဆီးပစ်ခံရမယ်ဆိုရင်တောင်... အဆိုးဆုံးဖြစ်လာရင် သေရုံပဲ ရှိတာပေါ့။
အဲဒါအပြင်ကို...
ချင်ကျိုးက တစ်ခုခုကို အာရုံခံမိနေတာလား။ မနေ့ညက သူပြောခဲ့တဲ့စကားတွေက ပိုနက်နဲတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်။
ငါက လောကကို လှည့်လည်သွားလာခဲ့တယ်ဆိုတာ မှန်ပေမယ့် ဘာလို့ သူက ငါ သာမန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို မျက်မြင်ကိုယ်တွေ့ကြုံချင်လို့ လှည့်လည်သွားလာနေတဲ့ သူရဲကောင်း တစ်ယောက်လို ဟန်ဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်သွားရတာလဲ။ အင်း... ဘာပဲဖြစ်ဖြစ် သူပြောတာ မှန်ပါတယ်။
နံနက်စာကို နည်းနည်းလေးသာ စားနိုင်ခဲ့ခြင်းမှာ ထိုအချက်ကို နားမလည်နိုင်၍ စားချင်စိတ် ပျောက်သွား၍ပင်။
တုန်းဖန်လျူလီက သူကိုယ်တိုင် ဖော်ထုတ်ခံလိုက်ရပြီဟု ခံစားနေရသော်လည်း အထောက်အထားတော့ မရှိပေ။ အကယ်၍ အလောတကြီး မေးလိုက်မည်ဆိုပါက သူကိုယ်တိုင် အလွန်အမင်း တွေးပူနေခြင်းသာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်သလို ဖြစ်သွားလျှင် မည်သို့လုပ်မည်နည်း။
ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သောစကားက နားထောင်သူအတွက် ရင်ထဲစွဲကျန်သွားနိုင်၏။
မုန့်ချင်ကျိုးကတော့ ထိုမျှအထိ အဝေးကြီး မတွေးထားခဲ့ပေ။ သူက စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခေါက်လိုက်ပြီး မေးလိုက်သည်။
"ဝူတျဲ... လျန်ယွဲ့ ဘယ်သွားလဲ မင်းသိလား။"
လွန်ခဲ့သောရက်အနည်းငယ်အတွင်း တောင်ပံ(၆)ဖက် တမန်တော်မလေး ပျောက်ဆုံးနေခြင်းက သူ့ကို တွေဝေသွားစေခဲ့သည်။
"သူက နန်းတော်ထဲမှာ နေရတာ အသားမကျဘူး။ ပြီးတော့ သခင်လေးကို ကျေးဇူးကြွေးတင်နေတယ်လို့ ခံစားရလို့ လန်ယမြို့တော်မှာ စည်းကမ်းထိန်းသိမ်းဖို့ ကူညီပေးနေပြီးတော့ အရာရှိတွေ သူတို့တာဝန် သူတို့လုပ်ဖို့ ကြီးကြပ်ပေးနေတယ်လို့ ပြောပါတယ်။"
"သူက အရည်အချင်းရှိတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ရဲ့ အငွေ့အသက်တွေ ပြန်ရနေပြီထင်တယ်။" ဝူတျဲက ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
မုန့်ချင်ကျိုးက ခါးသက်သက် ပြုံးလိုက်၏။
အခြားလူမျိုးစုမှ ချစ်စရာကောင်းပြီးရိုးသားသော ကောင်မလေးက စမ်းသပ်မှုအချို့ ဖြတ်သန်းပြီးနောက် အရွယ်ရောက်လာပုံရသည်။
"သွားကြစို့။ ခရီးထွက်ရမယ့်အချိန် ရောက်ပြီ။"
အစားစားပြီးနောက်။
မုန့်ချင်ကျိုးက မျက်မမြင်တုတ်ကောက်အဖြူကိုမှီကာ ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "လန်ယ မြို့တော်ကို လျန်ယွဲ့ ကောင်းကောင်းစီမံခန့်ခွဲပါစေ။ ပြဿနာကြီးကြီးမားမားတွေ မဖြစ်အောင် ကြိုးစားရှောင်ဖို့ ပြောလိုက်ပါ။"
"ချင်ချိုး... ငါ့နာမည်နဲ့ စာတစ်စောင်ရေးပြီး ချင်းဖုန်းဟော်ကို လန်ယာကိုလွှဲပြောင်းယူဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခိုင်းလိုက်။"
စုချင်ချိုးနှင့်ဝူတျဲတို့ အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်လိုက်ကြသည်။
သူတို့ နားမလည်နိုင် ဖြစ်သွားကြသည်။
ခရီးထွက်မယ် ဟုတ်လား။ ဘယ်ကိုလဲ။
"သခင်လေး... အဲဒါက ဘာကိုဆိုလိုတာလဲ။" စုချင်ချိုးက နားမလည်စွာဖြင့် မေးလိုက်သည်။
တုန်းဖန်လျူလီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"သခင် ဆိုလိုတာက... ဗုဒ္ဓလာမယ့်အချိန်ကို စောင့်နေမယ့်အစား ဗုဒ္ဓကို သွားရှာသင့်တယ်လို့ ပြောတာ။"
"အကြောင်းရင်းအချို့ကြောင့် ဗုဒ္ဓတိုင်းပြည်က အချိန်အခါကောင်းတစ်ခု မရောက်မချင်း လှုပ်ရှားမှာ မဟုတ်ဘူး။ ဒီလိုမှတော့ သူတို့သဘောအတိုင်း ဘယ်လိုလုပ် လွှတ်ထားလို့ရမလဲ။ ငါတို့က ဒီအခွင့်အရေးကို အသုံးချပြီး နန်းရင်ဝန် ကျန်းစန်းဟိုင်ကို ကယ်တင်သင့်တယ်။"
မုန့်ချင်ကျိုးက ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ရှီးယွဲ့ပြောတာ မှန်တယ်။ ချင်ချိုး... ချင်းဖုန်းဟော်ဆီ မြန်မြန် စာရေးလိုက်။ ဝူတျဲ... သွားပြီးတော့ လျန်ယွဲ့ကို မှးလိုက်။"
စာရေးရသည်မှာ အနည်းငယ် အလုပ်ရှုပ်သည်မှာ သေချာသော်လည်း ၎င်းက အလွန်အရေးကြီးသော ကိစ္စ ဖြစ်သည်။ အထူးသဖြင့် တိုင်းပြည်တစ်ပြည်၏ အတက်အကျနှင့် သက်ဆိုင်နေသောကိစ္စများတွင် စာများက ပို၍ယုံကြည်ရလောက်သောကြောင့်ပင်။
ချင်းဖုန်းဟော်က စစ်တပ်ကိုဦးဆောင်ကာ လန်ယကို သိမ်းပိုက်လိုက်သည်နှင့် မဟာကျင်းအတွက် ဗုဒ္ဓတိုင်းပြည်ကိုတိုက်ခိုက်ရန် ခံတပ်စခန်းတစ်ခု ဖြစ်လာလိမ့်မည်။
မုန့်ချင်ကျိုးနှင့်အဖွဲ့က ရှေ့တန်းတပ်ဦးအဖြစ် ဆောင်ရွက်ကာ နန်းရင်းဝန် ကျန်းစန်းဟိုင်နှင့် ကြိုတင် ပူးပေါင်းနိုင်မည်။ ထို့အပြင် သူက ဗုဒ္ဓတိုင်းပြည်၏ အုတ်မြစ်ကို တတ်နိုင်သမျှ အားနည်းသွားစေရန်နှင့် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ခဲ့သည်...
နာရီဝက်ကြာပြီးနောက်။
လန်ယမြို့တော်၏ မြို့တံခါးအပြင်ဘက်တွင်။
မုန့်ချင်ကျိုးက လက်နောက်ပစ်ထားလျက် မေးလိုက်သည်။
"ဒီခရီးစဉ်က အန္တရာယ်များတယ်။ မင်းတို့ ငါနဲ့ တကယ်လိုက်ချင်တာ သေချာရဲ့လား။"
အမျိုးသမီး သုံးယောက်စလုံးက တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။ "သေချာပါတယ်..."
"ဒါဆိုရင် သွားကြတာပေါ့။ ကိုယ်ယောင်ဖျောက်နေစရာ မလိုဘူး။ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေကို အကုန်သတ်ပြီး တိုက်ခိုက်ဝင်ရောက်ကြတာပေါ့..."
"ငါတို့ရဲ့တာဝန်က မိုင်သန်းပေါင်းရာချီကျယ်ဝန်းတဲ့ ကန္တာရတွေကို သိမ်းပိုက်ပြီးတော့ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေအားလုံးရဲ့ ကြာပလ္လင်တွေကို မှောက်လှန်ပစ်ဖို့ပဲ..."
စုချင်ချိုးနှင့် ဝူတျဲတို့ ရုတ်တရက် လန့်ဖြတ်သွားကြသည်။
မြေပြင်ကို ဖြတ်သန်းပြီး မရေမတွက်နိုင်တဲ့ မိုင်ပေါင်းများစွာရှိတဲ့ ဗုဒ္ဓတိုင်းပြည်တွေကို သိမ်းပိုက်မယ်။ ဒါက ချဲ့ကားပြောဆိုနေတာမျိုးလား။ အတ္တကင်းမဲ့ဗုဒ္ဓက ရွှံ့နဲ့လုပ်ထားပြီး ဒေါသနည်းနည်းလေးတောင် မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား။
အချိန်-နေရာလွတ်မြစ်က ဟင်းလင်းပြင်ထဲမှ စီးဆင်းလာကာ သူတို့သုံးယောက်ရှေ့တွင် ဖြတ်သန်း တည်ရှိနေလေသည်။
တစ်ခဏချင်းမှာပင်။
လန်ယမြို့တော်ရှိ လူအားလုံးက ဤအံ့မခန်းဖြစ်ရပ်ကြီးဆီသို့ အာရုံစိုက်သွားကြပြီး အမျိုးသမီး သုံးဦးနှင့်အတူ ရှိနေသော မုန့်ချင်ကျိုးဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်က လန်ယကနေ ထွက်သွားတော့မယ်။ သူ ဒီမှာရှိနေတုန်းက ဘယ်တိုင်းပြည်မှ ဝင်မတိုက်ရဲကြဘူး။ သူသာ ထွက်သွားရင် ငါတို့ ဘေးဒုက္ခရောက်တော့မှာ မဟုတ်ဘူးလား။"
"ဓားသူတော်စင် ထွက်သွားလို့ မဖြစ်ဘူး။"
"ဓားသူတော်စင်..."
...
တိုင်းပြည်အသီးသီးမှ သူလျှိုများက လူအုပ်ထဲတွင် ပုန်းကွယ်နေကြပြီး သူတို့၏မျက်လုံးများက အရောင်လက်သွားကာ မုန့်ချင်ကျိုး ထွက်ခွာသွားသော ကျောပြင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်သည် လန်ယမှ ခမ်းနားကြီးကျယ်စွာ ထွက်ခွာနေလေပြီ။ သူက လန်ယကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ ရန်ငြိုးရှိသူများအနေဖြင့် လာရောက်ကလဲ့စားချေနိုင်ပြီး သူ့အနေဖြင့် ထပ်မံဂရုစိုက်တော့မည်မဟုတ်ကြောင်း အခြားတိုင်းပြည်များကို သတင်းစကားပါးလိုက်ခြင်းလေလား။
"သခင်လေး... လန်ယကလူတွေကို ဂရုမစိုက်တော့ဘူးလား။" စုချင်ချိုးက စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။
မုန့်ချင်ကျိုးက စုချင်ချိုး၏ အနက်ရောင်ဆံပင်ရှည်များကို ဖွလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ငါ မင်းကို ချင်းဖုန်းဟော်ဆီ စာရေးခိုင်းခဲ့တာကို မေ့သွားပြီလား။ အလွန်ဆုံး သုံးရက်အတွင်း သူက သူ့တပ်တွေကို လန်ယဆီ ဦးဆောင်ခေါ်လာလိမ့်မယ်။ ဗုဒ္ဓတိုင်းပြည်ကို သေမတတ် ထောက်ခံအားပေးသူတွေက လွဲပြီးတော့ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်သူကမှ မဟာကျင်းကို ဗြောင်ကျကျ မဆန့်ကျင်ရဲကြဘူး။ ဒါပေမယ့် မဟာကျင်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အဲဒီဝံပုလွေတွေ၊ ကျားတွေကို မောင်းထုတ်ဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်ဘူးလို့ ငါယုံကြည်တယ်။"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း။
မုန့်ချင်ကျိုးက စနစ်၏ဆုလာဘ်များနှင့် ပတ်သက်သော တင်းစကားများကို မကြာခဏ ရရှိခဲ့သည်။
မဟာကျင်း၏အင်အား ကြီးမားလာသည်နှင့်အမျှ စနစ်၏ဆုလာဘ်များလည်း ပိုမိုရက်ရောလာခဲ့သည်။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှ အရင်းအမြစ်များအားလုံးနီးပါး ကုန်ခန်းသွားပြီး အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားသော်လည်း ၎င်းက ဆက်လက် ကြီးထွားလာနိုင်ဆဲ ဖြစ်သည်။ အဘယ်ကြောင့်နည်း။
တစ်စုံတစ်ယောက်က နံနက်ခင်းအလင်း အတားအဆီးကို ဖောက်ထွင်းသွားနိုင်ခြေ အလွန်မြင့်မားပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်မက ပါဝင်ပတ်သက်နေကြောင်း ခန့်မှန်းရ၏။
တောရိုင်းမြေ၏ ကံကြမ္မာကောင်းချီးပေးမှုကြောင့် မဟာကျင်း၏ အရာရှိများအားလုံးကို ကာကွယ်ပေးထားပြီး ကျင့်ကြံခြင်းအဆင့်များကို ဖောက်ထွင်းရန် ပိုမိုလွယ်ကူစေကာ ကောင်းကင် အတိဒုက္ခများကို ဖြတ်ကျော်ရန်ပင် ပိုမိုလွယ်ကူလာသည်။ ၎င်းက တစ်တိုင်းပြည်လုံးကို ကျင့်ကြံရေး အထောက်အကူပြုပစ္စည်းတစ်ခု ပေးအပ်ထားသကဲ့သို့ ဖြစ်နေရ၍ာ အချို့လူများက နံနက်ခင်းအလင်းအဆင့်သို့ ဖောက်ထွင်းရောက်ရှိသွားခြင်းမှာ အံ့သြစရာတော့ မဟုတ်တော့။
ယနေ့ခေတ် မဟာကျင်းသည် ယခင်ကလို အားနည်းပြီး ယိမ်းယိုင်နေသောတိုင်းပြည် မဟုတ်တော့ပေ။ ၎င်းသည် ယခုအခါ တောရိုင်းမြေများကို စိုးမိုးနိုင်စွမ်းရှိလောက်အောင် အင်အားကြီးမားနေပြီ ဖြစ်သည်။
"နားလည်ပါပြီ၊ သခင်လေးက အရမ်းကို စဉ်းစားဉာဏ်ကျယ်တာပဲ။" စုချင်ချိုးက ရုတ်တရက် သဘောပေါက်သွားသည်။
သွားကြတာပေါ့။
ရုတ်တရက်။
အသံတစ်သံ ထွက်ပေါ်လာ၏။ "သခင်လေး... ထပ်ပြီး ထွက်သွားတော့မလို့လား။"
တောင်ပံ(၆)ဖက် တမန်တော်လေး လျန်ယွဲ့က အမြန်ပြေးလာပြီး အချိန်မြစ်ပေါ်တွင် ရပ်နေသော လူလေးယောက်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ်။ အနောက်ဘက် သုခဝတီကိုသွားပြီး နိဗ္ဗာန်ဘုံကို သိမ်းပိုက်မလို့။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ပုန်းကွယ်နေသော တိုင်းပြည်အသီးသီးမှ သူလျှိုများအပါအဝင် ကြည့်ရှုနေသူအားလုံး၏ မျက်နှာအမူအရာများမှာ အပြင်းအထန် ပြောင်းလဲသွားကြပြီး သူတို့၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ကြရသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်သည် အမှန်တကယ်ပင် အနောက်ဘက် သုခဝတီသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံရှိ နတ်ဘုရားများ၊ ဗုဒ္ဓများအားလုံးကို ထိပ်တိုက်ရင်ဆိုင်ချင်နေခြင်းပင်။
ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်တော့မည်ကို လူတိုင်း အာရုံခံမိလိုက်ကြသည်...
"သခင်လေး..." လျန်ယွဲ့က အနည်းငယ် စိတ်ပျက်သွားပုံရပြီး သူ၏ နီရဲသောနှုတ်ခမ်းလေးများ တုန်ရီနေကာ တစ်ခုခု ပြောချင်နေသကဲ့သို့ ဖြစ်နေသော်လည်း နောက်တော့ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်... သခင်လေး အောင်မြင်ပြီးတော့ အောင်ပွဲနဲ့အတူ ပြန်လာနိုင်ဖို့ ဆုတောင်းပေးပါတယ်။ လျန်ယွဲ့က လန်ယမြို့တော်မှာ သခင်လေးကို စောင့်နေပါ့မယ်။"
မုန့်ချင်ကျိုးက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။
"နောက်မှ တွေ့ကြတာပေါ့။"
...