← Chapters

အခန်း ၂၃၃

Vol. 16 Ch. 233

အခန်း ၂၃၃

Vol. 16 Ch. 233

အပိုင်း(၂၃၃) အမျက်ဒေါသကို ချက်ချင်းသတ်ဖြတ်ခြင်း၊ ပြိုင်ဘက်ကင်းအရှိန်အဝါ

"အမျက်ဒေါသကို တားမြစ်ထားတယ်။ ဗုဒ္ဓဘာသာက လမ်းစဉ်ကို သွန်သင်တယ်။ ဘုရားကျောင်းတွေမှာ သက်သတ်လွတ် အစားအစာတွေ ဆက်ကပ်ပြီးတော့ အမွှေးတိုင်တွေက ထာဝရ လောင်ကျွမ်းနေတယ်။"

အမျက်ဒေါသအရဟတ္တ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ကြာပန်းတစ်ပွင့် ပွင့်လာပြီး သွေးလို နီရဲသော ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာလေသည်။ ပေါများလှသော သွေးစွမ်းအင်များက လက်(၆)ဖက်ပါ တရားမင်းရုပ်တုထဲသို့ စီးဝင်သွားပြီး၊ အသားနှင့်သွေးကို ပြန်လည်ဖန်တီးကာ စစ်မှန်သော ဗုဒ္ဓ၏စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်။

လှံရှည်၊ လှံတို၊ စေတီ၊ ကတ်ကြေး၊ နတ်ဆိုးနှင်သံမှို၊ ဗုံတီးတံတို့ပင်။

လက်(၆)ဖက်စီတွင် မှော်လက်နက် (၆)ခုကို ကိုင်ဆောင်ထားသည်။ သွေးချောင်းစီးမှုနှင့် ရစ်ပတ်နေသော လှံရှည်၊ ကူးစက်ရောဂါများကိုပျံ့နှံ့စေသော လှံတို၊ မတရားခံရသော ဝိညာဉ်များဖြင့် ပြည့်နှက်နေသော စေတီ၊ လမ်းကြောင်းများကို ဖြတ်တောက်နိုင်သော ကတ်ကြေး၊ အသက်ကို ကျွမ်းလောင်စေသော နတ်ဆိုးနှင်သံမှိုနှင့် ဘေးဒုက္ခနှင့်မိုးကြိုးများကိုဖန်တီးနိုင်သော ဗုံတီးတံ။

"လာမာဘုန်းကြီးတစ်ပါးက သင်္ကန်းကို ဝတ်ဆင်ပြီးတော့ မြွေပါက မြင့်မြတ်တဲ့ သုတ်တော်တွေကို ခိုးယူသွားတယ်။ အဲဒါကို အကြောင်းပြချက်အဖြစ်သုံးပြီး ကြာပလ္လင်ပေါ်မှာထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ဗုဒ္ဓလို့ ထင်နေတာလား။"

မုန့်ချင်ကျိုး ဟိန်းဟောက်လိုက်ပြီး သမုဒ္ဒရာရေစီးကြောင်း ရာပေါင်းများစွာမှ ဖြစ်ပေါ်လာသော ဓားသန္ဓေသားလောင်းများက ဓားသွားများကိုလှည့်လိုက်ကာ လက်(၆)ဖက်ပါ တရားမင်းရုပ်တုဆီသို့ ချိန်ရွယ်လိုက်သည်။

သူက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ရှေ့သို့လှမ်းသွားရာ မျက်နှာပေါ်ရှိ ကြွက်သားများက လေတိုက်မှုကြောင့် ဆုတ်ဖြဲခံနေရသော်လည်း သူက ရက်စက်စွာ ပြုံးနေပြီး သူ၏ မျက်လုံးက ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက အလွန်ခက်ခဲနေပုံရပြီး ပြိုကျလာမည့် ကောင်းကင်ကြီး၏ ကြီးမားလှသော အလေးချိန်ကို ထမ်းထားရသကဲ့သို့ ဖြစ်နေ၏။

သူက လက်(၆)ဖက်ပါ တရားမင်းရုပ်တုကို ကြိုးစွဲရုပ်သေးရုပ်တစ်ရုပ်လို ဆွဲငင်နေသည်။

လက်(၆)ဖက်ဖြင့် အောက်သို့ရိုက်ချလိုက်သောအခါ၊ ဗုဒ္ဓဘာသာ မှော်လက်နက်များက ဟိန်းသွားပြီး ကျယ်ပြောလှသော ကန္တာရ၏ ဝါကျင်ကျင်သဲများမှာ ပင်လယ်ရေများ ပွက်ပွက်ဆူလာသကဲ့သို့ ပူလောင်ပြီး တုန်ခါသွားလေသည်။

"လက်(၆)ဖက် တရားမင်းက လူဆိုးတွေကို အပြစ်ပေးတယ်။ မင်းက ကိုယ်ပိုင်လိုအင်ဆန္ဒတွေကို အရမ်း စွဲလမ်းနေတယ်။ လမ်းမှားကနေ ပြန်လာဖို့ ငါ လမ်းညွှန်ပေးမယ်။"

မုန့်ချင်ကျိုးက လေထဲတွင် ရပ်နေလေသည်။ သူ၏ခေါင်းပေါ်တွင် ကောင်းကင်တစ်ခုလုံးကို ဖိသိပ်ထားသည့် ဧရာမအရာဝတ္ထုကြီးတစ်ခု ပြုတ်ကျလာပြီး သူ့ကို ဖုန်မှုန့်တစ်မှုန့်လို သေးငယ်သွားစေသည်။

"အချိန်-နေရာလွတ်။ ကျယ်ပြောလှတဲ့ သမုဒ္ဒရာရေစီးကြောင်း။"

အချိန်-နေရာလွတ်မြစ်ရှည်ကြီး၏ မြစ်လက်တက် ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဓားသန္ဓေသားလောင်းက လေးကြိုးပေါ်တွင် တင်းတင်းကြပ်ကြပ် ဆွဲတင်ထားသော မြှားတစ်စင်းနှင့် တူနေသည်။ မုန့်ချင်ကျိုးက လေးကြိုးကို လွှတ်လိုက်သည့် အခိုက်အတန့်တွင် မြေကြီးပေါ်မှ မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး လမ်းတစ်လျှောက်ရှိ နေရာလွတ်များ အက်ကွဲသွားကာ အခြားအတိုင်းအတာတစ်ခုမှ မှောင်မိုက်နေသော ရေစီးကြောင်းများက အက်ကွဲကြောင်းများမှတစ်ဆင့် ထွက်ပေါ်လာသည်။

ဘုန်း…

တားဆီး၍မရသော နတ်ဘုရားစွမ်းအားများရှိသည့် လက်(၆)ဖက် တရားမင်းရုပ်တုက မရပ်မနား ပစ်ခတ်နေသော မြှားများကြောင့် ကျဆင်းလာမှု အရှိန်နှေးသွားသည်။

"သုံး…"

မုန့်ချင်ကျိုးက ရပ်တန့်မသွားမီ ခြေတစ်လှမ်းသာ လှမ်းလိုက်ပြီး နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားကာ ဂဏန်းတစ်ခုကို ရေရွတ်လိုက်သည်။

ချက်ချင်းပင် လက်(၆)ဖက် တရားမင်းရုပ်တု၏ လက်(၆)ဖက်က တုန်ခါသွားသည်။

ဂွက် ဂွက်...

အက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ တောရိုင်းမြေရှိ နံနက်ခင်းအလင်းနယ်ပယ်မှ အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဗုဒ္ဓမှော်လက်နက် (၆)ခုသည် ရေထဲတွင် ထင်ဟပ်နေသော လမင်းကဲ့သို့ ကျောက်ခဲတစ်လုံးကြောင့် တစ်စစီ အက်ကွဲသွားသည်ကို သူတို့ ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အမျက်ဒေါသအရဟတ္တက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ ပြင်းထန်သော နောက်ကွယ်မှတိုက်ခိုက်မှုကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများက သွေးရောင်လွှမ်းနေ၏။

"ဒီဗုဒ္ဓမှော်လက်နက် (၆)ခုက အတ္တကင်းမဲ့ဗုဒ္ဓရဲ့ အငွေ့အသက်တစ်စွန်းတစ်စကနေ လှုံ့ဆော်မှုရထားတာ။ ပြီးတော့ အဲဒါတွေရဲ့ အရည်အသွေးက သာမန် ဧကရာဇ်အဆင့်လက်နက်တွေထက် သာလွန်တယ်။ အဲဒါတွေက ဘယ်လိုလုပ် အက်ကွဲသွားနိုင်မှာလဲ။"

ထို့နောက် အမျက်ဒေါသအရဟတ္တက ထိုတန္တရမှော်လက်နက် အပိုင်းအစများတွင် အချိန်-နေရာလွတ် တာအို၏အငွေ့အသက်များ တွယ်ကပ်နေသည်ကို မြင်လိုက်ရသည်။ အချိန်၏စွမ်းအားက ဧကရာဇ်အဆင့် မှော်လက်နက်(၆)ခု၏ ဝိညာဉ်ကို လုံးဝ စားသုံးသွားခဲ့သည်။ ဧကရာဇ်အဆင့် နတ်ဘုရားလက်နက်များတွင် ဝိညာဉ်များနှင့် သက်တမ်းများ ရှိကြပြီး အချိန်တာအိုက သူတို့၏ သက်တမ်းကို ကုန်ဆုံးသွားစေခဲ့သည်။

"နှစ်... "

ထိုအချိန်တွင် မုန့်ချင်ကျိုးက နောက်ထပ်ဂဏန်းတစ်ခုကို ရေရွတ်လိုက်သည်။

အရဟတ္တ၏မျက်လုံးအိမ်များက ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး ဖော်ပြ၍မရနိုင်သော အချက်ပေးသံ တစ်ခုက သူ၏နှလုံးသားထဲတွင် ပေါ်ထွက်လာကာ ကျောရိုးမှနေ၍ ခေါင်းထိပ်အထိ အေးစိမ့်သွားလေသည်။

သေချာပေါက်သေမည့် ထောင်ချောက်ပင်။

ရှောင်...

ရှောင်မှ ဖြစ်ပေမည်။

အရဟတ္တ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူသည် [အချိန်-နေရာလွတ် နောက်ပြန်လှည့် ] ပိုင်နက်၏ လွှမ်းမိုးမှုကို ခံလိုက်ရကြောင်း သတိမထားမိဘဲ သူ၏အတွေးများမှာ အေးခဲလုနီးပါး ဖြစ်သွားသည်။ သူ၏ ရှင်သန်လိုစိတ်ကြောင့် [အချိန်-နေရာလွတ် နောက်ပြန်လှည့်]၏ ပိတ်ဆို့မှုကို အင်အားသုံး၍ ဖောက်ထွက်လိုက်သည်။ တာအို၏အနှစ်သာရများ ပြည့်ဝနေသော အရဟတ္တ၏ ရွှေရောင်ခန္ဓာကိုယ်တွင် ခုခံနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိနေသည်။

ဝှစ်…

အမျက်ဒေါသ အရဟတ္တက သူ့ဆီ တိုက်ရိုက်ပစ်ခတ်လာသော ဓားသန္ဓေသားလောင်းကို ရှောင်တိမ်းရန် ခွန်အားအကုန် အသုံးပြုလိုက်ချိန်တွင် ဓားသွားက သူ၏ပါးပြင်ကို ပွတ်ဆွဲသွားလေသည်။

အမျက်ဒေါသအရဟတ္တက အရဟတ္တတစ်ပါး၏ ရွှေရောင်ခန္ဓာကိုယ်ကို ရရှိထားပြီး ချွေးဂလင်းများ မရှိတော့သော်လည်း ချွေးစေးများ ထွက်လာခဲ့သည်။

"သီသီလေးပဲ။ အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ သူက ငါ့ကို သတ်လုနီးပါးပဲ။" အရဟတ္တက အတင်းအကျပ် ပြုံးပြလိုက်သည်။

သေရေးရှင်ရေး အခြေအနေမှ အသက်ရှင်ကျန်ရစ်ပြီးနောက် အမျက်ဒေါသအရဟတ္တက တည်ငြိမ်မှု မရှိတော့ဘဲ သူ့ကိုယ်သူ နိမ့်ကျသောဘုန်းကြီးတစ်ပါးအဖြစ် ခေါ်ဆိုရန်ပင် မေ့သွားလေသည်။

"တစ်ခုခုတော့ လွဲနေပြီ။"

အမျက်ဒေါသအရဟတ္တက တစ်ခုခုကို သတိထားမိသွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

သူ လှည့်ကြည့်လိုက်ချိန်တွင် မြားဒါဇန်ကျော်က လက်(၆)ဖက် တရားမင်းရုပ်တု၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်ကို မြင်လိုက်ရပြီး ရှေ့မှနောက်သို့ တောက်ပသွားစေသည်။ အချိန်-နေရာလွတ် အနှစ်သာရများက ဒဏ်ရာများမှတစ်ဆင့် အပြင်သို့ ပျံ့နှံ့သွားလေသည်။

ထွီး….

အရဟတ္တက သွေးများအန်ထုတ်လိုက်ပြီး အသက်စွမ်းအင်မှာ အောက်ခြေအထိ ထိုးကျသွားသည်။ သူ၏အသက်က တရားမင်းရုပ်တုနှင့် ယှက်နွယ်နေ၏။ အကယ်၍ ရုပ်တုဖျက်ဆီးခံရပါက သူသည် ၎င်းနှင့်အတူ မသေဆုံးလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားမည် ဖြစ်သည်။

ခန္ဓာကိုယ်အရှည် ပေတစ်ထောင်ရှိသော လက်(၆)ဖက် တရားမင်းက မလှုပ်မယှက် ရပ်နေပြီး စက္ကန့် အနည်းငယ်အကြာတွင် မိုးမျှော်တိုက်ကြီး ပြိုကျသကဲ့သို့ တစ်လက်မချင်းစီ ပြိုကျပျက်စီးသွားလေသည်။

"မဟုတ်ဘူး... "

အမျက်ဒေါသအရဟတ္တက မရပ်မနား သွေးများအန်ထုတ်နေပြီး၊ မျက်လုံးများ ပေါက်ကွဲထွက်လာကာ မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်ထဲတွင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုနေရာမှ ရွှေရောင်သွေးများ ပန်းထွက်လာလေသည်။

"တစ်…"

ထိုအချိန်တွင်ပင်။

နောက်ဆုံးတော့ မုန့်ချင်ကျိုးက နောက်ဆုံးဂဏန်းကို ရေရွတ်လိုက်ပြီး သူ၏အသံ နိမ့်ကျသွားသည့် အခိုက်အတန့်တွင် သူ၏ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ၎င်းက နေရာရွှေ့ပြောင်းခြင်း မဟုတ်သလို အလွန်အမင်း အရှိန်မြန်လွန်း၍လည်း မဟုတ်ဘဲ အချိန်၏ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သည်။ ကောင်းကင်တာအိုကိုယ်တိုင်က ခဲဖျက်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ့ကို လောကကြီးထဲမှ တဖြည်းဖြည်း ဖျက်ပစ်လိုက်သကဲ့သို့ပင်။

ထို့နောက် ပြန့်ကျဲနေသော ဘဝ၏အပိုင်းအစများကို အမျက်ဒေါသအရဟတ္တ၏ နောက်ကွယ်တွင် စုစည်းပြီး ပြီးပြည့်စုံအောင် ပြုလုပ်လိုက်သည်။

အရဟတ္တ တုံ့ပြန်ရန် အချိန်မရလိုက်ခင် အသားကို ဖောက်ထွင်းသွားသော အသံကို ကြားလိုက်ရ၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ပုစဉ်းရင်ကွဲတေးသံဓားက သူ၏ခန္ဓာကိုယ်ကို ဖောက်သွားကြောင်း မြင်လိုက်ရပြီး ဓားသွားမှ သွေးစက်များ ကျဆင်းနေသည်။

အရဟတ္တများ၏သွေးက သက်ရှိအားလုံးကို အာဟာရ ဖြစ်စေသည်။ မြေကြီးပေါ်ရှိ သတ္တဝါများက သွေးကိုလျက်လိုက်လျှင် ပေါက်ကွဲပြီး သေဆုံးသွားမည် သို့မဟုတ် ချက်ချင်းပင် အသွင်ပြောင်းကာ ဝိညာဉ်သားရဲများ ဖြစ်လာကြပေမည်။

ဒါက ပထမဆုံးတစ်ယောက်ပဲ။

မုန့်ချင်ကျိုးက ဓားကိုဆွဲထုတ်လိုက်ပြီး ဓားသွားပေါ်မှ သွေးများကို လက်နှစ်ချောင်းဖြင့် သုတ်ကာ ကျန်ရှိနေသော အရဟတ္တနှစ်ပါးဆီသို့ လျှောက်သွားလေသည်။

ဘုန်း…

အမျက်ဒေါသ အရဟတ္တက တဖြည်းဖြည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး အချိန်-နေရာလွတ် တာအိုက သူ၏ခန္ဓာကိုယ်ကို လုံးဝဝါးမျိုသွားကာ ပျက်စီးယိုယွင်းမှုသာ ကျန်ရစ်ခဲ့သည်။

တစ်ခဏမျှ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွား၏။

နဂါးနိုင်အရဟတ္တနှင့် ကျားနိုင်အရဟတ္တတို့ အံ့အားသင့်သွားသည်။ သူတို့၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေးနက်လာကြသည်။

သူတို့နှစ်ဦးက အနောက်မှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြပြီး အကူအညီပေးရန် အလျင်စလို သွားချင်ခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အရာများစွာ ဖြစ်ပျက်ခဲ့ပုံရသည်။

အစစ်အမှန်တွင်တော့ တစ်စက္ကန့်ပင် မကြာခဲ့။

မျက်တောင်တစ်မှိတ်အတွင်းမှာပင် အမျက်ဒေါသအရဟတ္တက အသက်ဆုံးရှုံးသွားပြီး လက်(၆)ဖက် တရားမင်းရုပ်တု ပြိုကျသွားကာ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းကျင့်ကြံသူအချို့က အဝေးမှနေ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး အမျက်ဒေါသအရဟတ္တ သေဆုံးသွားပြီဆိုသည့် သတင်းကြောင့် သူတို့၏စိတ်များ ယိမ်းယိုင်နေဆဲ ဖြစ်သည်။

ရေတွက်၍မရသောအကြည့်များက ကောင်းကင်ယံသို့ တဖြည်းဖြည်းနှင့် တည်တည်ငြိမ်ငြိမ် တက်လှမ်းနေသော ပုံရိပ်ဆီသို့ စုပေါင်းရောက်ရှိသွားကြသည်။

တိတ်ဆိတ်နေ၏။

သေခြင်းတရားလို တိတ်ဆိတ်နေ၏။

လူများက ဘုရားဖူးခရီးထွက်နေသလို ရိုသေလေးစားမှုနှင့် အံ့သြထိတ်လန့်မှုတို့ ရောနှောကာ ထိုပုံရိပ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ပြိုင်ဘက်ကင်းတယ်။ တကယ်ကို ပြိုင်ဘက်ကင်းတယ်။

အတုအယောင် ကောင်းကင်ထောက်တိုင်နယ်ပယ် အရဟတ္တတစ်ပါးကို ချက်ချင်း သတ်ဖြတ်နိုင်တာက ဒဏ္ဍာရီလာစွမ်းဆောင်မှုတစ်ခုပဲ။

"အချိန်-နေရာလွတ် ဓားသူတော်စင်... မင်းက တကယ်ပဲ လောကကြီးကို အံတုပြီး အတ္တကင်းမဲ့ဗုဒ္ဓရဲ့ အမိန့်တွေကို ဗြောင်ကျကျ ဖီဆန်ဖို့ ရည်ရွယ်ထားတာလား။"

"ရပ်လိုက်စမ်း။ အခုချက်ချင်း ဆုတ်ခွာသွားမယ်ဆိုရင် အရာအားလုံးကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက်မယ်။"

အရဟတ္တနှစ်ပါးပင် ထိတ်လန့်နေကြပြီး သူတို့၏နှလုံးသားများ တုန်လှုပ်နေကြသည်။

ဒါက ဘယ်လို စွမ်းအားမျိုးလဲ။

တိတိကျကျ ပြောရမယ်ဆိုရင် ဒါကို ဖော်ပြဖို့ စကားလုံးတစ်လုံးပဲ ရှိတယ်။

"ပြိုင်ဘက်ကင်းတယ်။"

သို့သော် အတ္တကင်းမဲ့ဗုဒ္ဓက အလွန်အမင်းမလိုအပ်ဘဲ ဘယ်တော့မှ လှုပ်ရှားမည်မဟုတ်ကြောင်းကို သူတို့၏ နှလုံးသားထဲတွင် သိထား၏။ ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံး ဖျက်ဆီးခံရလျှင်ပင် အစစ်အမှန်သုခဝတီဘုံကို အောင်မြင်စွာ ဖန်တီးပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးကို အတ္တကင်းမဲ့ဗုဒ္ဓက မျက်စိတစ်မှိတ်အတွင်း ပြန်လည်ဖန်တီးနိုင်ပေသည်။

မုန့်ချင်ကျိုးနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ် သတိပေးခဲ့ခြင်းမှာ အတ္တကင်းမဲ့ဗုဒ္ဓ လုပ်နိုင်သည့် အဆုံးစွန်ဆုံး အရာပင်။

အတ္တကင်းမဲ့ဗုဒ္ဓနှင့် တွေ့အပြီးတွင် အချိန်-နေရာလွတ် ဓားသူတော်စင်ကို သူတို့ မယှဉ်နိုင်လျှင်ပင် ဓားသူတော်စင်က သူတို့ကို သတ်ဖြတ်ရဲမည်မဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် အမှန်တရားက ရက်စက်လွန်းပြီး အတိတ်က သွေးစွန်းသောသင်ခန်းစာများက သူတို့ကို ပြောပြနေသည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်က သတ်ဖို့ ဆုံးဖြတ်ပြီးပြီ။ သူ့လမ်းကို ပိတ်ဆို့တဲ့သူ ဘယ်သူမဆို သေချာပေါက် သေရလိမ့်မယ်။"

နဂါးနိုင်အရဟတ္တက လက်ကို မြှောက်လိုက်ပြီး ရှေ့မှလူက ခြေလှမ်းရပ်မသွားသည်ကို မြင်သောအခါ နောက်ဆုံးတွင် အညံ့ခံလိုက်သည်။

"ကောင်းပြီ။ ကိစ္စမရှိပါဘူး။ ငါတို့ ထွက်သွားပါ့မယ်။မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။"

"မင်းရဲ့ တပ်တွေကို ခေါ်ပြီးတော့ ထွက်သွားလို့ရပြီ။"

သူတို့ပြောနေစဉ်မှာပင် အရဟတ္တနှစ်ပါးက ရိုးသားမှုကို ပြသရန် ဘေးသို့ဖယ်ပေးလိုက်ကြသည်။

သို့သော် စက္ကန့်အနည်းငယ် စောင့်ပြီးနောက် သူတို့နှစ်ဦး ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်မှာ...

အချိန်-နေရာလွတ် ဓားသူတော်စင်၏ ခြေသံများက သေမင်းခေါင်းလောင်းသံကဲ့သို့ ဆက်လက် ပဲ့တင်ထပ်နေပြီး ဆက်လက် ရှေ့တိုးလာနေခြင်းပင်။ သူ၏ ဓားအသိများက ယခင်ထက် ပိုမိုအားကောင်းလာ၏။

မုန့်ချင်ကျိုးက စကားတစ်လုံးကို အေးစက်စွာ ပြောလိုက်သည်။ "နောက်ကျသွားပြီ။"

…

All Chapters