← Chapters

အခန်း ၄၇၆

Vol. 48 Ch. 476

အခန်း ၄၇၆

Vol. 48 Ch. 476

အခန်း(၄၇၆) လေဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်သိုင်း

ဘာလားဟ။

ငါ ဘယ်တုန်းက သစ္စာဖောက် ဖြစ်သွားတာလဲ။

ချန်ဟွိုက်အန်က မိမိ၏နာမည်ကို မြင်လိုက်ရသောအခါ မှင်တက်သွား၏။

"မင်း မှားနေတာ မဟုတ်ဘူးလား။ ငါက ဘယ်လိုလုပ် သစ္စာဖောက်တစ်ယောက် ဖြစ်နိုင်မှာလဲ။"

[ ဒါက သင့်အတွက် ဒီနေ့ရဲ့ ဒုတိယမြောက်မေးခွန်း ဖြစ်ပြီးတော့ ယွမ်၁၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ တွက်ချက်နေပါတယ်… ]

[ သင် တွက်ချက်တာ မှန်ကန်ပါတယ် ]

ချန်ဟွိုက်အန် - "..."

"တစ်ခုခုတော့ မှားနေတာ သေချာတယ်။"

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ခုခုကို နားလည်သွားသည့်အလား မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

ပုံရိပ်ယောင်ကောင်မလေးဂိမ်း စတိုးဆိုင်၏ သဘောသဘာဝအရ အကဲဖြတ်ရလျှင် ၎င်းအထဲရှိ အရာအားလုံးနီးပါးသည် ဂိမ်းကိုယ်တိုင်က ဖန်တီးထားခြင်း မဟုတ်ဘဲ ချင်းယွန်ဘုံ၏ နေရာအသီးသီးမှ ယူဆောင်လာခြင်း ဖြစ်သည်။

ဒါဆို မေးစရာ ရှိလာပြီ။

ငါ့ရဲ့ အဆင့်မြင့်ဝိညာဉ်ကြောတွေ အားလုံးက မိစ္ဆာမျိုးနွယ်ဆီကနေ လာတာများ ဖြစ်နိုင်မလား။

ချင်းယွန်ဘုံရှိ မည်သည့်ဂိုဏ်းမှ အဆင့်မြင့်ဝိညာဉ်ကြောများကို မပိုင်ကြောင်းနှင့် မိစ္ဆာကျင့်ကြံသူများ လုံးဝနီးပါး မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းတို့ကို ထည့်သွင်းစဉ်းစားပါက ထိုရွေးချယ်စရာ နှစ်ခုကို ဖယ်ထုတ်လိုက်လျှင် လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာမျိုးနွယ်သာ ကျန်တော့သည်။

ငါက မိစ္ဆာမျိုးနွယ်ရဲ့ အဆင့်မြင့်ဝိညာဉ်ကြောတွေ အားလုံးကို တစ်ခုပဲချန်ပြီး လုယူခဲ့တာပဲ။

မိစ္ဆာမျိုးနွယ်ကလည်း ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်ကို သုံးလာတာဖြစ်မယ်။ သူတို့အထဲက တစ်ယောက်ယောက် မဟုတ်ဘူးဆိုရင် လူသားတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမှာပေါ့။

တိတိကျကျ မည်သူဖြစ်ကြောင်း မသေချာသော်လည်း "အပြစ်ရှိသူကို လွတ်မြောက်ခွင့် ပေးလိုက်ခြင်းထက် အပြစ်ကင်းသူကို သတ်လိုက်ခြင်းက ပိုကောင်းသည်" ဟူသော မူဝါဒအပေါ် အခြေခံပြီး သူတို့၏ အင်အားအကုန်ကို စုစည်းခဲ့ကြခြင်းပင်။

"ဒါဆိုရင် ငါက တကယ် သစ္စာဖောက် ဖြစ်နေတဲ့ပုံပဲ။"

ချန်ဟွိုက်အန် နှာခေါင်းကို ပွတ်လိုက်သည်။

သို့သော်လည်း ကိစ္စများက ထိုမျှလောက် ရိုးရှင်းပုံမရပေ။

"မိစ္ဆာမျိုးနွယ်တွေ လရိပ်ဂိုဏ်းကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။"

[ ဒါက သင့်အတွက် ဒီနေ့ရဲ့ တတိယမြောက် တွက်ချက်ခြင်း ဖြစ်ပါတယ်။ ယွမ် ၁၀၀၀ သုံးပြီးပါပြီ ]

[ ကောင်းကင်နက္ခတ်တွက်ချက်ခြင်း ပြီးဆုံးပါပြီ။ မိစ္ဆာမျိုးနွယ်တွေက လရိပ်ဂိုဏ်းကို သုံးရက်အတွင်း တိုက်ခိုက်ပါလိမ့်မယ် ]

"မြန်လှချည်လား။"

ချန်ဟွိုက်အန် အကြီးအကျယ် အံ့အားသင့်သွား၏။

အဲဒီလို မဖြစ်သင့်ဘူးလေ။ သူတို့က ချင်းယွန်ဘုံကို တိုက်ခိုက်နေတာဆိုရင် လမ်းမှာ ပိတ်ဆို့နေမယ့် ဂိုဏ်းတွေ အများကြီး ရှိနေတာ မဟုတ်ဘူးလား။

ငါ့ရဲ့လရိပ်ဂိုဏ်းက တောင်တန်းတစ်သောင်းနဲ့ နီးတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိစ္ဆာတွေက လရိပ်ဂိုဏ်းကို အထူးပစ်မှတ်ထားနေတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးနေတယ်။

"ဒီမှာ မှန်းဆနေတာက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကိစ္စကို အရင် ဖြေရှင်းရတာပေါ့။ ပြီးရင် ဘာတွေဖြစ်နေလဲသိရဖို့ ချင်းယွန်ဘုံကို မြန်မြန် ပြန်သွားမယ်။"

ချန်ဟွိုက်အန်က ထောင့်တစ်နေရာမှနေ၍ အခြေအနေကို စောင့်ကြည့်ရန် ချောင်းကြည့်လိုက်သည်။

ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်အချို့သည် အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ တစ်ခုကို ပြန်လည် သယ်ဆောင်လာရာ အခြားဂိုဏ်းများမှ နတ်စင်တက်လှမ်းလာသူများ၏ ရံဖန်ရံခါ လာရောက် ရန်စမှုကိုသာ ခံရသည်။

မဟာမိုးကြိုးကျောင်းတော်၏ မြင်ကွင်းမှာမူ လုံးဝ ကွာခြားနေသည်။

ထို့နောက် တိုက်ပွဲကြီးအတွင်း ဆရတော်အချို့က အခြားဂိုဏ်းများမှ တက်လှမ်းသူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ပြင်းထန်သော သေနတ်သံများကြားတွင် ရုန်းကန်နေရသည်။

သေချာကြည့်လိုက်ရာ တခြားဂိုဏ်းများက ထိုတက်လှမ်းသူများမှာ တကယ်တမ်း လေဝိညာဉ်ဂိုဏ်းမှ ဖြစ်နေသည်။

လီကျုံးစီက မဟာမိုးကြိုးကျောင်းတော်မှ ဘုန်းကြီးများကို ပြင်းပြင်းထန်ထန်ပစ်ခတ်ရန် သူ့အဖွဲ့ကို ဦးဆောင်နေခြင်းပင်။

မဟာအခင်းအကျင်း၏ အပြင်ဘက်ရှိ မဟာမိုးကြိုးကျောင်းတော်၏ တရားကျင့်ရာနေရာကို ကြည့်လိုက်သောအခါ ဘုန်းတော်ကြီးများ၏ မျက်နှာများက အိုးမည်းကဲ့သို့ မည်းနက်နေပြီး သူတို့က လေဝိညာဉ်ဂိုဏ်း၏ တပည့်များကို မုန်းတီးနေကြောင်း အထင်အရှား ပြသနေသည်။

"အစ်ကိုကြီးကျန်းရဲ့ လုပ်ရပ်တွေက နည်းနည်း သိသာလွန်းနေတယ်..."

ချန်ဟွိုက်အန် မျက်လုံးများကို ကျဉ်းလိုက်သည်။

မဟာ မိုးကြိုးကျောင်းတော်က ဘုန်းကြီးတွေရဲ့ ဒေါသကို ဆွဲဆောင်မိမှာကို သူ မကြောက်ဘူးလား။

သို့သော် ထပ်မံစဉ်းစားကြည့်သောအခါ ထိုမျှလောက် မဆိုးပေ။ လေဝိညာဉ်ဂိုဏ်း အာရုံစိုက်ခံရမည်မှာ သေချာသော်လည်း ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့၏ အန္တိမရည်မှန်းချက်မှာ ထိပ်တန်းအဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီပင် ဖြစ်သည်။ ဤအင်အားကြီး အဖွဲ့အစည်းများက စွမ်းအားကြီးရုံသာမက ဂိုဏ်းငယ်များထက် သူတို့၏ဂုဏ်သိက္ခာကို ပိုမို၍ ကာကွယ်တတ်ကြသည်။

အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီတစ်ခုအတွက်နှင့် ဂုဏ်သိက္ခာကို အကျဆင်းခံမည် မဟုတ်ပေ။

လေဝိညာဉ်ဂိုဏ်းက ထိုကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီအတွက် ယှဉ်ပြိုင်နေပြီဖြစ်ရာ သူ သွားဝင်ပျော်ရန် မလိုတော့ပေ။

ချန်ဟွိုက်အန်က မျက်လုံးများကို ဟိုဟိုဒီဒီကစားကာ ခွန်းလွန်အင်မော်တယ်နန်းတော်မှ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သယ်ဆောင်လာသော အဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။

...

"ထူးဆန်းတဲ့လက်နက်တွေ ကိုင်ထားတဲ့ ဒီကျင့်ကြံသူတွေက ဘယ်ကရောက်လာတာလဲ။ သူတို့က ဘယ်ဂိုဏ်းကလဲ။။"

"လေဝိညာဉ်ဂိုဏ်းလို့ ခေါ်တဲ့ပုံပဲ။ အရင်တုန်းကတော့ ဓားနက်ဂိုဏ်းပေါ့။"

မဟာမိုးကြိုးကျောင်းတော်မှ စီနီယာဘုန်းကြီးအချို့က ပြင်းထန်သော သေနတ်သံများကြားတွင် စစ်မြေပြင်အကြောင်း ဆွေးနွေးလာကြသည်။

"ဗုဒ္ဓရဲ့တပည့်ကြီး၊ ကျွန်တော်တို့ ဝင်မပါသင့်ဘူးလား။ ဒီအတိုင်း ဆက်နေရင်၊ ဒီ အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက ကျွန်တော်တို့နဲ့ ဘာမှသက်ဆိုင်တော့မှာမဟုတ်ဘူး။"

ဤစကားကို ကြားသောအခါ ဆရာတော် ဖာမင်က ခဏတာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။

"ငါ အရင်က ပြောခဲ့သလိုပဲ။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက အရည်အချင်းရှိတဲ့ သူတွေအတွက် သက်သက်ပဲ။ ပြီးတော့ အလယ်အလတ်အဆင့်နဲ့ အနိမ့်ဆုံးအဆင့်တွေအတွက် ယှဉ်ပြိုင်တာက အခြေတည်ဝိညာဉ်အဆင့်အောက်မှာ ရှိတဲ့သူတွေသာ လုပ်နိုင်တဲ့အရာပဲ။ ငါတို့တွေ အခု ဝင်ပါလိုက်ရင် သေချာပေါက် ကိုယ့်ပါးစပ်ကိုယ်ရိုက်သလို ဖြစ်သွားမှာ။ ပြီးတော့ ခွန်းလွန်အင်မော်တယ်နန်းတော်ကလည်း သေချာပေါက် ဝင်ပါလာလိမ့်မယ်။ မြင်ကွင်းက သေချာပေါက် ဖရိုဖရဲ ဖြစ်သွားမှာမို့လို့ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားမယ့်သူ မရှိအောင် သတိထား။"

ဘုန်းတော်ကြီးများက အချင်းချင်း ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။

ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်ဟူသော အဓိကအင်အားစုကြီးနှစ်ခု၏ ဖိနှိပ်မှုဖြင့်မည်သူကများ ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူရဲမည်နည်း။

ဟွာကျင်းက ဆရာတော် ဖာမင်နှင့် စကားပြောပြီးဖြစ်ကြောင်းကို သူတို့ မသိခဲ့ကြပေ။

ပြဿနာရှာနိုင်သော ဓားကျောင်းတော်မှ လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်စု ရှိနေနိုင်သည်။ သူတို့ အတူတကွတည်ဆောက်ထားသော မဟာအခင်းအကျင်းက အပြင်ပန်း မြင်ရည်ထက် အများကြီး ပိုပြီး ရှုပ်ထွေး၏။

ဤကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီက အရင်းအမြစ်တစ်ခုလည်း ဖြစ်သလို ထောင်ချောက် တစ်ခုလည်း ဖြစ်သည်။

"ဒါပေမဲ့ လေဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်လက်နက်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။" လီကျုံးစီနှင့် အခြားသူများ၏ လက်ထဲရှိ ချင်းယွန်ဘုံM4များကို ကြည့်ရင်း ဆရာတော် ဖာမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ဒီကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီအတွက် ယှဉ်ပြိုင်ပွဲ အပြီးမှာ ငါတို့ သုတေသနလုပ်ဖို့ ဒီလျှို့ဝှက်လက်နက်တချို့ကို လဲလှယ်ယူဖို့ လေဝိညာဉ်ဂိုဏ်းဆီ လူလွှတ်သင့်တယ်။"

မဟာမိုးကြိုးကျောင်းတော်၏ ခေါင်းဆောင်များက အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို စွန့်လွှတ်ရန် စဉ်းစားနေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် လေဝိညာဉ်ဂိုဏ်း၏ ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရသော ဘုန်းတော်ကြီးများက ရုန်းကန်နေရဆဲ ဖြစ်သည်။

"သူတို့က ဒီထူးဆန်းတဲ့လက်နက်တွေကို သုံးပြီးတော့ ငါတို့ကို ဖိနှိပ်ထားနိုင်နေတယ်။"

အခြေအနေက တော်တော်လေး ဆိုးရွားနေ၏။

အကြောင်းမှာ သူတို့ အတူတကွပံ့ပိုးထားသော ဗုဒ္ဓအလင်းရောင် ရွှေခေါင်းလောင်း အကာအကွယ်က အက်ကွဲကြောင်းများနှင့် ပြည့်နေ၍ပင်။

သူတို့က သေနတ်များကို ယခင်က မြင်ဖူးသည်။

ဒုံးကျည်များပင် သူတို့၏အကာအကွယ်များကို မဖောက်ထွင်းနိုင်ခဲ့ပေ။ သေနတ်များကိုမူ ပြောစရာပင် မလိုတော့။

သို့သော် ယခုတွင် သူတို့က လေဝိညာဉ်ဂိုဏ်း၏ သေနတ်များကြောင့် အောက်ကို ဖိနှိပ်ခံထားရပြီး ခေါင်းပင်မမော့နိုင် ဖြစ်နေသည်။

ဤအတိုင်း ဆက်သွားနေလျှင် သူတို့ သေချာပေါက် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။

"အော်မီတော်ဖော်။ ငါတို့တွေ ဒီလိုမျိုး အဝေးကနေ ဖိနှိပ်ခံနေလို့ မရတော့ဘူး။ အားလုံးပဲ၊ အနီးကပ် တိုက်ခိုက်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ။"

ဦးဆောင်နေသော ဘုန်းတော်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ လက်အုပ်ချီလိုက်ရာ သူ၏ ခေါင်းပေါ်ရှိ ရဟန်းခံအမှတ်များ တောက်ပလာသည်။

ကျန်ရှိနေသော ဘုန်းတော်ကြီးများက အချင်းချင်း ကြည့်လိုက်ပြီး တစ်ပြိုင်နက်တည်း သူတို့၏ ခုခံရေး အကာအကွယ်များကိုပိတ်ကာ လေဝိညာဉ်ဂိုဏ်းမှ တပည့်များဆီသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားကြသည်။

ဗုဒ္ဓဘာသာလျှို့ဝှက်ပညာရပ်ဖြစ်သော အရဟတ္တဝရဇိန်ခန္ဓာကို စတင်အသက်သွင်းလိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှ ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာသည်။

"ဟားဟားဟား။ နောက်ဆုံးတော့ ခုခံတာကို လက်လျှော့လိုက်ပြီလား။" လီကျုံးစီက ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်ပြီး ချင်းယွန်ဘုံM4ကိုသိမ်းကာ ဘေးနားရှိ လေဝိညာဉ်ဂိုဏ်းမှ တပည့်များကို အော်ပြောလိုက်သည်။ "ညီအစ်ကိုတို့၊ မင်းတို့လက်နက်တွေကို သိမ်းလိုက်ကြ။ တစ်နေကုန် သက်သတ်လွတ် စားပြီး တရားစာတွေရွတ်နေတဲ့ ဒီဘုန်းကြီးကတုံးတွေကို တကယ့်ရုပ်ပိုင်းဆိုင်ရာခွန်အားက ဘာလဲဆိုတာ ပြလိုက်ကြစမ်း။"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လီကျုံးစီက သူ၏အင်္ကျီကို ရုတ်တရက် ဆွဲဖြဲလိုက်ရာ ရင်သပ်ရှုမောဖွယ်ကောင်းသော သူ၏ ဝမ်းဗိုက်ကြွက်သား ရှစ်ခုနှင့် ရင်ဘတ် ကြွက်သားများ ပေါ်လာသည်။

"သေချာ ကြည့်ထား။ ဒါကမှ တကယ့် ယောကျ်ားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပဲ။"

သူ၏နောက်ရှိ လေဝိညာဉ်ဂိုဏ်းမှ တပည့်များကလည်း ထိုအတိုင်း လိုက်လုပ်ကြရာ ခဏအကြာတွင် အဝတ်အစားများ ဆွဲဖြဲသည့် အသံများကို ကြားလိုက်ရသည်။

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သော လေဝိညာဉ်ဂိုဏ်းမှ တပည့်(၁၀၀)ကျော်ခန့်က အားလုံး အင်္ကျီချွတ်ထားကြပြီး သူတို့၏ ကြွက်သားများမှာ ဗုဒ္ဓအလင်းတန်းအောက်တွင် တောက်ပနေသည်။

"မြတ်စွာဘုရား... သူတို့က ငါတို့ထက် ပိုကြီးနေပါလား။" ဦးဆောင်နေသော ဘုန်းတော်ကြီးက သူ့ရှေ့ရှိ မြင်ကွင်းကြောင့် မှင်တက်သွားကာ ကျိန်ဆဲလိုက်မိသည်။

"အော်မီတော်ဖော်။ အဲဒီမှာ ရပ်မနေနဲ့။ သူတို့က အပြင်ပန်းပဲ ရှိတာ။ အရည်အသွေး ဘာမှမရှိဘူး။ အမြင်ပဲကောင်းတာ အနှစ်သာရမရှိဘူး။" အခြားဘုန်းတော်ကြီးတစ်ပါးက တိုးတိုးလေး သတိပေးလိုက်သည်။

ဘုန်းတော်ကြီးများ မတုံ့ပြန်နိုင်ခင်မှာပင် လီကျုံးစီက သူတို့၏ရှေ့သို့ အမြန်ပြေးဝင်သွားပြီး ကြီးမားသော ကြွက်သားများကို ပြသသည့် ကိုယ်ဟန်အမျိုးမျိုး ပြုလုပ်ကာ ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်သည်။

"လေဝိညာဉ်ဂိုဏ်းရဲ့ အန္တိမပညာရပ် - ခန္ဓာကိုယ်သန်မာစေခြင်း ပုံစံ(၁၈)မျိုးထဲက ပထမဆုံးအကွက်၊ ဘေးတိုက်ရင်ဘတ်ပြသခြင်း လက်သီး။"

ဘုန်း။

ဘုန်းခနဲ အသံတစ်ခုနှင့်အတူ ဘုန်းတော်ကြီး၏ ဖျက်ဆီးမရသောခန္ဓာက လက်သီးတစ်ချက်တည်းဖြင့် အက်ကွဲသွားသည်။

"မဖြစ်နိုင်တာ။" ဘုန်းတော်ကြီးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

လီကျုံးစီက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး သူ၏ကြွက်သားများ တစ်ပြိုင်နက် ကျုံ့သွားကာ သူ့ကို ပို၍ပင် ကြီးမားပုံပေါ်စေသည်။ "ကျင့်ကြံခြင်းဆိုတာ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုကို ရှာဖွေတာ သက်သက်ပဲ။ နေ့တိုင်း လေဝိညာဉ်ဂိုဏ်းက တပည့်တွေဟာ တရားထိုင်ရုံတင် မဟုတ်ဘဲ အလေးချိန်တင်ပြီးတော့ ဒိုက်ထိုးတာ အကြိမ် ၅သောင်း၊ ထိုင်ထ အကြိမ်၃သောင်းနဲ့ အလေးမ အကြိမ်၂သောင်း လုပ်တယ်။ ဒါကမှ တကယ့်ကျင့်ကြံခြင်းပဲ။"

နောက်ထပ် လေဝိညာဉ်ဂိုဏ်းမှ တပည့်တစ်ဦး လှည့်လာပြီး ကြီးမားသောကျောပြင်ကို ပြသကာ ရိုင်းစိုင်းစွာဖြင့် စော်ကားစကား ထပ်ပြောလိုက်သည်။ "မင်းတို့က တစ်နေကုန် သက်သတ်လွတ်စားတယ်။ ပရိုတိန်းတောင် အလုံအလောက်မရဘူး။ ဒါနဲ့များ ငါတို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ယှဉ်ချင်သေးတယ်ပေါ့။"

ခဏအကြာတွင် ယေဘုယျအားဖြင့် အခြေခံအုတ်မြစ်နှင့် ရွှေရောင်အနှစ်သာရအဆင့်ဝန်းကျင်တွင် ရှိသော ထိုဘုန်းတော်ကြီးများက မည်သည့်ခုခံမှုမျှ မလုပ်နိုင်ဘဲ အရိုက်ခံလိုက်ရသည်။

အဆိုးရွားဆုံးမှာ ဦးဆောင်နေသော ဘုန်းတော်ကြီးဖြစ်ပြီး လေဝိညာဉ်ဂိုဏ်းမှ တပည့်ငါးဦး၏ ဝိုင်းရံခြင်းကို ခံထားရသည်။ သူတို့က ရှုထောင့်အမျိုးမျိုးမှ တိုက်ခိုက်နေစဉ် ကြီးမားသော ကြွက်သားများကို ပြသသည့် ကိုယ်ဟန်အမျိုးမျိုးကို ပြုလုပ်နေကြသည်။ ထိုဘုန်းတော်ကြီးက မည်သည့်နေရာကို ကြည့်ရမှန်း မသိတော့ဘဲ ထိတ်လန့်နေရင်း သူ၏ခုခံမှုများ ချက်ချင်း ပြိုလဲသွားသည်။

"လေဝိညာဉ်ဂိုဏ်းရဲ့ အန္တိမပညာရပ် - ခန္ဓာကိုယ်သန်မာစေခြင်းပုံစံ (၁၈)မျိုးထဲက (၉)ခုမြောက်။ လက်မောင်းကြွက်သားပေါက်ကွဲခြင်း လက်သီး။"

"လေဝိညာဉ်ဂိုဏ်းရဲ့ အန္တိမပညာရပ် - ခန္ဓာကိုယ်သန်မာစေခြင်းပုံစံ (၁၈)မျိုးထဲက (၁၂)ခုမြောက်။ ဝမ်းဗိုက်ကြွက်သားဖိခြေခြင်း လက်ဝါး။"

"လေဝိညာဉ်ဂိုဏ်းရဲ့ အန္တိမပညာရပ် - ခန္ဓာကိုယ်သန်မာစေခြင်းပုံစံ (၁၈)မျိုးထဲက (၇)ခုမြောက်။ ပေါင်အပြင်ဘက်တံမြက်လှည်း ကန်ချက်။"

ဤနာမည်များအားလုံးသည် ကောင်းကင်မိစ္ဆာအတတ်၊ အာဏာရှင်လက်သီးနှင့် အာဏာရှင်နှလုံးသား ကျမ်းတို့ကို ဖုံးကွယ်ရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

အဓိကအချက်မှာ အပြင်ကို ပေါက်ကြားသွားလျှင်ပင် မည်သူကမှ ၎င်းကို အသေးစိတ် စုံစမ်းချင်မည် မဟုတ်၍ပင်။

အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဘုန်းတော်ကြီးအားလုံး မြေပြင်ပေါ် လဲကျသွားသည်။

အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီသည်လည်း လီကျုံးစီ၏ လက်ထဲသို့ ရောက်သွားသည်။

"အိုး ရေး… စီနီယာ အစ်ကိုကြီး။ ကျွန်တော်တို့ နိုင်ပြီ။"

လေဝိညာဉ်ဂိုဏ်းမှ တပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ အစွမ်းအထက်ဆုံး ကိုယ်ဟန်ကို ပြုလုပ်လိုက်သည်။

လီကျုံးစီက အသက်ပြင်းပြင်းရှူပြီး ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လက်တစ်ဖက်ဖြင့် ရုတ်တရက် မြှောက်လိုက်ကာ ပတ်ဝန်းကျင်ရှိ တက်လှမ်းသူများ၏ မှင်တက်နေသော အကြည့်များကြားတွင် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်သည်။ "ဒါက စွမ်းအားပဲ။ ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို လိုချင်လား။ ပထမဆုံး မင်းတို့ရဲ့ ကြွက်သားတွေကို ငါတို့လို ဖြစ်အောင် လေ့ကျင့်လိုက်။ သတ္တိကြောင်တဲ့ကောင်တွေ။"

ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်နောက်သို့ အဝေးမှလိုက်ပါလာသော ချန်ဟွိုက်အန်က ဤမြင်ကွင်းကို မြင်သောအခါ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။

"ဒီအာဏာရှင်လက်သီးရဲ့... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ ဘေးထွက်ဆိုးကျိုးက နည်းနည်း လွန်မနေဘူးလား…"

သူနှင့် လေဝိညာဉ်ဂိုဏ်းသည် ရန်သူများ မဟုတ်ခဲ့သော်လည်း ဤလေဝိညာဉ်ဂိုဏ်းမှ တပည့်များ၏ မာနထောင်လွှားနေသော အမူအရာများကြောင့် သူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိဆဲ ဖြစ်သည်။

မဟာ မိုးကြိုးကျောင်းတော်တစ်ဝိုက်ရှိ ဧရိယာက လုံးဝ တိတ်ဆိတ်သွား၏။

ဂွက်ခနဲ အသံနှင့်အတူ ဆရာတော် ဖာမင်သည် လက်ထဲရှိ ရွှေရောင်သပိတ်ကို ချေမွလိုက်ကာ သူ၏ မျက်နှာမှာ ကြမ်းတမ်းနေသည်။

"အော်မီတော်ဖော်၊ တကယ့်ကို အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ။"

...

All Chapters