← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) တာ့တာ၊ ကျန်းဟူမှာ ဘယ်တော့မှ ထပ်မတွေ့ရအောင်

ဇွန်ဘီဆိုတာ ဘာလဲ၊ နှုတ်ခမ်းနီဆိုတာ ဘာလဲဆိုတာကို ဘုရားကျောင်းထဲက လူတွေ တစ်ယောက်မှ မသိကြဘူး။ ဒါပေမဲ့ ယွီးရှောင်ရှောင်ရဲ့ လေသံထဲမှာ သူများ ဒုက္ခရောက်တာကို ဝမ်းသာအားရ ဖြစ်နေပြီး တော်တော်လေး အရိုက်ခံချင်စရာ ကောင်းနေတယ် ဆိုတာကိုတော့ သူတို့ ခံစားမိကြတယ်။

ဆရာတော်လေး အဆိပ်မိသွားတာကို သိလိုက်တာနဲ့ ပေ့ကျိဆိုတဲ့ ကို1ယ်တော်က ချက်ချင်းပဲ ဆရာတော်လေးရဲ့ အရေးကြီးတဲ့ သွေးကြော နေရာတွေကို ပိတ်လိုက်တယ်။ ဒါမှ အဆိပ်တွေက သွေးကြောတွေကနေ တစ်ဆင့် တစ်ကိုယ်လုံးကို မပြန့်နှံ့သွားမှာလေ။ ဒါပေမဲ့ ပေ့ကျိက ဘယ်လောက်ပဲ မြန်မြန် လုပ်လုပ် အဆိပ်က အရမ်း ပြင်းလွန်းတယ်။ ယွီးရှောင်ရှောင်က အိုးဆေးရေတွေ အများကြီးနဲ့ ရောထားပေမဲ့လည်း အဆိပ်အာနိသင်က ဆရာတော်လေး ဖုန်းလင်ကို လှုပ်လို့ မရအောင် ဖြစ်သွားစေပြီး တစ်ကိုယ်လုံး နာကျင်သွားစေတယ်။

ပေ့ကျိက ယွီးရှောင်ရှောင်ကို စိန်းစိန်းဝါးဝါး ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်တယ်။

"မင်းသမီး။ ကျွန်တော်တို့ ဆရာတော်လေးသာ တစ်ခုခု ဖြစ်သွားရင် ခင်ဗျားတို့ ဖုန်းထျန်းတိုင်းပြည်က ဘယ်လိုမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူးနော်"

"ဘာ"

ယွီးရှောင်ရှောင်က ယုံးရှန်းကျောင်းတော်က ဒီကိုယ်တော်တွေကို တကယ်ကို မုန်းတီးသွားပြီ။ သူမက ပေ့ကျိကို ပြန်မေးလိုက်တယ်။

"ဖုန်းထျန်းက သူ့အဖေလား။ ဒါမှမဟုတ် သူ့အမေလား။ သူ သေတာ မသေတာက ဖုန်းထျန်းနဲ့ ဘာဆိုင်လို့လဲ။တို့ ဖုန်းထျန်းက သူ့ကို ဖိတ်ထားလို့လား"

"မင်း"

ပေ့ကျိက ဆရာတော်လေး ဖုန်းလင် ကိုယ်တိုင် 'လင်းလုံမင်းသမီးနဲ့ လုံးဝ ရန်မဖြစ်ရဘူး' လို့ တင်းတင်းကျပ်ကျပ် အမိန့်မပေးထားဘူး ဆိုရင် အခုချိန်မှာ ယွီးရှောင်ရှောင်ကို သေချာပေါက် ဝင်တိုက်ခိုက်နေလောက်ပြီ။

"မင်းက တော်ဝင်မင်းသမီး ဖြစ်ပြီးတော့ စကားပြောတာ ဒီလောက်တောင် ရိုင်းစိုင်းရသလား။ ဖုန်းထျန်းရဲ့ ယွီးတော်ဝင်မိသားစုက ဒီလောက်ပဲ ရှိတာလား" လို့ ပေ့ကျိက ယွီးရှောင်ရှောင်ကို ဒေါသတကြီးနဲ့ အော်လိုက်တယ်။

ယွီးရှောင်ရှောင်က ဒီလို စာပေဆန်ဆန် ရှေးဟောင်း စကားတွေကို နားထောင်ရတာ အရမ်း ခေါင်းရှုပ်တယ်။ ဒါပေမဲ့ ဒီကိုယ်တော်က သူမရဲ့ မိသားစု တစ်ခုလုံးကို ဆဲနေတာလို့တော့ နားလည်လိုက်တယ်။

ချိန်ကွမ်းက ယွီးရှောင်ရှောင် ရှေ့မတိုးသွားအောင် အနောက်ကနေ လက်ကို အတင်း ဆွဲထားလိုက်ပြီး တိုးတိုးလေး ပြောတယ်။

"မင်းသမီး။ အခုက ရန်ဖြစ်ရမဲ့ အချိန် မဟုတ်သေးဘူး"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို အေးစက်စက် မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။ အမှန်တော့ ဆရာတော်လေး ဖုန်းလင်ရဲ့ ရုပ်ရည်က နှုတ်ခမ်းတွေ မည်းနေရင်တောင်မှ ညှို့ဓာတ် ပြင်းတဲ့ အလှတရား တစ်မျိုးကို ပေးစွမ်းနိုင်တယ်။ ဒါပေမဲ့ ယွီးရှောင်ရှောင် အမြင်မှာတော့ ဒီယောက်ျားက ဒီလို ရုပ်မျိုးနဲ့ နေတာထက် သေသွားတာကမှ ပိုကောင်းဦးမယ်။ ယောက်ျား ပီသတဲ့ အသွင်အပြင် နည်းနည်းလေးတောင် မရှိဘူး။ ဒီကောင်ရဲ့ မိဘတွေက ဘယ်လောက်တောင် အကျင့်ယုတ်လို့ ဒီလို ကောင်မျိုးကို မွေးလာရတာလဲ။ မိန်းကလေး တစ်ယောက် အဖြစ်သာ မွေးလာရင် ပြီးသွားမဲ့ ဥစ္စာကို။

"ရှင်တို့ မြန်မြန် ထွက်သွားတာ ကောင်းမယ်"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို ပြောလိုက်တယ်။

"ရှင်တို့က ယုံးရှန်းကျောင်းတော်က မဟုတ်လား။ ရှင့်ကျောင်းကို အမြန် ပြန်သွားပြီး ရှင့်ဆရာကို ရှင် ပြန်ရှင်လာအောင် လုပ်ခိုင်းလိုက်လေ။ တို့တွေ ဇာတ်လမ်းက ဒီမှာတင် ပြီးပြီ။ နောက်ဆို ပြန်မတွေ့ကြေးပဲ"

"ယွီးလင်းလုံ"

ပေ့ကျိ အပါအဝင် ကိုယ်တော်တွေ အကုန်လုံးက ယွီးရှောင်ရှောင် နာမည်ကို အသံကျယ်ကြီးနဲ့ အော်ခေါ်လိုက်ကြတယ်။ သူတို့ ဆရာတော်လေးကို သေဖို့ ကျိန်ဆဲရဲတာ။ ဒီမင်းသမီးက သူတို့ ယုံးရှန်းကျောင်းတော်ကို ဒေါသထွက်အောင် လုပ်မိမှာ နည်းနည်းလေးတောင် မကြောက်ဘူးလား။

"မကျေနပ်ရင် လာချလေ"

ယွီးရှောင်ရှောင်လည်း ဒေါသထွက်သွားပြီ။

ပေ့ကျိတို့က ယွီးရှောင်ရှောင်ကို ဒေါသတကြီးနဲ့ စိန်းစိန်းဝါးဝါး ကြည့်နေကြတယ်။

ယွီးရှောင်ရှောင်က ဘုရားကျောင်းထဲက လူတွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မီးလောင်ရာ လေပင့်တဲ့ စကား ထပ်ပြောလိုက်သေးတယ်။

"ဟို မျက်လုံး ပျက်နေတဲ့ ကောင်ကော ဘယ်ရောက်သွားလဲ။ မနိုင်ရင် သူ့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့လေ။ တို့တွေ တစ်ပွဲတည်းနဲ့ အနိုင်အရှုံး ခွဲကြတာပေါ့"

ပေ့ကျိတို့ အားလုံး အသက်ရှူမှားသွားကြပြီး ဆရာတော်လေး ဖုန်းလင်ကို လှည့်ကြည့်လိုက်ကြတယ်။ လင်းလုံမင်းသမီးက ဒီလောက်ထိ ရိုင်းစိုင်းနေတာကို သူတို့က ဆက်ပြီး သည်းခံနေရဦးမှာလား။

မင်းဆရာချိန်ကွမ်းက တကယ် ရန်ဖြစ်တော့မယ် ဆိုတာ သိလိုက်လို့ ယွီးရှောင်ရှောင် ရှေ့မှာ ချက်ချင်း ဝင်ရပ်လိုက်တယ်။ သူ့လက်ကတော့ ယွီးရှောင်ရှောင်ကို တင်းတင်းကျပ်ကျပ် ဆွဲထားတုန်းပဲ။ သူက ဆရာတော်လေး ဖုန်းလင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ဆရာတော်လေး။ မင်းသမီးက ဖုန်းထျန်းရဲ့ တော်ဝင်မိသားစုဝင်ပါ။ ဆရာတော်က ကိုယ့်လူတွေကို သေချာ ထိန်းချုပ်ထားတာ ပိုကောင်းမယ်နော်"

ပေ့ယွမ်လို့ ခေါ်တဲ့ ကိုယ်တော်က အဲဒီအချိန်မှာ အေးစက်စက် လေသံနဲ့ ဝင်ပြောလိုက်တယ်။

"ချိန်ကွမ်း။ ကျူးယိ တော်ဝင်မိသားစုတောင် ဆရာတော်လေးကို အဲဒီလို မဆက်ဆံရဲဘူး။ ဖုန်းထျန်းလိုတိုင်းပြည် သေးသေးလေးက ဘာများ အရေးပါလို့လဲ"

ယွီးရှောင်ရှောင်လည်း လှောင်ပြုံး ပြုံးလိုက်တယ်။ စကား အများကြီး ပြောရတာကို သဘောမကျဘဲ လက်သီးနဲ့ပဲ ရှင်းချင်တဲ့ သူပေမဲ့ ဒီတစ်ခါတော့ တော်တော်လေး စကားနာ ထိုးလိုက်တယ်။ သူမကို ကိုက်သတ်ချင်နေတဲ့ ကိုယ်တော်တွေကို ပြောလိုက်တယ်။

"ဖုန်းထျန်းတိုင်းပြည်က ဘယ်လောက်ပဲ သေးသေး၊ ကျွန်မတို့တွေက ပုံမှန် လူသားတွေလေ။ ရှင်တို့လို အပြင်ပန်း ကြည့်ရင် ဖွံ့ဖြိုးမှု မှန်သလိုလိုနဲ့ တကယ်တမ်းကျတော့ မျိုးဆက် ပြတ်မဲ့ ကောင်တွေနဲ့ မတူဘူး"

ကိုယ်တော်တွေကို ဒီလိုမျိုး ဆဲတာ ဘယ်သူ ရှိလို့လဲ။

ဒီစကားကို ကြားတော့ ချိန်ကွမ်းတောင် ခဏလောက် နေရခက်သွားတယ်။

"ရှင်ကတော့ မတူဘူးနော်"

ယွီးရှောင်ရှောင်က ချိန်ကွမ်းကိုလည်း မမေ့ဘူး။ ချိန်ကွမ်းကို ကြည့်ပြီး ပြောလိုက်တယ်။

"နောက်ကျရင် ကျွန်မ ရှင့်ကို သေချာ စောင့်ရှောက်ပေးမယ်။ ရှင် အထီးမကျန်စေရဘူး"

ချိန်ကွမ်းက နေရခက်နေတုန်းပဲ ရှိသေးပေမဲ့ မင်းသမီးလေးရဲ့ စကားကြောင့် စိတ်ထဲမှာ နွေးထွေးသွားတယ်။

ပေ့ကျိက နောက်ဆုံးတော့ လုံးဝ သည်းမခံနိုင်တော့ဘဲ အသံကျယ်ကြီး အော်ပြီး ခြေဖျား အသာ ထောက်ကာ ယွီးရှောင်ရှောင် ရှိရာကို ပြေးဝင်လာတယ်။

ယွီးရှောင်ရှောင်က ချိန်ကွမ်း ကိုင်ထားတဲ့ သူမရဲ့ လက်ကို အနောက်ကို အသာလေး ဆွဲယူလိုက်တယ်။ ချိန်ကွမ်း သတိမထားမိတဲ့ အချိန်လေး အတွင်းမှာပဲ မင်းသမီးလေးက သူ့ကို သူမ အနောက် ရောက်အောင် ကာကွယ်ပေးလိုက်တယ်။ ယွီးရှောင်ရှောင်က လက်သီး ဆုပ်ထားပြီး ပေ့ကျိ သူမ အနား ရောက်လာမဲ့ အချိန်ကို စောင့်နေတယ်။ စကားနဲ့ တိုက်ခိုက်ရတာကို သူမ သိပ်မကျွမ်းကျင်ပေမဲ့ သိုင်းချရမယ် ဆိုရင်တော့ ယွီးရှောင်ရှောင်က အရမ်း ယုံကြည်မှု ရှိတယ်။ ဒီကမ္ဘာက လူသားတွေက သူမရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ပေ့ကျိ"

ဆရာတော်လေး ဖုန်းလင်က ထိုင်ခုံပေါ်ကနေ ရုတ်တရက် အသံကျယ်ကြီးနဲ့ အော်ဟန့်လိုက်တယ်။

ပေ့ကျိက ဆရာတော်လေး ဖုန်းလင်ရဲ့ အော်သံကို ကြားတာနဲ့ ဂါထာ ရွတ်ခံလိုက်ရသလို ယွီးရှောင်ရှောင်နဲ့ သုံးလှမ်း အကွာလောက်မှာ ချက်ချင်း ရပ်သွားတယ်။ ယွီးရှောင်ရှောင်ကို စိန်းစိန်းဝါးဝါး ကြည့်နေပေမဲ့ ဝင်မတိုက်ခိုက်ရဲတော့ဘူး။

ဆရာတော်လေး ဖုန်းလင်က အဲဒီလို အော်ပြီးတဲ့နောက် သူ့ရဲ့ ခွန်အားတွေ အကုန်လုံး ကုန်ခမ်းသွားသလို ထိုင်ခုံပေါ်မှာ ပြင်းပြင်းထန်ထန် အသက်ရှူနေရတယ်။ အချိန်အတော်ကြာတဲ့ အထိ အသက်ရှူနေရပြီးနောက် နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပြီး ရုတ်တရက် ပါးစပ်ဟလိုက်တော့ လည်ချောင်းထဲကနေ သွေးတွေ အန်ထွက်လာကာ ဖြူစင်တဲ့ သင်္ကန်း အဖြူလေး တစ်ခုလုံး သွေးတွေ ပေကျံကုန်တယ်။

"ဆရာတော်လေး"

ဘုရားကျောင်းထဲက ကိုယ်တော်တွေ အကုန်လုံး တစ်ပြိုင်နက်တည်း အလန့်တကြား အော်လိုက်ကြတယ်။

ပေ့ကျိက ယွီးရှောင်ရှောင်ကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ဆရာတော်လေး ဖုန်းလင်ရဲ့ ထိုင်ခုံနားကို ပြေးသွားပြီး ဆရာတော်လေးရဲ့ ရင်ဘတ်က အရေးကြီးတဲ့ သွေးကြော နေရာ တစ်ခုကို လက်နဲ့ ချက်ချင်း ပိတ်လိုက်တယ်။

ယွီးရှောင်ရှောင်က ချိန်ကွမ်းကို တိုးတိုးလေး မေးလိုက်တယ်။

"သူ လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက အကောင်းကြီး ရှိသေးတာ။ ဘာလို့ အခုမှ ဒီလို ဖြစ်သွားရတာလဲ။ မွေးရာပါ ကျန်းမာရေး မကောင်းလို့ အခုမှ ရောဂါထပြီး သေတော့မှာလား"

နာရီဆိုတာ ဘာလဲ ချိန်ကွမ်း မသိပေမဲ့ ယွီးရှောင်ရှောင် မေးတဲ့ မေးခွန်းကိုတော့ သူ နားလည်ပါတယ်။ ချိန်ကွမ်းက ပါးစပ်ကို လက်နဲ့ အုပ်ပြီး ချောင်းဟန့်လိုက်ကာ တိုးတိုးလေး ဖြေလိုက်တယ်။

"ဆရာတော်လေးက ကျောင်းမိဖုရားကိုကယ်လိုက်လို့ မင်းသမီးက သူ့ကို မုန်းနေတာလား"

ယွီးရှောင်ရှောင်က ခေါင်းခါပြပြီး ပြောတယ်။

"ကျွန်မက တခြားလူတွေရဲ့ အချစ်ရေးကို ဝင်မပါဘူး"

ကျောင်းမိဖုရားနဲ့ ဝမ်ဖုန်းလင်တို့ကလေးပဲ မွေးမွေး ဘာပဲလုပ်လုပ် သူမနဲ့ ဘာဆိုင်လို့လဲ။ တကယ်လို့ ကုရှင်းလန်နဲ့သာ ကလေးမွေးခဲ့ရင်တော့ သူမ နည်းနည်း ခေါင်းကိုက်ရမှာပေါ့။

အိပ်မက်မက်နေတဲ့ ကုသခင်လေးက အဲဒီအချိန်မှာ နှာတစ်ချက် ချေလိုက်တယ်။

ဝမ်မောမောက အခန်းအပြင်ဘက်ကနေ အဲဒီ နှာချေသံကို ကြားတော့ ရင်တုန်သွားပြီး သမက်တော် နိုးလာမှာကို အရမ်း ကြောက်နေတယ်။ မင်းသမီးက ညကြီးမိုးချုပ် ဝတ်စုံနက်ကြီးနဲ့ အပြင်ကို တစ်ယောက်တည်း ထွက်သွားတာကို ကုမိသားစုက လူတွေ မေးလာရင် မင်းသမီး ဘာသွားလုပ်လဲ ဆိုတာကို ဝမ်မောမောက လိမ်ပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလေ။

"ဟူကော် ကျောင်းတော်က လူတွေက မင်းအပေါ် တော်တော် သစ္စာရှိကြတာပဲ"

ပိန်ပိန်ပါးပါး ကိုယ်တော်အို တစ်ပါးက ယွီးရှောင်ရှောင်နဲ့ ချိန်ကွမ်း အနားကို လျှောက်လာပြီး ချိန်ကွမ်းကို တိုးတိုးလေး ပြောလိုက်တယ်။

ချိန်ကွမ်းက မေးလိုက်တယ်။

"ဆရာတော် ဝမ်ရှန်း ဆရာတော် ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ"

"ဆရာတော်လေးက မင်းကို အရှက်မကွဲစေချင်လို့လေ"

ဆရာတော် ဝမ်ရှန်းက ပြောတယ်။

"မင်းအတွက် ဂုဏ်သိက္ခာလေး ချန်ထားပေးချင်လို့။ မင်းက ဆေးကို လဲပစ်လိုက်မယ်လို့ သူ မထင်ထားခဲ့ဘူး"

"ဒါ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ"

ချိန်ကွမ်းက ချက်ချင်း ပြန်ပြောလိုက်တယ်။ သူ ဒီလို လုပ်ဖို့ ဆန္ဒ မရှိတာ ထားပါတော့။ တကယ်လို့ သူ လုပ်ချင်ရင်တောင် ဆရာတော်လေး ဖုန်းလင် ဘေးမှာ ပါလာတဲ့ ယုံးရှန်းကျောင်းတော်က သိုင်းသမား ကိုယ်တော်တွေ ရှိနေတာကို။ သူက ဆေးကို ဘယ်လိုလုပ် လဲနိုင်မှာလဲ။

ဆရာတော် ဝမ်ရှန်းက ခေါင်းခါလိုက်ပြီး ပြောတယ်။

"ချိန်ကွမ်း။ မင်း ဒီမှာ ရပ်နေပြီး ဆရာတော်လေးက အဆိပ်မိလို့ ထိုင်ခုံပေါ်မှာ လဲနေတာကို မြင်နေရတာတောင် ငါက ဘာကို ဆက်ပြောရဦးမှာလဲ"

"ဒါက…"

ချိန်ကွမ်းက သွေးတွေ စီးကျနေဆဲ ဖြစ်တဲ့ ဆရာတော်လေး ဖုန်းလင်ကို ကြည့်လိုက်တယ်။ ဒါက ဘယ်သူကများ သူ့ကို တိတ်တဆိတ် ကူညီပေးနေတာလဲ။ ဒါမှမဟုတ် ယုံးရှန်းကျောင်းတော်ကို တိတ်တဆိတ် ရန်သူ လုပ်နေတဲ့ သူလား။

"တကယ်လို့ ကျောင်းထိုင်ဆရာတော်က မင်းကို ကျောင်းတော်ကို ပြန်ခေါ်ရင်...”

ဆရာတော် ဝမ်ရှန်းက အဲဒီအချိန်မှာ ချိန်ကွမ်းကို ထပ်ပြောလိုက်တယ်။

"မင်း ကြိုတင် ပြင်ဆင်ထားတာ ပိုကောင်းမယ်"

ချိန်ကွမ်းက ရုတ်တရက် ပြုံးလိုက်ပြီး ပြောတယ်။

"ဆရာတော် ဝမ်ရှန်း သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုတင် ပြင်ဆင်ထားပါ့မယ်"

…

All Chapters