← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) သံသယနဲ့ အေးစက်မှု

ယွီးရှောင်ရှောင်က ချိန်ကွမ်းနဲ့ သူမ ရှေ့က ပိန်ပိန်ပါးပါး ကိုယ်တော်အိုတို့ ပြောနေတဲ့ စကားတွေကို နားထောင်ပြီး သဘောပေါက်သွားတယ်။ ဝမ်ဖုန်းလင်က ချိန်ကွမ်းကို အဆိပ်ခတ်ပြီး သတ်ချင်တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ အဆိပ်က လဲခံလိုက်ရပြီး ချိန်ကွမ်းက ဘာမှ မဖြစ်ဘဲ ဝမ်ဖုန်းလင် ကိုယ်တိုင် အဆိပ်မိသွားတာပဲ။

ချိန်ကွမ်းက အဲဒီအချိန်မှာ ဆရာတော် ဝမ်ရှန်းကို ပြောတယ်။

"မီးဖိုချောင်ကို ကျောင်းတော်က လူတွေပဲ စောင့်နေကြတာလေ၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်စွမ်းပြလို့ ရမှာလဲ"

"ချိန်ကွမ်း" လို့ ဆရာတော် ဝမ်ရှန်းက ပြောလိုက်တယ်။

"ကိုယ်တော်က တရားစီရင်ရေး ဌာနမှာ ဒီလောက် နှစ်တွေ အများကြီး နေလာတာ။ ဆေးမှားတဲ့ အမှားမျိုး ဘယ်တုန်းကများ လုပ်ဖူးလို့လဲ"

ယွီးရှောင်ရှောင်က မြေကြီးပေါ် ပြုတ်ကျနေပြီး အခုထိ ဘယ်သူမှ မသိမ်းရသေးတဲ့ ကျောက်စိမ်းလင်ပန်းနဲ့ စွပ်ပြုတ်ပန်းကန်ကို တစ်ချက် ကြည့်လိုက်တယ်။

ချိန်ကွမ်းက အဲဒီအချိန်မှာ သူ့ကိုယ်သူနဲ့ ဟူကော် ကျောင်းတော်ကို ကာကွယ်ဖို့ တိုးတိုးလေး ပြောလိုက်တယ်။

"မီးဖိုချောင်မှာ ဆရာတော်တို့ လူတွေပဲ စောင့်နေတာကို။ ကျွန်တော်နဲ့ ဟူကော် ကျောင်းတော်က ကိုယ်တော်တွေက ဘယ်လိုလုပ် လက်စွမ်းပြနိုင်မှာလဲ။ ဆရာတော် ဝမ်ရှန်းက ကိုယ့်အရည်အချင်းကို အထင်သေးနေတာလား။ ဒါမှမဟုတ် ပေ့ကျိ ရဲ အရည်အချင်းကို အထင်သေးနေတာလား"

ဆရာတော် ဝမ်ရှန်းလည်း စကားမပြောနိုင်တော့ဘူး။ ဒီအချက်ကို သူလည်း နားမလည်ဘူးလေ။ သူ့မျက်စိရှေ့၊ ပေ့ကျိ မျက်စိရှေ့မှာတင် ဆေးကို လဲသွားနိုင်တဲ့ ကိုယ်တော် ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

မီးဖိုချောင်မှာ စောင့်နေတာလား။ ယွီးရှောင်ရှောင်က ပေ့ကျိကို တစ်ချက် ကြည့်လိုက်တယ်။ ဟုတ်တယ်။ မီးဖိုချောင် ခြံဝင်းထဲမှာ သူမ တွေ့ခဲ့တာ ဒီကိုယ်တော်ပဲလေ။ ဒါဆို ဒါက ဘာသဘောလဲ။ မင်းသမီးလေးက အခုမှပဲ သဘောပေါက်သွားတယ်။ ဆေးကို လဲပြီး ဝမ်ဖုန်းလင်ကို အဆိပ်မိသွားအောင် လုပ်လိုက်တဲ့ သူက တကယ်တော့ သူမ ယွီးရှောင်ရှောင်ပဲပေါ့။

"ဆရာတော်လေး တစ်ခုခု ဖြစ်သွားမလား"

ချိန်ကွမ်းလည်း ဆရာတော် ဝမ်ရှန်း နဲ့ ဒီလိုပဲ ဆက်ပြီး အငြင်းပွားမနေချင်တော့လို့ မေးလိုက်တယ်။

ယွီးရှောင်ရှောင်က ဆရာတော် ဝမ်ရှန်း မဖြေခင် ဝင်ပြောလိုက်တယ်။

"ဝမ်ဖုန်းလင်က ရှင့်ကို သတ်ချင်တာလား။ ဘာလို့လဲ"

"မင်းသမီး"

"ပြောလေ။ ဝမ်ဖုန်းလင်က ဘာလို့ ရှင့်ကို သတ်ချင်ရတာလဲ"

ယွီးရှောင်ရှောင်ရဲ့ လက်တွေက ထပ်ပြီး လက်သီးဆုပ် ဖြစ်သွားပြန်တယ်။ ရက်စက်တဲ့ ဘုရင်မ သေဆုံးတဲ့ အချိန်မှာ လူတွေ အကုန်လုံး ကျောခိုင်းသွားကြပေမဲ့ ဒီ ချိန်ကွမ်းကတော့ ဘုရင်မ မီးလောင်သေဆုံးတာကို မျက်စိရှေ့မှာတင် ကြည့်နေခဲ့တဲ့ သူလေ။ ဒါပေမဲ့ ယွီးရှောင်ရှောင်က ဒီဦးလေးကြီးကို မမုန်းဘူး။ ဝမ်ဖုန်းလင်က ချိန်ကွမ်းကို သတ်ချင်တယ်ဟုတ်လား။ ဒါဆို သူမက အဲဒီ မိန်းမလျာကောင်ကို အရင် သတ်ပစ်လိုက်မယ်။

"မင်းသမီးလေး"

ဆရာတော်လေး ဖုန်းလင်က အဲဒီအချိန်မှာ အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဒါက ကျွန်တော်တို့ ယုံးရှန်းကျောင်းတော်ရဲ့ ကိစ္စပါ"

"ရှင် ပါးစပ်ပိတ်ထားစမ်း"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို အော်လိုက်တယ်။

"သေချင်ရင် မြန်မြန် သေလိုက်။ မသေရင်လည်း မြန်မြန် ထွက်သွားစမ်း။ ဘုန်းကြီးကျောင်း တစ်ကျောင်းတည်း ရှိတာကိုများ။ တကယ့် အရေးပါတဲ့ နေရာလိုလို ဘာလိုလိုနဲ့"

ပေ့ကျိက မျက်စိတစ်မှိတ် အတွင်းမှာပဲ ယွီးရှောင်ရှောင် အနားကို ရောက်လာတယ်။

ချိန်ကွမ်းက 'မင်းသမီး သတိထား' လို့ အော်ဖို့ လုပ်ပေမဲ့ အသံတောင် မထွက်လိုက်ရဘူး။

ယွီးရှောင်ရှောင်က ချိန်ကွမ်းကို နောက်ကို ဆွဲဖယ်လိုက်ပြီး ပေ့ကျိရဲ့ လက်ဝါးချက်ကို ခုန်ရှောင်လိုက်တယ်။ အဲဒီနောက် ပေ့ကျိရဲ့ ပခုံးပေါ်ကနေ ကျော်ခုန်သွားပြီး ပေ့ကျိရဲ့ ကျောရိုးကို ခြေထောက်နဲ့ တစ်ချက်ကန်ချလိုက်တယ်။ ဇွန်ဘီတွေကို သတ်ရာမှာ ကျွမ်းကျင်တဲ့ သူတွေက လှုပ်ရှားမှုတိုင်းမှာ ပြတ်သားတယ်၊ တိကျတယ်၊ မြန်ဆန်တယ်။ တစ်ချက်တည်းနဲ့ ဇွန်ဘီကို သတ်နိုင်ရမယ်၊ မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ လှုပ်ရှားလို့ မရအောင် လုပ်နိုင်ရမယ်လေ။ ပေ့ကျိက လူသားပဲ၊ ဇွန်ဘီ မဟုတ်ဘူးလေ။ ဒါကြောင့် ယွီးရှောင်ရှောင်ရဲ့ ခြေကန်ချက်က နေရာ တိကျပေမဲ့ အားကိုတော့ လျှော့ထားလိုက်တယ်။

ပေ့ကျိက ရှေ့ကို လွင့်ထွက်သွားပြီး တစ်ဝက် ပွင့်နေတဲ့ ဘုရားကျောင်း တံခါးကို ဝင်တိုက်ကာ ယွီးရှောင်ရှောင် မြေကြီးပေါ် ပြန်ကျလာတဲ့ အချိန်မှာပဲ သူလည်း ဘုရားကျောင်း ခြံဝင်း လှေကားထစ် အောက်ကို ပြုတ်ကျသွားတယ်။

ယွီးရှောင်ရှောင် မြေကြီးပေါ် ပြန်ကျလာပြီးတော့ ခြေလှမ်းတောင် မရပ်ဘဲ ချိန်ကွမ်း အနားကို ရောက်သွားကာ မေးလိုက်တယ်။

"ရှင် ဘာမှ မဖြစ်ဘူး မဟုတ်လား"

ချိန်ကွမ်းက အံ့သြတကြီးနဲ့ ခေါင်းခါပြလိုက်တယ်။ သူ့ကို ဘယ်သူကမှ မတိုက်ခိုက်တာ။ သူ ဘာဖြစ်စရာ ရှိလို့လဲ။

ပေ့ကျိက လှေကားထစ် အောက်ကို ပြုတ်ကျသွားပေမဲ့ သတိလစ် မသွားဘူး။ သူက ခန္ဓာကိုယ်ကို သံမဏိလို မာကျောအောင် ကျင့်စဉ်တွေ နှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့သူလေ။ သူက ယုံးရှန်းကျောင်းတော်ရဲ့ သိုင်းကျောင်းမှာ အဆင့်မြင့်ဆုံး သိုင်းပညာရှင် တစ်ယောက်။ ခြေထောက်နဲ့ တစ်ချက်ကန်ခံရလို့ လွင့်ထွက်သွားတဲ့ အရသာကို သူ မခံစားရတာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာပြီလဲ။ ပေ့ကျိက လှေကားထစ်ကို လက်နှစ်ဖက်နဲ့ အားပြုပြီး ထဖို့ လုပ်ပေမဲ့ လှုပ်လိုက်တာနဲ့ ကျောရိုးကနေ ဂျွတ်ခနဲ အသံ ထွက်လာပြီး နာကျင်မှုကိုတောင် မခံစားလိုက်ရခင် မျက်စိရှေ့မှာ အမှောင်ကျသွားကာ သတိလစ်သွားတော့တယ်။

ပေ့ယွမ်တို့ ကိုယ်တော်တွေက ပေ့ကျိ သတိလစ်သွားတာကို မြင်တော့ အရမ်း အံ့သြသွားကြပြီး ယွီးရှောင်ရှောင်ကို ဝိုင်းတိုက်ခိုက်ဖို့ ရှေ့ကို တိုးလာကြတယ်။

ယွီးရှောင်ရှောင်က ချိန်ကွမ်းကို တစ်ယောက်တည်း ထားခဲ့ပြီး ဒီကိုယ်တော်တွေ ဓားစာခံ ဖမ်းတာကို မခံရအောင် ချိန်ကွမ်းကို ခေါ်ပြီး ရှေ့ကို ပြေးသွားကာ မျက်စိတစ်မှိတ် အတွင်းမှာတင် ဆရာတော်လေး ဖုန်းလင် လှဲနေတဲ့ ထိုင်ခုံ ရှေ့ကို ရောက်သွားတယ်။

"ရိုင်းစိုင်းလိုက်တာ"

ပေ့ယွမ်က အရင်ဆုံး သတိဝင်လာတဲ့ သူ ဖြစ်ပြီး ဒေါသတကြီး အော်ကာ ယွီးရှောင်ရှောင်ကို အသေအလဲ တိုက်ခိုက်ဖို့ ရှေ့ကို တိုးလာတယ်။

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ရဲ့ ထိုင်ခုံ ရှေ့မှာ ရပ်နေပြီး ချိန်ကွမ်းကို သူမရဲ့ ဘယ်ဘက်မှာ ကာကွယ်ပေးထားတယ်။ မျက်လုံးကို မှေးလိုက်ပြီးနောက် ပေ့ယွမ် တို့ကို ပြန်ကြည့်လိုက်တယ်။ သူမက ဒီကိုယ်တော်တွေ အကုန်လုံးနဲ့ ဝမ်ဖုန်းလင်ကိုပါ သတ်ပစ်လိုက်ရင် ပြဿနာ ရှင်းသွားပြီ မဟုတ်လား။

"ပေ့ယွမ်။ ရပ်လိုက်စမ်း"

ဆရာတော် ဝမ်ရှန်းက အဲဒီအချိန်မှာ ပေ့ယွမ်ကို အော်ဟန့်လိုက်တယ်။ လန့်သွားပေမဲ့ ဆရာတော် ဝမ်ရှန်းက အသိဉာဏ် ရှိပါသေးတယ်။ လင်းလုံမင်းသမီးက တစ်ချက်တည်းနဲ့ ပေ့ကျိကို သတိလစ်သွားအောင် လုပ်နိုင်တယ်။ အခု သူမက ဆရာတော်လေး ရှေ့မှာ ရပ်နေတာ၊ သူတို့ထဲက ဘယ်သူကများ လင်းလုံမင်းသမီးရဲ့ လက်ထဲကနေ ဆရာတော်လေးကို အထိအခိုက် မရှိဘဲ ကယ်ထုတ်နိုင်မဲ့ အရည်အချင်း ရှိလို့လဲ။

ကိုယ်တော် တချို့က ထိုင်ခုံနဲ့ ခြေလှမ်း အနည်းငယ် အကွာမှာ ပန်ကာ ပုံစံမျိုး ရပ်နေကြပြီး ရှေ့လည်း မတိုးရဲသလို နောက်လည်း မဆုတ်ရဲ ဖြစ်နေကြတယ်။

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို လှည့်ကြည့်လိုက်တယ်။ အကြည့်တွေက အေးစက်နေတယ်။ သူမ ရှေ့မှာ လှဲနေတဲ့ ဒီလူကို သေချာ ကြည့်လိုက်တယ်။ ဒီလူက ဘာတွေများ ကောင်းနေလို့ ရက်စက်တဲ့ ဘုရင်မက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုတောင် အောက်ချပြီး အောက်ကျနောက်ကျနဲ့ မျက်နှာချိုသွေး ခဲ့ရတာလဲ။ ဒီလူက အဲဒီလောက် အစွမ်းထက်နေရင်လည်း ထားပါတော့။ မိန်းမတွေ ဆိုတာကလည်း ခံစားချက်ကို ဦးစားပေးတဲ့ သတ္တဝါတွေ ဆိုတော့ ကိုယ့်ကို သာယာမှု ပေးနိုင်တဲ့ ယောက်ျား တစ်ယောက် ရှိတာကလည်း မဆိုးဘူး။ ဒါပေမဲ့ ဒီလူက ဖြူစင်တဲ့ လူပျိုကြီး ပုံစံမျိုးနဲ့လေ။ အိပ်ရာပေါ် ရောက်တိုင်းလည်း ရက်စက်တဲ့ ဘုရင်မကပဲ သူ့ကို အတင်း အဓမ္မ ကျင့်နေရသလိုမျိုး။ ဒီမျက်နှာလေး အတွက်လား။ ဒီမျက်နှာက သာမန် လူသားတွေရဲ့ မျက်နှာပဲလေ။ အသက်ကြီးလာရင် အရေးအကြောင်းတွေ ပေါ်လာမယ်၊ အရေပြားတွေ တွဲကျလာမယ်။ အသက်ကြီးတဲ့ ယောက်ျား တစ်ယောက်နဲ့ ဘာမှ ကွာခြားမှာ မဟုတ်ဘူး။ ဒီမျက်နှာကို ဘာတွေများ စွဲလန်းစရာ ရှိလို့လဲ။

ဆရာတော်လေး ဖုန်းလင်ကလည်း ယွီးရှောင်ရှောင်ကို ကြည့်နေတယ်။ မိဘတွေရဲ့ အလှအပတွေကို အကုန် ဆက်ခံထားတဲ့ လင်းလုံမင်းသမီးက သေချာပေါက် လှပတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ဒါပေမဲ့ ဒီလို လှပတဲ့ မိန်းကလေးက လူသတ်ချင်တဲ့ အငွေ့အသက်တွေ အပြည့်နဲ့ အေးစက်စက် မျက်လုံးတွေ ရှိနေတာက ဆရာတော်လေး ဖုန်းလင်ကို မေးခွန်းထုတ်ချင်စိတ် ပေါက်သွားစေတယ်။ မင်းက လူ ဘယ်နှယောက်များ သတ်ခဲ့ဖူးလို့လဲ။ စည်းစိမ်တွေနဲ့ ကြီးပြင်းလာတဲ့ တော်ဝင် မင်းသမီးလေး တစ်ယောက်က လူတွေ အများကြီး သတ်ဖူးမှ ရနိုင်မဲ့ အကြည့်မျိုး ရှိနေတာ။ ဆရာတော်လေး ဖုန်းလင်က နားမလည်နိုင်အောင် ဖြစ်နေတယ်။ ဒီမင်းသမီးလေးရဲ့ ဘဝမှာ ဘာတွေများ ဖြစ်ခဲ့ဖူးလို့လဲ။

"ကျွန်မ ရှင့်ကို သတ်မယ်"

ယွီးရှောင်ရှောင်က ဆရာတော်လေး ဖုန်းလင်ကို မေးလိုက်တယ်။

"သူတို့က ရှင့် အလောင်းကို ပြန်သယ်သွားရင် ရှင့်ဆရာက ရှင့်ကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်မှာလား"

ဆရာတော်လေး ဖုန်းလင်က ပြောတယ်။

"သေသွားတဲ့ လူက ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မှာလဲ"

ယွီးရှောင်ရှောင်က အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

"ဒါဆို ရှင်တို့က ဘာလို့ ထာဝရ အသက်ရှင်ခြင်းကို ရှာဖွေနေကြတာလဲ"

ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်နဲ့ အကြည့်ချင်း ဆုံနေတယ်။ တစ်ယောက်က ကွေးကွေးလေး လှဲနေပြီး တစ်ယောက်က အပေါ်စီးကနေ ရပ်ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ သံသယတွေ အပြည့် ဖြစ်နေပြီး သူမရဲ့ မျက်လုံးတွေကတော့ အေးစက်နေတယ်။

"မင်း တကယ်ပဲ ငါ့ကို သတ်ချင်နေတာလား" လို့ ဆရာတော်လေး ဖုန်းလင်က ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

ယွီးရှောင်ရှောင်က ဘာမှ ပြန်မပြောဘဲ လက်လှမ်းပြီး ဆရာတော်လေး ဖုန်းလင်ရဲ့ လည်ပင်းကို ညှစ်လိုက်တယ်။ လူသားတွေရဲ့ အသက် ဆိုတာ တကယ်တော့ အရမ်းကို နုနယ်တယ်။ တစ်ခါတလေ ပုရွက်ဆိတ်လေးတွေနဲ့ ဘာမှ မကွာဘူး။

"မင်းသမီး"

ချိန်ကွမ်းက ယွီးရှောင်ရှောင် တကယ်ပဲ ဆရာတော်လေး ဖုန်းလင်ကို လည်ပင်းညှစ် သတ်တော့မယ် ဆိုတာ မြင်တော့ စိုးရိမ်တကြီး အော်ခေါ်လိုက်တယ်။ အသံတောင် အက်ကွဲသွားတယ်။

အသက်ရှူ မဝတော့တာကြောင့် ဆရာတော်လေး ဖုန်းလင်က ပါးစပ် ဟသွားတယ်။ ဒါက သူ့ဘဝမှာ သေခြင်းတရားရဲ့ အရသာကို ပထမဆုံး အကြိမ် မြည်းစမ်းကြည့်ဖူးတာပဲ။ နာကျင်မှု ရှိ မရှိ ဆရာတော်လေး မသိပေမဲ့… အရာအားလုံးကို ဆုံးရှုံးလိုက်ရတော့မဲ့ ဘာမှန်း မသိတဲ့ တမလွန်ကို သွားရတော့မဲ့ ကြောက်ရွံ့မှုကိုတော့ ဆရာတော်လေး ဖုန်းလင်က ဒီတစ်သက် ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။

"မင်းသမီး မလုပ်ပါနဲ့"

ချိန်ကွမ်းက ဆရာတော်လေး ဖုန်းလင်ရဲ့ လည်ပင်းကို ညှစ်ထားတဲ့ ယွီးရှောင်ရှောင်ရဲ့ လက်ကို အတင်း ဆွဲဖယ်ဖို့ ကြိုးစားပေမဲ့ မင်းသမီးလေးရဲ့ သေးသွယ်တဲ့ ညာဘက် လက်မောင်းက နည်းနည်းလေးတောင် မလှုပ်ဘူး။

"မင်းသမီး။ ဖုန်းထျန်းနဲ့ ကျူးယိ အပါအဝင်တိုင်းပြည်ငါးခု စစ်ဖြစ်အောင် လုပ်ချင်နေတာလား။ မင်းသမီး။ ဆရာတော်လေးကို လွှတ်ပေးလိုက်ပါ။ မင်းသမီး"

ပေ့ယွမ်တို့က နေရာမှာပဲ ရပ်နေပြီး ရှေ့ကို တစ်လှမ်းမှ မတိုးရဲဘူး။ သူတို့က လင်းလုံမင်းသမီးကို စိတ်ဆွပေးသလို ဖြစ်ပြီး သူတို့ ဆရာတော်လေးရဲ့ အသက်ကို ထိခိုက်သွားမှာ စိုးရိမ်နေကြတယ်။

…

All Chapters