အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) ကုသခင်ကြီးနဲ့ သူ့ရဲ့ မင်းသမီး ညီမလေး
ချိန်ကွမ်းလည်း ဘာဆက်ပြောရမလဲ ဆိုတာကို အချိန်အတော်ကြာအောင် စဉ်းစားမရ ဖြစ်သွားတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"ဝမ်ဖုန်းလင်က ရှင့်ကို ထပ်သတ်ဦးမလား"
ချိန်ကွမ်းက ခေါင်းခါပြလိုက်တယ်။ အခြေအနေက ဒီလောက်အထိ ဖြစ်သွားပြီပဲ။ ဆရာတော်လေး ဖုန်းလင်က သူ့ကို သတ်ဖို့ ဘယ်လိုလုပ် အမိန့်ပေးနိုင်တော့မှာလဲ။ သူ့အသက်သူ အရင်ကယ်ရဦးမှာပေါ့။
"မင်းသမီး" ချိန်ကွမ်းက ယွီးရှောင်ရှောင်ကို ပြောတယ်။
"ဆရာတော်လေး ယုံးရှန်းကျောင်းတော်ကို ပြန်ရောက်သွားရင် ကိုယ်တော်တို့ ဘယ်လို လုပ်ကြမလဲ ဆိုတာကို စဉ်းစားရမယ်"
ယွီးရှောင်ရှောင်က မတ်တတ်ရပ်လိုက်တယ်။ ချိန်ကွမ်း လောလောဆယ် အသက်အန္တရာယ် မရှိဘူး ဆိုရင် ပြီးတာပဲလေ။ ဝမ်ဖုန်းလင် ရော ယုံးရှန်းကျောင်းတော်ရော တိုင်းပြည်ငါးပြည်ရဲ့ စစ်တပ်တွေ ရော ကိစ္စကို မနက်ဖြန်မှ ဆက်တွေးတာပေါ့။
"မင်းသမီး" ချိန်ကွမ်းက ယွီးရှောင်ရှောင် မတ်တတ်ရပ်လိုက်တာ မြင်တော့ အမြန် မေးလိုက်တယ်။
"မင်းသမီး သွားတော့မလို့လား"
စောစောက သူက မင်းသမီးကို သွားဖို့ အတင်း ပြောနေတာတောင် မသွားဘဲနဲ့ အခု ပြဿနာတွေ ကြီးသွားတော့မှ ထွက်သွားတော့မလို့လား။
"ကိစ္စ အကြီးကြီးလည်း မဟုတ်ဘူး" ယွီးရှောင်ရှောင်က ချိန်ကွမ်းရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
"အိပ်တော့လေ။ မနက်ဖြန်ကျရင် ကျွန်မ ရှင့်ဆီ လာခဲ့မယ်"
"ဒါပေမဲ့ မင်းသမီး...”
ချိန်ကွမ်းက စကားလေးခွန်းလောက်ပဲ ပြောလိုက်ရသေးတယ်။ ခုနက သူ့ရှေ့မှာ ရပ်နေတဲ့ မင်းသမီးလေးက ကိုယ်တစ်ချက် လှုပ်လိုက်တာနဲ့ မျက်စိရှေ့ကနေ ပျောက်သွားပြီ။
မင်းဆရာကြီးက တံခါးပြင်ကို ပြေးထွက်သွားတယ်။ ခြံဝင်းထဲမှာ ဘယ်သူမှ မရှိဘူး၊ လရောင်အောက်မှာ လှပစွာ ပွင့်လန်းနေတဲ့ လိပ်ပြာသစ်ခွတွေပဲ ရှိတယ်။
ဝမ်ယွဲ့လို့ ခေါ်တဲ့ ကိုရင်လေးက သူ့ဆရာ အော်ခေါ်သံ ကြားတော့ ခြံဝင်းထဲကို အမြန် ပြေးဝင်လာပြီး လှေကားထစ် အောက်မှာ ရပ်ကာ မေးလိုက်တယ်။
"ဆရာ။ ဘာဖြစ်လို့လဲ"
ချိန်ကွမ်းက မေးလိုက်တယ်။
"မင်း လင်းလုံမင်းသမီးကို မြင်လိုက်လား"
ကိုရင်လေး ဝမ်ယွဲ့က ခေါင်းခါပြတယ်။ သူ ခြံဝင်း တံခါးဝမှာ တစ်ချိန်လုံး စောင့်နေတာ။ လင်းလုံမင်းသမီး ရောက်လာတာကို မမြင်ခဲ့ဘူး။
ချိန်ကွမ်းက နဖူးကို ပွတ်လိုက်ပြီး တပည့်လေးကို ပြောတယ်။
"ငါနဲ့ အတူတူ နန်းတော်ထဲ လိုက်ခဲ့"
ကိုရင်လေး ဝမ်ယွဲ့က ပြောတယ်။
"ဆရာ။ အခုချိန်ဆို နန်းတော် တံခါး ပိတ်သွားလောက်ပြီ။ အရှင်မင်းကြီးက ဆရာ့ကို တွေ့ပါ့မလား"
ချိန်ကွမ်းက လှေကားထစ်ကနေ ဆင်းပြီး ခြံဝင်း အပြင်ဘက်ကို လျှောက်သွားတယ်။ ယုံးရှန်းကျောင်းတော်က ဆရာတော်လေး အဆိပ်မိပြီး ဖုန်းထျန်း မှာ သေလုမြောပါး ဖြစ်နေတဲ့ ကိစ္စကို သူက အမြန်ဆုံး ဘုရင်ကြီးကို သတင်းမပို့ဘဲ ဘယ်လို နေရဲမှာလဲ။
ယွီးရှောင်ရှောင်က ဟူကော် ကျောင်းတော် ခြံစည်းရိုးကို ကျော်ပြီး ထွက်လာတယ်။ ညဘက် လေတိုက်လို့ လှုပ်ရမ်းနေတဲ့ ဟူကော် ကျောင်းတော်ရဲ့ မီးရောင်တွေကို လှည့်ကြည့်ပြီး မင်းသမီးလေးက စိတ်ပျက်သွားတယ်။ ဝမ်ဖုန်းလင်နဲ့ တွေ့ရင် ဘယ်တော့မှ ကောင်းတဲ့ ကိစ္စ မဖြစ်ဘူးလေ။ ပြီးတော့ ယွီးရှောင်ရှောင်က တစ်ခုကို သတိရသွားပြီး ဝမ်းသာသွားတယ်။ သူမ စိတ်မထိန်းနိုင်ဘဲ ခိုးစားလိုက်မိလို့ တော်သေးတာပေါ့။ မဟုတ်ရင် အခုချိန်ဆို ချိန်ကွမ်း သေသွားလောက်ပြီ။
"ဘုန်း"
ယွီးရှောင်ရှောင်က ဟူကော် ကျောင်းတော်ရဲ့ ခြံစည်းရိုးကို ခြေထောက်နဲ့ တစ်ချက်ကန်လိုက်ပြီး အိမ်ပြန်ဖို့ လှည့်ထွက်သွားတယ်။ ဆက်နေရင် မိုးလင်းသွားလိမ့်မယ်။
ယွီးရှောင်ရှောင်ကန်လိုက်လို့ ခြံစည်းရိုးက နှစ်ချက်လောက် တုန်ခါသွားပြီး အုတ်ရိုး အောက်ခြေကနေ အက်ကြောင်းတွေ ထွက်လာတယ်။ ခြံစည်းရိုး အောက်က မြက်ပင်တွေ ကြားမှာ ပုန်းနေတဲ့ ပုရစ် တချို့က လန့်ပြီး ထွက်ပြေးသွားကြတယ်။
ယွီးရှောင်ရှောင်က ညဘက် လမ်းမပေါ်မှာ လျှောက်သွားရင်း ညစာ ရောင်းတဲ့ ဆိုင်တွေ ရှိမလားလို့ ရှာကြည့်ပေမဲ့ ဘာမှ မတွေ့ရလို့ လက်ဗလာနဲ့ပဲ အိမ်ပြန်လာခဲ့ရတယ်။
ကုရှင်းနော့က ယွီးရှောင်ရှောင် ထွက်သွားတဲ့ ခြံစည်းရိုး နားမှာ တစ်ညလုံး စောင့်နေခဲ့တာ။ မိုးလင်းတော့မဲ့ အချိန်ရောက်မှ သူ့ရဲ့ မင်းသမီး ညီမလေးက အဲဒီ ခြံစည်းရိုး ပေါ်ကနေ ခုန်ချလာတာကို တွေ့လိုက်ရတယ်။
"ဟင်။ အစ်ကိုကြီး"
ယွီးရှောင်ရှောင်က ခြံစည်းရိုး ကျော်ပြီး အိမ်ပြန်ရောက်တော့ ခြံစည်းရိုး ဘေးက ကွေ့ဟွားပင် အောက်မှာ ရပ်နေတဲ့ ကုရှင်းနော့ကို ချက်ချင်း မြင်သွားတယ်။
ကုရှင်းနော့က ယွီးရှောင်ရှောင်ကို လက်ယပ်ခေါ်လိုက်တယ်။
ယွီးရှောင်ရှောင်က ကုရှင်းနော့ အနားကို လျှောက်သွားပြီး အဖူးလေးတွေ ထွက်နေတဲ့ ကွေ့ဟွားပင်ကို တစ်ချက် ကြည့်ကာ ကုရှင်းနော့ကို မေးလိုက်တယ်။
"အစ်ကိုကြီး။ ဘာလို့ ဒီမှာ ရပ်နေတာလဲ"
ကုရှင်းနော့ရဲ့ မျက်နှာပေါ်က အပြုံးက နည်းနည်း တောင့်တင်းနေတယ်။ 'မင်းသမီးလေး ညဘက် ဘယ်တွေ သွားနေလဲ ဆိုတာကို အရင်ဆုံး ငါက မေးရမှာ မဟုတ်ဘူးလား' လို့ တွေးလိုက်မိတယ်။
ယွီးရှောင်ရှောင်က ပြောတယ်။
"အစ်ကိုကြီး။ အစ်ကိုကြီး အိပ်မပျော်လို့လား"
ကုရှင်းနော့က စကားကို လှည့်မနေတော့ဘဲ တိုက်ရိုက်ပဲ မေးလိုက်တယ်။
"မင်းသမီး။ ဘယ်သွားနေတာလဲ"
ယွီးရှောင်ရှောင်က ဖြေတယ်။
"ဟူကော် ကျောင်းတော်ကို သွားတာလေ"
"ဟူကော် ကျောင်းတော်ကို ဘာသွားလုပ်တာလဲ"
"ဝမ်ဖုန်းလင်ကို သွားရှာတာ"
"ဘယ်သူ"
"ဪ။ ဆရာတော်လေး ဖုန်းလင်လေ။ ကျွန်မက သူ့ကို မျိုးရိုးနာမည် တစ်ခု ပေးလိုက်တာပါ"
ကုအစ်ကိုကြီးက မျက်နှာကို လက်နဲ့ ပွတ်လိုက်ပြီး ပြောတယ်။
"ကောင်းပါပြီ။ ဆရာတော်လေး နာမည်က ဝမ်ဖုန်းလင်လို့ပဲ ထားလိုက်ပါတော့။ မင်းသမီး။ သူ့ကို သွားရှာတာ ဘာလုပ်ဖို့လဲ"
သူ မှတ်မိသလောက်ဆို ယုံးရှန်းကျောင်းတော်က ဆရာတော်လေး ဖုန်းလင်က ရုပ်ချောတဲ့ လူငယ်လေး တစ်ယောက် မဟုတ်ဘူးလား။
ယွီးရှောင်ရှောင်က နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောတယ်။
"ကျွန်မက သူတို့ ဘာတွေ ပြောကြလဲ ဆိုတာ သွားခိုးနားထောင်မလို့ပါ။ အစ်ကိုကြီး ကျွန်မ ဝမ်ဖုန်းလင် ဆီကနေ အကြံဆိုးတွေ ကြံနေတဲ့ အငွေ့အသက်တွေကို ရနေတယ်"
ကုရှင်းနော့က "ဪ" လို့ အသံပြုလိုက်တယ်။ အကြံဆိုးတွေ ကြံနေတဲ့ အငွေ့အသက်က ဘယ်လို အနံ့မျိုးလဲ ဆိုတာ သူ မသိဘူးလေ။
ယွီးရှောင်ရှောင်က ဆက်ပြောတယ်။
"ပြီးတော့ ဝမ်ဖုန်းလင်က မင်းဆရာကို သတ်ချင်နေတာ ကျွန်မ တွေ့ခဲ့တယ်။ ဟင်းဟင်း။ လူတွေက မကောင်းတဲ့ အလုပ်တွေ လုပ်လို့ မရဘူး။ ဒီကောင်က မင်းဆရာကို အဆိပ်မခတ်နိုင်ဘဲ သူ့ဘာသာ အဆိပ်မိသွားတယ်။ အစ်ကိုကြီး။ ကျွန်မ အစက ဝမ်ဖုန်းလင်ကို လည်ပင်းညှစ် သတ်မလို့ပဲ။ ဒါပေမဲ့မင်းဆရာက ကျွန်မကို မသတ်ခိုင်းဘူး။ သူ့ကို သတ်ရင် ကျူးယိ အပါအဝင်တိုင်းပြည်ငါးပြည်ရဲ့ စစ်တပ်တွေက ဖုန်းထျန်းကို လာတိုက်မယ်တဲ့။ တကယ်တော့တိုင်းပြည်ခြောက်ပြည်ရဲ့ စစ်တပ်တွေ လာတိုက်လည်း ကျွန်မ မကြောက်ဘူး။ မင်းဆရာ ငိုတော့မလို ဖြစ်နေတာကို မြင်တော့ ကျွန်မလည်း သူ့ကို မငိုစေချင်လို့ ဝမ်ဖုန်းလင်ကို လွှတ်ပေးလိုက်တယ်"
ကုရှင်းနော့က သူ့ရဲ့ မင်းသမီး ညီမလေးကို ပြူးကြောင်ကြောင်နဲ့ ကြည့်နေမိတယ်။ သူ့ညီမလေး ပြောတဲ့ စကားတွေထဲမှာ သတင်းအချက်အလက်တွေက အရမ်း များလွန်းလို့ ကုရှင်းနော့ ခေါင်းမူးသွားပြီး ညီမလေးရဲ့ စကားကို ခွဲခြမ်းစိတ်ဖြာ ကြည့်လေ။ သေချင်စိတ် ပေါက်လေပဲ။
ယွီးရှောင်ရှောင်က ကုရှင်းနော့ ပုံမှန် မဟုတ်ဘူး ဆိုတာကို သတိထားမိသွားတယ်။ သူမရဲ့ အစ်ကိုကြီးက မျက်လုံးတောင် မလှုပ်တော့ဘူးလေ။
"အစ်ကိုကြီး" ယွီးရှောင်ရှောင်က ကုရှင်းနော့ မျက်စိရှေ့မှာ လက်ဝှေ့ယမ်းပြပြီး စိုးရိမ်တကြီး မေးလိုက်တယ်။
"အစ်ကိုကြီး အဆင်ပြေရဲ့လား"
ကုရှင်းနော့က မျက်နှာကို ထပ်ပွတ်လိုက်ပြီး အားနည်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ကျွန်တော် အဆင်ပြေပါတယ်။ မင်းသမီး။ မင်းသမီး စကားတွေကို ပြန်စဉ်းစား ကြည့်ကြရအောင်"
ယွီးရှောင်ရှောင်က ပြောတယ်။
"ကျွန်မ ပြောတဲ့ စကားတွေထဲမှာ အစ်ကိုကြီး နားမလည်တာ ရှိလို့လား"
ဘုရားရေ။ ကုရှင်းနော့ တကယ် စိတ်ရှုပ်သွားပြီ။ သူက တစ်ခွန်းမှ နားမလည်တာပါနော်။
"အစ်ကိုကြီး မျက်နှာ သိပ်မကောင်းဘူး။ အစ်ကိုကြီး ပြန်ပြီး မရီး နဲ့ အိပ်လိုက်ပါလား"
ယွီးရှောင်ရှောင်က ဒီအချိန်မှာ သူမရဲ့ ရှောင်ကုကို သွားကြည့်ချင်နေပြီ။ ပင်နီဆီလင် ထိုးပြီး တစ်ညလုံး နေခဲ့တာ။ သူမရဲ့ ရှောင်ကု အခု ဘယ်လို နေလဲ မသိဘူး။
ကုရှင်းနော့က ပြောတယ်။
"မင်းသမီး ခဏ စောင့်ပါဦး။ ရှင်းလန် အိပ်နေတုန်းပဲ ရှိသေးတယ်"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"ဒါဆို အစ်ကိုကြီးက ဘာလို့ ဒီမှာ ရှိနေတာလဲ"
ကုရှင်းနော့က သက်ပြင်းချလိုက်တယ်။ သူက ညတိုင်း အိမ်တော်ကို လုံခြုံရေး လှည့်လည် စစ်ဆေးလေ့ ရှိတယ်။ ဒီနေ့ ယွီးရှောင်ရှောင် အပြင်ထွက်သွားတာကို သူ အတိအကျ တွေ့လိုက်တာ။ သူ့ညီမလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးလို့ သူက ဘယ်သူ့ကိုမှ မပြောရဲဘဲ ခြံစည်းရိုး အောက်မှာ တစ်ညလုံး ရပ်စောင့်နေခဲ့တာ။ သူ့ညီမလေးက ဒီခြံစည်းရိုးကနေပဲ ပြန်ခုန်ဝင်လာပါစေလို့ ကံစမ်းပြီး စောင့်နေခဲ့တာလေ။ သူ ကံစမ်းတာ မှန်သွားပေမဲ့ ညီမလေး ပြန်မလာတာကမှ ပိုကောင်းမယ်လို့ သူ ထင်လာပြီ။
"အိပ်မပျော်တာက ရောဂါ တစ်မျိုးပဲ။ ကုဖို့ လိုတယ်"
ယွီးရှောင်ရှောင်က ကုရှင်းနော့ကို အလေးအနက် ပြောလိုက်တယ်။
"ဒီကမ္ဘာမှာ အိပ်ဆေးရှိလား မသိဘူး။ ရှိရင် အစ်ကိုကြီး စမ်းသောက်ကြည့်ပါလား"
"ဆရာတော်လေး ဖုန်းလင်က မင်းဆရာကို သတ်ချင်တယ် ဆိုတာ ဟုတ်လား"
ကုအစ်ကိုကြီးက ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ အိပ်ဆေး ဆိုတာတွေက ဘာမှန်း မသိပေမဲ့ နောက်မှပဲ ပြောကြတာပေါ့။ အခုလောလောဆယ် မနေ့ညက ဟူကော် ကျောင်းတော်မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို အရင် နားလည်အောင် လုပ်ရမယ်။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ပြောတယ်။
"ဟုတ်တယ်လေ"
"ဘာလို့လဲ" လို့ ကုရှင်းနော့က မေးတယ်။
ယွီးရှောင်ရှောင်က ဖြေတယ်။
"ကျွန်မ မင်းဆရာကို မေးကြည့်တာ သူ မပြောဘူး။ ဝမ်ဖုန်းလင်ကလည်း ဒါက သူတို့ ယုံးရှန်းကျောင်းတော်ရဲ့ ကိစ္စမို့လို့ ကျွန်မကို ဝင်မပါနဲ့လို့ ပြောတယ်"
(မင်းသမီးလေး။ မင်းသမီးရဲ့ ခင်ပွန်းဟောင်းက တကယ်ပဲ အဲဒီလို ပြောခဲ့တာ သေချာလို့လား)
ကုရှင်းနော့က ပြောတယ်။
"ဒါဆို မင်းဆရာက ဘာမှ မဖြစ်ဘဲ ဆရာတော်လေး ဖုန်းလင်က အဆိပ်မိသွားတာပေါ့"
"ဟုတ်တယ်လေ" လို့ ယွီးရှောင်ရှောင်က ပြောတယ်။
"သူ ခံသင့်တယ်လေ ဟုတ်တယ် မဟုတ်လား"
ကုရှင်းနော့က ယွီးရှောင်ရှောင်ရဲ့ စကားကို အရင် ထောက်ခံလိုက်တယ်။
"ဟုတ်တယ်။ သူ ခံသင့်တယ် "
ပြီးတော့ ယွီးရှောင်ရှောင်ကို ဆက်မေးလိုက်တယ်။
"ဒါပေမဲ့ ဘာလို့ ဆရာတော်လေး ဖုန်းလင်က အဆိပ်မိသွားရတာလဲ"
"အင်း" လို့ ယွီးရှောင်ရှောင်က ဖြေတယ်။
"အစ်ကိုကြီး။ အဆိပ်ပါတဲ့ စွပ်ပြုတ်နဲ့ အဆိပ်မပါတဲ့ စွပ်ပြုတ်ကို ကျွန်မ မှားပြီး လဲမိသွားတယ်လို့ ပြောရင် အစ်ကိုကြီး ယုံမလား။ တကယ်တော့ ကျွန်မလည်း နားမလည်ဘူး။ ဘာလို့ သူတို့က ညစာကို အတူတူ ချက်ကြတာလဲ။ ကိုယ်တော် ဝတ်လိုက်ရင် အစားအသောက် အကြိုက်တွေက အတူတူ ဖြစ်သွားလို့လား"
…