အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) အထွတ်အမြတ်ထားရာ ယုံးရှန်းကျောင်းတော်
ကုရှင်းနော့က သူ့ဘေးက ကွေ့ဟွားပင်ကို အားပြုပြီး ရပ်နေတယ်။ သူ့ရဲ့ မင်းသမီး ညီမလေးက အဓိက အချက်က ဘာလဲ ဆိုတာကို သေချာ မသိဘူး ထင်တယ်။
"မင်းသမီး။ ဆိုလိုတာက တကယ်တော့ ဆရာတော်လေး ဖုန်းလင်ကို အဆိပ်ခတ်လိုက်တာ မင်းသမီးပေါ့ ဟုတ်လား"
ကုအစ်ကိုကြီးက မေးလိုက်တယ်။ အဲဒါကမှ အဓိက အချက်လေ။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။ စွပ်ပြုတ်ကို သူမ လဲလိုက်တာ ဆိုတော့ ဝမ်ဖုန်းလင်ကို အဆိပ်မိအောင် လုပ်တာ သူမပေါ့။
ကုရှင်းနော့က ယွီးရှောင်ရှောင် ခေါင်းညိတ်တာကို မြင်တော့ ခေါင်းမူးသွားတယ်။ ခေါင်းမညိတ်လို့ မရဘူးလား။
"အစ်ကိုကြီး လဲကျတော့မှာလား။ အစ်ကိုကြီး အဆင်ပြေရဲ့လား"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ကုရှင်းနော့က အချိန်အတော်ကြာအောင် သက်ပြင်းချနေပြီးမှ ယွီးရှောင်ရှောင်ကို ပြုံးကြည့်လိုက်တယ်။ သူက စစ်သား တစ်ယောက်လေ။ အဆိုးဆုံး ဆိုရင် စစ်မြေပြင်မှာ ကျဆုံးသွားရုံပဲပေါ့။ ဘုရင်ကြီးကတော့ တောင့်ခံနိုင်ပါ့မလား မသိဘူး။
ယွီးရှောင်ရှောင်က စဉ်းစားကြည့်တယ်။ ဝမ်ဖုန်းလင် ကိစ္စက ပြီးသွားပြီ ဆိုတော့ ကုအစ်ကိုကြီးကို သူမ သိချင်တာလေး မေးကြည့်ရမယ်။ ဒါကြောင့် မင်းသမီးလေးက ကုအစ်ကိုကြီးကို ကြည့်ပြီး မေးလိုက်တယ်။
"အစ်ကိုကြီး။ ကျွန်မကို ရှင်းပြပါဦး။ ဘာလို့တိုင်းပြည် တစ်ပြည်က ဘုန်းကြီးကျောင်း တစ်ကျောင်းကို ကြောက်နေရတာလဲ။ ဒါက သိပ္ပံနည်း မကျဘူးလေ"
သိပ္ပံနည်း ဆိုတာ ဘာလဲ ကုရှင်းနော့က မသိချင်တော့ဘူး။ ပြန်မေးလိုက်တယ်။
"မင်းသမီး ပြောတဲ့ ဘုန်းကြီးကျောင်း ဆိုတာ ယုံးရှန်းကျောင်းတော်ကို ပြောတာလား"
"ဟုတ်တယ်" လို့ ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြတယ်။
"ဘုရင်က အကြီးဆုံး ဖြစ်ရမှာ မဟုတ်ဘူးလား"
ဒါကို ဘယ်လို ပြောရမလဲ။ ကုရှင်းနော့ မမွေးခင် ဒါမှမဟုတ် ကုမိသားစုရဲ့ ဘိုးဘေးတွေ ဘယ်နှဆက်မှန်း မသိခင် အချိန်ကတည်းက ယုံးရှန်းကျောင်းတော်က ဒီကမ္ဘာမှာ အထွတ်အမြတ်ထားရာ နေရာ တစ်ခု ဖြစ်နေခဲ့တာ။ အမြင့်ဆုံးမှာ ရှိနေပြီး သာမန် ပြည်သူတွေက ကိုးကွယ်ပူဇော်ရုံပဲ တတ်နိုင်တယ်။ လုံး၀ စော်ကားလို့ မရဘူးလေ။
ယွီးရှောင်ရှောင်က ကုအစ်ကိုကြီး အကြိမ်ကြိမ် စကားပြောဖို့ လုပ်ပြီး ပြန်မျိုချသွားတာကို မြင်တော့ မေးလိုက်တယ်။
"အစ်ကိုကြီး လည်း ယုံးရှန်းကျောင်းတော်က ဘာလုပ်တဲ့ နေရာလဲ ဆိုတာ မသိဘူးလား"
ကုရှင်းနော့က ပြောတယ်။
"မင်းသမီး မလောပါနဲ့။ ကျွန်တော့်ကို ခဏလောက် စဉ်းစားခွင့် ပေးပါဦး"
ယုံးရှန်းကျောင်းတော်က ဘာလုပ်တဲ့ နေရာလဲ ဆိုတာ ပြောပြဖို့ကို ဘာလို့ စဉ်းစားနေရတာလဲ။ ယွီးရှောင်ရှောင်က ခြေဖျားလေး ထောက်ပြီး ပြောလိုက်တယ်။
"ကောင်းပါပြီ။ အစ်ကိုကြီး စဉ်းစားပါ။ ကျွန်မ မလောဘူး"
"ယုံးရှန်းကျောင်းတော်က...”
ကုအစ်ကိုကြီးက အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ယွီးရှောင်ရှောင်ကို ပြန်ပြောပြတယ်။
"မင်းသမီး။ ဒီလို ပြောပြမယ်နော်။ အဲဒီမှာ ဒီလောကရဲ့ အတော်ဆုံး သမားတော်တွေ၊ လက်မှုပညာရှင်တွေ ရှိတယ်။ အကောင်းဆုံး စပါးမျိုးစေ့တွေ ရှိတယ်၊ အကောင်းဆုံး ဆေးဖက်ဝင် အပင်တွေ ရှိတယ်။ ဒီလောကရဲ့ အကောင်းဆုံး စာအုပ်တွေ အကုန်လုံးက ယုံးရှန်းကျောင်းတော်က ကိုယ်တော်တွေ ရေးသားခဲ့တာ။ ယုံးရှန်းကျောင်းတော်ကတိုင်းပြည် တစ်ပြည်စာ ထက်တောင် ပိုပြီး ချမ်းသာတယ်။ ဘုရင် တော်တော်များများက တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်ရမလဲ ဆိုတာကို အဲဒီမှာ သွားသင်ခဲ့ရတယ်။ စစ်သူကြီး တော်တော်များများက အဲဒီမှာ သိုင်းပညာ သွားသင်ခဲ့ရသလို အမတ် တော်တော်များများလည်း အဲဒီမှာ စာသွားသင်ခဲ့ရတယ်။ ယုံးရှန်းကျောင်းတော်က ဒီလောကရဲ့ အကောင်းဆုံး စာသင်ကျောင်းကြီး တစ်ခုပဲ။ အရှင်မင်းကြီးတောင်မှ ငယ်ငယ်တုန်းက ယုံးရှန်းကျောင်းတော်မှာ ပညာသင်ခဲ့ရတယ်။ အရေးအကြီးဆုံးကတော့ ယုံးရှန်းကျောင်းတော်က ပြောတယ်။ အရမ်းကို ကြည်ညို ကိုင်းရှိုင်းတဲ့သူတွေက ယုံးရှန်းကျောင်းတော်မှာ ထာဝရ အသက်ရှင်ခြင်းကို ရနိုင်တယ်တဲ့"
အကောင်းဆုံးဆေးရုံ၊ အကောင်းဆုံး ဆေးကုမ္ပဏီ၊ အကောင်းဆုံး စိုက်ပျိုးရေး သုတေသန ဌာန၊ အကောင်းဆုံး စာအုပ် ထုတ်ဝေရေး ကုမ္ပဏီ၊ အကောင်းဆုံး အထက်တန်းလွှာ ကျောင်း၊ အကောင်းဆုံး စစ်တက္ကသိုလ်၊ အချမ်းသာဆုံး ဘဏ်။ ယွီးရှောင်ရှောင်က ယုံးရှန်းကျောင်းတော်ရဲ့ ဂုဏ်ပုဒ်တွေကို အကုန် စုစည်းကြည့်လိုက်တော့ တကယ်ပဲ အံ့သြသွားတယ်။ ဒါက ဘယ်လောက်တောင် အစွမ်းထက်တဲ့ အဖွဲ့အစည်းကြီးလဲ။
ကုရှင်းနော့က မင်းသမီးလေး သူ့စကားကို ကြားပြီးနောက် အချိန်အတော်ကြာတဲ့ အထိ ဘာမှ မပြောတော့တာကို မြင်တော့ မေးလိုက်တယ်။
"မိဖုရားခေါင်ကြီးက ယုံးရှန်းကျောင်းတော်ကို ယုံကြည် ကိုးကွယ်တဲ့ သူလေ။ ဘာလို့ မင်းသမီးက ယုံးရှန်းကျောင်းတော် အကြောင်း သိပ်မသိရတာလဲ"
ယွီးရှောင်ရှောင် ရေငုံနှုတ်ပိတ် နေလိုက်တယ်။ မိဖုရားခေါင်ကြီး ရုပ်ထွက် ဘယ်လို နေလဲ ဆိုတာကိုတောင် သူမ အခုထိ မသိသေးဘူးနော်။
ကုရှင်းနော့က တိုးတိုးလေး ပြောလိုက်တယ်။
"ရှင်းလန် ပြောတာတော့ မင်းသမီးက ယုံးရှန်းကျောင်းတော် အပေါ် မကျေနပ်ချက် ရှိနေသလိုပဲ တဲ့"
ယွီးရှောင်ရှောင်က ခဏ စဉ်းစားပြီး မေးလိုက်တယ်။
"ဒါဆို အစ်ကိုကြီးကကော"
ကုအစ်ကိုကြီးက ယုံးရှန်းကျောင်းတော် အပေါ် ဘယ်လို သဘောထားလဲ ဆိုတာ မသိခင် ယွီးရှောင်ရှောင်က သူမ ယုံးရှန်းကျောင်းတော်ကို ဖြိုချင်နေတဲ့ အကြောင်း အမှန်တိုင်း မပြောတာ ပိုကောင်းမယ်လို့ တွေးလိုက်တယ်။
ကုအစ်ကိုကြီးက ဖြူဖျော့နေပြီ ဖြစ်တဲ့ မိုးလင်းခါစ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကားတစ်ခွန်း ပြောလိုက်တယ်။
"မတရားဘူး"
"ဘာ"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။ သူတို့ ယုံးရှန်းကျောင်းတော်အကြောင်း ပြောနေတာ မဟုတ်ဘူးလား။ အဲဒါက တရားမျှတမှု နဲ့ ဘာဆိုင်လို့လဲ။
ကုရှင်းနော့က ခေါင်းငုံ့ပြီး ယွီးရှောင်ရှောင်ကို ကြည့်ကာ ပြောလိုက်တယ်။
"မင်းသမီးလဲ သိလောက်ပါတယ်"
"အင်း"
ယွီးရှောင်ရှောင်က ကုအစ်ကိုကြီး ဘာပြောနေလဲ ဆိုတာ မသိပေမဲ့ စကားဆက်ပြောလို့ ရအောင် ခေါင်းညိတ်ပြပြီး ပြန်ပြောလိုက်တယ်။
"ဟုတ်တယ်။ ကျွန်မ သိတယ်"
"ဖုန်းထျန်းတိုင်းပြည်က နှစ်တိုင်း ယုံးရှန်းကျောင်းတော်ကို ဆက်သရတဲ့ ပစ္စည်းတွေက တိုင်းပြည်ရဲ့ အခွန် ကောက်ခံရရှိတဲ့ စပါးတွေရဲ့ ထက်ဝက်ကျော်၊ အခွန်ငွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ရှိတယ်" လို့ ကုရှင်းနော့က ပြောတယ်။
"ယုံးရှန်းကျောင်းတော်ကတိုင်းပြည် တစ်ပြည်စာ ထက်တောင် ပိုပြီး ချမ်းသာတယ်။ ဒါပေမဲ့ ဖုန်းထျန်းတိုင်းပြည်က ပြည်သူတွေ နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး နောက်ဆုံးမှာ ဘာရခဲ့လို့လဲ"
အခွန် ဆိုတာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ရှိတာပဲလေ။ ဇွန်ဘီခေတ်မှာတောင် စစ်တပ် နဲ့ သုတေသန ဌာနတွေကို ထောက်ပံ့ဖို့ အခွန် ကောက်ခံတာက လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ စနစ် တစ်ခုပဲ။ ကုရှင်းနော့ ပြောတဲ့ အခွန်စပါးတွေ၊ အခွန်ငွေတွေကို ယွီးရှောင်ရှောင် နားလည်ပါတယ်။ ကုအစ်ကိုကြီးရဲ့ အကြည့်အောက်မှာ ယွီးရှောင်ရှောင်က စကားတစ်ခွန်း ဖြည့်ပြောလိုက်တယ်။
"ငတ်သေတာပေါ့"
ကုရှင်းနော့က သက်ပြင်းအကြီးကြီး ချလိုက်ပြီး ပြောတယ်။
"ယုံးရှန်းကျောင်းတော်က အရမ်း လောဘကြီးလွန်းတယ်"
"အစ်ကိုကြီးရော ယုံးရှန်းကျောင်းတော်မှာ သိုင်းပညာ သွားသင်ဖူးလား" လို့ ယွီးရှောင်ရှောင်က မေးလိုက်တယ်။
ကုရှင်းနော့က ခေါင်းညိတ်ပြပြီး ပြောတယ်။
"ကျွန်တော် သွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရှင်းယန်နဲ့ ရှင်းလန် တို့တော့ မသွားခဲ့ဖူးဘူး"
"ဪ။ အဲဒီလိုလား" လို့ ယွီးရှောင်ရှောင်က ပြောတယ်။
"ဘာလို့လဲ။ စစ်သူကြီး တော်တော်များများ အဲဒီမှာ သွားသင်ခဲ့ရတယ် လို့ ပြောတယ် မဟုတ်လား"
ကုရှင်းနော့ရဲ့ အသံက ပိုတိုးသွားပြီး ယွီးရှောင်ရှောင်ကို ပြောတယ်။
"ယုံးရှန်းကျောင်းတော်က ဒဏ္ဍာရီထဲကလောက် မကောင်းဘူး။ မင်းသမီး မကြိုက်တာက မှန်ပါတယ်"
"အဲဒီ ဘုန်းကြီးကျောင်းက ဘယ်နေရာ မကောင်းတာလဲ" လို့ ယွီးရှောင်ရှောင်က ထပ်မေးတယ်။
ကုရှင်းနော့က ယုံးရှန်းကျောင်းတော် အကြောင်း ဆက်မပြောချင်တော့ဘူး ထင်တယ်။ သူက မေးလိုက်တယ်။
"မင်းသမီး။ ဆရာတော်လေး ဖုန်းလင်က နောက်ပိုင်း ဘာလုပ်မယ် လို့ ပြောသေးလဲ"
ယွီးရှောင်ရှောင်က ဖြေတယ်။
"သူ သေခါနီး ဖြစ်နေတာကို။ သူ ဘာမှ မပြောနိုင်ဘူး"
"ဒါဆို မင်းဆရာကကော"
"မသိဘူးလေ။ ကျွန်မ ထွက်လာတဲ့ အချိန်တုန်းက သူက ပြောတယ် ဝမ်ဖုန်းလင်က သူ့ကို ထပ်သတ်တော့မှာ မဟုတ်ဘူးတဲ့"
"မင်းသမီး"
ကုရှင်းနော့က ခါးကို နည်းနည်း ကိုင်းလိုက်ပြီး ယွီးရှောင်ရှောင်ရဲ့ အကြည့်နဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ကာ တိုးတိုးလေး မေးလိုက်တယ်။
"ကျွန်တော် မင်းသမီးကို အရမ်း အရေးကြီးတဲ့ မေးခွန်း တစ်ခု ထပ်မေးမယ်နော်။ မင်းသမီး ဆေးလဲလိုက်တာကို တစ်ယောက်ယောက် မြင်သွားသေးလား"
"မမြင်ဘူး" လို့ ယွီးရှောင်ရှောင်က ချက်ချင်း ပြန်ဖြေတယ်။ သူများ အိမ်ထဲ ခိုးဝင်ပြီး စားစရာ ခိုးစားတာကို ဘယ်လိုလုပ် အမြင်ခံလို့ ရမလဲ။
ကုရှင်းနော့က ပြောတယ်။
"ဒါဆို မင်းသမီး သက်သေ ကျန်ခဲ့သေးလား"
ယွီးရှောင်ရှောင် ပါးစပ်ဟသွားတယ်။ ဒီကမ္ဘာက လူတွေက လက်ဗွေရာ စစ်ဆေးတာတွေ ဘာတွေ လုပ်တတ်လား ဆိုတာ သူမ မသိဘူးလေ။ တကယ်လို့ ဝမ်ဖုန်းလင်က အဲဒီ ပန်းကန်ကို သွားစစ်ဆေးရင် သူမ ပေါ်သွားမှာပေါ့။
ကုရှင်းနော့က ယွီးရှောင်ရှောင် ဘာမှ ပြန်မပြောတာ မြင်တော့ မေးလိုက်တယ်။
"ရှိလို့လား"
ယွီးရှောင်ရှောင်က မေးလိုက်တယ်။
"အစ်ကိုကြီး။ လက်ဗွေရာ ဆိုတာ ကြားဖူးလား"
"ဘာ" လို့ ကုရှင်းနော့က မေးလိုက်တယ်။
"ဒါဆို မကြောက်ရတော့ဘူး"
ယွီးရှောင်ရှောင်က ကုအစ်ကိုကြီးကို ရဲရဲဝံ့ဝံ့ကတိပေးလိုက်တယ်။
"ဘယ်သူမှ ကျွန်မကို အပြစ်ပေးလို့ မရဘူး"
အဆိုးဆုံး ဆိုရင် သူမ ဟူကော် ကျောင်းတော်ကို ပြန်သွားပြီး အဲဒီ ပန်းကန်ကို အိမ်ယူလာလိုက်ရုံပဲလေ။
"ဒီကိစ္စကို တခြား လူတွေကို မပြောပြနဲ့နော်"
ကုရှင်းနော့က ယွီးရှောင်ရှောင်ကို မှာလိုက်တယ်။
"အဘိုးက အသက်ကြီးနေပြီ၊ ရှင်းလန်ကလည်း ဒဏ်ရာ ရထားသေးတယ်"
ကုအစ်ကိုကြီးက ဒီကိစ္စကို သူ့အဘိုး ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလို့ ထင်သလို ကုရှင်းလန်လည်း ဒဏ်ရာ ရထားတဲ့ အချိန်မှာ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။
"ကောင်းပြီလေ" လို့ ယွီးရှောင်ရှောင်က ကုအစ်ကိုကြီးကို ကတိပေးလိုက်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ မပြောလည်း ဝမ်ဖုန်းလင်က ပြောမှာပဲလေ။ အားလုံး သိသွားမဲ့ ကိစ္စကို သူမ တစ်ယောက် ပိုပြီး ပြောနေစရာ မလိုဘူး။
"အခန်းထဲ ပြန်ပြီး နားတော့လေ" လို့ ကုရှင်းနော့က ယွီးရှောင်ရှောင်ကို ပြုံးပြပြီး ပြောလိုက်တယ်။
"ရှင်းလန် နိုးလာလို့ မင်းသမီးကို မတွေ့ရင် သူ စိတ်ပူနေလိမ့်မယ်"
ယွီးရှောင်ရှောင်က ကုရှင်းလန် သူမကို ဂရုစိုက်တဲ့ ပုံစံလေးကို ပြန်တွေးမိပြီး သဘောကျသွားတယ်။ ကုအစ်ကိုကြီးကို လက်ပြ နှုတ်ဆက်လိုက်ပြီး ပြောလိုက်တယ်။
"ဒါဆို ကျွန်မ ပြန်တော့မယ်။ အစ်ကိုကြီးကောင်းသောညပါ"
ကုရှင်းနော့က ခေါင်းခါပြလိုက်တယ်။ မိုးတောင် လင်းနေပြီကို ဘာကောင်းသောညလဲ။
…