← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) ဒီလောက် ဒုက္ခပေးတဲ့ ကောင်မလေးက တကယ်ပဲ ငါ့သမီးလား

ယွီးရှောင်ရှောင်က သူမနဲ့ ကုရှင်းလန်တို့ နေတဲ့ ခြံဝင်းထဲကို လျှောက်သွားတယ်။ အိမ်ထဲကို ဝင်ဝင်ချင်း တစ်ညလုံး မအိပ်ဘဲ စောင့်နေလို့ မျက်ကွင်းတွေ ညိုနေတဲ့ ဝမ်မောမော နဲ့ တွေ့တယ်။

ဝမ်မောမောက ယွီးရှောင်ရှောင်ကို အော်ဟစ်ပြီး လည်ပင်းညှစ်ကာ မေးချင်စိတ်တွေ ပေါက်နေပေမဲ့ မအော်ရဲဘူး။ 'မင်းသမီး။ ဘယ်တွေ သွားနေတာလဲ။ မိန်းကလေး တစ်ယောက်က ညဘက် အိမ်အပြင် ထွက်အိပ်လို့ မရဘူး ဆိုတာကို မသိဘူးလား အား အား အား'

ဝမ်မောမောက ဘာမှ မပြောဘဲ သူမ ရှေ့ကို ပြေးလာတာ မြင်တော့ ယွီးရှောင်ရှောင်က ပြောလိုက်တယ်။

"ဟင်။ မောမော။ ပန်ဒါမျက်လုံး ဖြစ်နေပါလား"

ပန်ဒါမျက်လုံးတဲ့လား။ မင်းသမီးလေး နေ့တိုင်း ဖန်တီးနေတဲ့ စကားလုံး အသစ်တွေကို ဝမ်မောမော တကယ် နားမလည်တော့ဘူး။

"မင်းသမီး။ ဘယ်သွားနေတာလဲ" လို့ မေးလိုက်တယ်။

"ဟူကော် ကျောင်းတော်ကို… မင်းဆရာဆီ သွားတာလေ" လို့ ယွီးရှောင်ရှောင်က ဖြေလိုက်တယ်။

သန်းခေါင်ယံ အချိန်ကြီး မအိပ်ဘဲ မင်းဆရာရဲ့ ကျောင်းတော်ကို သွားတယ်တဲ့လား။ ဝမ်မောမောက ဒီအမှန်တရားကို ကြားလိုက်ရတော့ လုံးဝ သွေးပျက်သွားပြီး အလုပ်ထွက်ချင်စိတ်တောင် ပေါက်လာတယ်။ ကိုယ့်ရွာကိုယ် ပြန်ပြီး အေးအေးဆေးဆေး နေလိုက်ရင် ကောင်းမယ်။

ယွီးရှောင်ရှောင်က ပြောတယ်။

"ကျွန်မ သွားအိပ်တော့မယ်။ မောမောလည်း ဆက်အိပ်လိုက်ဦးလေ။ အိပ်မပျော်ရင် ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ကို သွားရှာပြီး ဆော့လို့ ရပါတယ်"

ဒါက ဘာသဘောလဲ။ ဝမ်မောမောက သူမရဲ့ မင်းသမီးကို စိုက်ကြည့်နေမိတယ်။ ဒီကောင်မလေးက သူမရဲ့ အရှက်သိက္ခာကို မစောင့်ထိန်းတာ ထားပါတော့၊ သူမရဲ့ အရှက်သိက္ခာကိုပါ ဖျက်ဆီးချင်နေတာလား။ သူမလို တစ်ကိုယ်တည်း နေတဲ့ အမျိုးသမီးကြီးက မိုးလင်းခါစ အချိန်ကြီးမှာ လူပျိုလေး နှစ်ယောက်ကို သွားရှာပြီး ဆော့ရမယ်တဲ့လား။

ယွီးရှောင်ရှောင်က ဝမ်မောမော သူမကို ပြန်မပြောတာ မြင်တော့ သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေရဲ့ စိတ်အပြောင်းအလဲ မြန်တာကို နားလည်ပေးပြီး တိုးတိုးလေး ပြောလိုက်တယ်။

"မောမော။ စိတ်ကို နည်းနည်း လျှော့ထားလိုက်ပါ။ ဒါဆို ဒီလောကကြီးက တကယ်ကို လှပတယ် ဆိုတာ မောမော မြင်လာလိမ့်မယ်"

သူမရဲ့ စိတ်က မကျယ်သေးဘူးလား။ ဝမ်မောမောက မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောတယ်။

"ဒီလောကကြီး လှတာ မလှတာ ကျွန်တော်မျိုးမ ဂရုမစိုက်ဘူး။ မင်းသမီး။ မင်းဆရာဆီ သွားတာ ဘာလုပ်ဖို့လဲ"

ယွီးရှောင်ရှောင်က ဝမ်မောမောကို တစ်ချက် ကြည့်လိုက်ပြီး ပြောတယ်။

"ကျွန်မ အမှန်တိုင်း ပြောလိုက်ရင် မောမော ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်"

ဝမ်မောမောက ချက်ချင်း တုန်ရီသွားပြီး ယွီးရှောင်ရှောင် အနားကို တစ်လှမ်း တိုးသွားကာ မျက်နှာချင်းကပ်လုနီးပါး အထိ ဖြစ်သွားတယ်။

"မင်း။ မင်းသမီးက မင်းဆရာ နဲ့ ဘာလုပ်ခဲ့တာလဲ"

ဝမ်မောမောက သူမရဲ့ မင်းသမီးက ဖောက်ပြန်တဲ့ မိန်းမ တစ်ယောက်လို့ မယုံကြည်ချင်ပေမဲ့ သူမ မင်းသမီး ပြောတဲ့ စကားတွေက တကယ်ကို သံသယ ဖြစ်စရာ ကောင်းနေတယ်လေ။

"ဘာမှမဖြစ်ဘူး"

ယွီးရှောင်ရှောင်က အိတ်ကပ် ထဲကနေ သကြားလုံး တစ်လုံး ထုတ်ပြီး ဝမ်မောမောကို စားမလားလို့တောင် မမေးဘဲ ပါးစပ်ထဲ အတင်း ထည့်ပေးလိုက်တယ်။

"အချိုစားရင် စိတ်ရွှင်လန်းတယ်လေ။ မောမော သကြားလုံး စားလိုက်။ ဒါက မင်းဆရာရဲ့ အိပ်ခန်းထဲကနေ ယူလာတာ"

မင်းဆရာရဲ့ အိပ်ခန်းတဲ့လား။ ဝမ်မောမောက တစ်ကိုယ်လုံး တုန်ရီသွားပြီး 'ငါ့မင်းသမီးလေးရဲ့ အပျိုစင် ဘဝ လေး ရှိသေးရဲ့လား' လို့ တွေးမိပြီး အရမ်း ကြောက်သွားတယ်။

ယွီးရှောင်ရှောင်က သူမနဲ့ ကုရှင်းလန်တို့ အိပ်ခန်း ဘက်ကို လျှောက်သွားတယ်။ ခဏ နေတော့မှ စကားပြောဖို့ အားမရှိတော့တဲ့ ဝမ်မောမောကို နောက်လှည့်ပြီး ပြောလိုက်တယ်။

"ကျွန်မ ထင်တာကတော့ ကျွန်မ ဖေဖေလည်း နည်းနည်းတော့ ဝမ်းနည်းသွားမယ် ထင်တယ်"

ဝမ်မောမောက လုံးဝ ရူးသွပ်သွားပြီ။ ဘုရင်ကြီးကို ဝမ်းနည်းစေမဲ့ ကိစ္စက ဘာများ ဖြစ်နိုင်မလဲ။ မင်းသမီးက ညဘက် အိမ်အပြင် ထွက်အိပ်တာလေးနဲ့ ဖုန်းထျန်းတိုင်းပြည်ကြီး ပျက်စီးသွားမှာမို့လို့လား။

အဲဒီအချိန် ဖုန်းထျန်း နန်းတော် ထဲမှာတော့ ဘုရင်ကြီးက မျက်နှာသေနဲ့ ချိန်ကွမ်း ပြောတဲ့ စကားတွေကို နားထောင်ပြီးသွားပြီ။

ချိန်ကွမ်းက သက်ပြင်း တစ်ချက် ချလိုက်ပြီး ဘုရင်ကြီးကို ပြောတယ်။

"အရှင်မင်းကြီး။ ဒီကိစ္စကို အမြန်ဆုံး အဖြေတစ်ခု ရှာမှ ဖြစ်မယ်"

ဘုရင်ကြီးက အဖြေတစ်ခု ရှာချင်တာပေါ့။ ဒါပေမဲ့ သူ မှားကြားလိုက်တာများ မဟုတ်ဘူးလား။ ဆရာတော်လေး ဖုန်းလင်က အဆိပ်မိသွားတာတင် မကဘူး။ သူ့သမီးက လည်ပင်းညှစ်သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်လား။ ဒါကများ နေ့တိုင်း အိပ်ရာထတာ မှားနေလို့လား။

ချိန်ကွမ်းက ဘုရင်ကြီး ဘာမှ ပြန်မပြောဘဲ အချိန်အတော်ကြာ စောင့်နေတာကို မြင်တော့ မော့ကြည့်လိုက်တယ်။

"အရှင်မင်းကြီး။ ဒီကိစ္စက အရမ်း အရေးကြီးပါတယ်။ အမြန်ဆုံး ဆုံးဖြတ်ချက် ချပေးပါ"

"ဟဲဟဲ"

ဘုရင်ကြီးက ချိန်ကွမ်းကို "ဟဲဟဲ" လို့ အသံပြုလိုက်တယ်။

ချိန်ကွမ်းက မေးလိုက်တယ်။

"အရှင်မင်းကြီး။ ရယ်နေတာလား"

ဘုရင်ကြီးက မျက်လုံးလန်ပြီး လဲကျသွားတယ်။ ဒီလောက်ကြီးမားတဲ့ အရှုပ်အရှင်းကြီးကို သူ လက်ခံနိုင်စွမ်း မရှိဘူး။

ချိန်ကွမ်းက ကြောင်သွားတယ်။ တိုင်းပြည် တစ်ပြည်ရဲ့ ဘုရင်က ဒီလို အချိန်မျိုးမှာ ဘယ်လိုလုပ် မူးမေ့သွားနိုင်မှာလဲ။

လျှို့ဝှက်စောင့်ရှောက်နေတဲ့ အရိပ်ကိုယ်ရံတော်တွေက ဘုရင်ကြီး မူးမေ့သွားတာကို မြင်တော့ ချိန်ကွမ်းက ဘာမှ လုပ်ဖို့ မပြင်တာကြောင့် သူတို့ ပုန်းအောင်းနေတဲ့ နေရာတွေကနေ အကုန်လုံး ထွက်လာကြတယ်။

ဘုရင်ကြီးရဲ့ အိပ်ခန်း အပြင်ဘက်မှာ စောင့်နေတဲ့ ကျင်းကျုံးနဲ့ မိန်းမစိုးတွေ၊ တော်ဝင် ကိုယ်ရံတော်တွေ အကုန်လုံးက အိပ်ခန်း ထဲကနေ အလန့်တကြား အော်သံတွေကို ကြားလိုက်ရတယ်။

"အား။ အရှင်မင်းကြီး ဘာဖြစ်သွားတာလဲ"

"ဘုရားရေ။ အရှင်မင်းကြီး သတိလစ်သွားပြီ။ သမားတော်"

"မင်းဆရာ။ အရှင်မင်းကြီးကို ဒီအတိုင်း ရပ်ကြည့်မနေပါနဲ့"

"အရှင်မင်းကြီး။ ဘာဖြစ်သွားတာလဲ။ အရှင်မင်းကြီး မျက်လုံး ဖွင့်ပါဦး အား...”

ကျင်းကျုံးက ဒီအော်သံတွေ ကြားရရင် အိပ်ခန်း အပြင်မှာ မတုန်မလှုပ် ရပ်နေနိုင်ဖို့ဆိုတာ တိုင်းပြည်ကို သစ္စာဖောက်ဖို့ ကြံစည်နေမှပဲ ဖြစ်မယ်လေ။ သူက သူ့လူတွေကို ခေါ်ပြီး ဘုရင်ကြီးရဲ့ အိပ်ခန်းထဲကို အမြန် ပြေးဝင်သွားတယ်။

ဘုရင်ကြီးက တကယ်ကို ပြတ်ပြတ်သားသား မူးမေ့သွားတာ။ ကျင်းကျုံးတို့ အရိပ်ကိုယ်ရံတော်တွေနဲ့ အတူ အော်ခေါ်တာတောင် နိုးမလာဘူး။

အရိပ်ကိုယ်ရံတော်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့သာ ဘုရင်ကြီးနေရာမှာဆိုရင် မင်းဆရာ ပြောတဲ့ စကားတွေကို ကြားပြီးတဲ့ နောက်မှာ ဒီလိုပဲ အမြဲတမ်း အိပ်ပျော်သွားချင်မှာပဲ။

"သမားတော် သွားခေါ်"

ချိန်ကွမ်းက ခေါင်းကိုက်နေပြီ။ မင်းဆရာ အနေနဲ့ အခုချိန်မှာ အရမ်း ပင်ပန်းနေပြီ။

"သမားတော်"

ကျင်းကျုံးက အခန်းပြင်ကို အော်လိုက်တယ်။

မိန်းမစိုးလေး တစ်ယောက်က ကျင်းကျုံးကို "ဟုတ်ကဲ့ပါ" လို့ ပြန်ထူးပြီး တော်ဝင် သမားတော် ဌာနကို အမြန် ပြေးသွားတယ်။

ကျင်းကျုံးက ဘုရင်ကြီးရဲ့ ခေါင်းအောက်မှာ ခေါင်းအုံး အပျော့လေး တစ်ခု ထည့်ပေးလိုက်ပြီး ချိန်ကွမ်းကို မေးလိုက်တယ်။

"မင်းဆရာ။ ဘာ အရေးကြီးတဲ့ ကိစ္စများ ဖြစ်လို့ ညကြီးမိုးချုပ် နန်းတော် ထဲ ဝင်လာရတာလဲ"

ကျင်းကျုံးက ဒီမေးခွန်းကို ရိုးရိုးသားသား မေးလိုက်တာ ဖြစ်ပေမဲ့ ချိန်ကွမ်းကတော့ မိန်းမစိုးတွေ တိုင်းပြည်ရေးမှာ ဝင်ပါတာကို အမြဲတမ်း မကြိုက်လို့ ကျင်းကျုံးရဲ့ မေးခွန်းကို ဂရုမစိုက်ဘဲ သေလူလို ဖြစ်နေတဲ့ ဘုရင်ကြီးကိုပဲ စိုက်ကြည့်နေတယ်။

သမားတော်တွေက ဘုရင်ကြီး မူးမေ့သွားတယ် ဆိုတာ ကြားတာနဲ့ အချိန် တစ်စက္ကန့်တောင် မဆိုင်းဘဲ တော်ဝင်သမားတော်ချုပ် ဦးဆောင်ပြီး သမားတော် ကိုးယောက်လောက် ဘုရင်ကြီးရဲ့ အိပ်ခန်းဆီ အမြန် ရောက်လာကြတယ်။

ကျင်းကျုံးက သမားတော်တွေကို အမြန် သတိပေးလိုက်တယ်။

"မြန်မြန်။ အရှင်မင်းကြီးကို သတိပြန်ရအောင် လုပ်ကြစမ်း"

ဘုရင်ကြီးရဲ့ ကျန်းမာရေးက အရေးကြီးတဲ့ ကိစ္စ ဆိုတော့ သမားတော်တွေက တန်းစီပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြတယ်။ ပြီးတော့ အချင်းချင်း တိုင်ပင်ကြတယ်။ အလွန်အမင်း ထိတ်လန့်သွားလို့ မူးမေ့သွားတာမျိုးကို လက်ချောင်းလေးတွေ ဖောက်ပြီး သွေးထုတ်လိုက်ရင် သတိပြန်ရနိုင်ပေမဲ့ ဘုရင်ကြီးက နာကျင်မှုကို အရမ်း ကြောက်တတ်တာ သူတို့ သိတယ်။ အပ်နဲ့ ထိုးလိုက်ရင် ဘုရင်ကြီးက လုပ်ကြံတယ်လို့ ထင်ပြီး သူတို့ကို သတ်ပစ်မလား ဆိုတာ စိုးရိမ်ရတယ်။

"ဘယ်လို အခြေအနေလဲ"

ချိန်ကွမ်းက သမားတော်တွေ ဝေခွဲမရ ဖြစ်နေတာကို မြင်တော့ စိတ်မရှည်ဘဲ တော်ဝင် သမားတော်ချုပ်ကို မေးလိုက်တယ်။

တော်ဝင် သမားတော်ချုပ်က ဘုရင်ကြီးကို ကြည့်ပြီး သူ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပြီး တခြား သမားတော်တွေကို ပြောတယ်။

"ဆေးစာ ရေးကြတာပေါ့"

သမားတော်တွေက ဆေးစာ ရေးဖို့ တိုင်ပင်နေကြတယ်။

အဲဒီအချိန်မှာ ဘုရင်ကြီးက သူ့ဘာသာ သတိပြန်ရလာပြီး မျက်လုံး မဖွင့်ခင်မှာ ညည်းတွားသံ ထွက်လာတယ်။

"အရှင်မင်းကြီး"

ကျင်းကျုံးက အမြန်ပဲ ဘုရင်ကြီး အနားကိုကပ်သွားပြီး ခေါ်လိုက်တယ်။

"အရှင်မင်းကြီး။ နိုးပြီလား"

ဘုရင်ကြီးက လုံးဝ မနိုးချင်ဘူး။ နိုးလာတာနဲ့ ဒီလို ရက်စက်တဲ့ လောကကြီးကို ရင်ဆိုင်ရမှာလေ။ ဒါက သူ့ကို ဝမ်းနည်းစေရုံတင် မကဘူး။ သေချင်စိတ်တောင် ပေါက်စေတယ်။

ကျင်းကျုံးက ပြောတယ်။

"အရှင်မင်းကြီး။ ဘာဖြစ်လို့လဲ အရှင်မင်းကြီး"

"အကုန်လုံး ထွက်သွားကြ"

ဘုရင်ကြီးက အားနည်းတဲ့ လေသံနဲ့ အမိန့်ပေးလိုက်တယ်။

ကျင်းကျုံး ကြောင်သွားတယ်။ ဒီလို အချိန်မျိုးမှာ ဘုရင်ကြီးက သူ့ကို ထွက်သွားခိုင်းတာလား။

"ထွက်သွား"

ဘုရင်ကြီးက အသံကျယ်ကြီး အော်လိုက်ပြီး ကိုယ်ကို အားပြုကာ မတ်တတ်ထိုင်လိုက်တယ်။

ချိန်ကွမ်းက ကျင်းကျုံးကို ပြောတယ်။

"မင်းတို့ အရင် ထွက်သွားလိုက်"

ကျင်းကျုံးက ဘုရင်ကြီးကို တစ်ချက် ကြည့်လိုက်သေးတယ်။

ဘုရင်ကြီးက ခုတင်ပေါ်ကနေ ထလာပြီး မျက်နှာသေနဲ့ အိပ်ခန်း မျက်နှာကြက်ကို မော့ကြည့်နေတယ်။ သူ့ခေါင်းထဲမှာ အခု 'ဒီလောက် ဒုက္ခပေးတဲ့ ကောင်မလေးက တကယ်ပဲ ငါ့သမီးလား' ဆိုတဲ့ မေးခွန်း တစ်ခုတည်းပဲ ရှိတော့တယ်။

…

All Chapters