← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) ဘုရင်ကြီးက သမီး လုံးဝ မမွေးနဲ့လို့ ပြောတယ်

ဂျစ်ကန်ကန် လုပ်တာက တစ်ခါတလေ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်း တစ်ခု ဆိုပေမဲ့ တိုင်းပြည် တစ်ပြည်ရဲ့ ဘုရင်ကြီးက လူဆိုး တစ်ယောက်လို အပြုအမူ မျိုး လုပ်နေတာကိုတော့ ချိန်ကွမ်းက လက်မခံနိုင်ဘူး။ တော်ဝင် မိသားစု ဆိုတာ တော်ဝင် ဂုဏ်သိက္ခာ တော့ ရှိသင့်တယ် မဟုတ်လား။

ဘုရင်ကြီးက မေးစေ့ကို ပွတ်နေတဲ့ လက်ကို ဖယ်လိုက်ပြီး ချိန်ကွမ်းကို ပြောလိုက်တယ်။

"ဒီလို လုပ်ကြတာပေါ့။ မင်းဆရာက အရင် ပြန်သွားနှင့်။ ငါကိုယ်တော်က လင်းလုံကို ခေါ်ပြီး ဟူကော် ကျောင်းတော်က ဆရာတော်လေးဆီ သွားကြည့်လိုက်မယ်"

ချိန်ကွမ်းက ဘုရင်ကြီးကို မယုံနိုင်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။

"အရှင်မင်းကြီးက မင်းသမီးကို ခေါ်ပြီး ဆရာတော်လေး ဆီ သွားကြည့်မလို့လား"

ဘုရင်ကြီးက ချိန်ကွမ်းကို အပြစ်တင်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်ပြီး ပြောတယ်။

"ငါကိုယ်တော်က ဆရာတော်လေး နေမကောင်းဘူး ဆိုတာ သိမှတော့ သွားကြည့်သင့်တာပေါ့။ လင်းလုံကလည်း ငယ်ငယ်ကတည်းက မိဖုရားခေါင်ကြီး သင်ပေးထားလို့ ယုံးရှန်းကျောင်းတော်က အကုန်လုံးကို ကြည်ညို ကိုင်းရှိုင်းတဲ့သူလေ။ သူကလည်း ယုံးရှန်းကျောင်းတော်က ဆရာတော်လေးကို သေချာပေါက် သွားကြည့်သင့်တယ်"

"ဆရာတော်လေးကတော့...”

"ဘာမှ မဖြစ်ဘူး" လို့ ဘုရင်ကြီးက ချိန်ကွမ်း စကားမဆုံးခင် ဖြတ်ပြောလိုက်တယ်။

"လင်းလုံက ငါကိုယ်တော်နဲ့ အတူ ပါလာမှာ ဆိုတော့ သူ့ရဲ့ သတိမမှန်တဲ့ ရောဂါက သေချာပေါက် ထလာမှာ မဟုတ်ဘူး။ မင်းဆရာ စိတ်ချပါ"

ချိန်ကွမ်းက မင်းသမီးလေးရဲ့ ရူးသွပ်တဲ့ ရောဂါ ထလာမှာကို လုံးဝ မကြောက်ဘူး။ သူက ဆရာတော်လေး ဖုန်းလင်သာ ဖုန်းထျန်းမှာ သေသွားရင် ဒီ သားအဖ နှစ်ယောက် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စိတ်ပူနေတာ။ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ကို ဆေးကြောမလား။ ဒါမှမဟုတ် တိုင်းပြည် အတွက် အသက်စွန့်မလား။

ဘုရင်ကြီးက ပြောတယ်။

"မင်းဆရာက ကျောင်းတော်ကို ပြန်သွားနှင့်။ ငါကိုယ်တော်က လင်းလုံကို ခေါ်ပြီး နောက်ကနေ လိုက်လာခဲ့မယ်"

ချိန်ကွမ်းက မေးလိုက်တယ်။

"အရှင်မင်းကြီး တကယ် သေချာ စဉ်းစားပြီးပြီလား"

မင်းသမီးကို ခေါ်ပြီး လူမမာ သွားမေးတယ် ဆိုတာက ဆရာတော်လေး ဖုန်းလင်ကို မျက်နှာပြောင်တိုက်ပြီး စော်ကားလိုက်တာပဲလေ။ ခုနကမှ သူ လန့်ပြီး မူးမေ့သွားတာကို။ အခု ဘုရင်ကြီးက ထပ်ပြီး သတ္တိတွေ ပေါ်လာပြန်ပြီလား။

ဘုရင်ကြီးက ပြန်ပြောတယ်။

"ငါကိုယ်တော် သေချာ စဉ်းစားပြီးပါပြီ။ ဆရာတော်လေးကလည်း အကြောင်းပြချက်ကို နားလည်တဲ့ သူပဲ မဟုတ်လား"

ချိန်ကွမ်းက ဘုရင်ကြီးကို ကြည့်နေတယ်။

ဘုရင်ကြီးက ထပ်ပြီး အမှန်တရား တစ်ခုကို ပြောလိုက်တယ်။

"သူ့မှာ သက်သေမှ မရှိတာ"

ချိန်ကွမ်းက ပြောတယ်။

"အရှင်မင်းကြီး။ ဆရာတော်လေးက ကျောင်းထိုင်ဆရာတော် မိုဝမ်ရှေ့မှာ မပြောသင့်တာတွေ သွားပြောရင် ဘယ်လို လုပ်မလဲ ဆိုတာကို အရှင်မင်းကြီး မကြောက်ဘူးလား"

"အဲဒါက အဲဒီအချိန် ရောက်မှပဲ ကြည့်ကြတာပေါ့"

ဘုရင်ကြီးက ဂရုမစိုက်သလို လက်ချောင်းတွေကို လှုပ်ရှားရင်း ပြောလိုက်တယ်။

ဖုန်းထျန်းကနေ ယုံးရှန်းကျောင်းတော်ကို ပြန်ဖို့ လမ်းမှာ လနဲ့ချီ ကြာဦးမှာလေ။ အဲဒီ လတွေ အတွင်းမှာ ဘာတွေ ထပ်ဖြစ်လာမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ဘုရင်ကြီးက မနက်ဖြန် အတွက် ကြိုပြီး စိတ်မပူတတ်ဘူး။ လနဲ့ချီ ဝေးတဲ့ ကိစ္စ ဆိုရင် ပိုပြီးတော့တောင် ဂရုမစိုက်သေးတယ်။

ချိန်ကွမ်းလည်း ဘုရင်ကြီးကို ဂါရဝပြုပြီး ပြောလိုက်ရတယ်။

"ဒါဆို ကျွန်တော်မျိုးက ကျောင်းတော်ကို ပြန်သွားနှင့်ပါ့မယ်။ အရှင်မင်းကြီးလဲ သေချာ စဉ်းစားပါဦး"

ဘုရင်ကြီးက ခေါင်းညိတ်ပြီး ပြောတယ်။

"ကောင်းပါပြီ။ ငါကိုယ်တော် သေချာ စဉ်းစားပါ့မယ်။ မင်းဆရာ။ စိတ်ချ လက်ချ ပြန်သွားပါ"

ချိန်ကွမ်းက ဘုရင်ကြီးရဲ့ အိပ်ခန်းထဲကနေ ထွက်လာခဲ့တယ်။ မိုးက လင်းလုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ တောင်ဘက်ကနေ တိမ်မည်း အကြီးကြီးတွေက အရှေ့ဘက်ကို ရွေ့လျားလာနေတော့ မြို့တော်ရဲ့ ဒီမနက်ခင်းမှာ ဆောင်းဦး မိုးရွာမလား ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

"ဆရာ"

ဝမ်ယွဲ့လို့ ခေါ်တဲ့ ကိုရင်လေးက အပြင်မှာ တစ်ချိန်လုံး စောင့်နေတာ။ ချိန်ကွမ်း ထွက်လာတာကို မြင်တော့ ဆရာ့ အနားကို အမြန် ပြေးသွားတယ်။

ချိန်ကွမ်းက တပည့်လေးရဲ့ ခေါင်းကို ပုတ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

"တို့တွေ ကျောင်းတော် ပြန်မယ်"

ကိုရင်လေး ဝမ်ယွဲ့က ဆရာ့ နောက်ကနေ လိုက်သွားရင်း မေးတယ်။

"ဆရာ။ ကိစ္စ အကုန် အဆင်ပြေသွားပြီလား"

ချိန်ကွမ်းက ခါးသက်သက် ပြုံးလိုက်တယ်။ သူက ဆရာတော် မိုဝမ် ရှေ့မှာတော့ တကယ့်ကို ထူးဆန်းတဲ့ သူ တစ်ယောက်ပဲ။ ဒီကိစ္စမှာ သူက မင်းသမီးလေး ဘက်က နေပြီး အပြစ်ကင်းကြောင်း ဝင်ပြောပေးရင်လည်း မီးလောင်ရာ လေပင့်တာကလွဲပြီး တခြား ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ မင်းဆရာက သက်ပြင်း တစ်ချက် ချလိုက်တယ်။ ဒီကိစ္စကို သူ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ကံတရား အတိုင်းပဲ စောင့်ကြည့်ရတော့မှာပဲ။

ဘုရင်ကြီးက ချိန်ကွမ်း ထွက်သွားပြီးတဲ့ နောက်မှာ ထိုင်ခုံပေါ်မှာ ခဏငြိမ်ထိုင်နေပြီး ရုတ်တရက် သူ့ဘာသာ ပြောလိုက်တယ်။

"ဆရာတော်လေးက မင်းဆရာကို ဘာလို့ သတ်ချင်တာလဲ ဆိုတာကို မေးဖို့ မေ့သွားတယ်။ ငါကိုယ်တော် အသက်ကြီးသွားလို့လား"

ကျင်းကျုံးက အခန်းပြင်ကနေ ခါးကိုင်းပြီး ဝင်လာကာ ဘုရင်ကြီးကို လျှောက်တင်တယ်။

"အရှင်မင်းကြီး။ နံနက် ညီလာခံ အတွက် ပြင်ဆင်ရတော့မလား"

ဘုရင်ကြီးက ခေါင်းခါပြလိုက်တယ်။ သူ့တိုင်းပြည်တောင် ပျက်စီးတော့မဲ့ အခြေအနေ ဖြစ်နေတာ။ ညီလာခံကို ဘာသွားလုပ်ရမှာလဲ။

"ငါကိုယ်တော် ကုအိမ်တော်ကို သွားမယ်။ မင်း ပြင်ဆင်စရာ ရှိတာ သွားပြင်ဆင်လိုက်"

ကျင်းကျုံးက အလန့်တကြား မော့ကြည့်ပြီး မေးလိုက်တယ်။

"အရှင်မင်းကြီးက ကုအိမ်တော်ကို သွားမလို့လား"

ဘုရင်ကြီးက ထိုင်ခုံ ပေါ်ကနေ မတ်တတ်ရပ်ပြီး ပြောတယ်။

"ငါကိုယ်တော် လင်းလုံကို သွားကြည့်မလို့။ မင်းမှာ ဘာပြောစရာ ရှိလို့လဲ"

ကျင်းကျုံးက ဘာမှ ပြောစရာ မရှိဘူး။ ဒါပေမဲ့ ဘုရင် တစ်ပါးက သမက်အိမ်ကို သွားပြီး သမီးကို သွားကြည့်တယ် ဆိုတာမျိုး ဘယ်မှာ ရှိလို့လဲ။ ကျင်းကျုံးက အပြုံးတုကြီး ဖန်တီးပြီး ဘုရင်ကြီးကို ပြောလိုက်တယ်။

"အရှင်မင်းကြီးက မနေ့ညကမှ မင်းသမီးလေးကို တွေ့ခဲ့တာ။ ဒီနေ့ ထပ်ပြီး မင်းသမီးလေးကို လွမ်းနေပြန်ပြီလား။ အရှင်မင်းကြီးက မင်းသမီးလေး အပေါ် တကယ်ကို...”

"စကားတွေ မရှည်နဲ့" လို့ ဘုရင်ကြီးက ကျင်းကျုံးက သူ့ကို ဖခင်ကောင်းလို့ ချီးကျူးမဲ့ စကားတွေကို နားထောင်ဖို့ စိတ်မရှည်လို့ ဖြတ်ပြောလိုက်တယ်။ သူသာ သူ့သမီးက နန်းတော် အပြင် ထွက်သွားပြီး ဟူကော် ကျောင်းတော်က ဆရာတော်လေး ဖုန်းလင်ကို သွားပြဿနာ ရှာမယ် ဆိုတာ ကြိုသိခဲ့ရင် မနေ့ညကတည်းက သမီးနဲ့ သမက်ကို နန်းတော် ထဲမှာပဲ တစ်ည အိပ်ခိုင်းလိုက်တာ ပိုကောင်းမယ်။

ကျင်းကျုံးက ဘုရင်ကြီး စိတ်မရှည်တာကို မြင်တော့ ချက်ချင်း ပါးစပ်ပိတ်သွားတယ်။

ဘုရင်ကြီးက ပြောတယ်။

"ဘာအခမ်းအနားမှ မလိုဘူး။ ငါကိုယ်တော် မြင်းစီးပြီးပဲ သွားမယ်"

"ကျွန်တော်မျိုး အမိန့်နာခံပါတယ်" လို့ ကျင်းကျုံးက ပြောပြီး ထွက်သွားတယ်။

ကျင်းကျုံး ထွက်သွားတော့ ဘုရင်ကြီးက အမိန့်ပေးလိုက်တယ်။

"ထွက်လာခဲ့ကြ"

အရိပ်ကိုယ်ရံတော် လေးယောက်က ပုန်းအောင်းရာ နေရာတွေကနေ ထွက်လာပြီး ဘုရင်ကြီး ရှေ့မှာ ဒူးထောက်လိုက်ကြတယ်။

ဘုရင်ကြီးက ဒီ အရိပ်ကိုယ်ရံတော် လေးယောက်ကို အမိန့်ပေးတယ်။

"မင်းဆရာပြောသွားတဲ့ စကားတွေကို မင်းတို့ အပြင်မှာ တစ်လုံးမှ မပြောရဘူး"

"ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်" လို့ အရိပ်ကိုယ်ရံတော် လေးယောက်က ချက်ချင်း ပြန်ထူးလိုက်ကြတယ်။ သူတို့သာ ရွေးချယ်ခွင့် ရှိရင် မနေ့က တာဝန် မကျပါစေနဲ့လို့ ဆုတောင်းမိမှာပဲ။

ဘုရင်ကြီးက သူ့ရဲ့ လူငယ် အရိပ်ကိုယ်ရံတော် လေးယောက်ကို ကြည့်ပြီး ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်တယ်။

"ငါကိုယ်တော် မင်းတို့ကို ပြောမယ်။ မိန်းကလေး လုံးဝ မမွေးနဲ့နော်"

"ကျွန်… ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်" လို့ အရိပ်ကိုယ်ရံတော် လေးယောက်က တွေဝေသွားပြီးမှ ပြန်ဖြေလိုက်ကြတယ်။ သားမွေးမလား သမီးမွေးမလား ဆိုတာ သူတို့ ဆုံးဖြတ်လို့ ရတာမှ မဟုတ်တာ။ လင်းလုံမင်းသမီးလို သမီးမျိုးကလည်း သာမန် မိသားစုတွေက မွေးနိုင်တဲ့ သမီးမျိုး မဟုတ်လောက်ဘူး။

"လုံးဝ မမွေးနဲ့"

ဘုရင်ကြီးက သူ့ရဲ့ အရိပ်ကိုယ်ရံတော် လေးယောက် သူ့လို ဖြစ်သွားမှာ စိုးလို့ ထပ်ပြီး သတိပေးလိုက်တယ်။

"ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်" လို့ အရိပ်ကိုယ်ရံတော် လေးယောက်က ရိုရိုသေသေ ပြန်ထူးလိုက်ရတယ်။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာတော့ 'ကျွန်တော်တို့မှာ မိန်းမ တောင် မရှိသေးတာ။ ဘယ်သူနဲ့ သွားပြီး သမီးမွေးရမှာလဲ' လို့ ပြောချင်နေကြတယ်။

အဲဒီအချိန် ကုအိမ်တော်မှာတော့…

ကုရှင်းလန် မျက်လုံးပွင့်လာတယ်။ သူက တစ်ညလုံး အိပ်မက်ကောင်းတွေ မက်ခဲ့ပြီး နိုးလာတဲ့ အခါ ကိုယ်ရောစိတ်ပါ ပေါ့ပါးနေတယ်။ အရင်က ဒဏ်ရာရပြီး နိုးလာတိုင်း ခန္ဓာကိုယ် တစ်ခုလုံး လေးလံပြီး လှုပ်ရှားလို့ မရတာမျိုး လုံးဝ မခံစားရဘူး။ သူ့ရင်ခွင်ထဲမှာ နူးညံ့တဲ့ အရာလေး တစ်ခု ရှိနေတာကို ခံစားမိလို့ ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ ဇနီးလေးက သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။ ယွီးရှောင်ရှောင်က တော်တော်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး မျက်နှာလေးကလည်း စောင်နဲ့ ဖုံးထားသလို သူ့ရင်ခွင်ထဲက အပူငွေ့တွေကြောင့် နီရဲနေတယ်။ ကုသခင်လေးက မနေနိုင်ဘဲ ဇနီးသည်ရဲ့ ပါးလေးကို တစ်ချက် နမ်းလိုက်တယ်။

ယွီးရှောင်ရှောင်က အအိပ်ဆတ်ပေမဲ့ အခု သူမကို နမ်းနေတာက ကုရှင်းလန် မှန်း သိတော့ ဆက်အိပ်ဖို့ပဲ ရွေးချယ်လိုက်တယ်။ မနေ့ညက တစ်ညလုံး အလုပ်လုပ်ခဲ့ရတာလေ။ မင်းသမီးလေးက တကယ်ပဲ ကောင်းကောင်း အိပ်ချင်နေပြီ။ အိပ်ရေးဝမှ ဝမ်ဖုန်းလင် ဆိုတဲ့ ကောင်ကို ပြန်သွားချဖို့ အားရှိမှာပေါ့။

ကုရှင်းလန်က လှုပ်ရှားမိလို့ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ဇနီးသည် နိုးသွားမှာကို စိုးရိမ်လို့ ငြိမ်ငြိမ်လေးပဲ နေနေတယ်။ ကုသခင်လေးက ယွီးရှောင်ရှောင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်က အပြုံးလေးတွေနဲ့ ဒီဇနီးသည်ကို သူ ဘယ်လောက် ကြည့်ကြည့် မရိုးနိုင်ဘူးလို့ ခံစားနေရတယ်။

ကုသခင်လေး လင်မယား နှစ်ယောက်ကတော့ အိပ်ရာပေါ်မှာ မနက်ခင်းရဲ့ နွေးထွေးတဲ့ အချိန်လေးကို ခံစားနေပေမဲ့ ကုအစ်ကိုကြီးကတော့ တစ်ညလုံး မျက်စိမမှိတ်ခဲ့ရဘူး။

သခင်မစွင်းက အိပ်ရာက နိုးလာတော့ ဘေးမှာ ခင်ပွန်းသည် မရှိတာ မြင်လို့ အမြန် ထပြီး မျက်နှာသစ် အဝတ်အစား လဲကာ ခြံဝင်းထဲက စာကြည့်ခန်းဆီကို သွားရှာတယ်။ ကုရှင်းနော့က စာကြည့်စားပွဲ မှာ ထိုင်နေတာကို မြင်တော့ သခင်မစွင်းက ပြုံးပြီး မေးလိုက်တယ်။

"သခင်ကြီးက ရာထူး ပြန်ရတော့မယ် ဆိုတာ သိလို့ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ထိုင်စောင့်နေတာလား"

ကုရှင်းနော့ ရယ်လိုက်တယ်။ ဒါပေမဲ့ ဒီအပြုံးက ငိုတာထက်တောင် ဆိုးနေသေးတယ်။ ရာထူး ပြန်ရမယ်ဟုတ်လား။ ဘုရင်ကြီးက ဒီတစ်ခေါက် ဘယ်လို အမိန့်တော်မျိုး ထုတ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။

"ဘာဖြစ်လို့လဲ"

သခင်မစွင်းက ကုရှင်းနော့ရဲ့ မျက်နှာ မကောင်းတာကို မြင်တော့ အနားကို အမြန် သွားပြီး တိုးတိုးလေး မေးလိုက်တယ်။

"သခင်ကြီး။ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားလို့လား"

ကုရှင်းနော့က သူ့ဇနီးကို လက်ယပ်ခေါ်လိုက်ပြီး ပြောတယ်။

"မင်း… ငါ ဒီမှာပဲ ကံတရား အတိုင်း စောင့်နေလိုက်တော့မယ်"

…

All Chapters