အခန်း ၁၆၅၄
Vol. 111 Ch. 1654
အပိုင်း ( 1654 ) တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့် အဆင့်မှ အကျော်အမော်ကို သတ်ခြင်း။
ဟွမ်လင်က ခေါင်းညိတ်ပြပြီး အခြားသူများကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက်၊ သူမက လုမင်အား လှည့်ကြည့်လိုက်၏။
"ဟွမ်လင်၊ ငါလည်း အဆင့်တက်သွားပြီ။ ဒီနေ့ပဲ ဒီကနေ ထွက်သွားကြရအောင်"
လုမင် ပြောလိုက်သည်။ သူ့မျက်လုံးအကြည့်များက စူးရှလာ၏။
"ကောင်းပြီ၊ ဒီနေ့ပဲ ဒီကနေ ထွက်သွားရစို့"
တခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာလည်း သတ်ဖြတ်ချင်စိတ်တို့ ပေါ်လွင်နေပြီ။
သူတို့အားလုံးသည် အဆင့်အတန်းမြင့်မားသော အင်အားစုကြီးများ၏ ပါရမီရှင်များ ဖြစ်ကြပါသည်။ သို့သော်လည်း ဒေသခံမျိုးနွယ်စုများကြောင့် ဤနေရာတွင် နှစ်ဝက်ကြာ ပုန်းအောင်းနေခဲ့ရ၏။ သူတို့၏ ဒေါသများကို မချုပ်တီးနိုင်တော့ပေ။
"သွားကြစို့"
ချက်ချင်းပင်၊ လုမင်က ဦးဆောင်ပြီး ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။
လူငါးရာနီးပါးက အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ရင်း လုမင်နောက်သို့ လိုက်လာကြ၏။
မကြာမီ သူတို့က ဥမင်လမ်း အဝင်ပေါက်ဆီသို့ ရောက်လာတော့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ အပြန်လမ်းက ပိုမြန်ပြီး တစ်ရက်သာ ကြာခဲ့သည်။
ထွက်ပေါက်ကို ဖြတ်ကျော်လာပြီးနောက် အပြင်မှ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရ၏။
"သူတို့ ထွက်လာကြပြီဟေ့"
"ဝုန်း... ဝုန်း... ဝုန်း"
ချက်ခြင်းပင်၊ ဥမင်လမ်းအပြင်ဘက် နေရာအနှံ့မှ ကြောက်စရာကောင်းသော ရောင်ဝါများ ထွက်ပေါ်လာတော့သည်။
၎င်းတို့က သူတော်စင်နယ်ပယ် ပညာရှင်များ၏ အရှိန်အဝါများ ဖြစ်ကြသည်။
အယောက်နှစ်ဆယ်ခန့် ရှိ၏။
နှစ်ဝက်ကြာသွားသည့်တိုင် ဤလူများက ဇွဲမလျှော့ဘဲ စောင့်နေကြသေးသည်။
ရုပ်သွင် နှစ်ဆယ်ကျော်က လေထဲတွင် ပေါ်လာသည်။ သူတို့ထံမှ သူတော်စင်အလင်းများ ဖြာထွက်နေ၏။ သူတို့၏ အရှိန်အဝါဖိအားများက ကြီးမားလွန်းလှသည်။
"သတ်"
လုမင်က ဟိန်းဟောက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"သတ်၊ သတ်၊ သတ်"
ကျန်လူငယ်များလည်း မာန်သွင်းပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ချက်ချင်း ထုတ်ဖော်လိုက်၏။
သူတို့၏ အင်အားများသည် လွန်ခဲ့သည့် နှစ်ဝက်ကနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက်လာခဲ့သည်။
"သေစမ်း"
အဆင့်နိမ့် တောက်ပသော သူတော်စင်တစ်ပါးက လုမင်အား စိုက်ကြည့်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"မင်းက သေရမယ့်လူပဲ"
လုမင်က အေးစက်စက် ပြောလိုက်၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး လက်သီးဖြင့် ပြန်ထိုးလိုက်တော့သည်။
ထိုလက်သီးတွင် ကစဉ့်ကလျားနိယာမ၏ စွမ်းအင်များ ပါ၀င်သည်။
"ဝုန်း"
လုမင်၏ လက်သီးက ပြိုင်ဘက်၏ လက်ဖဝါးနှင့် ထိပ်တိုက်တွေ့သွားသည်။ ရန်သူမှာ နာကျင်စွာ အော်ဟစ်ရင်း မျက်နှာကြီး ရှုံ့မဲ့သွား၏။ သူ့လက်ဝါးက တိုက်ရိုက် ပေါက်ကွဲသွားသည်။ လုမင်၏ ကြောက်စရာကောင်းသော လက်သီးအင်အားက ရန်သူကို ဆက်လက်ထိုးနှက်လာတော့သည်။
"မဟုတ်ဘူး"
ရန်သူမှာ ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ ထိုလက်သီးအောက်တွင် သူ့ခန္ဓာကိုယ်က အက်ကွဲသွား၏။ သူ၏ သူတော်စင်နှလုံးသားက ကြေကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။
တစ်ချက်တည်းဖြင့် အဆင့်နိမ့် တောက်ပသောသူတော်စင်တစ်ဦး သေဆုံးသွားသည်။ ဘေးနားရှိ အခြားသူတော်စင်များလည်း တုန်လှုပ်သွားကြလေသည်။
"ဝမ်"
ရုတ်တရက်၊ အခြား တောက်ပသော သူတော်စင်နယ်ပယ် ပညာရှင်ရှေ့ရှိ ဟင်းလင်းပြင်က မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားသည်။ ထိုသူတော်စင်၏ ခန္ဓာကိုယ်သည်လည်း မှန်ကဲ့သို့ ကွဲအက်သွားရ၏။
နောက်ထပ် အဆင့်နိမ့် တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားပြီ။
ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် နိယာမဖြင့် တစ်ချက်တည်း သုတ်သင်ပစ်လိုက်ခြင်း ဖြစ်သည်။
တစ်ဖက်တွင်၊ ဟွမ်လင်က သူမ၏ အင်မော်တယ် မီးတောက်များထဲတွင် လှုပ်ရှားနေသည်။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ဖီးနစ်တစ်ကောင် ထွက်လာသည်။ တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး လွင့်စဉ်သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
ဟွမ်လင်၏ တိုက်ခိုက်မှုတစ်ခုဖြင့် ရန်သူမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။
ယဲ့တုန်ဖန့်၊ ရှတင်းနှင့် အခြားလူများကလည်း သူတို့၏ စွမ်းရည်ကို အပြည့်အ၀ ထုတ်လွှတ်ကြ၏။ သူတို့အားလုံးက သာမန် သူတော်စင်တစ်ဦးကို တိုက်ခိုက်နိုင်ပြီး အားမနည်းကြပေ။
အခြားသော ပါရမီရှင်ငါးရာကျော်၏ ပူးပေါင်းအင်အားမှာလည်း ကြောက်စရာကောင်းလှသည်။ ၎င်းတို့၏ ပေါင်းစပ်စွမ်းအားဖြင့် တစ်ဖက်ရန်သူများ၏ တိုက်ခိုက်မှုကို ကောင်းမွန်စွာ တားဆီးနိုင်ခဲ့ကြပေသည်။
"မင်း သေချင်နေတာပဲ"
ဝတ်စုံနက်ဝတ် လူတစ်ဦးက အေးစက်သော မျက်လုံးများဖြင့် လုမင်ကို စူးစိုက်ကြည့်လိုက်သည်။
ထိုသူကား တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့် အဆင့်(ကြီးမားသောအောင်မြင်ခြင်းအဆင့်) အကျော်အမော်တစ်ဦး ဖြစ်သည်။
နတ်ဆိုးလက်ဝါးကြီးက လုမင်ဆီသို့ ကျရောက်လာ၏။ ၎င်း၏ တိုက်ခိုက်ရေးအင်အားက အဆင့်နိမ့် အဆင့်(သေးငယ်သော အောင်မြင်ခြင်း) တောက်ပသောသူတော်စင်နယ်ပယ် ပညာရှင်တစ်ဦးထက် အဆများစွာ သန်မာသည်။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုက လုမင်၏ လက်ဝါးတွင် ရုတ်တရက် ပေါ်လာပြီး ဝတ်စုံနက်ဝတ် လူကြီးဆီသို့ ပစ်ပေါက်လိုက်၏။
ဤကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို နိယာမဖြင့် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏စွမ်းအားက ပို၍ ကြောက်စရာကောင်းလာပြီး ဝတ်စုံနက်ဝတ် လူကြီး၏ နတ်ဆိုးလက်ဝါးကို တိုက်ရိုက် ဖျက်ဆီးလိုက်တော့သည်။
'တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူက အခုလောလောဆယ် ဒီမှာမရှိဘူးထင်တယ်။ ဒီလိုဆိုမှတော့ သူ့ကို အရင်သတ်လိုက်တာပေါ့'
လုမင်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်။
သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပလာပြီး ဒုတိယခန္ဓာ လုမင် ထွက်ပေါ်လာ၏။ ထိုက်ကျိအစီရင်ချပ်ပြားက တောက်ပလာပြီးနောက် ထိုက်ကျိ ယင်ယန်ငါး ဓားနှစ်လက်မှာ ဝတ်စုံနက်ဝတ် လူကြီးကို ထိုးခုတ်လာတော့သည်။
ဝတ်စုံနက်ဝတ်လူကြီး၏ ခန္ဓာကိုယ်က နတ်ဆိုးအလင်းများ တောက်ပလာပြီး ထိုက်ကျိ ယင်ယန်ငါး ဓားများကို တွန်းလှန်ရန် လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုက်သည်။
သို့သော်... ထိုအခိုက်အတန့်တွင် သူက နှေးကွေးစွာ လှုပ်ရှားနေသကဲ့သို့ သူ၏လှုပ်ရှားမှုများ နှေးကွေးသွားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
"ရွှစ်"
ဓားအလင်းရောင် တစ်ချက်လက်သွားသည်။ ဝတ်စုံနက်ဝတ် လူကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ခုပေါ်လာ၏။ သူ့ခန္ဓာကိုယ်က ထက်ပိုင်းပြတ်လုနီးဖြစ်ပြီး သွေးများ စီးကျလာတော့သည်။
"သတ်"
လုမင်က ထိုအခွင့်အရေးမျိုးကို လက်လွှတ်မခံ။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နတ်ဘုရားဓားကျင့်စဉ်မှ ဓားများက လူကြီး၏ ဝိညာဉ်ကို ထိုးခုတ်လိုက်ကြသည်။
လုမင်၏ ကျင့်ကြံခြင်းခြေခံက သူတော်စင်တစ်ပိုင်း ဒုတိယအဆင်သို့ ဖြတ်ကျော်သွားသောအခါ၊ သူ၏ စိတ်ဝိညာဉ်ကလည်း ပိုအားကောင်းလာပြီး အကန့်အသတ်ကို ကျော်ဖြတ်သွားခဲ့သည်။ ယခုအခါ လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက တောက်ပသော သူတော်စင်နယ်ပယ် ကနဦးအဆင့် ကျွမ်းကျင်သူ၏ ဝိညာဉ်စွမ်းအားနှင့် ညီမျှနေပြီ။
သူ၏ ဝိညာဉ်စွမ်းအားက ဝတ်စုံနက်ဝတ် အဘိုးကြီးလောက် မသန်မာသော်လည်း နတ်ဘုရားဓားကျင့်စဉ်သည် လူကြီးအား အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူကြီး၏အနားတွင် လုမင် ပေါ်လာသည်။ ဝတ်စုံနက်ဝတ် လူကြီး၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင်၊ လုမင်က လက်သီးဖြင့် ထိုးချလိုက်၏။
ဝတ်စုံနက်ဝတ် လူကြီး၏ ဦးခေါင်းက ဖရဲသီးကို တူနှင့်ထုခွဲလိုက်ကဲ့သို့ ပေါက်ကွဲသွားတော့သည်။
"ဝှစ်"
လုမင်၏ လက်က ဝတ်စုံနက်ဝတ် လူကြီး၏ ဒန်တျန်အား ထိုးဖောက်ဝင်ရောက်ကာ သူတော်စင်နှလုံးသားကို ဖမ်းဆုပ်လိုက်သည်။
ဤသူတော်စင်နှလုံးသားက မဟူရာရောင် တောက်ပနေ၏။ ၎င်းက တလက်လက်တောက်ပြီး နတ်ဆိုးတာအို၏ နိယာမတို့ ပြည့်နေပေသည်။
သူတော်စင်တစ်ပါး၏ သူတော်စင်နှလုံးသားက ဆေးဝါးဖော်စပ်ခြင်း သို့မဟုတ် လက်နက်ပြုလုပ်ခြင်းအတွက် ရတနာတစ်ပါး ဖြစ်သည်။ ၎င်းက ဈေးကွက်ထဲတွင် အလွန်ရှားသောကြောင့် လုမင်လည်း ချက်ချင်း သိမ်းထားလိုက်လေသည်။
ဝတ်စုံနက်ဝတ် လူကြီးက သေသွားပြီ ဖြစ်သည်။
အဆင့်မြင့် အဆင့် တောက်ပသော သူတော်စင်နယ်ပယ် အကျော်အမော်သည် လုမင်၊ ကမ္ပည်းတာအို ဒုတိယခန္ဓာနှင့် ပူဖောင်းလေးတို့၏ တိုက်ခိုက်မှုအောက်တွင် တိုက်ကွက်အနည်းငယ်အတွင်း သေဆုံးသွားရပြီ။
ဟုတ်သည်၊ ဤသည်မှာ သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် နားလည်ထားသောကြောင့် အလွယ်တကူ ပူးပေါင်းနိုင်ကြခြင်း ဖြစ်သည်။ မူလခန္ဓာ လုမင် တစ်ယောက်တည်း ဖြစ်နေပါက၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ဝတ်စုံနက်ဝတ်လူကြီးနှင့် များစွာ ကွာခြားလိမ့်မည် မဟုတ်ပေ။ တစ်ဖက်လူကို မသတ်ဖြတ်နိုင်ဘဲ၊ အလွန်ဆုံး အသားစီရရုံသာ ဖြစ်မည်။
ဒေသခံ သူတော်စင်နယ်ပယ် ပညာရှင်များလည်း ထိုမြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကတိုက်ကရိုက် ထုတ်သွားကြသည်။
အခြား အဆင့်မြင့် အဆင့် တောက်ပသော သူတော်စင် သုံးယောက်မှာလည်း အလားတူပင်။
အခြားပါရမီရှင်များကို မတိုက်ခိုက်တော့ဘဲ အားလုံး ပြေးထွက်သွားကြသည်။ ထိုမြင်ကွင်းက သူတို့၏ နှလုံးသားထဲထိ အေးစက်သွားစေခဲ့ပေသည်။
တစ်ဖက်နှင့် တစ်ဖက်၊ မတွေ့ရသည်မှာ နှစ်ဝက်ခန့်သာ ရှိသေးသော်လည်း လုမင်က အဆင့်မြင့် အဆင့် တောက်ပသော သူတော်စင်နယ်ပယ် ပညာရှင်ကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်ပစ်လိုက်သည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။
"သွားကြစို့"
လုမင်လည်း ဆက်ပြီး မတိုက်ခိုက်တော့ပေ။ သူက အခွင့်အရေးကို ဆုပ်ကိုင်ပြီး ရုန်းထွက်ရန် ကြံလိုက်ခြင်း ဖြစ်သည်။
"မင်းတို့ သေလိုက်ကြစမ်း"
ထိုအချိန်တွင် အနောက်ဘက်မှ ကျယ်လောင်သော ဟန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက အရှိန်အဟုန်ဖြင့် ပျံသန်းလာနေ၏။ ၎င်းက တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ် အကျော်အမော် ဖြစ်သည်။
ယခင်က သူသည် ဆမ်ဆာရာဧကရာဇ်၏ သင်္ချိုင်းမှ နိယာမစွမ်းအားကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။ ဤကာလအတွင်း သူ့ကိုယ်သူ ကုသရန် တိတ်တဆိတ် လေ့ကျင့်နေခဲ့ရလေသည်။ ယခု ဖရိုဖရဲ တိုက်ပွဲသံများကို ကြားရတော့မှ ပြေးထွက်လာခြင်း ဖြစ်သည်။
"လူတိုင်းပဲ... တောင်နဲ့မြစ် ပန်းချီကားအတွင်းကို ဝင်ကြ"
လုမင်က အော်ပြောပြီး တောင်နှင့်မြစ် ပန်းချီကားကို ထုတ်ယူလိုက်သည်။ သူက လူတိုင်းကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဆွဲယူလိုက်၏။
သူက ပူဖောင်းလေး၊ ကမ္ပည်းတာအို ဒုတိယခန္ဓာတို့နှင့် ပူးပေါင်းခဲ့လျှင်ပင် တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်မှ အကျော်အမော်ကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။ သူတော်စင်နယ်ပယ်တွင် တစ်ဆင့်တက်သွားတိုင်း၊ တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်က အဆပေါင်းများစွာ တိုးလာမည် ဖြစ်သည်။ ကွာဟချက်က ကြီးမားလွန်းပေသည်။
လူအားလုံးကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ခေါ်ဆောင်ပြီးနောက်၊ ပူဖောင်းလေးက အချိန်ဟင်းလင်းပြင် လျှောက်လမ်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။ လုမင်က လျှောက်လမ်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ နောက်အခိုက်မှာတော့ မိုင်ပေါင်းသောင်းချီကာ ဝေးကွာသောနေရာတွင် ပြန်ပေါ်လာတော့သည်။
ပူဖောင်းလေးသည် အချိန်ဟင်းလင်းပြင် နိယာမကို နားလည်ပြီးနောက်၊ ရှုထောင့်အမျိုးမျိုးမှ သဘာဝအတိုင်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အချိန်ဟင်းလင်းပြင် လျှောက်လမ်းကို ဖောက်လုပ်နိုင်သော အကွာအဝေးသည်လည်း အဆများစွာ တိုးလာခဲ့ပေသည်။
ပူဖောင်းလေးက အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ထပ်မံ ဖွင့်လှစ်လိုက်သည်။ လုမင်က မိုင်ပေါင်း သောင်းနှင့်ချီ ဝေးကွာသောနေရာတွင် ပြန်ပေါ်လာ၏။ ဤကဲ့သို့ သုံးကြိမ် ခုန်ကျော်သွားပြီးနောက်မှာတော့ လုမင်ဟာ မိုင်တစ်သိန်းခန့် အကွာအဝေးကို ရောက်သွားတော့သည်။