အခန်း ၁၆၅၅
Vol. 111 Ch. 1655
အပိုင်း ( 1655 ) ဆိုးယုတ်သော ယွင်ခိုင်။
အထွတ်အထိပ် တောက်ပသော သူတော်စင်နယ်ပယ် ပညာရှင်သည် လုမင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အံ့ဩသွားသည်။ ထို့နောက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ထို့ပြင်၊ လုမင်က အဆင့်နိမ့် တောက်ပသော သူတော်စင်နှင့် အဆင့်မြင့် တောက်ပသော သူတော်စင်ကို သတ်ခဲ့သေးကြောင်း သိလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီး ဖြစ်သွားတော့သည်။
ဤတစ်ကြိမ်တွင်လည်း လုမင်နှင့် အခြားသူများကို ဖမ်းမမိခဲ့ပေ။
လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူကိုယ်တိုင် ဒဏ်ရာရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ကျွမ်းကျင်သူ နှစ်ဦးကို ဆုံးရှုံးခဲ့ရ၏။
သူတို့က ဤနေရာတွင် နှစ်ဝက်ခန့် ခါးသီးစွာ စောင့်နေခဲ့ကြသော်လည်း အဆုံးမှာတော့ လူတစ်ယောက်ကိုပင် မဖမ်းမိခဲ့ပါ။ သူတို့ မည်မျှ စိတ်ဓာတ်ကျနေမလဲဆိုတာ တွေးကြည့်နိုင်သည်။
"မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ထဲက အခြား အပြင်လူတွေကို လိုက်ရှာဖို့ မျိုးနွယ်စုအားလုံးကို အကြောင်းကြားလိုက်ပါ။ အနာဂတ်မှာ အပြင်လူတွေကို တစ်ယောက်တွေ့ တစ်ယောက် သတ်ရမယ်"
အထွတ်အထိပ် သူတော်စင်နယ်ပယ် ပညာရှင်က အမိန့်ပေးလိုက်သည်။ ဤအခိုက်တွင်၊ သူ၏ သတ်ဖြတ်လိုစိတ်တို့က အလွန်ပြင်းထန်နေတော့သည်။
..........
အချိန်ဟင်းလင်းပြင်ကို ခုန်ကျော်လာပြီးနောက် လုမင်က ဦးတည်ချက်ပြောင်းကာ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်၏ အစွန်အဖျားဆီသို့ ပျံသန်းသွားခဲ့သည်။
လုမင်၏ လက်ရှိအမြန်နှုန်းသည် အလွန်မြင့်မား၏။ သူက ကောင်းကင်မှ ပျံသန်းသွားသည်မှာ အလင်းတန်းတစ်ခုကဲ့သို့ပင်။ နေ့ဝက်အကြာတွင်၊ လုမင်က မျိုးစုတစ်ရာ စစ်မြေပြင်၏ အပြင်စက်ဝိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဟမ်"
ရုတ်တရက်၊ လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ့ရှေ့ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံများကို ကြားလိုက်ရ၏။ ယင်းက တိုက်ပွဲကြီးတစ်ခု၏ အသံပင်။
လုမင်လည်း ရှေ့သို့ ပျံသန်းသွားသည်။
မကြာမီ၊ လူငယ် လေးယောက်ကို ထူးဆန်းသော သားရဲအုပ်ကြီးက တိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။
"ဒါက သူတို့ပဲ... တိုက်ဆိုင်လိုက်တာ"
လုမင်က ပဟေဠိဆန်စွာ ပြုံးလိုက်သည်။
လူငယ်လေးယောက်မှာ ယွင်ရှီ၊ ယွင်ခိုင်နှင့် အခြားနှစ်ယောက် ဖြစ်၏။
မတွေ့ရသည်မှာ တစ်နှစ်ကျော်ကြာပြီးနောက် သူတို့လေးယောက်၏ ကျင့်ကြံခြင်းမှာလည်း များစွာ တိုးတက်လာကြသည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်သို့ ပထမဆုံး ဝင်ရောက်လာသောအခါတွင် ယွင်ရှီ၏ ကျင့်ကြံခြင်းအခြေခံမှာ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ဖြစ်သည်။ ယခုတော့ သူမက လုမင်ကဲ့သို့ သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ။
ယွင်ခိုင်နှင့် ကျန်နှစ်ဦးတို့သည်လည်း သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်ရှိခဲ့ကြသည်။
ယခုအချိန်မှာတော့ သူတို့က အန္တရာယ်ကျရောက်နေသည်။ ထူးဆန်းသော သားရဲအုပ်စုတစ်စု၏ လိုက်ဖမ်းခြင်းကို ခံနေကြရ၏။
ယွင်ရှီတို့ လေးယောက်မှာ အသည်းအသန်ပြေးရင်း စိတ်ဓာတ်ကျနေတော့သည်။
ဤကာလအတွင်း၌ သူတို့သည် မျိုးနွယ်စုတစ်ရာစစ်မြေပြင်၏ အစွန်အဖျားတစ်ဝိုက်တွင်သာ လှုပ်ရှားသွားလာနေခဲ့သည်။ ထို့ပြင် အပြင်စည်းမှ မြို့ကြီးအချို့တွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ကြပေသည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ဝက်ကျော်မှစ၍ ဒေသခံများဟာ ရူးသွပ်သွားကြသည်။ သူတို့က ပြင်ပမှ ပါရမီရှင်များကို အမဲလိုက်ခြင်းနှင့် ဖမ်းဆီးခြင်းများကို စတင် ပြုလုပ်လာကြ၏။
သူတို့လေးယောက်မှာတော့ ကံကောင်းထောက်မ၍ လွတ်မြောက်ပြီး လုံခြုံသောနေရာကို ရှာတွေ့ခဲ့ကြသည်။
ထိုသို့ဖြင့် သူတို့ ပုန်းနေတာ နှစ်ဝက်ကျော်ပြီ။ မကြာသေးမီကပင် သူတို့အားလုံး၏ ကျင့်ကြံခြင်းများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ ပြေးထွက်ပြီး တိမ်ဧကရာဇ်တောင်သို့ ပြန်သွားရန် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း သူတို့ထွက်လာပြီး မကြာမီပင် ထူးခြားသော သားရဲအုပ်စုတစ်စု၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရပေသည်။
ဤထူးခြားသော သားရဲအုပ်စု၏ အလုံးစုံတိုက်ခိုက်ရေးစွမ်းအားက သူတို့ထက် နှစ်ဆပိုသန်မာသည်။ သူတို့က လုံးဝ မခုခံနိုင်ပေ။
"မြန်မြန် ထိုးဖောက်ကြ"
ယွင်ရီက အော်ဟစ်လိုက်သည်။ သူမ၏ လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ ကခုန်နေပြီး သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ သားရဲသုံးကောင်ကို ပိတ်ဆို့လိုက်၏။
သူတို့က အရှိန်အဟုန်ဖြင့် ထိုးဖောက်ထွက်ချင်သော်လည်း သားရဲများက မလှုပ်သာအောင် ချုပ်ကိုင်ထားကြသည်။
"အား... ယွင်ခိုင်၊ မင်းဘာလုပ်နေတာလဲ"
ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ယွင်ခိုင်က ရုတ်တရက် တိုက်ခိုက်ပြီး ယွင်ချွယ်ကို လွင့်စဉ်သွားစေခြင်း ဖြစ်၏။ ထူးဆန်းသော သားရဲများစွာက ယွင်ချွယ်ဆီသို့ ချက်ချင်း ခုန်အုပ်လိုက်တော့သည်။
ယွင်ချွယ်က ဒေါသတကြီး အော်ဟစ်ပြီး အစွမ်းကုန် ပေါက်ကွဲကာ ခုခံရန် ကြိုးစားလိုက်သည်။
"ယွင်ခိုင်၊ နင်..."
ယွင်ရှီလည်း ဒေါသထွက်သွားသည်။
"ငါတို့သုံးယောက်ရဲ့ ဘဝအတွက် သူ့အသက်ကို လဲလှယ်ရတာ ထိုက်တန်ပါတယ်။ အခု အခွင့်အရေးယူပြီး ထွက်သွားကြရအောင်"
ယွင်ခိုင်က အော်ပြောလိုက်သည်။ သူ့မျက်လုံးများကတော့ အေးစက်နေ၏။
သားရဲအုပ်စုက ယွင်ခိုင်ကို အာရုံစိုက်သွားသောကြောင့် သူတို့အတွက် အခွင့်အရေးတစ်ခု ရလာသည်။ ယွင်ခိုင်က ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြေးထွက်ရန် ကြိုးစားလိုက်၏။
"အား၊ ယွင်ခိုင်... မင်းလည်း ကြောက်စရာကောင်းတဲ့ သေခြင်းမျိုး ကြုံရလိမ့်မယ်"
ယွင်ချွယ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"ရွှစ်"
သူ့လက်ကို သားရဲတစ်ကောင်က ကုပ်ဖြဲလိုက်၏။
"တောင့်ခံထားဦး"
ယွင်ရှီက အော်ဟစ်ပြီး ယွင်ချွယ်ဆီသို့ ပြေးသွားသည်။ သူမက သားရဲတစ်ကောင်ကို သုတ်သင်ပြီး ယွင်ချွယ်အား လက်မတင်လေး ကယ်တင်လိုက်၏။
'ဟမ့်၊ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ မင်းက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို အသုံးမချတတ်ဘူး။ ဒီလိုဆိုမှတော့ မင်းတို့အားလုံး ငရဲကို သွားကြတော့'
ယွင်ခိုင်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
"သူ့ကို မလွတ်စေနဲ့"
ထူးဆန်းသော သားရဲတစ်ကောင်က လူသား ဘာသာစကားဖြင့် ပြောလိုက်သည်။ ရုတ်တရက်၊ ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း သားရဲနှစ်ကောင်အပါအဝင် အစွမ်းထက်သော သားရဲများစွာက ယွင်ခိုင်နောက်သို့ လိုက်သွားကြ၏။
ယွင်ခိုင်၏ အမူအရာ ပြောင်းသွားသည်။ သူက ကိုယ်ဖော့ပညာကို အစွမ်းကုန်သုံးပြီး ဖုန်ထနေအောင် ပြေးလေတော့သည်။
နောက်အခိုက်အတန့်တွင် သူ့ရှေ့မှ လူတစ်ဦးကို မြင်လိုက်သောကြောင့် သူ့အမူအရာ ပြောင်းသွားသည်။
ထိုလူက သဘာဝအတိုင်း လုမင်သည်ပင်။
"လုမင်... မင်းပဲ၊ မင်းရောက်လာတာက အချိန်ကောင်းပဲ။ သားရဲတွေကို တွန်းလှန်ဖို့ ငါတို့ကိုကူညီဦး"
ယွင်ခိုင်က အော်ပြောလိုက်သည်။ အေးစက်သောအလင်းရောင်တစ်ခုက သူ့မျက်လုံးထဲတွင် တောက်ပလာပြီး လုမင်ဆီသို့ ပြေးသွား၏။
သူက ကိုယ်လွတ်ရုန်း ပြေးနိုင်ရန်အတွက် လုမင်အား သားရဲကောင်များဆီသို့ ဆွဲချလိုကြောင်း ထင်ရှားသည်။ သူ့ရည်ရွယ်ချက် ဆိုးယုတ်လှပေသည်။
လုမင်က အမူအရာမပြောင်းဘဲ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
ယွင်ခိုင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များပေါ်လာပြီး လုမင်ဆီသို့ အရှိန်ဖြင့် ပြေးလာ၏။
"ထွက်သွား"
ရုတ်တရက်၊ လုမင်က အော်ငေါက်လိုက်သည်။
ဤအသံတွင် နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုထား၏။ ယွင်ခိုင်မှာ နာကျင်စွာ အော်ဟစ်ရင်း လေထဲတွင် တောင့်တောင့်ကြီး ရပ်သွားလေတော့သည်။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယွင်ခိုင်ကိုဖြတ်သွားပြီး ယွင်ရှီနှင့် အခြားသူများအနားတွင် ပြန်ပေါ်လာသည်။
"သတ်"
လုမင်က ထပ်မံအော်လိုက်သည်။ နတ်ဘုရားဓားကျင့်စဉ်ဖြင့် အသံလှိုင်းက သားရဲများကို ရိုက်ခတ်သွား၏။
"ဝုန်း... ဝုန်း..."
ထူးဆန်းသော သားရဲအများအပြားမှာ အသက်ဓာတ် ပျောက်ကွယ်ပြီး လေထဲမှ ပြုတ်ကျသွားတော့သည်။
လုမင်၏ အော်ငေါက်သံက ဒုတိယအဆင့် သူတော်စင်တစ်ပိုင်း သားရဲများ အပါအဝင် သားရဲများစွာ၏ ဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်သည်။
ယွင်ရှီနှင့် ကျန်နှစ်ဦးတို့ အံ့ဩသွားကြလေသည်။
လုမင်၏ အော်သံတစ်ချက်ဖြင့် သူတို့ကို အမဲလိုက်နေသော သားရဲများစွာကို သေဆုံးစေခဲ့သည်။ ယင်းကြောင့် သူတို့မှာ အိပ်မက်မက်နေသလို ခံစားလိုက်ကြရလေသည်။
ထို့နောက် လုမင်က လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ယွမ်ချီစွမ်းအင် ကြိုးသုံးချောင်းဖြင့် ယွင်ရှီတို့သုံးယောက်ကို ချည်နှောင်ပြီး အမြန်ပြန်ဆုတ်သွား၏။
ထိုထူးဆန်းသောသားရဲများမှာလည်း လုမင်အား ကြောက်လန့်တကြားဖြင့်ကြည့်ကာ ဆက်မလိုက်ဝံ့တော့ပေ။
"အား... ကယ်ကြပါဦး"
ထိုအချိန်တွင် ယွင်ခိုင်ကာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။
လုမင်၏ အော်ငေါက်သံက ယွင်ခိုင်ကို မသတ်ခဲ့သလို ဒဏ်ရာပင် မရရှိစေခဲ့ပေ။ နာကျင်မှုကို ခံစားရပြီး သူ့ခန္ဓာကိုယ် ရပ်တန့်သွားခြင်းသာ ဖြစ်သည်။ ယခုမူ သူ့ကို ထူးဆန်းသော သားရဲများက ဝန်းရံထားကြပြီ။
သူတစ်ယောက်တည်းဖြင့် သားရဲများကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူ့ခန္ဓာကိုယ်တွင် နောက်ထပ် ဒဏ်ရာ အနည်းငယ် ချက်ချင်း ပေါ်လာသည်။
လုမင်၊ ယွင်ရှီနှင့် အခြားလူများက သူ့အား အေးစက်စက်ဖြင့်သာ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင်၊ ယွင်ရှီတို့ကို တိုက်ခိုက်ခဲ့သော သားရဲများက ထိုမြင်ကွင်းကိုမြင်သွားပြီး ယွင်ခိုင်ဆီသို့ ပြေးသွားကြ၏။
ယွင်ခိုင်လည်း ပို၍ပင် ထိတ်လန့်လာတော့သည်။
"လုမင်၊ ငါ့ကိုကယ်ပါ... ကယ်ပါဦး။ ငါက ယွင်ဧကရာဇ်တောင်ရဲ့ တပည့်တစ်ယောက်နော်။ မင်းက ငါ့ကို ဒီအတိုင်း ချန်ထားခဲ့လို့မရဘူး"
လုမင်က ခေါင်းခါယမ်းလိုက်သည်။ ဤအချိန်မျိုးမှာပင် ယွင်ခိုင်က ယွင်ဧကရာဇ်တောင်ဖြင့် သူ့ကို ခြိမ်းခြောက်နေသေးသည်။ မိုက်မဲလွန်းသည်။
"ဖြောင်း"
ယွင်ခိုင်၏ ခြေထောက်တစ်ဖက်ကို သားရဲတစ်ကောင်က ကုပ်ဖြဲပြီး ချိုးလိုက်သည်။ သူက ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်၏။
"လုမင်... ယွင်ရှီ၊ ငါမှားတယ်... ငါမှားပါတယ်၊ ငါ့ကိုကယ်ပါ... ငါ့ကိုကယ်ကြပါ..."
သို့သော်လည်း နောက်အခိုက်တွင် သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ သားရဲတစ်ကောင်က သူ့ဦးခေါင်းကို ကိုက်ချလိုက်သည်။ ယွင်ခိုင်လည်း လက်မခံနိုင်စွာ အော်ဟစ်နေရင်း သေဆုံးသွားတော့သည်။
"ဂါး..."
ထိုထူးဆန်းသောသားရဲများက လုမင်အား သတိထားကာ လှမ်းကြည့်လိုက်ကြသည်။ သို့သောလည်း သူတို့က မတိုက်ခိုက်ဝံ့ဘဲ လှည့်ပြေးသွားကြလေသည်။
"ယွင်ခိုင်၊ မင်းက တကယ်သေသင့်တဲ့ကောင်ပဲ"
ယွင်ချွယ်က မုန်းတီးစွာ ပြောလိုက်သည်။
ယခင်က ယွင်ခိုင်သည် သူ့ကို ကြံစည်ခဲ့ဖူးသောကြောင့် ယခုအချိန်တွင် အနည်းငယ်မျှ စာနာသနားစိတ် မရှိတော့ပါ။
"သူက တကယ်ကို သေသင့်ပါတယ်"
ယွင်ရှီလည်း အေးစက်စက်ဖြင့် ပြောလိုက်လေသည်။ ထို့နောက် လုမင်အား လက်ယှက်ပြကာ ပြောလိုက်သည်။
"လုမင်၊ နင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"