← Chapters

အခန်း ၁၆၅၆

Vol. 111 Ch. 1656

အခန်း ၁၆၅၆

Vol. 111 Ch. 1656

အပိုင်း ( 1656 ) ကောင်းကင်ကိုးခုနှင့် နယ်‌မြေဆယ်ခု။

ထို့နောက်တွင် ယွင်ချွယ်နှင့် အခြားလူငယ် ယွင်ဖုန်းတို့ကလည်း လုမင်အား ကျေးဇူးတင်စကား ပြောဆိုလိုက်ကြသည်။

ယခင်က၊ လုမင်သည် သူတို့နှင့် လိုက်ချင်သောအခါ လုမင်အား နှိမ့်ချခဲ့သည်။

ထိုအချိန်က လုမင်၏ ကျင့်ကြံခြင်းအခြေခံမှာ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ လုမင်က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် သူတို့၏အင်အားကို အသုံးချပြီး သူ့ကိုယ်သူ လေ့ကျင့်လိုသည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း ယခုအခါ တစ်နှစ်ကျော်ကြာပြီးနောက်၊ လုမင်က သူတို့၏မျက်လုံးထဲတွင် နားမလည်နိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင်၊ လုမင်က သူတို့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့၏။ ထိုသို့မဟုတ်ပါက၊ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းတို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုချင်လို့ မင်းတို့ကို ကယ်တင်ခဲ့တာ"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်သည် စန်းပြည်နယ်နှင့် အလွန်ဝေးကွာသည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်မရှိဘဲ ပျံသန်းသွားပါက အချိန်မည်မျှ ကြာမြင့်မည်မှန်း သူ မသိနိုင်ပါ။ စန်းပြည်နယ်နှင့် အနီးဆုံးက ယွင်ပြည်နယ် ဖြစ်သည်။

စန်းပြည်နယ်သို့ ပြန်လိုပါက၊ ယွင်ပြည်နယ်ကို အရင်သွားရလိမ့်မည်။

ယွင်ရှီ၊ ယွင်ချွယ်နှင့် ယွင်ဖုန်းတို့၏ မျက်နှာအမူအရာများက အိုးတိုးအမ်းတမ်း ဖြစ်သွားကြသည်။

"သွားကြရအောင်"

လုမင်က ပြောပြီး မျိုးနွယ်စုတစ်ရာစစ်မြေပြင် အပြင်ဘက်သို့ ပျံသန်းသွားသည်။

ယွင်ရှီနှင့် အခြားလူများလည်း ကမန်းကတန်း လိုက်ကြလေသည်။

ယခုအခါ သူတို့က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်နှင့် သိပ်မဝေးကြတော့ပေ။ မကြာမီ၊ သူတို့က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှထွက်ပြီး အပြင်ဘက်တွင် ပြန်ပေါ်လာကြသည်။

မျိုးနွယ်စုတစ်ရာစစ်မြေပြင်မှ ထွက်လိုက်သည်နှင့် တပြိုင်နက်၊ လုမင်သည် မိုးနှင့်မြေ၏ ကစဉ့်ကလျား နိယာမများက ပို၍ ရှင်းလင်းပြီး ပြတ်သားလာသလို ခံစားလိုက်ရသည်။

နောက်ဆုံးတွင်၊ မျိုးနွယ်စုတစ်ရာ စစ်‌မြေပြင်အတွင်းမှ နိယာမများက ရှုပ်ထွေးလွန်းလှသည်။

'မျိုးနွယ်စုတစ်ရာ စစ်မြေပြင်အပြင်က သူတော်စင်တွေက အတွင်းက သူတော်စင်တွေထက် ပိုပြီး အားကောင်းနိုင်တယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် နိယာမများက ဖရိုဖရဲ ဖြစ်နေသည်။ သူတော်စင်များက သူတို့ဆန္ဒအတိုင်း နိယာမများကို မထိန်းချုပ်နိုင်ပေ။ တူညီသောအဆင့် တိုက်ပွဲတွင်၊ အပြင်ဘက်ရှိ သူတော်စင်များက ပို၍ အားကောင်းနိုင်သည်။

"လုမင်၊ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို သွားကြရအောင်"

ယွင်ရှီက ပြောလိုက်သည်။

"ခဏနေဦး"

လုမင် ပြောလိုက်၏။ ထို့နောက် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး လူအုပ်ကြီး ထွက်ပေါ်လာရာ ယွင်ရှီတို့သုံးဦးစလုံး အံ့ဩထိတ်လန့်သွားတော့သည်။

အထူးသဖြင့် ဤလူအုပ်စု၏ ကျင့်ကြံခြင်းအခြေခံများကို ခံစားမိသောအခါ သူတို့၏ အမူအရာမှာ ပြောင်းလဲသွားကြသည်။

ဤလူအုပ်စု၏ ကျင့်ကြံခြင်းအခြေခံက သူတို့ထက် အားမနည်းကြပေ။ ဆိုရလျှင်၊ အများစုက သူတို့ထက် ပိုသန်မာကြသည်။ အချို့ဆိုလျှင်၊ အရှိန်အဝါများက အလွန်နက်နဲပြီး မှန်းဆ၍ပင် မရပေ။

ပါရမီရှင်များ၊ အားလုံးက ပါရမီရှင်များ ဖြစ်ကြသည်။

ယွင်ရှီတို့ သုံးဦးစလုံး အံ့ဩတုန်လှုပ်ပြီး မျက်လုံးများ ပြူးသွားကြလေသည်။ လုမင်နှင့်အတူ ဤမျှကြီးမားသော အင်အားတစ်ခုက အမှန်တကယ် ရှိနေသည်။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင်၊ လုမင်က ဘာတွေကိုများ ကြုံတွေ့ခဲ့ရသနည်း။

ဤလူများက ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် အခြားသူများသာ ဖြစ်ကြသည်။

ဟွမ်လင်နှင့် ကျန်လူများက ထွက်လာကြပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ကြလေသည်။

"အဲ၊ ဒီနေရာမှာ နိယာမရဲ့ ခံစားချက်က မျိုးနွယ်စုတစ်ရာ စစ်မြေပြင်နဲ့ မတူဘူး"

"ဟားဟားဟား၊ ငါတို့ထွက်လာကြပြီ"

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ ထွက်လာပြီဖြစ်ကြောင်း ခံစားမိသောအခါ သူတို့အားလုံး အလွန်ဝမ်းသာသွားကြသည်။

နောက်ဆုံးမှာတော့ သူတို့ အန္တရာယ် ကင်းသွားပြီ။

လူအများစုကတော့ ဤလမ်းကြောင်းအတိုင်း ပြန်ကြရမည် မဟုတ်ပါ။ သို့သော်လည်း မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ ထွက်ခွာနိုင်သရွေ့ ပြန်ရန် လွယ်ကူမည် ဖြစ်သည်။ သူတို့အတွက် အချိန်နည်းနည်း ပိုယူရရုံသာ ရှိလိမ့်မည်။

ထို့နောက် အားလုံးက လုမင်ကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြသည်။ ယွင်ရှီနှင့် အခြားလူများကတော့ ဘေးမှကြည့်နေကာ အံ့ဩပြီးရင်း အံ့ဩနေကြတော့သည်။

"လုမင်၊ နင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် နောင်မှာ စန်းပြည်နယ်ကနေ ထွက်လာရမှာ သေချာတယ်။ နောက်ဆုံးတော့ စန်းပြည်နယ်က သေးလွန်းတယ်လေ။ အနာဂတ်မှာ နင် စန်းပြည်နယ်က ထွက်လာတဲ့အခါ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ ငါ့ကို လာပြီးရှာလို့ရတယ်"

ဟွမ်လင်က လုမင်ကိုကြည့်ကာ ပြောလိုက်သည်။ သူ့မျက်လုံးများတွင် တွန့်ဆုတ်မှု အရိပ်အယောင်များ ရှိနေလေ၏။ သို့သော်လည်း အပြင်ကို ထုတ်မပြဘဲ ကောင်းစွာ ဖုံးကွယ်ထားလေသည်။

"ရှေးဟောင်းလ မြင့်မြတ်နယ်မြေ"

လုမင် အံ့ဩသွားသည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေအကြောင်း သူ တစ်ခါမျှ မကြားဖူးပေ။

"နင် မကြားဖူးဘူးလား"

ဟွမ်လင်က မေးသည်။

"ဟုတ်တယ်၊ ငါက ယွမ်လုတိုက်ကြီးရဲ့ အပြင်က လာတာလေ။ စန်းပြည်နယ်မှာလည်း ရှေးစာပေတွေမရှိတော့ တိုက်ကြီးနဲ့ သိပ်မရင်းနှီးဘူး"

လုမင်က ပြောလိုက်သည်။

"နင်က ပျက်စီးခြင်းနယ်မြေကနေ လာတာလား"

ဤတစ်ကြိမ်တွင်၊ ဟွမ်လင်သာမကဘဲ အခြားသော ပါရမီရှင်များလည်း အံ့သြသွားကြသည်။

လုမင်က ပါရမီရှင်တစ်ဦးဖြစ်သော်လည်း အမှန်တကယ်ပင် ပျက်စီးခြင်းနယ်မြေမှ ဆင်းသက်လာသူ ဖြစ်၏။ ယင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။

"ပျက်စီးခြင်းနယ်မြေလား"

လုမင်မှာလည်း ပို၍ပင် အံ့ဩရ၏။ ဟွမ်လင်နှင့် အခြားသူများပြောခဲ့သည့် နေရာများကို အဘယ်ကြောင့် သူ မကြားဖူးရသနည်း။

ထိုစဉ်က တိမ်နဂါးတောင်ကြား၏ တောင်ကြားသခင်က သူ့ကို မြေပုံတစ်ခု ပေးခဲ့သည်။ သို့သော်လည်း ၎င်းက စန်းပြည်နယ်အနီးရှိ ပြည်နယ်ကြီး ဒါဇင်ချီအကြောင်းကိုသာ ဖော်ပြထားလေသည်။

"လုမင်၊ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ပိုင်းခြားမှုကို ငါ ပြောပြပါရစေ။ ဒဏ္ဍာရီအရတော့ ကောင်းကင်နဲ့ မြေပြင်ကြားမှာ ကောင်းကင်ကိုးခုနဲ့ နယ်မြေဆယ်ခု ရှိတယ်"

"ဒဏ္ဍာရီအရ ကောင်းကင်ကိုးခုဟာ ယွမ်လု(ရှေးဦးလောက)မှာ မဟုတ်ဘဲ ကောင်းကင်ဘုံမှာတဲ့။ ကောင်းကင်ဘုံနဲ့ ယွမ်လုကို အမွှာကမ္ဘာလို့ ဆိုထားတယ်။ ကောင်းကင်ဘုံမှာ ကောင်းကင်ကိုးခုရှိပြီး ယွမ်လုမှာတော့ နယ်မြေဆယ်ခု ပိုင်းခြားထားတယ်"

"ကောင်းကင်ဘုံရဲ့ ကောင်းကင်ကိုးခုအကြောင်းကိုတော့ ငါလည်း သေချာမသိပါဘူး။ နောက်ဆုံးမှာတော့ ငါတို့နဲ့ ဝေးကွာလွန်းတယ်။ ယွမ်လုရဲ့ နယ်မြေဆယ်ခုက ပျက်စီးခြင်းနယ်မြေ၊ ပြစ်မှုနယ်မြေ၊ အဆုံးမဲ့နတ်ဆိုးနယ်မြေ၊ နတ်သားရဲ နယ်မြေ၊ ဓာတ်ကြီးငါးပါးနယ်မြေ၊ ကောင်းကင်လူရိုင်း နယ်မြေ၊ ကျိုးယိုးနယ်မြေ၊ ယွမ်ရှန်နယ်မြေနဲ့ နတ်ကံကြမ္မာနယ်မြေတဲ့"

"အဲဒီအထဲမှာ ပျက်စီးခြင်းနယ်မြေက ယွမ်လုအပြင်ဘက်ပိုင်းက အဆုံးမဲ့ကျွန်းတွေကို ရည်ညွှန်းတယ်။ ကျွန်းအားလုံးကို စုပေါင်းပြီး ပျက်စီးခြင်းနယ်မြေလို့ ခေါ်တာ"

ဟွမ်လင်က အသေးစိတ်ရှင်းပြလိုက်သည်။

"ယွမ်လုအပြင်ဘက်မှာ အကန့်အသတ်မဲ့ ပင်လယ်ကြီးနဲ့ အဆုံးမဲ့ကျွန်းတွေ ရှိတယ်လေ။ ဒါတွေက တကယ်တော့ ‌နယ်မြေဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ပျက်စီးခြင်းနယ်မြေပဲလား"

လုမင် အနည်းငယ် အံသြသွားသည်။

"ဟုတ်တယ်၊ အခု ငါတို့ရောက်နေတဲ့ နယ်မြေကျတော့ နယ်မြေကြီးဆယ်ခုထဲက ယွမ်ရှန်နယ်မြေပဲ"

"ယွမ်ရှန်နယ်မြေကလည်း ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး။ နယ်မြေက ကျယ်ဝန်းလွန်းလို့ တွက်ချက်ဖို့တောင် ခက်ခဲတယ်။ ယွမ်ရှန်မှာ မရေမတွက်နိုင်တဲ့ အင်အားစုကြီးငယ်တွေ ရှိတယ်။ ဧကရာဇ်အဆင့် အင်အားစုတွေနဲ့ မရေမတွက်နိုင်သော ပါရမီရှင်တွေ ရှိကြတယ်"

"ဒါပေမဲ့ ယွမ်ရှန်မှာ အကျော်ကြားဆုံး နေရာကိုးခု ရှိတယ်။ အဲဒါတွေက မဟာ မြင့်မြတ်နယ်မြေ ကိုးခုတဲ့။ မြင့်မြတ်နယ်မြေကိုးခုမှာ တစ်ခုစီက ကျင့်ကြံခြင်းအတွက် ကောင်းချီးနယ်မြေတွေပဲ။ ပတ်ဝန်းကျင်ရေမြေက ထူးခြားပြီး၊ အခြားနေရာတွေထက် သာလွန်တယ်လေ။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေကတာ့ မဟာ မြင့်မြတ်နယ်မြေကြီး ကိုးခုထဲက တစ်ခုပဲ"

"မြင့်မြတ်နယ်မြေ တစ်ခုစီမှာ အစွမ်းထက် အင်အားစုကြီးတွေ အများကြီး ရှိတယ်။ ငါ့ရဲ့ ဖီးနစ်နန်းတော်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ ရှိတယ်လေ။ တကယ်တော့ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရဲ့ တည်နေရာက ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ ပိုင်နက်အတွင်းမှာ... ဒါကြောင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို လာရောက်လေ့ကျင့်တဲ့ ပါရမီရှင်တွေက ရှေးဟောင်းလ မြင့်မြတ်နယ်မြေအပြင် ရှေးဟောင်းလ မြင့်မြတ်နယ်မြေအနီးက ပြည်နယ်ကြီးတချို့ရဲ့ ဧကရာဇ်အဆင့် အင်အားစုတွေကပဲ"

ဟွမ်လင်က ဆက်လက် ရှင်းပြလိုက်သည်။

လုမင်လည်း အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။ သူ့မျက်လုံးများက အံ့ဩတုန်လှုပ်မှုတို့ ပြည့်နေသည်။

နောက်ဆုံးတွင်၊ ယွမ်ရှန်နယ်မြေအကြောင်းကို ပို၍ ရှင်းလင်းစွာ နားလည်လာခဲ့ပြီ။

ကျယ်ပြောသည်၊ ကျယ်ပြောလွန်းပေသည်။

စန်းပြည်နယ်က အလွန်ကျယ်ပြန့်သည်။ သို့သော်လည်း ၎င်းက ရှေးဟောင်းလ မြင့်မြတ်နယ်မြေအနီးရှိ ပြည်နယ်များစွာထဲမှ တစ်ခုသာဖြစ်၏။

ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၌ ပို၍ အားကောင်းသော အင်အားစုကြီးများ ရှိနေသေးသည်။

ယွမ်ရှန်တွင် ထိုသို့သော မဟာမြင့်မြတ်နယ်မြေ ကိုးခုနှင့် ပြည်နယ်ပေါင်းများစွာ ရှိသည်။ ယင်းက မည်မျှ ကြီးမားပါသနည်း။

သို့သော်လည်း ယွမ်ရှန်က ယွမ်လု၏ နယ်‌မြေကြီး ဆယ်ခုထဲမှ တစ်ခုသာ ဖြစ်နေပြန်သည်။

ဤမျှကျယ်ပြောသော နယ်မြေကြီးတွင် ပါရမီရှင်များနှင့် အကျော်အမော်များက မည်မျှရှိနေပါမည်နည်း။

ဤကျယ်ပြောလှသော နယ်မြေကြီးပေါ်တွင် နေ့စဉ်နှင့်အမျှ အကျော်အမော်များ မည်မျှကျဆုံးပြီး မည်မျှ မွေးဖွားလာမည်နည်း။ မည်သူမျှ မသိနိုင်ပေ။ ပါရမီရှင်များ၏ တိုးတက်မှု၊ ကျဆင်းမှုကလည်း ရေတွက်၍ရမည် မထင်ပါ။

လုမင်၏ မျက်လုံးများက ခိုင်မာသော မျှော်လင့်ချက်များဖြင့် ပြည့်လာသည်။

စန်းပြည်နယ်က အလွန်သေးငယ်နေသေးသည်။ နောင်တွင် သူက စန်းပြည်နယ်မှ ထွက်ခွာပြီး ပြင်ပကမ္ဘာကို စူးစမ်းလေ့လာမည် ဖြစ်သည်။

"ညီနောင်လု၊ မင်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေကို ရောက်လာရင် ငါ့ကိုလာရှာဖို့ မမေ့ပါနဲ့။ ပြီးရင် ငါတို့ ရင်ဘတ်ကြီးနဲ့ သောက်ကြမယ်"

ယဲ့တုန်ဖန့်က ပြောလိုက်သည်။

မိုးကြိုးနတ်ဘုရားဂိုဏ်းကလည်း ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၌ ရှိပေသည်။

ချက်ခြင်းပင်၊ အခြားသော ပါရမီရှင်များကလည်း လုမင်အား ဖိတ်ခေါ်လိုက်ကြသည်။

သို့သော်လည်း၊ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အင်အားစုများမှ အနည်းငယ်သာ ရောက်ရှိလာကြသည်။ အခြားအင်အားစုများက ရှေးဟောင်းလ မြင့်မြတ်နယ်မြေတစ်ဝိုက်ရှိ ဧကရာဇ်အဆင့် အင်အားစုများမှ ဖြစ်ချေသည်။

All Chapters