အခန်း ၁၆၅၇
Vol. 111 Ch. 1657
အပိုင်း ( 1657 ) ချင်ယွဲ့၏ တည်နေရာ။
"ဟွမ်လင်၊ ညီနောင်ယဲ့နဲ့ အားလုံးကို ငါ့စိတ်ထဲမှာရှိနေတဲ့ သံသယတစ်ခုကို မေးချင်တယ်"
လုမင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ညီနောင်လု၊ ပြောမှာသာ ပြောပါ"
ယဲ့တုန်ဖန့်က ပြောသည်။
"ကမ္ဘာပေါ်မှာ တစ်ခုတည်းသော' ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား"
လုမင် မေးလိုက်၏။
ဟိုးယခင်က လုမင် အလွန်အားနည်းနေသေးချိန်တွင်၊ လူတစ်ဦးသည် ရှမ်းဟွမ်တိုက်ကြီးသို့ ရောက်လာပြီး ချင်ယွဲ့ကို ခေါ်ဆောင်သွားခဲ့သည်။ သူက 'ရှမ်းဟွမ်ရဲ့အထက်...၊ ကမ္ဘာပေါ်၌ တစ်ခုတည်းသော' ဟူသော စကားတို့ကို ချန်ထားခဲ့ပေသည်။
လုမင်သည် ၎င်းက ရှမ်းဟွမ်တိုက်ကြီး၏ အထက်မှ အားကောင်းသော နေရာတစ်ခုကို ရည်ညွှန်းမှန်း နားလည်သည်။
သို့သော်လည်း ပျက်စီးခြင်းနယ်မြေကဲ့သို့ ကြီးမားလွန်းသော နယ်မြေကြီးများတွင် အင်အားတစ်ခုကို ရှာဖွေလိုပါက လွယ်ကူမည် မဟုတ်ချေ။
ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် အခြားသူများကတော့ ဧကရာဇ်အဆင့် အင်အားစုကြီးများမှ ဖြစ်ကြသောကြောင့် ကိစ္စရပ်များစွာကို သိနိုင်သည်။ ထို့ကြောင့် လုမင်က မေးမြန်းရခြင်း ဖြစ်သည်။
ချင်ယွဲ့နှင့် လမ်းခွဲခဲ့သည်မှာ ဆယ်နှစ်ကျော်သွားပြီ။ လုမင်လည်း သူမကို အလွန်လွမ်းဆွတ်နေပြီး ယခုအခါ သူမ ဘယ်လိုနေလဲ သိချင်နေမိသည်။
"ကမ္ဘာမှာ တစ်ခုတည်းသောလား"
ဟွမ်လင်၊ ယဲ့တုန်ဖန့်နှင့် အခြားသူများလည်း စဉ်းစားနေဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ၊ ဟွမ်လင်နဲ့ ညီနောင်ယဲ့... မင်းတို့ မသိကြဘူးလား"
လုမင် အနည်းငယ် စိတ်ပျက်သွား၏။
"ကမ္ဘာပေါ်မှာ တစ်ခုတည်းသော... ဒီလောကမှာ မာနကြီးပြီး ဒီလိုဘွဲ့မျိုးကို ခေါ်ဆောင်ဝံ့သူက 'တစ်ခုတည်းသော နတ်နန်းတော်'ပဲ ရှိလိမ့်မယ်"
ဟွမ်လင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ငါလည်း ဒီလိုပဲ ထင်တယ်။ တစ်ခုတည်းသော နတ်နန်းတော်ကလွဲလို့ ကမ္ဘာပေါ်မှာ တစ်ဆူတည်းလို့ ဆိုဝံ့တဲ့သူ ဘယ်သူရှိမှာလဲ"
ယဲ့တုန်ဖန့်လည်း ခေါင်းညိတ်လိုက်၏။
"နတ်နန်းတော်... အဲဒါက ဘယ်မှာရှိတာလဲ။ ဧကရာဇ်အဆင့် အင်အားစုလား"
လုမင်၏ မျက်လုံးများက တောက်ပလာပြီး အလောတကြီး မေးလိုက်သည်။
"နတ်နန်းတော်က ယွမ်ရှန်နယ်မြေမှာရှိပါတယ်၊ ဒါပေမဲ့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှာ မဟုတ်ဘူး... အခြား မြင့်မြတ်နယ်မြေတစ်ခုမှာ ရှိတာ။ နောက်ပြီးတော့ နတ်နန်းတော်က အရမ်း ကြောက်စရာကောင်းတဲ့ အင်အားစုကြီးတစ်ခုပဲ။ နတ်နန်းတော်ရဲ့ ပညာရှင်တွေကလည်း ကြောက်စရာကောင်းအောင် အစွမ်းထက်ကြတယ်"
"ငါကြားတာကတော့ နတ်နန်းတော်မှာ တပည့် များများမရှိဘူးတဲ့... ဒါပေမဲ့ တစ်ယောက်စီတိုင်းကလည်း ကြောက်စရာကောင်းအောင် အစွမ်းထက်ကြတယ်။ ဥပမာအားဖြင့် မီးနိယာမကို လေ့ကျင့်ထားသူချင်းတူရင်တောင် နတ်နန်းတော်ရဲ့ တပည့်က အခြား မီးနိယာမ လေ့ကျင့်ထားသူကို အနိုင်ယူနိုင်တယ်"
"နိယာမချင်းတူရင်တောင် တစ်ဖက်လူကို ဖိနှိပ်နိုင်တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပါရမီရှင်တွေပဲလေ။ ဒါက ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ"
ဟွမ်လင်က ရှင်းပြလိုက်သည်။
"သူတို့တစ်ယောက်ချင်းစီက တစ်ကမ္ဘာလုံးမှာ တစ်ယောက်တဲ့လား"
လုမင်၏စိတ်ထဲတွင် အနည်းငယ် ယုံရခက်ခက် ဖြစ်ရသည်။
ယွမ်လုတိုက်ကြီးသည် အလွန်ကျယ်ပြောပြီး ပညာရှင်များက တိမ်တိုက်များကဲ့သို့ ပေါများသည်။ နိယာမပေါင်း သောင်းနှင့်ချီရှိသော်လည်း ၎င်းတို့ကို လေ့ကျင့်နေသူများက ပိုများ၏။ အထူးသဖြင့် မီးနိယာမနှင့် ရေနိယာမကဲ့သို့ သာမာန်နိယာမ အမျိုးမျိုးကို လေ့ကျင့်သူမှာ များပြားလွန်းလှသည်။ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူဟု မည်သူက ပြောဝံ့ပါမည်နည်း။
တစ်ခုတည်းသော နတ်နန်းတော်၏ လေသံက မြင့်လွန်းအားကြီးသည်။
"တစ်ခုတည်းသော နတ်နန်းတော်ရဲ့ လေသံက မြင့်မားလွန်းတာ မှန်ပါတယ်။ ကမ္ဘာပေါ်မှာ ပါရမီရှင်တွေ အများကြီးရှိတယ်။ သူတို့ကိုယ်သူတို့ နံပါတ်တစ်နဲ့ တစ်ဦးတည်းသောသူလို့ ဘယ်သူက ကြေညာမောင်းခတ်ဝံ့မှာလဲ။ ဒါပေမဲ့လည်း နတ်နန်းတော်ရဲ့ တပည့်တွေက အရမ်း ကြောက်စရာကောင်းကြတာကိုတော့ ငါ ဝန်ခံရလိမ့်မယ်။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သန်မာလွန်းပြီး သူတို့ကိုယှဉ်နိုင်သူက လက်ချိုးရေနိုင်တယ်"
ဟွမ်လင်က ပြောလိုက်သည်။
"ဟုတ်တယ်၊ နတ်နန်းတော်မှာ ထူးခြားတဲ့ အရည်အချင်းရှိသူတွေကို ကမ္ဘာအနှံ့ ခြေဆန့်ပြီး လိုက်ရှာနေတဲ့ ကျွမ်းကျင်သူတွေ ရှိတယ်တဲ့။ သူတို့ ပြန်လာတဲ့အခါ အဲဒီလူကို အရင်းမြစ်မျိုးစုံနဲ့ အကောင်းဆုံး လေ့ကျင့်ပေးလိမ့်မယ်"
ယဲ့တုန်ဖန့်ကလည်း ထောက်ခံပြောဆိုလိုက်သည်။
ယဲ့တုန်ဖန့်၏ စကားကြောင့် လုမင်၏ မျက်လုံးများမှာ ပို၍ တောက်ပသွားလေသည်။
တစ်ခုတည်းသော နတ်နန်းတော်တွင် ထူးခြားသော အရည်အချင်းရှိသူများကို ရှာဖွေရန်နှင့် ပြုစုပျိုးထောင်ပေးရန် ကမ္ဘာအနှံ့သို့ လှည့်ပတ်သွားလာနေသော ပညာရှင်များ ရှိသည်။ သို့ဆိုလျှင်၊ နတ်နန်းတော်မှ တစ်စုံတစ်ယောက်က ရှမ်းဟွမ်တိုက်ကြီးသို့ ရောက်လာပြီး ချင်ယွဲ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်လိမ့်မည်။
သဲလွန်စတချို့တော့ ရခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ အနာဂတ်တွင် နတ်နန်းတော်သို့ သူ ခရီးထွက်ရမည်။
"ငါ့သံသယကို ဖြေရှင်းပေးတာ ကျေးဇူးတင်ပါတယ်"
လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။
"ညီနောင်လု၊ မင်းက ယဉ်ကျေးလွန်းပါပြီ။ ဒါဆို ငါ အရင်ထွက်သွားတော့မယ်။ မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ကို နောက်ထပ် ပါရမီရှင်တွေ မဝင်ရောက်မိအောင် ဂိုဏ်းကို အမြန်ဆုံး သတင်းပို့ရမယ်"
ယဲ့တုန်ဖန့်က ပြောလိုက်သည်။
ထို့နောက် အခြားသူများကလည်း လုမင်အား နှုတ်ဆက်လိုက်ကြလေသည်။
အဆုံးတွင် ဟွမ်လင်နှင့် ဖီးနစ်နန်းတော်မှ လူများသည်လည်း နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။ နေရာတွင် လုမင်နှင့် ယွင်ရှီတို့ သုံးဦးသာ ကျန်တော့သည်။
"သွားကြရအောင်"
လုမင် ပြောလိုက်သည်။
ယွင်ရှီနှင့် အခြားသူများလည်း အလိုအလျောက် ခေါင်းညိတ်လိုက်၏။ မသိလိုက်ခင်မှာပင် လုမင်က သူတို့၏ နှလုံးသားထဲတွင် ခိုင်မာသော ဂုဏ်ဒြပ်တစ်ခုကို ထူထောင်ပြီးခဲ့သည်။
ဤနေရာက ယွင်ဧကရာဇ်တောင်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နှင့် အလွန်နီးစပ်သည်။ မကြာမီ သူတို့က တည်နေရာရွှေ့ပြောင်းခြင်း အစီရင်သို့ ရောက်ရှိလာပြီး ယွင်ဧကရာဇ်တောင်သို့ ပြန်သွားရန်အတွက် အစီရင်ကို အသက်သွင်းလိုက်၏။
ယွင်ဧကရာဇ်တောင်သို့ ပြန်ရောက်လာပြီးနောက်၊ လုမင်သည် တိမ်နဂါး တောင်ကြားသခင်ကို လာကြိုခဲ့သော အဘိုးအိုနှင့် တွေ့ရသည်။ သူကပင် သတင်းတစ်ခုကို ပြောပြလေသည်။
တိမ်နဂါးတောင်ကြားသခင်က သူ့အတွက် စာချန်ထားခဲ့ခြင်း ဖြစ်သည်။ တိမ်နဂါး တောင်ကြားသခင်သည် ဤကာလအတွင်း၌ လုပ်စရာတစ်ခု ရှိနေသောကြောင့် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ လုမင် ပြန်ရောက်ပါက၊ စန်းပြည်နယ်သို့ မိမိဘာသာ ပြန်လာနိုင်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင်က အဘိုးအိုအား လက်ယှက်ပြကာ ပြောလိုက်သည်။
အဘိုးအိုက ခေါင်းညိတ်ပြပြီး လုမင်ကို ယွင်ဧကရာဇ်တောင်ပေါ်မှ လိုက်ပို့ပေး၏။ ထို့နောက်မှာတော့ လုမင်လည်း သူ၏ ကောင်းကင်ခွင်း လွန်းပျံကို ထုတ်ယူကာ စန်းပြည်နယ်သို့ ပျံသန်းသွားတော့သည်။
ယွင်ဧကရာဇ်တောင်သည် စန်းပြည်နယ်နှင့်၊ အထူးသဖြင့် နဂါးနတ်ဘုရားတောင်ကြားနှင့် အလွန်ဝေးကွာသည်။ တိမ်နဂါးတောင်ကြားသခင်ပင်လျှင် ထိုနေရာမှ နှစ်ရက်ကြာမြင့်ခဲ့သေးသည်။
လုမင် ပိုင်ဆိုင်ထားသော ကောင်းကင်ခွင်းလွန်းပျံ၏ အမြန်နှုန်းဖြင့် နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်သွားရန် တစ်လခန့် ကြာနိုင်သည်။
သို့သော်လည်း၊ တင်းပေါင်ညီလာခံမတိုင်မီ လေးလ လိုသေးသဖြင့် လုမင်က အလောတကြီးတော့ မဖြစ်ပါ။ သူက အချိန်ယူပြီး ပြန်နိုင်သည်။
ဤအချိန်များကို အသုံးချပြီး လုမင်က လေ့ကျင့်နေခဲ့လေသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ သက်တမ်းက ပို၍ မြင့်မားလာလေလေ ဖြစ်သည်။
သိုင်းအုပ်ချုပ်သူများက အနှစ်တစ်သောင်းမှ နှစ်သောင်းအထိ အသက်ရှင်နိုင်သည်။
သူတော်စင်များက အနှစ်တစ်သိန်းကျော် အသက်ရှင်နိုင်ကြ၏။
တချို့လူများက နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်ကြာအောင် တိတ်တဆိတ် လေ့ကျင့်တတ်ကြသည်။ နောက်တစ်ဆင့်တက်ရန် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ထောင်ချီပင်ကြာနိုင်၏။
တစ်လတာ အချိန်က သူတို့အတွက် ဘာမျှမကြာပေ။
လွန်းပျံယဉ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း လုမင်က သိုလှောင်လက်စွပ် အနည်းငယ်ကို ထုတ်ယူလိုက်သည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် သူတော်စင်နယ်ပယ် ပညာရှင်တချို့ကို သတ်လိုက်ပြီးနောက် ဤသိုလှောင်လက်စွပ်များကို ရရှိခဲ့ခြင်း ဖြစ်ချေသည်။
ထိုစဉ်ကတော့ လုမင်သည် ၎င်းတို့ကို အထူးစစ်ဆေးပြီး ရေတွက်ခြင်း မပြုနိုင်ခဲ့ပေ။ ယခုတော့ ၎င်းတို့ကို ရှင်းလင်းရန် အချိန်တန်ပြီ ဖြစ်သည်။
မကြာမီ၊ သူ ရေတွက်ပြီးသွားသည်။ လုမင်၏ စိတ်ဓာတ်တည်ငြိမ်မှုဖြင့်ပင် တုန်လှုပ်မိ၏။
ချမ်းသာပြီ၊ သူ တကယ် ချမ်းသာပြီ။
ရတနာများနှင့် ကျောက်ကြမ်းများမှာ များပြားလွန်းလှသည်။
သူတော်စင်လက်နက်ပေါင်း တစ်ရာကျော် ရှိ၏။
စုစုပေါင်း သူတော်စင်လက်နက်ပေါင်း တစ်ရာ့ငါးဆယ်ရှိသည်။ ထိုအရေအတွက်က မည်မျှ အံ့ဖွယ်ကောင်းသနည်း။
သို့သော်လည်း တွေးကြည့်ပြီးနောက်တွင် လုမင် နားလည်သွားသည်။
ယခုတစ်ကြိမ်တွင် ဒေသခံ သူတော်စင်များက ပြင်ပ အင်အားစုကြီးများမှ ပါရမီရှင်များစွာကို သတ်ပစ်ခဲ့သည်။ ဤပါရမီရှင်အားလုံးနီးပါးတွင် သူတော်စင်လက်နက်များ ရှိ၏။ သဘာဝအတိုင်း၊ ထိုသူတော်စင်များက ရတနာများစွာကို စုဆောင်းနိုင်ခဲ့ကြပေသည်။
ကျောက်ကြမ်းများဆိုလျှင်လည်း တောင်ကြီးတစ်ခုကဲ့သို့ စုပုံနေသည်။ အနည်းဆုံးတော့ လုမင်က အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ရန် လုံလောက်ပေသည်။
'ငါက လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်ထားတာဆိုတော့ သူတော်စင်လက်နက်တွေ အများကြီးလိုနေတာ... အခုတော့ အခွင့်အရေးရတုန်း လေ့ကျင့်သွားလိုက်ဦးမယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ယခင်က လုမင်သည် ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကိုသာ နားလည်ဆင်ခြင်ပြီး အခြားအရာအားလုံးကို ပစ်ထားခဲ့ရသည်။ လက်နက်တစ်သောင်း တာအိုကျမ်းကိုလည်း မလေ့ကျင့်ခဲ့ရပေ။
လုမင်သည် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ရှိစဉ်အခါက သူတော်စင်လက်နက်ဆယ်ခုကို တံဆိပ်ခတ်နိုင်ခဲ့သည်။ ယခုအခါ သူက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်သို့ ရောက်သွားပြီ။ ကစဉ့်ကလျားနိယာမကို နားလည်ဆင်ခြင်ပြီး ကစဉ့်ကလျား ချီကြိုးမျှင် တစ်ခုဖြင့်လည်း သူ့ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့သည်။ သို့ဖြစ်ပေရာ၊ ယခု သူ့ခန္ဓာကိုယ်ထဲတွင် သူတော်စင်လက်နက် ဘယ်နှစ်ခုအထိ တံဆိပ်ခတ်နိုင်မည်နည်း။
လုမင်က မျှော်လင့်နေမိသည်။
ချက်ခြင်းပင်၊ လုမင်က စတင်လေ့ကျင့်လိုက်သည်။ သူက လက်နက်တစ်သောင်းတာအိုကျမ်းကို အသက်သွင်းပြီး အပ်စိုက်မှတ်များတွင် သူတော်စင်လက်နက်များကို စတင် တံဆိပ်ခတ်လိုက်၏။
သူက ဆယ့်သုံးခုမြောက် သူတော်စင်လက်နက်ကို အလွယ်တကူ ပြီးမြောက်ခဲ့သည်။
ထို့နောက် တစ်ဆယ့်လေးခု၊ တစ်ဆယ့်ငါးခု...
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကျော်ကြာသွားပြီ။ ယွင်ပြည်နယ်မှ ထွက်ခွာပြီး စန်းပြည်နယ်သို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။