← Chapters

အခန်း ၁၆၅၈

Vol. 111 Ch. 1658

အခန်း ၁၆၅၈

Vol. 111 Ch. 1658

အပိုင်း ( 1658 ) ဆုလဲ့နှင့် တွေ့ဆုံခြင်း။

ဤလဝက်အတွင်း၌ လုမင်သည် လက်နက်တစ်သောင်း တာအိုကျမ်းကို အဆက်မပြတ် လေ့ကျင့်နေခဲ့သည်။ သူ ပို၍ တိုးတက်လာလေလေ၊ လက်နက်များကို တံဆိပ်ခတ်ခြင်း အရှိန်က ပို၍ နှေးကွေးလာလေပင်။ အကြောင်းမှာ၊ တံဆိပ်ခတ်ထား‌သော သူတော်စင်လက်နက်များ များလာလေလေ... လက်နက်စွမ်းအင်က အားကောင်းလေလေဖြစ်၍ သူ့ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုးကြီးလေလေ ဖြစ်နေသောကြောင့်ပင်။ ထိုအခါတွင် သတိထားပြီး တစ်ကြိမ်လျှင် ခြေလှမ်းတစ်လှမ်းသာ လှမ်းရမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ လုမင်က သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို အောင်မြင်စွာ တံဆိပ်ခတ်ခဲ့သည်။ ထိုအချိန်တွင် လုမင်က သူ့ကန့်သတ်ချက်သို့ ရောက်နေပြီဟု ခံစားလိုက်ရလေသည်။

ဝမ်ထျန်းချန်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်၌ ရှိစဉ်တွင်... သူတော်စင်လက်နက် ဆယ့်လေးခုကိုသာ တံဆိပ်ခတ်နိုင်ခဲ့သည်။ သူနှင့် လုမင်အကြား ကွာခြားချက်က ကြီးမားလွန်းပေသည်။

သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခု၏ လက်နက်စွမ်းအင်များကို ပေါင်းစပ်လိုက်သောအခါ စွမ်းအားက အံ့မခန်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လက်နက်တစ်သောင်း တာအိုကျမ်းကို လေ့ကျင့်ပြီးနောက်တွင်၊ လုမင်က ကစဉ့်ကလျားနိယာမနှင့် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တို့ကို နားလည်ဆင်ခြင်လိုက်၏။

ယခုအခါ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက ပြီးပြည့်စုံသော အဆင့်၊ ဆဋ္ဌမအဆင့်နှင့် မဝေးတော့ပေ။

အချိန်များ ကုန်လွန်လာပြီး မကြာမီ ရက်အနည်းငယ်ကြာသွားသည်။

ကောင်းကင်ခွင်းလွန်းပျံက ကောင်းကင်ယံ မြင့်မားသောအရပ်မှ ပျံသန်းမေ၏။

"ဝှစ်"

ရုတ်တရက်၊ တောက်ပသော ဓားအလင်းတန်းတစ်ခု လင်းလက်လာပြီး လုမင်၏ အာရုံကို စွဲဆောင်သွားသည်။

လုမင်က ကြည်လင်သော ကြေးမုံဆီသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၏။ ရင်းနှီးပြီးသား မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် လုမင် မျက်ခုံးပင့်လိုက်မိတော့သည်။

ဆုလဲ့။

နဂါးနတ်ဘုရားတောင်ကြားရှိ တုန်ထျန်းစင်မြင့်တွင် လေ့ကျင့်စဉ်က လုမင်သည် ငွေနဂါးတောင်ကြားမှ ရင်ချန်နှင့် လောင်းကြေးထပ်ခဲ့သည်။ နောက်ပိုင်းတွင်၊ ရင်ချန်က သူရှုံးနိမ့်သောအခါ လောင်ကြေးကို ငြင်းဆန်ပြီး မဟုတ်မမှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့၏။ ထိုအချိန်က လုမင်ဘက်တွင် မည်သူမျှ သက်သေမပြရဲကြပေ။ အဆုံးမှာတော့ ရှက်ရွံ့တတ်သော ကောင်မလေးတစ်ယောက်သာ လုမင်အတွက် သက်သေပြုခဲ့သည်။ ထိုမိန်းကလေးမှာ ဆုလဲ့ ဖြစ်ချေသည်။ လုမင်လည်း သူမကို လေးလေးနက်နက် မှတ်သားမိခဲ့သည်။

ယခုအချိန်မှာတော့ တစ်စုံတစ်ယောက်က ဆုလဲ့ကို လိုက်လံဖမ်းဆီးနေပြီ။

ဆုလဲ့နှင့် အတူတူ မိန်းမငယ်လေး တစ်ယောက်လည်း ရှိသည်။ ကြီးထွားကြံ့ခိုင်သော အမျိုးသား တစ်ဒါဇင်ကျော်က လိုက်လံဖမ်းဆီးနေခြင်းကြောင့် သူတို့နှစ်ဦးမှာ အသက်လု ပြေးနေရတော့သည်။

လုမင်က ကောင်းကင်ခွင်းလွန်းပျံအတွင်းမှ ထွက်လိုက်သည်။ သူ့လက်ကိုဝှေ့ယမ်းကာ ကောင်းကင်ခွင်းလွန်းပျံကိုဖယ်ပြီး ဆုလဲ့ဆီသို့ ပျံသန်းသွား၏။

"ဆုလဲ့၊ ဒီနေ့ မင်းမလွတ်မြောက်နိုင်တော့ဘူး။ မင်း အသားမနာချင်ရင် ဆုမိသားစုကို လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့ပါ"

ဆုလဲ့၏နောက်မှ ထွားကျိုင်းသော လူတစ်ယောက်က ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ဆုလဲ့က အံကြိတ်ပြီး စကားမပြောဘဲ ရှေ့သို့ ဆက်ပြေးသွား၏။

"ဟမ့်၊ အဲဒါကို လုံးဝ မစဉ်းစားနဲ့။ နင်တို့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူတွေ... သခင်မလေးက နင်တို့နဲ့ လုံးဝ ပြန်မလိုက်နိုင်ဘူး"

ဆုလဲ့၏ဘေးမှ မိန်းကလေးက အော်ပြောလိုက်သည်။

"ကောင်မစုတ်လေးက အတင့်ရဲလို့... မင်းဘာသိလို့လဲ။ ဆုမိသားစုကို ပြန်လာပြီး မိသားစုအတွက် ကောင်းကျိုးဆောင်ရတာက သူ့အတွက် ဂုဏ်ယူစရာပဲ"

ထွားကျိုင်းသော အမျိုးသားက ဟိန်းဟောက်လိုက်သည်။ သူတို့အရှိန်က ပိုမြန်လာပြီး ဆုလဲ့နှင့် မိန်းကလေးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွား၏။

ဆုလဲ့နှင့် မိန်းကလေး၏ မျက်နှာများက ဖြူဖျော့လာတော့သည်။

"ဂိုဏ်းတူညီမလေး ဆုလဲ့... ဘယ်လိုလဲ"

ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဆုလဲ့ အံ့သြသွား၏။ ထို့နောက်တွင် အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ဦးက ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရတော့သည်။

"ဂိုဏ်းတူ... ဂိုဏ်းတူအစ်ကိုကြီး လုမင်"

ဆုလဲ့ အံ့ဩပြီး လေသံကတုန်ကယင် ဖြစ်သွားသည်။ ဤနေရာတွင် လုမင်နှင့် တွေ့ရမည်ဟု မမျှော်လင့်ထားပေ။

ထို့နောက် ဆုလဲ့၏ အမူအရာက ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး လုမင်၊ မြန်မြန်ထွက်သွား..."

သို့သော်လည်း သူစကားမဆုံးခင်မှာ လုမင်၏ ရုပ်သွင်က လှုပ်ရှားလာသည်။ သူက ဆုလဲ့နှင့် လူထွားကြီးများကြား အလယ်တွင် ရုတ်တရက် ပေါ်လာ၏။

လူထွားကြီးများက မျက်မှောင်ကြုတ်လိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်က အေးစက်စက် ပြောသည်။

"ကောင်လေး၊ ထွက်သွားစမ်း"

ထို့နောက် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လုမင်ကို ကုပ်ဆွဲလိုက်၏။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်နံရံတစ်ခုက သူ့ရှေ့တွင် ပေါ်လာတော့သည်။

"ဒုန်း"

လူထွားကြီးက ယွမ်ချီစွမ်းအင် နံရံကို ဖမ်းဆုပ်မိသွားသည်။ သူ့အင်အားက ကြီးမားသော်လည်း နံရံကို မချိုးဖျက်နိုင်ဘဲ ရှိ၏။ ထိုအစား၊ အရိုးကျိုးသံနှင့်အတူ လူထွားကြီး၏ လက်ချောင်းများ ကျိုးသွားတော့သည်။

ထို့ပြင် သူတို့က အရှိန်ကုန် ပျံသန်းလာနေသောကြောင့် သူတို့အားလုံး ယွမ်ချီစွမ်းအင် နံရံကို ဝင်ဆောင့်မိသွားသည်။

"ဒုန်း... ဒုန်း... ဒုန်း"

မြင်ကွင်းက အံ့မခန်းပင်။ ထွားကျိုင်းသော အမျိုးသား တစ်ဒါဇင်ကျော်က အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေသော်လည်း ယွမ်ချီစွမ်းအင်နံရံသို့ ရုတ်တရက် ဝင်ဆောင့်လိုက်မိသည်။ အရှိန်က ပြင်းထန်လွန်းသဖြင့် သူတို့၏ခေါင်းထဲတွင် မူးဝေပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးလာတော့သည်။

တချို့ဆိုလျှင် နှာခေါင်းများပင် ကျိုးသွားသည်။

ဆုလဲ့နှင့် မိန်းကလေးတို့ အံသြသွားကြလေသည်။

အချိန်အတော်ကြာပြီးမှ လူထွားကြီးများ သတိပြန်ဝင်လာကြသည်။ ခေါင်းဆောင်ဖြစ်သူက အော်ပြောလိုက်၏။

"ကောင်လေး၊ ဒါက ဆုမိသားစုရဲ့ အတွင်းရေးကိစ္စပါ၊ မင်းနဲ့မဆိုင်ဘူး။ မြန်မြန် ထွက်သွားစမ်း"

အော်မဲ့သာ အော်ရသော်လည်း သူ့မျက်လုံးတွေက လေးနက်မှုတို့ ပြည့်နေတော့သည်။

ယခုလေးတင် သူတို့က လုမင်၏ ယွမ်ချီစွမ်းအင်နံရံကို ဝင်တိုက်ခဲ့ကြသည်။ သို့ရာတွင်၊ သူတို့၏ ခန္ဓာကိုယ်ကိုလည်း ယွမ်ချီစွမ်းအင်ဖြင့် ကာကွယ်ထားကြ၏။ သို့သော်လည်း ထိပ်တိုက်တွေ့ဆုံသောအခါ လုမင်က ဘာမျှမဖြစ်ခဲ့ပေ။ ထိုအစား သူတို့သာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည်။

"သူတို့က ဂိုဏ်းတူညီမလေး ဆုလဲ့ရဲ့ မိသားစုကလား"

လုမင်က ဆုလဲ့ကို ကြည့်လိုက်သည်။

ဆုလဲ့က ရှက်ရွံ့ဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ကောင်လေး၊ မင်းသိပြီမို့လား။ ဒါက ဆုမိသားစုရဲ့ လျှို့ဝှက်ကိစ္စပဲ။ မြန်မြန် ထွက်သွားစမ်းကွာ၊ ဆုလဲ့ကို ဆုမိသားစုဆီ ပြန်ခေါ်သွားရမယ်"

ခေါင်းဆောင်က အော်ပြောလိုက်သည်။

"ဟင့်အင်း၊ ငါ ဆုမိသားစုကို မပြန်ချင်ဘူး"

ဆုလဲ့က ခေါင်းကို တွင်တွင်ခါယမ်းလိုက်၏။

"ဒီနေ့ မင်းမလိုက်ချင်ရင်တောင် ပြန်သွားရမှာပဲ။ ညီအစ်ကိုတို့... အတူတူ တိုက်ခိုက်ကြရအောင်"

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

"ထွက်သွား"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

"ဒုန်း"

‌ကောင်းကင်က တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လူထွားကြီးများဆီသို့ လိမ့်ဝင်လာတော့သည်။

ထွားကြိုင်းသော အမျိုးသားများထဲတွင် အသန်မာဆုံးလူက အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူသူသာ ဖြစ်သည်။ သူတို့က လုမင်၏ရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ အားနည်းလွန်းပြီး တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည် မရှိပေ။

"ဝုန်း"

ထွားကြိုင်းသော အမျိုးသားများအားလုံး သွေးအန်ရင်း လွင့်စဉ်သွားကြသည်။ သူတို့က လုမင်အား ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြလေသည်။

ထိုလူငယ်က အစွမ်းထက်လွန်းသည်။

"ဆုလဲ့၊ မင်းမှာ အကူအညီရှိရင်တောင် ဘာဖြစ်လဲ။ မင်း‌ရဲ့အမေက ဆုမိသားစုမှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦး။ မင်းမပြန်ရင် မင်းရဲ့အမေ သေရလိမ့်မယ်"

ခေါင်းဆောင်က ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်သည်။

ဆုလဲ့၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။ သူ့မျက်နှာက ဖြူဖျော့သွား၏။ မျက်ဝန်းမှ မျက်ရည်များလည်း စီးကျလာကာ အော်ပြောလိုက်သည်။

"နင်တို့... ငါ့အမေ့ကို မထိကြနဲ့"

"ဟမ့်၊ မင်းသေချာစဉ်းစားကြည့်ဦးပေါ့။ သွားကြစို့"

ခေါင်းဆောင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"မင်းတို့ ထွက်သွားနိုင်တယ်လို့ ငါပြောလို့လား"

လုမင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

လူထွားကြီးများ၏ မျက်နှာများက အထိတ်တလန့်ဖြင့် ဖြူဖျော့သွားကြသည်။

"ဂိုဏ်းတူအစ်ကိုကြီး လုမင်... သူတို့ကို လွှတ်လိုက်ပါ၊ မဟုတ်ရင် အမေ..."

တစ်ဖက်တွင် ဆုလဲ့က ဝင်ပြောလိုက်သည်။

ထွားကြိုင်းသော အမျိုးသားများလည်း မြင်းဇောင်းမှ လွှတ်လိုက်သော မြင်းများကဲ့သို့ ကဆုန်ပေါက် ပြေးလွှားကာ ခဏချင်း ပျောက်ကွယ်သွားတော့သည်။

လုမင်လည်း မလိုက်တော့ဘဲ နေခဲ့သည်။

"ဂိုဏ်းတူညီမလေး ဆုလဲ့၊ ဘာတွေဖြစ်နေတာလဲ။ သူတို့က မင်းနဲ့ တစ်မိသားစုတည်း မဟုတ်ဘူးလား"

လုမင်က မေးသည်။

ဆုလဲ့က ခဏစဉ်းစားနေပြီးနောက် ခေါင်းခါယမ်းလိုက်၏။

"ဘာမှမဖြစ်ပါဘူး ဂိုဏ်းတူအစ်ကိုကြီး လုမင်၊ ရှင် မြန်မြန်ထွက်သွားပါ။ ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းလိုက်မယ်"

"ဂိုဏ်းတူညီမလေး ဆုလဲ့၊ မင်းက ငါ့ကို ဝင်ပတ်သက်စေမှာ ကြောက်လို့လား"

လုမင် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ဤမိန်းကလေးက လွန်စွာ ကြင်နာတတ်ပြီး ရိုးသားသည်။ လုမင်က တစ်ချက်ကြည့်ရုံဖြင့် သူမ၏အတွေးများကို သိလေသည်။

ဆုလဲ့က ဘာမျှပြန်မပြောဘဲ ခေါင်းငုံ့လိုက်သည်။

"သခင်မလေး... ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး။ အဲဒီလူတွေက စက်ဆုပ်ရွံရှာစရာကောင်းအောင် အရှက်ကင်းမဲ့သူတွေ... သူတို့ရဲ့ ကိုယ်ကျိုးအတွက် သခင်မလေးကို အနစ်နာခံစေချင်နေတာ... ဘယ်လိုလူမျိုးတွေလဲ။ ထွီ..."

ဘေးနားမှ ကောင်မလေးက ‌စိတ်ဆိုးမာန်ဆိုးဖြင့် ဝင်ပြောလိုက်သည်။

ထိုကောင်မလေးက ဆုလဲ့ရဲ့ ကိုယ်ပိုင်အစေခံ ဆုချာပင်။ သူမ၏ စိတ်နေစိတ်ထားက ဆုလဲ့နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

လုမင်၏ မျက်လုံးအကြည့်များက စူးရှလာသည်။

"ငါ့ကိုပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ"

"ကောင်းပါပြီ၊ သခင်မလေးက သိပ်ပြီး ကြင်နာတတ်တော့ ကျွန်မပဲ ပြောပြပါရစေ။ ဒီလိုပါ..."

ဆုချာက ပြောပြလိုက်လေသည်။

All Chapters