အခန်း ၁၆၆၂
Vol. 111 Ch. 1662
အပိုင်း ( 1662 ) ဖြေရှင်းပြီးပြီ။
ဆုမိသားစုခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားကာ ခဏချင်း ပြန်မဖြေနိုင်တော့ပေ။
"ဘာလဲ၊ ဒီအခြေအနေက သဘောတူဖို့ ခက်ခဲနေလို့လား"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"ညီငယ် လုမင်၊ မင်း အခြေအနေကို ပြောင်းလို့ရမလား"
ဆုမိသားစု ခေါင်းဆောင်က ပြောလိုက်၏။
"ပြောင်းစရာမလိုပါဘူး၊ ငါသဘောတူတယ်"
ထိုအချိန်တွင် အိုမင်းသော အသံခု ထွက်ပေါ်လာပြီး ဆုမိသားစု၏ နက်နဲရာအရပ်မှ ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ယောက်က လေထဲမှ လျှောက်လာကြောင်း မြင်လိုက်ရသည်။
"သူတော်စင်"
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
ဤအဘိုးအိုသည် သူတော်စင်တစ်ဦးဖြစ်၏။ သို့သော်လည်း တောက်ပသော နယ်ပယ်၏ အဆင့်နိမ့် အဆင့်တွင်သာ ရှိသေးသည်။
"ဘိုးဘေးကြီး"
ထိုအဘိုးအိုကို မြင်သောအခါ ဆုမိသားစုခေါင်းဆောင်က လျင်မြန်စွာ ဦးညွှတ်လိုက်သည်။
"ဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်"
ဆုချင်၊ ဆုလဲ့၊ ဆုချာနှင့် ဆုလဲ့၏မိခင် အပါအဝင် ဆုမိသားစုမှ အားလုံးက လေးလေးစားစား ဦးညွှတ်လိုက်ကြ၏။
ဤအဘိုးကြီးက ဆုမိသားစု၏ မဏ္ဍိုင်ဖြစ်ပြီး ဆုမိသားစုတွင် တစ်ဦးတည်းသော သူတော်စင်ဆိုလျှင်လည်း မမှားပေ။
"ညီငယ်လေး လုမင်ရဲ့ အခြေအနေကို အခုပဲ သဘောတူတယ်။ ဆုမိသားစု အနိုင်ရရှိတာနဲ့ ဆုလဲ့ကို ဘိုးဘွားမြေထဲ ဝင်ခွင့်ပေးပါတယ်။ သူဟာ ဆုမိသားစုရဲ့ တိုက်ရိုက်မျိုးရိုးလည်း ဖြစ်တယ်။ ဘိုးဘွားမြေက အခွင့်အရေးကို ရနိုင်ရင် ဆုမိသားစုအတွက် ကံကောင်းခြင်းပဲ"
ဆုမိသားစု၏ သူတော်စင်နယ်ပယ် ဘိုးဘေးက ပြောလိုက်သည်။
"ကောင်းပါပြီခင်ဗျာ"
ဆုမိသားစုခေါင်းဆောင်လည်း အနည်းငယ်မျှ မငြင်းဆန်ဝံ့ဘဲ လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
ဆုချင်မှာလည်း လုံးဝ လက်မခံလိုသည့်တိုင် ဘိုးဘေးကြီးမှ ပြောလာသောကြောင့် စကားတစ်ခွန်းမျှ မပြောဝံ့တော့ပါ။ အံကြိတ်ပြီး ခေါင်းငုံ့နေရန်သာ တတ်နိုင်ခဲ့သည်။
"နောက်ပြီးတော့ ဒီအဘိုးကြီး တံခါးပိတ်ကျင့်ကြံတာကို အခွင့်ကောင်းယူပြီး မင်းက လုပ်ချင်တာတွေလုပ်နေတယ်။ မင်းက ဆုမိသားစုရဲ့ ခေါင်းဆောင်ကွ... မင်းရဲ့သားသမီးတွေအတွက်မဟုတ်ဘဲ ဆုမိသားစု တစ်ခုလုံးအတွက် စဉ်းစားသင့်တယ်။ အခုချိန်ကစပြီး မင်းက ခေါင်းဆောင်ဖြစ်စရာ မလိုတော့ဘူး"
ဘိုးဘေးကြီးက အမိန့်ချလိုက်၏။
ဆုမိသားစုခေါင်းဆောင်၏ နဖူးမှ ချွေးများ စီးကျလာကာ ကြောက်ရွံ့စွာဖြင့် ဦးညွတ်ပြီး တောင်းပန်လိုက်လေသည်။
"ဘိုးဘေးကြီးခင်ဗျာ... ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပါ။ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး"
သိုင်းပညာကမ္ဘာတွင် အရာအားလုံးက ခွန်အားကိုအခြေခံသည်။
ဆုမိသားစုတွင် သူတော်စင်တစ်ပါးက ကောင်းကင်ကြီးဖြစ်ပြီး မိသားစုခေါင်းဆောင်၏ ရာထူးကို စကားလုံးတစ်လုံးတည်းဖြင့် ဆုံးဖြတ်နိုင်သည်။
သူတော်စင်နယ်ပယ် ဘိုးဘေးကြီး၏ရှေ့တွင် ဆုမိသားစုခေါင်းဆောင်မှာ ခေါင်းတောင်မထောင်ဝံ့ပေ။
"ဒီမိန်းကလေးက အရမ်းထူးချွန်တယ်။ အနာဂတ်မှာ သူ့ကို အာရုံစိုက်ပြီး လေ့ကျင့်ပေးရင် သူတော်စင်နယ်ပယ်ကို ရောက်နိုင်တယ်ဆိုတာ နားလည်ရဲ့လား"
ဆုမိသားစု၏ ဘိုးဘေးက ဆုလဲ့ကို ပြန်လှည့်ကြည့်ပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။ ထို့နောက် ဆုမိသားစုခေါင်းဆောင်ကို ကြည့်လိုက်သောအခါ စူးရှသော အလင်းရောင်က သူ့မျက်လုံးများတွင် လင်းလက်လာ၏။
သူဟာ တစ်နှစ်ပတ်လုံး လေ့ကျင့်နေတတ်သည်။ တစ်ခါတစ်ရံတွင် သူက နှစ်ပေါင်းများစွာကြာသည်အထိ ထွက်မလာတတ်ပေ။ ထို့ကြောင့် ဆုမိသားစု၏ အရေးကိစ္စများကို မေးမြန်းခဲသည်။ လုမင်၏ အရှိန်အဝါကြောင့် အထိတ်တလန့်ဖြစ်ပြီး လေ့ကျင့်ခြင်းကို အဆုံးသတ်ကာ ထွက်မလာမိပါက ဆုလဲ့ကဲ့သို့ ပါရမီရှင်တစ်ဦးကို ဆုံးရှုံးလုနီးပါး ဖြစ်ပေလိမ့်မည်။
ဆုလဲ့၏ အရည်အချင်းများအရ သူတော်စင်တစ်ပါးဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ထိုသို့သော ပါရမီရှင်မှာ မိသားစုတစ်ခုတွင် မွေးဖွားရန် အလွန်ခက်ခဲသော်လည်း ဆုမိသားစုခေါင်းဆောင်ကတော့ သူ့သမီးအတွက် အခွင့်အရေးတစ်ခုနှင့် လဲလှယ်ပေးစေလိုသည်။
ဆုမိသားစု ဘိုးဘေးကြီး၏ နှလုံးသားတွင် ဒေါသမီးများ တောက်လောင်လာသည်။ နောင်တွင် ဆုမိသားစုကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရမည်ဟု စိတ်ထဲမှ တေးထားလိုက်လေသည်။
"ညီငယ်လေး လုမင်၊ ကျေးဇူးပြုပြီး... ဆုမိသားစုရဲ့ ပါရမီရှင်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ညီငယ်လုမင်အတွက် ဒီအဘိုးကြီးက စားပွဲတစ်ခု ကျင်းပပေးပါရစေ"
ဆုမိသားစု၏ ဘိုးဘေးက လုမင်ကို ကြည့်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
"ယဉ်ကျေးလွန်းပါပြီ"
လုမင်လည်း ပြုံးပြီး ဆုလဲ့နှင့် အခြားသူများနှင့်အတူ ဆုမိသားစု၏ နက်နဲရာသို့ လျှောက်သွားသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်များနှင့်အတွက်တော့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ယောက်က သဘာဝအတိုင်း ရှိနေလိမ့်မည်။ ထို့ပြင် မည်သူမဆို သတင်းပေါက်ကြားပါက ကရုဏာမရှိဘဲ သတ်ပစ်မည်ဟု အမိန့်ပေးထားသည်။
ပွဲအပြီးတွင် လုမင်က ဆုမိသားစုတွင် ခေတ္တတည်းခိုခဲ့သည်။
မိသားစုလေးစုကြား ပြိုင်ပွဲက ခုနစ်ရက်အတွင်း စတင်မည် ဖြစ်၏။ တင်းပေါင်ညီလာခံမတိုင်ခင် အချိန်အနည်းငယ် ရှိသေးတာကြောင့်လည်း လုမင်က အလျင်လိုမနေခဲ့ပေ။ ကြင်နာတတ်သော ဆုလဲ့ကို ကူညီပေးနိုင်သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။
ကုစူးမြို့တော်၏ မိသားစုလေးစုကြား ပြိုင်ဆိုင်မှုက တရားဝင်စတင်နေပြီ ဖြစ်သည်။ တည်နေရာကား ကုစူးမြို့အလယ်မှ ကြီးမားသော လေးထောင့် ရင်ပြင်တစ်ခုတွင် ဖြစ်၏။
ရင်ပြင်အလယ်တွင် ကြီးမားသော တိုက်ပွဲစင်မြင့်တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။
ထိုနေ့တွင် ရင်ပြင်က လူပင်လယ်ကြီးဖြင့် ဝန်းရံထားသည်။
ကုစူးမြို့မှ မိသားစုလေးခုကြား ပြိုင်ဆိုင်မှုက မြို့တော်ထဲတွင် ရှားပါးသော ပွဲတစ်ခု ဖြစ်၏။ သဘာဝအတိုင်း၊ ကုစူးမြို့၏ ကျင့်ကြံသူများလည်း ရောက်လာကြလိမ့်မည်။
ရင်ပြင်၏ အရပ်လေးမျက်နှာတွင် ပွဲကြည့်စင်များ တည်ဆောက်ထားသည်။ လုမင်နှင့် ဆုမိသားစု၏ လူများက ပွဲကြည့်စင် အရှေ့ဆုံးတွင် ဆင်းသက်ခဲ့ကြ၏။
ထို့နောက် အခြားမိသားစုသုံးစု၏ လူများလည်း ရောက်လာကြသည်။
သိပ်မကြာလိုက်ဘဲ ပြိုင်ပွဲက တရားဝင် စတင်ခဲ့လေသည်။
ပြိုင်ပွဲစည်းမျဉ်းများက အလွန် ရိုးရှင်းသည်။ မိသားစုတစ်ခုစီက လူငယ် ပညာရှင်ခြောက်ဦးကို စေလွှတ်ကာ အဖွဲ့လိုက်တိုက်ပွဲတွင် ပါဝင်စေလိမ့်မည်။ နောက်ဆုံးတွင်၊ တိုက်ပွဲစင်မြင့်ပေါ်တွင် ရပ်နေနိုင်သော မိသားစုဘက်မှ အနိုင်ရမည် ဖြစ်သည်။
လုမင်နှင့် ဆုလဲ့ အပါအဝင် ဆုမိသားစုဘက်မှ လူငယ်ခြောက်ဦးကို ရွေးချယ်ခဲ့၏။
လုမင်မှလွဲ၍ ၎င်းတို့တွင် အသန်မာဆုံးမှာ သတ္တမအလွှာ သိုင်းအုပ်ချုပ်သူ ဖြစ်သည်။
ယခင်ပြိုင်ပွဲများတွင် ဆုမိသားစုက ပြင်ပအကူအညီအချို့ကို ဖိတ်ခေါ်လေ့ရှိသည်။ သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ လုမင်နှင့်အတူ ဆုမိသားစုက ပြင်ပအကူအညီကို ဖိတ်ခေါ်ရန် သဘာဝအတိုင်း မလိုအပ်တော့ပါ။
"ဝှစ်... ဝှစ်... ဝှစ်"
အရပ်ရပ်မှ လူများက တိုက်ပွဲစင်မြင့်ပေါ်သို့ ပြေးတက်လာကြသည်။
ဦးတည်ရာတစ်ခုစီတွင် လူခြောက်ဦးတိတိ ရှိ၏။
ထိုသူများက တိုက်ပွဲစင်မြင့်ပေါ်ကို ခုန်တက်ပြီးသည်နှင့် တစ်ယောက်ကို တစ်ယောက် အကဲခတ်လိုက်ကြသည်။
ထို့နောက်တွင် ဖရိုဖရဲ တိုက်ခိုက်ရမည်ဖြစ်သောကြောင့် သဘာဝအတိုင်း ကိုယ့်ရန်သူများကို သိထားရလိမ့်မည်။
"ဟားဟားဟား၊ ဆုချီ... ခင်ဗျားရဲ့ ဆုမိသားစုက ဒီတစ်ခေါက်မှာ တကယ်ပဲ ပြင်ပအကူအညီ မရှိဘူးလား။ မဟုတ်သေးဘူး... ပြင်ပအကူအညီ တစ်ဦးတော့ရှိတယ်။ မင်းတို့က ဒီပြိုင်ပွဲကို အရှုံးပေးလိုက်တာများလား"
ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။ တောင်ဘက်ပိုင်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဆုမိသားစုခေါင်းဆောင်အား အေးစက်သော အပြုံးဖြင့် ကြည့်နေ၏။
"အဲဒီတစ်ဦးကလွဲရင် ကျန်တဲ့သူတွေထဲမှာ အသန်မာဆုံးက သတ္တမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူပဲ။ ဆုမိသားစုက တကယ်ကို အရှုံးပေးထားပုံရတယ်။ အားလုံးပဲ... ဆုမိသားစုကို အရင် ရှင်းထုတ်လိုက်ကြစို့၊ ပြီးကျမှ ကျုပ်တို့သုံးဦး ယှဉ်ပြိုင်ကြမယ်"
အနောက်ဘက်မှ အသံတစ်ခုကို ကြားရပြန်သည်။
စကားပြောသူက အခြားမိသားစုသုံးစု၏ ခေါင်းဆောင်ကြီးများ ဖြစ်ချေသည်။
ဆုမိသားစု၏ ခေါင်းဆောင်ကဲ့သို့ပင် ၎င်းတို့အားလုံးက သူတော်စင်တစ်ပိုင်း တတိယအဆင့် ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ ဆုလဲ့နှင့် အခြားသူများ၏ ကျင့်ကြံခြင်းကို သဘာဝအတိုင်း မြင်နိုင်ကြပေသည်။
တစ်ခုတည်းသောခြွင်းချက်မှာ လုမင် ဖြစ်သည်။ လုမင်က ပန်တုန်အရှိန်အဝါပြောင်းလဲခြင်း စွမ်းရည်ကို အသုံးပြုထားသောကြောင့် လုမင်၏ ကျင့်ကြံခြင်းအခြေခံကို မမြင်နိုင်ကြပေ။ သို့သော်လည်း သူတို့က သိပ်ဂရုမစိုက်ခဲ့ကြပါ။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အားကောင်းမည်ဟု သူတို့ မယုံကြည်ခဲ့ကြပေ။
'ခဏနေကျရင် ခင်ဗျားတို့အားလုံး ငိုရလိမ့်မယ်'
ဆုမိသားစု ခေါင်းဆောင်က ဘာမျှမပြောဘဲ အေးစက်စက်သာ ပြုံးလိုက်သည်။
ခုချိန်တွင် ဘာမျှပြောစရာမလိုပေ။ ဆုမိသားစုက မည်မျှ အစွမ်းထက်ကြောင်း မကြာမီ သူတို့မြင်တွေ့ကြရမည် ဖြစ်သည်။
"ခေါင်းဆောင်ကြီးတွေ ပြောပြီးပြီ၊ ဆုမိသားစုကို အရင်ရှင်းလိုက်ရအောင်"
တိုက်ပွဲစင်မြင့်တွင်၊ တောက်ဘက်မှ လူငယ်ခြောက်ဦးက လုမင်နှင့် အခြားသူများကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။
"သဘောတူတယ်။ လေးဘက်လုံးဆိုရင် ရှုပ်ထွေးလွန်းတယ်။ အားအနည်းဆုံးကို အရင်ဖယ်ထုတ်လိုက်ရအောင်"
အနောက်ဘက်ရှိ လူခြောက်ယောက်ကလည်း လှောင်ပြောင်ကြ၏။
ထို့နောက်တွင် သုံးမျက်နှာမှ လူများက ထွက်ခွာလာပြီး လုမင်နှင့် ကျန်လူများကို ပိတ်ထားလိုက်တော့သည်။ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများလည်း တစ်ခုပြီးတစ်ခု ထွက်လာသည်။
သူတို့အားလုံးက အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူများ ဖြစ်၏။ တစ်ဖွဲဲ့စီတွင် နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ အနည်းငယ် ရှိကြသည်။
ဆုမိသားစု၏ လူခြောက်ယောက်မှာတော့ ဆုလဲ့မှလွဲ၍ ကျန်သူများမှာ မျက်နှာပျက်သွားကြတော့သည်။
လွန်ခဲ့သော ခုနစ်ရက်က လုမင်သည် ဆုမိသားစုတွင် သူ၏ခွန်အားကို ပြသခဲ့သည်။ သို့သော်လည်း ဆုမိသားစု၏ အဓိကပုဂ္ဂိုလ်များထဲမှ တချို့သာရှိပြီး လူငယ်များ မပါဝင်ကြပေ။ ထို့ကြောင့် လုမင်က မည်မျှ အစွမ်းထက်သလဲဆိုတာကို သဘာဝအတိုင်း မသိခဲ့ကြပါ။
"ငါတို့ ဘာလုပ်ကြမလဲ"
လူငယ်များ၏ မျက်နှာတွင် ချွေးများ စီးကျလာသည်။ အခြားမိသားစုသုံးစုတွင် ပြင်ပအကူအညီများ ရှိ၏။ သူတို့တစ်ဦးစီကလည်း ဆုမိသားစုထက် များစွာ အားကောင်းသည်။ မိသားစုသုံးစု ပူးပေါင်းလိုက်ပါက ရလဒ်မှာ အထူးပြောနေရန်ပင် မလိုတော့ပေ။
"သူတို့ကို ရှင်းပစ်ရအောင်"
လုမင်က ပြုံးပြီး တိုက်ပွဲကွင်းပြင်အလယ်သို့ လျှောက်သွားသည်။
"မင်း... မင်းသေချင်နေတာပဲ။ ငါတို့ ဘယ်လိုလုပ်မလဲ... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ဆုမိသားစုမှ လူငယ်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။
"ငါ... ငါတို့ စောင့်ကြည့်ရုံပဲ"
ဆုလဲ့က ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်လေသည်။