အခန်း ၁၆၆၃
Vol. 111 Ch. 1663
အပိုင်း ( 1663 ) ဒါက အဆုံးသတ်တဲ့လား။
ဆုမိသားစု၏ အခြားလူငယ်လေးဦး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
စောင့်ကြည့်ရမှာလား။ သူ ဘာပြောချင်တာလဲ။
အခြားမိသားစုသုံးစုမှ လူငယ်များသည်လည်း လုမင် ကြည့်လိုက်ကြသည်။
ဆုမိသားစု၏ စကားက ဘာကိုဆိုလိုသနည်း။ လူတစ်ယောက်ကို လယ်ကွင်းအလယ်သို့ လျှောက်ခွင့်ပေးပြီး ကျန်ငါးဦးက တိုက်ပွဲကွင်းပြင်အစွန်းမှ စောင့်ကြည့်နေသည်။ ယင်းက မည်သို့သော နည်းဗျူဟာမျိုး ဖြစ်သနည်း။
လုမင်က သူတို့သုံးဖွဲ့ကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေပါသလော။
ထိုအချိန်တွင် အခြားမိသားစုခေါင်းဆောင် သုံးဦးသည်လည်း မျက်မှောင်ကြုတ်သွားကြသည်။
လုမင်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်သောကြောင့် လုမင်သည် လျှို့ဝှက်ဆန်းကြယ်သော ဖုံးကွယ်နည်းအချို့ကို လေ့ကျင့်ထားခြင်းဖြစ်မည်ဟု မှန်းဆမိ၏။ လုမင်၏ ကျင့်ကြံခြင်းက မည်မျှ အားကောင်းစေကာမူ၊ ထိုမျှ မသန်မာဘူးဟု သူတို့ ထင်သည်။ ယခုတော့ တစ်ခုခု လွဲမှားနေပုံပင်။
သူတို့၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ အထူးသဖြင့်၊ ဆုမိသားစု ခေါင်းဆောင်၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ တစ်စုံတစ်ခု မှားနေပြီဟု ခံစားလာရတော့သည်။
"အားလုံး အတူတူ တိုက်ခိုက်ကြပါ"
လုမင်က အလယ်တွင်ရပ်ပြီး လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘာ၊ အတူတူတိုက်ခိုက်ရမှာလား"
"ဒီကောင်က မိုက်လွန်းတယ်"
"ဒါဟာ တကယ့်ကို မောက်မာတာပဲ၊ ငါတို့လူစုနဲ့ဆိုရင် သူတော်စင်တစ်ပိုင်းဆိုရင်တောင် မကြောက်ဘူး။ သူက သူတော်စင်တစ်ပိုင်းတောင် ဟုတ်လို့လား"
"ဒီလောက် အသက်ငယ်ငယ်နဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံခြင်းအခြေခံက ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုရဲ့ တပည့်တွေပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ တင်းပေါင်ညီလာခံ စတင်ခါနီးပြီဖြစ်လို့ သူတို့အားလုံးက ညီလာခံအတွက် ပြင်ဆင်နေကြပြီ။ ဒီလို မိသားစုသေးသေးလေးအတွက် ဘယ်လိုလုပ်ပြီး အချိန်ပေးနိုင်ပါ့မလဲ"
"လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတယ်။ အတူတူ တိုက်ခိုက်ပြီး သူ့ကို ကန်ထုတ်လိုက်ရအောင်"
တအံ့တဩဖြစ်သွားပြီးနောက် အေးစက်စက် စကားသံများ ထွက်ပေါ်လာသည်။ ထို့နောက် မိသားစုသုံးစုမှ ကျွမ်းကျင်သူများက အတူတကွ တိုက်ခိုက်ခဲ့ကြ၏။ လုမင်ကို လူဆယ့်ရှစ်ဦးက တပြိုင်နက်တည်း တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ကြောက်စရာကောင်းသော အလင်းများက သူ့ဆီသို့ တိုးဝင်လာတော့သည်။
ဤမျှ ကျွမ်းကျင်သူများစွာတို့ ပူးပေါင်းတိုက်ခိုက်ပါက ပထမအဆင့် သူတော်စင်တစ်ပိုင်းပင်လျှင် နောက်ဆုတ်ရမည် ဖြစ်သည်။
လုမင်ကတော့ မတုန်လှုပ်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
"ဒုန်း"
ခြေတစ်လှမ်းဖြင့် တိုက်ပွဲကွင်းပြင်က တုန်ခါသွားသည်။ နဝမနဂါးက ဟိန်းဟောက်ပြီး မိသားစုသုံးစုမှ ကျွမ်းကျင်သူများကို ပြေးဝင်သွား၏။
ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားခဲ့ခြင်း ဖြစ်သည်။
မိသားစုကြီးသုံးခုမှ လူငယ် ဆယ့်ရှစ်ဦးစလုံး လွင့်စဉ်သွားကာ လေထဲမှာပင် သွေးများ အန်နေကြတော့သည်။
"ဒုန်း... ဒုန်း..."
လူငယ် ဆယ့်ရှစ်ဦးက ဖွဲအိတ်များကဲ့သို့ ပြုတ်ကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
တိတ်ဆိတ်သွားသည်။
ရင်ပြင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ယခုအချိန်တွင် အပ်ကျသံပင် ကြားရလောက်သည်။
ပြီးသွားပြီလား။
ဒီအတိုင်းပဲ ပြီးသွားတာလား။
လုမင်က ခြေတစ်လှမ်းသာသာ လှမ်းပြီး ပြိုင်ပွဲမှာ ထိုကဲ့သို့ ပြီးဆုံးသွားခဲ့သည်။
ကုစူးမြို့မှ ကျင့်ကြံသူများမှာ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုရန် ဤနေရာသို့ အပြေးလာခဲ့ကြရခြင်း ဖြစ်သည်။ သို့သော်လည်း ကုစူးမြို့တော်၏ ရှားပါးတိုက်ပွဲက ဤကဲ့သို့ ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တချို့လူများဆိုလျှင် အာရုံပျံ့လွင့်သွားသဖြင့် မည်သို့မည်ပုံ အဆုံးသတ်သွားမှန်းတောင် မသိလိုက်ကြပါ။
"ဒါ... ဒါ..."
အခြားမိသားစုသုံးစု၏ ခေါင်းဆောင်နှင့် ကျွမ်းကျင်သူများလည်း အာစေးမိသကဲ့သို့ တိတ်ဆိတ်ကုန်ကြသည်။
"ဟားဟားဟား၊ ငါ့ကို အနိုင်ယူခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီတခေါက်တော့ ဘိုးဘွားမြေက ငါ့ဆုမိသားစုအတွက်ပေါ့"
ဆုမိသားစု၏ ခေါင်းဆောင်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ မူလက ဘိုးဘွားမြေသို့ ဆုချင် မ၀င်ရောက်နိုင်သောကြောင့် အတော်ပင် စိတ်ဓာတ်ကျခဲ့သော်လည်း ယခုအခါတွင် အတော်လေး ကျေနပ်လာမိသည်။
ကုစူးမြို့တော်၏ မျိုးနွယ်စုကြီးလေးခုက အချင်းချင်း အဆက်မပြတ် တိုက်ခိုက်နေကြ၏။ အခြားသော မျိုးနွယ်စုကြီးသုံးခုမှ ခေါင်းဆောင်ကြီးများ၏ ထိုသို့သော အမူအရာများကို သူ မမြင်ရသည်မှာ ကြာပြီ။
ဆုမိသားစုခေါင်းဆောင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဆုလဲ့က လုမင်၏ အကူအညီကို အမှန်တကယ် ရယူနိုင်ခဲ့၏။ ထိုအတွက် သူလည်း ဘာမျှ မတတ်နိုင်ပေ။ ဆုလဲ့၏ ကံကောင်းမှုအတွက် စိတ်ထဲမှ သက်ပြင်းချရုံသာ တတ်နိုင်သည်။
"ဆုမိသားစုက ဒီတစ်ခါ ဒီလောက်အစွမ်းထက်တဲ့ ပါရမီရှင်ကို ဖိတ်ခေါ်လာနိုင်ဖို့ မမျှော်လင့်ထားဘူး။ ဒီလူငယ်က ထိပ်တန်း အင်အားစုကြီး ဆယ့်သုံးခုရဲ့ ပါရမီရှင် ဖြစ်ရမယ်။ သူရဲ့ ကျင့်ကြံခြင်းကလည်း သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်နေလောက်ပြီ"
"ဟမ့်၊ ဒီတစ်ခါတော့ ဆုမိသားစု ကံကောင်းသွားတယ်"
အခြားမျိုးနွယ်စုများမှ လူများလည်း မကျေမနပ်ဖြင့် ထိုသို့သာ ပြောနိုင်ကြသည်။
ကြည့်ရှုသူ အများအပြားသည်လည်း အကူအညီမဲ့သွားကြလေသည်။ ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခုက ထိုကဲ့သို့ ပြီးဆုံးသွားခဲ့သည်။
"အပိုတွေ မပြောတော့ဘူး။ အခု ဘိုးဘွားမြေကို ဖွင့်လိုက်ရအောင်"
ဆုမိသားစုခေါင်းဆောင်က ပြောလိုက်သည်။
ဘိုးဘွားမြေကို မျိုးနွယ်စုကြီးလေးခုမှ ခေါင်းဆောင်များ ပေါင်းစည်းဖွင့်လှစ်ရန် လိုအပ်သည်။ ဤသည်က ကုစူးမြို့တွင် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော အစဉ်အလာပင်။ ကျန်သော မိသားစုခေါင်းဆောင်သုံးဦးက မကျေမနပ်ဖြစ်နေသော်လည်း ဘာမျှမတတ်နိုင်တော့ပေ။
နောင်လာမည့် ပြိုင်ပွဲများအတွက် မျှော်လင့်ရန်သာ ရှိသည်။
"ဆုလဲ့... သွားကြရအောင်"
ဆုမိသားစုခေါင်းဆောင်က ဆုလဲ့ကိုကြည့်လိုက်သည်။ ထို့နောက် သူက လုမင်ကိုလှည့်ကြည့်ပြီး ပြောလိုက်၏။
"ညီငယ်လု၊ တစ်ယောက်ယောက်က ဘိုးဘွားမြေကို ဝင်လာတိုင်း အုပ်ထိန်းသူတစ်ဦး ရှိရမယ်။ မင်း ဘာဖြစ်လို့ ဆုလဲ့နဲ့အတူ မလိုက်ရမှာလဲ"
"ကိစ္စမရှိဘူး"
လုမင်က ခေါင်းညိတ်လိုက်သည်။
လုမင်၊ ဆုလဲ့နှင့် မိသားစုခေါင်းဆောင် လေးဦးတို့လည်း ကောင်းကင်သို့ ပျံတက်ပြီး ရင်ပြင်၏ မြောက်ဘက်သို့ ပျံသန်းသွားကြလေသည်။
ရင်ပြင်၏ မြောက်ဘက် မနီးမဝေးတွင် ခန်းမငယ်တစ်ခု ရှိသည်။ သူတို့လူစုက ခန်းမထဲသို့ ဝင်လာသောအခါ ကျောက်နံရံတစ်ခုကို တွေ့လိုက်ရ၏။ ကျောက်နံရံပေါ်တွင်လည်း ထူးခြားသော အမှတ်အသားအမျိုးမျိုး ထွင်းထုထားသေးသည်။
"စကြရအောင်"
ဆုမိသားစု၏ ခေါင်းဆောင်က ပြောလိုက်သည်။
ကျန်သော ခေါင်းဆောင်သုံးဦးလည်း ခေါင်းညိတ်လိုက်၏။ သူတို့လေးယောက်က တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့၏ လက်ဖဝါးများကို ကျောက်နံရံပေါ်သို့ ထိအပ်ကာ ယွမ်ချီစွမ်းအင်များ ပို့လွှတ်လိုက်တော့သည်။
ကျောက်နံရံမှ စူးရှသော အလင်းရောင်များကို ထုတ်လွှတ်လာခဲ့သည်။
"ဝုန်း"
ကျောက်နံရံက ရုတ်တရက် အက်ကွဲသွားပြီး အနက်ရောင် ရေဝဲကြီး ပေါ်လာ၏။
"ဆုလဲ့... သွားလေ၊ ဘိုးဘွားမြေမှာ ဘယ်လိုကံကြမ္မာမျိုးတွေ ရနိုင်မလဲ ဆိုတာကတော့ မင်းရဲ့ ကံအပေါ် မူတည်တယ်"
ဆုမိသားစု၏ ခေါင်းဆောင်က ပြောလိုက်သည်။
"ဟုတ်"
ဆုလဲ့က ခေါင်းညိတ်ပြပြီးနောက် လုမင်နှင့်အတူ ရေဝဲအတွင်းသို့ ဝင်သွားတော့သည်။
နေရာများက ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်တွင်၊ လုမင်က နေရာလပ်တစ်ခုတွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုနေရာက အလွန်ကျယ်ဝန်းသော်လည်း အကန့်အသတ်မဲ့ အဖြူထည်ကြီး ဖြစ်သည်။
သူတို့၏ရှေ့မှာလည်း နေတစ်စင်းကဲ့သို့ အလင်းလုံးတစ်ခုက လေထဲတွင် ဆိုင်းငံ့ထားသေးသည်။
"ဒါက ဘိုးဘေးရဲ့ဝိညာဉ်လား"
ဆုလဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူမက အလင်းလုံးကြီးကို မျက်နှာမူပြီး လေးလေးစားစား ဒူးထောက်ထိုင်လိုက်၏။
လုမင်ကတော့ ဆုလဲ့၏အနားတွင်ရပ်ကာ အလင်းလုံးကို အကဲခတ်နေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဆုလဲ့ဟာ ဘိုးဘွားမြေအကြောင်း အနည်းငယ် ရှင်းပြခဲ့ဖူးသည်။
သို့သော်လည်း ဆုလဲ့က များများ မသိပေ။ တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်ရှိလာတိုင်း အလင်းလုံးကို ဒူးထောက်ကာ အရိုအသေပေးရမည်။ ထို့နောက် ကံကောင်းခြင်းကို ရှာဖွေရန် အလင်းလုံးထဲသို့ ဝင်ရမည် ဖြစ်သည်။
တခါတရံတွင် အလင်းဘောလုံးမှ သူတော်စင်လက်နက်များ ထွက်ပေါ်လာသည်။ တစ်ခါတလေလည်း ဆေးလုံးများ၊ သိုင်းပညာများ သို့မဟုတ် အခြား ရတနာများ ပေါ်လာတတ်၏။ ဘာကို ရရှိနိုင်မလဲ ဆိုတာကတော့ မိမိ၏ ကံတရားအပေါ်မှာ မူတည်သည်။
ထို့နောက်တွင် ဆုလဲ့က အလင်းဘောလုံးဆီသို့ လျှောက်သွားသည်။
အကွာအဝေးတစ်ခုသို့ ရောက်သောအခါ အလင်းဘောလုံးမှ အလင်းတန်းတစ်ခုက ဆုလဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ ဆုလဲ့၏ ခန္ဓာကိုယ်က ကြီးမားသော ဖိအားအောက်တွင် ရှိနေသကဲ့သို့ အနည်းငယ် တုန်ခါသွားသော်လည်း အံကြိတ်ကာ သည်းခံလိုက်လေသည်။
တစ်ဖက်တွင်၊ လုမင်က ဆုလဲ့ကို အမြဲ အာရုံစိုက်နေခဲ့သည်။ ဆုလဲ့တွင် တစ်ခုခုဖြစ်ခဲ့ပါက သူမကို ချက်ချင်း ကယ်တင်လိမ့်မည်။
ယခင်က အလင်းတန်း၏ဖိအားကို မခံနိုင်သောကြောင့် သေဆုံးသွားသော မျိုးနွယ်စုကြီးလေးခု၏ တပည့်များ ရှိဖူးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူတို့ ဝင်ရောက်လာသောအခါ ကာကွယ်သူများပါ ဝင်ရောက်ရတော့သည်။
ဆုလဲ့က အံကိုတင်းတင်းကြိတ်ပြီး တောင့်ခံနေသည်။ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးက ပြတ်သားမှုတို့ ပြည့်နှက်နေပြီး ရှေ့သို့ ဆက်လျှောက်သွား၏။
သို့သော်လည်း ခြေလှမ်းတိုင်းကို ခက်ခက်ခဲခဲ လျှောက်လှမ်းနေပုံရသည်။ ခဏချင်းမှာပင် သူမတစ်ကိုယ်လုံး ချွေးများ ရွှဲနေတော့သည်။
သို့သော်လည်း ဆုလဲ့က ခေါင်းမာသည်။ သူက အံကိုတင်းတင်းကြိတ်ပြီး ရှေ့သို့ ဆက်လျှောက်သွားလေသည်။
မကြာမီ ဆုလဲ့၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။ သူ့အရေပြားများ အက်ကွဲပြီး သွေးများပင် စိမ့်ထွက်လာ၏။
လုမင်က မလှုပ်ရှားဘဲ စောင့်ကြည့်နေဆဲ ဖြစ်သည်။ ဤသည်က ဆုလဲ့အတွက် စမ်းသပ်မှုတစ်ခုသာဖြစ်ကြောင်း သူ သိသည်။ ဆက်လက် ခံနိုင်ရည်ရှိသရွေ့ လုံးဝ အသွင်ပြောင်းသွားလိမ့်မည်။
ဆုလဲ့၏ အသက်အန္တရာယ် မကျရောက်သရွေ့တော့ လုမင်က လှုပ်ရှားလိမ့်မည် မဟုတ်ပေ။