အခန်း ၁၆၆၄
Vol. 111 Ch. 1664
အပိုင်း ( 1664 ) ရွှမ်ယင်နဂါး။
လုမင်၏ အကြည့်အောက်တွင် ဆုလဲ့က ရှေ့သို့ ဆက်သွားခဲ့သည်။
"ဂါး"
ရုတ်တရက်၊ ဆုလဲ့၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံ ထွက်လာ၏။ အစစ်အမှန်နဂါး အရိပ်က ဆုလဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး ထူးထူးကဲကဲ အေးစက်သော အငွေ့အသက်များ ပျံ့နှံ့သွားတော့သည်။
"ရွှမ် ယင်နဂါးခန္ဓာ"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
ထိုစဉ်၊ အလင်းဘောလုံးအတွင်းမှ နဂါးဟိန်းသံ ထွက်ပေါ်လာပြန်သည်။ ထို့နောက်တွင် အလင်းဘောလုံးက ဆုလဲ့ဆီသို့ ပျံသန်းလာပြီး သူမကို ဖုံးအုပ်သွား၏။
တဖြည်းဖြည်းနှင့် အလင်းဘောလုံးက အစစ်အမှန်နဂါးအသွင် ပြောင်းသွားသည်။ ထိုအစစ်အမှန်နဂါး၏ အငွေ့အသက်တို့က ဆုလဲ့၏ ခန္ဓာကိုယ်မှ အစ်စအမှန်နဂါး အငွေ့အသက်များနှင့် အလွန်ဆင်တူလေသည်။
ရွှမ်ယင် နဂါးကြီး ဖြစ်သည်။
"ဂါး..."
အလင်းဘောလုံးမှ ပြောင်းလဲလာသော အစစ်အမှန်နဂါးက ဆုလဲ့ကို လှည့်ပတ်ကာ ပျံသန်းနေသည်။ ဆုလဲ့က တစ်စုံတစ်ခုကို ခံစားရဟန်ဖြင့် မျက်လုံးမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ သူမ၏ အမူအရာကလည်း လေးနက်နေတော့သည်။
"ဝှစ်"
သူမ၏ အရှေ့ဘက်မှ လက်ကောက်တစ်ကွင်းက ပျံသန်းလာကာ ဆုလဲ့၏ ဦးခေါင်းထက်တွင် ရပ်တန့်သွားသည်။
"အမွေအနှစ်... သိုလှောင်လက်ကောက်"
လုမင် အံ့ဩသွားပြီးနောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မူလ အလင်းဘောလုံး၏ နေရာတွင် ပေါ်လာသည်။ ထိုနေရာတွင် ဖြူဆွတ်နေသော အရိုးစုတစ်ခု ရှိ၏။
အစစ်အမှန်နဂါး၏ အရိုးစု ဖြစ်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ"
လုမင်၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ ပီပြင်လာတော့သည်။
ဘိုးဘွားမြေဆိုသည်မှာ အစစ်အမှန်နဂါးကြီး ကျဆုံးခဲ့သောနေရာပင် ဖြစ်သည်။ ထိုအစစ်အမှန်နဂါးကြီးက ကျဆုံးသွားသော်လည်း သူ၏ ဝိညာဉ်ကမူ မပျက်စီးသေးပါ။ ထို့ကြောင့် မိသားစုကြီးလေးခုမှ တစ်ယောက်ယောက် ဝင်ရောက်လာတိုင်း အစစ်အမှန်နဂါးဝိညာဥ်က အခွင့်အလမ်းများကို ပေးနေခဲ့ခြင်း ဖြစ်သည်။
ဆုလဲ့၏ ဦးခေါင်းထက်တွင် မျောလွင့်နေသော လက်ကောက်က အစစ်အမှန်နဂါးကြီး၏ သိုလှောင်လက်ကောက်ပင်။
သိုလှောင်လက်ကောက်၏ လုပ်ဆောင်ချက်က သိုလှောင်လက်စွပ်နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတွင် နေရာလွတ်များပါရှိပြီး ပစ္စည်းများကို သိမ်းဆည်းရန် ရတနာတစ်ခု ဖြစ်လေသည်။
ထို့ပြင် ဤအစစ်အမှန်နဂါးကြီးက ဆုလဲ့၏ ဝိညာဉ်ခန္ဓာနှင့် အပြည့်အဝ လိုက်ဖက်သော ရွှမ်ယင်နဂါး ဖြစ်သည်။ ထို့ကြောင့် ဆုလဲ့ရောက်လာသောအခါ အစစ်အမှန်နဂါး၏ ဝိညာဉ်က အမွေအနှစ်ကို သူမထံသို့ တိုက်ရိုက်လွှဲပေးလိုက်ခြင်းပင်။
ထိုအချိန်မှစ၍ မိသားစုကြီးလေးခု၏ တပည့်များက ထပ်မံ ဝင်ရောက်ကြလျှင်ပင် အကျိုးကျေးဇူး တစ်စုံတစ်ရာကို ရရှိတော့မည် မဟုတ်ပါ။
ထိုသို့တွေးမိသောအခါ လုမင်က အားလုံးကို နားလည်သွားသည်။
ဤသည်က ဆုလဲ့အတွက် သီးသန့် အခွင့်အလမ်းတစ်ခုပင်။
သို့သော်လည်း ဤနဂါးအရိုးက လုမင်အတွက် အလွန်အသုံးဝင်သည်။ ဤရွှမ်ယင်နဂါး အသက်ရှင်စဉ်အချိန်က တောက်ပသော သူတော်စင်နယ်ပယ်အထက် ရှိနေမည်မှာ သေချာလှပေသည်။ အနည်းဆုံးတော့ မဟာသူတော်စင်နယ်ပယ်တွင် ရှိမည်။ လုမင်လည်း သူ မြင်နေရပြီမို့ လက်လွတ်မခံတော့ပေ။
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ နဂါးအရိုးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ဆုလဲ့နှင့် သိပ်မဝေးသောနေရာတွင် ထိုင်ကာ အေးအေးလူလူ စောင့်နေလိုက်လေသည်။
ပုံစံကိုကြည့်လျှင် အမွေဆက်ခံခြင်း လုပ်ငန်းစဉ်က အချိန်တိုအတွင်း ပြီးဆုံးမည့်ပုံ မရပါ။
ရွှမ်ယင်နဂါးက လှည့်ပတ်နေပြီး အလင်းတန်းများကလည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် စိမ့်ဝင်နေခဲ့သည်။
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကြာသွားသည်။
ထိုအချိန်တွင် ဆုလဲ့၏ ခန္ဓာကိုယ်ပတ်လည်ရှိ အစစ်အမှန်နဂါးအရိပ်က လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဆုလဲ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းတို့ ဖြာထွက်လာ၏။ ရွှမ်ယင်မြစ်ရေကလည်း သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေတော့သည်။
"သူ့ရဲ့ ဝိညာဉ်ခန္ဓာက ကောင်းကင်ဝိညာဉ်ခန္ဓာနဲ့အလွန်နီးကပ်တဲ့ မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာဖြစ်သွားတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီ"
လုမင်၏ မျက်လုံးတို့က အံ့ဩခြင်းများဖြင့် ပြည့်နှက်သွားသည်။
ဆုလဲ့၏ ဝိညာဉ်ခန္ဓာသည် ယခင်က အလယ်အလတ် မြေကမ္ဘာဝိညာဉ်ခန္ဓာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် အဆင့်မြင့် မြေကမ္ဘာဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာပြီ။ သူမက ကောင်းကင်ဝိညာဉ်ခန္ဓာနှင့်ပင် အလွန်နီးစပ်သည်။ လျှို့ဝှက်ဆန်းကြယ်သော ရွှမ်ယင်မြစ်ကလည်း အလွန်အစွမ်းထက်ပုံရ၏။ သာမန် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် သိုင်းအုပ်ချုပ်သူများ ထိတွေ့မိပါက အေးခဲသွားပြီး သေသည်အထိ ဖြစ်လိမ့်မည်။
တစ်ဖက်တွင်၊ ဆုလဲ့၏ ကျင့်ကြံခြင်းအခြေခံသည် ယခင်က ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အစောပိုင်းအဆင့် ဖြစ်သောကြောင့် တိုးတက်မှု သိပ်ကြီးမားပုံမရပေ။ သို့ရာတွင် သူမ၏ ကျင့်ကြံခြင်းက အနာဂတ်တွင် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
လုမင် ပြုံးလိုက်သည်။ ကြင်နာတတ်သော ထိုမိန်းကလေးအတွက် သူလည်း ပျော်ရွှင်မိလေသည်။
"ဂါး"
ကျယ်လောင်သော နဂါးဟိန်းသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ဆုလဲ့၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်လာပြီး ကောင်းကင်သို့ ထိုးဖောက်သွား၏။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
အမွေဆက်ခံခြင်း လုပ်ငန်းစဉ်က နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လုမင် သိလိုက်သည်။ ရွှမ်ယင်နဂါး၏ ဝိညာဉ်က ပျက်စီးတော့မည်။
သို့သော်လည်း ဤအခြေအနေမှာ ၎င်း၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။
ဘိုးဘွားမြေ အပြင်ဘက်တွင်၊ မျိုးနွယ်စုလေးခု၏ ခေါင်းဆောင်များနှင့် အခြားသူများက စောင့်မျှော်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ဘိုးဘွားမြေထဲကိုဝင်တာက ဘာဖြစ်လို့ ဒီလောက်တောင်ကြာနေရတာလဲ။ လဝက်တောင်ရှိပြီ"
"အရင်ကဆိုရင် ဘိုးဘွားမြေကနေ ထွက်လာဖို့ အချိန်အကြာဆုံးက သုံးရက်ပဲ။ ဒီတစ်ခါကျမှ ဘာဖြစ်လို့ လဝက်တောင်ကြာနေရတာလဲ"
"အဲဒီမှာ အားလုံးသေသွားပြီလို့တော့ မပြောနဲ့"
လူတော်တော်များများက ခန့်မှန်းကြလိုက်ကြသည်။
မျိုးနွယ်စုလေးခု၏ ခေါင်းဆောင်များလည်း မျက်နှာများ မှုန်ကုပ်လာတော့သည်။
"ဂါး"
ရုတ်တရက်၊ ကျယ်လောင်သော နဂါးဟိန်းသံက ဘိုးဘွားမြေမှ ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်နံရံပေါ်ရှိ ရေဝဲကြီးမှ တောက်ပသော အလင်းရောင်တို့ကို ထုတ်လွှတ်လာ၏။ ကျောက်နံရံက ပြင်းထန်စွာ တုန်ခါလာပြီးနောက် ခွမ်းခနဲ အသံနှင့်အတူ အမှန်တကယ် ပေါက်ကွဲသွားတော့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
"အဲဒီမှာ ဘာတွေဖြစ်နေတာလဲ"
မျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များ အော်ဟစ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင်၊ ကုစူးမြို့တော်၏ ဦးတည်ရာလေးခုလုံးမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါများမှ အကန့်အသတ်မဲ့ ဖိအားက ကုစူးမြို့တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ထို့နောက်မှာတော့ လူရိပ်လေးခုက လေထဲမှာ ပေါ်လာတော့သည်။
လူရိပ်တစ်ခုစီက သူတော်စင်အဆင့် အငွေ့အသက်များ ဖြာထွက်နေသည်။
"သူတော်စင်တွေ... မျိုးနွယ်စုလေးခုရဲ့ သူတော်စင်နယ်ပယ် ဘိုးဘေးကြီးတွေတောင် ရောက်လာပြီ"
တစ်ယောက်က အော်ဟစ်လိုက်သည်။
မျိုးနွယ်စုလေးခုမှ သူတော်စင်နယ်ပယ် ဘိုးဘေးလေးဦးက ဘိုးဘွားမြေ တံခါးဝသို့ ဆင်းသက်လိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ဆုမိသားစု ဘိုးဘေးက မေးသည်။
“ကျွန်တော်တို့လည်း ဘာဖြစ်နေမှန်း မသိပါဘူး။ ဆုလဲ့တို့ကလည်း အဲဒီကိုဝင်သွားတာ လဝက်တောင်ရှိပြီ။ ဒါပေမဲ့ အခုထိ ထွက်မလာသေးဘူး"
ဆုမိသားစု ခေါင်းဆောင်က ပြန်ဖြေလိုက်လေသည်။
"ဘိုးဘွားမြေမှာ တစ်ခုခုဖြစ်နေပြီ၊ သွားကြည့်ရအောင်"
"သွားကြစို့"
သူတော်စင်နယ်ပယ် ဘိုးဘေးများက အချင်းချင်း ပြောဆိုကြပြီးနောက် ရေဝဲထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားကြသည်။
မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်များသည်လည်း ၎င်းတို့၏ဘိုးဘေးများနောက်မှ ဘိုးဘွားမြေသို့ ဝင်လိုက်သွားတော့သည်။
"အထဲဝင်ရအောင်"
ဆုမိသားစု ဘိုးဘေးက ဆုမိသားစုခေါင်းဆောင်ကိုပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးလည်း ဝင်လိုက်သွား၏။
သူတော်စင်နယ်ပယ် ဘိုးဘေးများနှင့် မျိုးနွယ်စုလေးစု၏ ခေါင်းဆောင်များက ဘိုးဘေးမြေထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက်၊ လုမင်နှင့် ဆုလဲ့က တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း အားလုံး၏ အကြည့်များက ဆုလဲ့အပေါ်သို့သာ ကျရောက်သွား၏။
"အမွေ... အမွေကို အပိုင်သိမ်းလိုက်ပြီ"
"ချီးပဲ"
အခြားမိသားစု သုံးစု၏ သူတော်စင်နယ်ပယ် ဘိုးဘေးများက တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများမှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာ၏။
"မင်းတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒါက ဆုမိသားစုက တပည့်ရဲ့ အခွင့်အရေးပဲ။ မင်းတို့က ဝင်ရောက်စွက်ဖက်ချင်တာလား"
ဆုမိသားစု၏ သူတော်စင်နယ်ပယ် ဘိုးဘေးက အော်ဟစ်လိုက်သည်။
"ဘာအခွင့်အရေးလဲ။ ဒီနေရာဟာ မူလက ငါတို့ မိသားစုလေးခုစလုံးနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ အခု သူက အမွေရသွားပြီဆိုတော့ နောက်မျိုးဆက်သစ်တွေက ဒီမှာ ဘာမှ မရနိုင်တော့ဘူးပေါ့"
"ဟုတ်တယ်၊ အဲဒီလက်ကောက်ကို ဘိုးဘွားမြေမှာ ချန်ထားခဲ့သင့်တယ်။ အဲဒါကို ယူပြီးတော့ ရတနာတွေကို အညီအမျှခွဲရမယ်"
အခြား မိသားစုသုံးခု၏ သူတော်စင်နယ်ပယ် ဘိုးဘေးများက တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။
ဆုမိသားစု၏ ဘိုးဘေးနှင့် ခေါင်းဆောင် မျက်နှပျက်သွားကြလေသည်။
ဤလူများက အနိုင်ကျင့်လွန်းသည်။
မိသားစုလေးခု၏ စည်းမျဉ်းများအရ ဘိုးဘွားမြေသို့ ရောက်ရှိလာသော မျိုးဆက်သစ် လူငယ်များသည် မည်သို့သော အခွင့်အရေးကို ရရှိသည်ဖြစ်စေ၊ မျိုးဆက်သစ်များသာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ အမွေအနှစ်ဖြစ်လျှင်ပင် ပြောစရာမလိုပေ။
ယခုမူကား၊ အခြားသော ဘိုးဘေးများက မနာလိုစိတ်နှင့် လက်မခံလိုတော့ကြောင်း သိသာထင်ရှားသည်။ သူတို့က အားလုံးကို အညီအမျှ ခွဲဝေယူချင်နေကြ၏။
ဤသူတော်စင်နယ်ပယ် ဘိုးဘေးအားလုံးက ဘိုးဘွားမြေအကြောင်းကို သဘာဝအတိုင်း သိကြသည်။
သို့သော်လည်း ယခင်ကတော့ ရွှမ် ယင်နဂါး၏ဝိညာဉ်က စောင့်ရှောက်နေသေးသဖြင့် သူတို့ စိတ်ကူးမယဉ်ဝံ့ခဲ့ပါ။ အကြောင်းမှာ၊ အတိတ်တွင် ဘိုးဘွားမြေမှ အမွေကို တပ်မက်မိသော သူတော်စင်များအားလုံး ရွှမ်ယင်နဂါး၏ ဝိညာဉ် လက်ချက်ဖြင့် ဤနေရာတွင် သေဆုံးခဲ့ရသောကြောင့်ပင်။
ယခုတော့ ရွှမ်ယင်နဂါး၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။