အခန်း ၁၆၆၅
Vol. 111 Ch. 1665
အပိုင်း ( 1665 ) မိသားစုကြီး သုံးခု၏ သူတော်စင်များကို သတ်ခြင်း။
"မိသားစုလေးခုက ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ဖောက်ဖျက်ချင်တာလား"
ဆုမိသားစု၏ သူတော်စင်ဘိုးဘေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စည်းမျဉ်းတွေလား၊ ဟာသပဲ။ စည်းမျဉ်းဆိုတာ လူတွေက ချမှတ်ထားတာ... အခု စည်းမျဉ်းအသစ်တွေကို ချမှတ်လို့ရပြီ"
ချန်မိသားစု၏ ဘိုးဘေးက လှောင်ပြောင်လိုက်သည်။
"မှန်တယ်၊ ဆုမိသားစုက ငါတို့ကို တားဆီးချင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေတာပဲ၊ ဟမ့်"
နောက်ထပ် သူတော်စင်နယ်ပယ် ဘိုးဘေးကလည်း ပြောလိုက်၏။
ဆုမိသားစု၏ ဘိုးဘေးနှင့် မိသားစု ခေါင်းဆောင်တို့ မျက်နှာပျက်သွားကြသည်။
တစ်ဖက်လူ၏ ရည်ရွယ်ချက်က ထင်ရှားနေပြီ။ သူတို့က ဤအခွင့်အရေးကို အသုံးချပြီး ဆုမိသားစုကို ဖိအားပေးကာ ဖျက်ဆီးလိုသည်။
ဆုသားစု၏ ဘိုးဘေးကြီးက လက်သီးကို တင်းတင်းဆုပ်ပြီး မေးကြောများ ထောင်ထလာသည်အထိ အံကြိတ်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်လေသည်။
"ဒီလိုဆိုမှတော့ သိုလှောင်လက်ကောက်ထဲက ရတနာတွေကို အညီအမျှခွဲဝေယူရအောင်ပါ၊ ဘယ်လိုသဘောရလဲ"
"ဒီဖြစ်ရမှာပေါ့၊ ဒါပေမဲ့ အဲဒီမိန်းကလေးက အမွေရထားတယ်။ ငါတို့က သူ့ကို ချက်ခြင်း ဟန့်တားပြီး အမွေအနှစ်ကို ထုတ်ယူပြီး မိသားစုလေးခု ညီတူညီမျှ ခွဲယူရမယ်"
"ဟုတ်တယ်၊ ဆုမိသားစု တစ်ခုတည်းက ရတနာတွေကို အကုန်ယူခွင့် မပြုနိုင်ဘူး"
အခြား ဘိုးဘေးများက လျစ်လျူရှုစွာ ပြောလိုက်သည်။
"သိပ်မလွန်လာနဲ့"
ဆူမိသားစု၏ ဘိုးဘေးကြီး အော်ဟစ်လိုက်သည်။ သူ အမှန်တကယ် ဒေါသထွက်သွား၏။ ခြင်္သေ့တစ်ကောင်ကဲ့သို့ စူးရဲသော အကြည့်ဖြင့် မိသားစုသုံးခု၏ ဘိုးဘေးများကိုကြည့်ကာ ပြောလိုက်သည်။
"အမွေဆက်ခံနေတာကို အတင်းအကျပ် နှောင့်ယှက်ရင် သေချာပေါက် တုံ့ပြန်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်။ ကံမကောင်းရင် အမွေဆက်ခံတဲ့သူ သေသွားနိုင်တယ်ကွ။ နောက်ပြီးတော့ အမွေအနှစ်ဆိုတာ ထုတ်ယူလို့မရဘူး"
"မကြိုးစားကြည့်ရင် ငါတို့ ဘယ်လိုသိနိုင်မှာလဲ"
ချန်မိသားစု၏ ဘိုးဘေးက ဂရုမစိုက်သလို ပြောလိုက်သည်။
"အမှန်ပဲ၊ ငါတို့ကြိုးစားပြီးရင် အဆင်ပြေမလားဆိုတာ သိလိမ့်မယ်"
နောက်ထပ် ဘိုးဘေးတစ်ယောက်က အေးစက်စက် ပြောလိုက်၏။
သူတို့၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် လင်းလက်လာသည်။ ဆုလဲ့၏ ဘဝက သူတို့နှင့်မဆိုင်ပေ။
ထို့ပြင် ဆုမိသားစုအား အမွေ အပြည့်အ၀ ရခွင့်မပြုနိုင်ပါ။ ထိုသို့မဟုတ်ပါက၊ နောင်အနာဂတ်တွင် ဆုမိသားစုတွေ ထမြောက်လာသောအခါ ကုစူးမြို့တွင် တခြားမိသားစုများအတွက် နေရာရှိနိုင်ဦးမည်လော။
ဆုလဲ့၏ အမွေဆက်ခံမှုကို နှောက်ယှက်မည်ဆိုပါက သူမ သေရမည်မှန်း အားလုံး သိကြသည်။ ထို့ပြင် အမွေက ထုတ်ယူ၍မရနိုင်ကြောင်း သူတို့သိ၏။
သို့သော်လည်း သူတို့၏ ရည်ရွယ်ချက်က ဆုလဲ့ကိုသတ်ရန် ဖြစ်သည်။
"မင်းတို့ သိပ်တရားလွန်သွားပြီ။ ဒီနေ့ ငါ မင်းတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်။ ဆုမိသားစုရဲ့ လူကိုထိဖို့ လုံးဝ မစဉ်းစားနဲ့"
ဆုမိသားစု၏ ဘိုးဘေးက ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
ဆုလဲ့က ဘိုးဘွားမြေတွင် အမွေကို ရရှိခဲ့ပြီး ဆုမိသားစု၏ မျှော်လင့်ချက် ဖြစ်သည်။ ဆုလဲ့ကို အသေမခံနိုင်ပေ။
ဆုမိသားစု၏ ခေါင်းဆောင်ကလည်း သူ့ဘေးတွင် ရပ်လိုက်သည်။
"ဟားဟားဟား၊ အဘိုးကြီးဆု... မင်းတစ်ယောက်တည်းနဲ့ မလုံလောက်မှာကို ငါကြောက်တယ်။ ငါ ဒီအဘိုးကြီးကို ကိုင်တွယ်လိုက်မယ်...၊ ဟိုကောင်မလေးကို မင်းတို့အတွက် ထားခဲ့လိုက်ပြီ"
ချန်မိသားစု၏ ဘိုးဘေးက လှောင်ပြောင်လိုက်သည်။ သူက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ရင်း ဆုမိသားစု ဘိုးဘေးဆီသို့ လျှောက်သွား၏။ သူတို့၏ အရှိန်အဝါများက တိုက်မိသောအခါ ဆူညံသံများ ထွက်ပေါ်လာတော့သည်။
ချန်မိသားစု၏ ဘိုးဘေးက ဆုမိသားစု၏ ဘိုးဘေးကို ပစ်မှတ်ထားခဲ့သည်။
"ကလေးမလေးတစ်ဦးကို ဘိုးဘေးကိုယ်တိုင် လုပ်စရာမလိုပါဘူး။ ကျုပ်သွားလိုက်မယ်"
ဟုန်မိသားစု၏ခေါင်းဆောင်က လှောင်ပြောင်ပြောဆိုရင်း ဆုလဲ့ဆီသို့ လျှောက်သွားသည်။
ဆုမိသားစု ဘိုးဘေး၏ မျက်လုံးများက စိတ်ပျက်ခြင်း အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
မဟာ မိသားစုကြီးလေးခု၏ ဘိုးဘေး လေးဦးစလုံးက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်နိမ့် ပညာရှင်များဖြစ်ကြသည်။ သူတို့၏ အင်အားက တစ်ဦးနှင့်တစ်ဦးကြားတွင် ကွာခြားမှုမရှိပေ။ သူ တစ်ဦးတည်းက အခြား မိသားစုသုံးခု၏ ဘိုးဘေးများကို တားဆီးနိုင်မည် မဟုတ်ပါ။
ဆုလဲ့ကိုကြည့်ရင်း ဟုန်မိသားစု ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော်လည်း ဆုလဲ့ ရရှိခဲ့သည့်အရာမှာ ရွှမ်ယင်နဂါး၏ အမွေဖြစ်ခြင်းကြောင့် သူ သတိထားနေသေးသည်။ ရွှမ်ယင်နဂါး၏ ဝိညာဉ်က ရှိနေဦးမလား သူ အတပ်မပြောနိုင်ပါ။
ဆုလဲ့၏ နံဘေးမှာထိုင်နေသော လုမင်ကိုတော့ သူတို့က လုံးဝ ဂရုမစိုက်ပေ။
လွန်ခဲ့သည့်လဝက်က ပြိုင်ပွဲတွင် လုမင်သည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသခဲ့သော်လည်း၊ သူသည် သူတော်စင်တစ်ပိုင်း တတိယအဆင့်မှ နိယာမ ပညာရှင် ဖြစ်သည်။ သူက လုမင်ကို လုံးဝ အလေးအနက် မထားပေ။
ထိုအခိုက်တွင် လုမင်က အေးစက်မှုတို့ ပြည့်နှက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။
"ထွက်သွား"
လုမင်က အေးစက်စက် ပြောလိုက်၏။
"ကောင်လေး၊ မင်း ဘာပြောလိုက်တာလဲ"
ဟုန်မိသားစုခေါင်းဆောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်သည်။
"မထွက်သွားဘူးဆိုရင် သေရလိမ့်မယ်"
လုမင်၏ အသံက ပို၍ အေးစက်လာသည်။
"မောက်မာလိုက်တာာ၊ ငါ မင်းကို အရင်သတ်မယ်"
ဟုန်မိသားစု၏ ခေါင်းဆောင်က အေးစက်စက် ကြိမ်းမောင်းလိုက်သည်။ သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
"ဝှစ်"
ဤအခိုက်တွင် လုမင်က လှုပ်ရှားလိုက်သည်။ သူက ဟုန်မိသားစုခေါင်းဆောင်၏ လက်ကို ဖမ်းဆီးဆုပ်ကိုင်လိုက်၏။
ဟုန်မိသားစု ခေါင်းဆောင်၏ တိုက်ခိုက်မှုနှင့် ခုခံမှု အားလုံးက တခဏချင်း ပြိုကျသွားသည်။ လုမင်က ဟုန်မိသားစု ခေါင်းဆောင်၏ လည်မြိုကိုဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်တော့သည်။
"ဒုန်း"
မြေပြင်က တုန်ခါပြီး တွင်းကြီးတစ်ခု ဖြစ်ပေါ်လာရသည်။ ဟုန်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ အရိုးအားလုံး ကျိုးပဲ့သွား၏။ ထိုမျှသာမကဘဲ လုမင်၏ ကြောက်စရာကောင်းသော အဖျက်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကာ သူ၏ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တော့သည်။
"မင်း... မင်း"
လုမင်ကို မယုံနိုင်စွာ စိုက်ကြည့်ရင်း ဟုန်မိသားစု ခေါင်းဆောင်၏ ပါးစပ်မှ သွေးများ တပွက်ပွက် အန်ထွက်လာသည်။ ထို့နောက်တော့ ဇာတ်လည်ကျကာ အသက်ရှူရပ်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ အခြားလူများအားလုံး အံ့အားသင့်သွားကြသည်။
လုမင်က နိယာမပညာရှင်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်လိုက်၏။
ဆုမိသားစုခေါင်းဆောင်လည်း နောက်ကျောပြင်တစ်ခုလုံး ချွေးများ ရွှဲရွှဲစိုသွားသည်။ ယခင်က လုမင်ကို မတိုက်ခိုက်မိခဲ့သည့်အတွက်လည်း သူ ဝမ်းသာလာ၏။ မဟုတ်ပါက သူလည်း ယခုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်။
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
ဟုန်မိသားစု၏ ဘိုးဘေးက တုံ့ပြန်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာ၏။ ကြီးမားကျယ်ပြန့်သော သူတော်စင် ဖိအားတစ်ခုက လုမင်အပေါ်သို့ ကျရောက်လာတော့သည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်မိသားစု၏ဘိုးဘေးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုမင်ကို တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။
"ရပ်လိုက်စမ်း"
ဆုမိသားစု၏ ဘိုးဘေးက ဟိန်းဟောက်လိုက်သည်။ သူက လုမင်ကို ကူညီချင်သော်လည်း ချန်မိသားစု ဘိုးဘေးက လက်ဝါးဖြင့် ရိုက်ချပြီး တိုက်ခိုက်လိုက်၏။ ဆုမိသားစု ဘိုးဘေးလည်း သူ့ကိုယ်သူ ကာကွယ်ရန်အတွက် တန်ပြန်တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဟုန်မိသားစု ဘိုးဘေး၏ ကြောက်မက်ဖွယ်ကောင်းသော ဓားသွားအလင်းကလည်း လုမင်၏ ဦးခေါင်းကို ဖြတ်သွားတော့မည် ဖြစ်သည်။
ထိုစဉ်...
လုမင်၏ လက်ဝါးက တောက်ပနေပြီး လျိုယွမ်လက်အိတ် ပေါ်လာသည်။ သူ့လက်ကို မြှောက်လိုက်ပြီးနောက် ဟုန်မိသားစု ဘိုးဘေး၏ ဓားအလင်းကို ဖမ်းဆုပ်လိုက်၏။ ဓားအလင်းက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
"ပိုင်းဖြတ်စမ်း"
ဟုန်မိသားစု ဘိုးဘေးက ဟိန်းဟောက်လိုက်သည်။ သူတော်စင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး နိယာမလည်း ပေါ်လာ၏။ သူက လုမင်၏ လက်ကို ခွဲထုတ်လိုက်ရန် ကြိုးစားသည်။
သို့သော်၊ ဓားအလင်းက လုမင်၏ လက်ထဲတွင် ရပ်တန့်နေဆဲပင်။ ရှေ့ကို အနည်းငယ်မျှပင် ဆက်မတိုးနိုင်ခဲ့ပါ။
"ဘာတွေဖြစ်နေတာလဲ"
ဟုန်မိသားစု၏ ဘိုးဘေးမှာ တုန်လှုပ်လာသည်။ သူ့မျက်လုံးများကလည်း မယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်လျက် ရှိ၏။
သူက သူတော်စင်နယ်ပယ် အကျော်အမော် ဖြစ်သည်။ လုမင်၏ သူ၏ တိုက်ခိုက်မှုကို မည်သို့ တားဆီးနိုင်မည်နည်း။ ထို့ပြင် လုမင်က အလွန်အားစိုက်ထုတ်နေပုံ မရပါ။
"ချွမ်"
လုမင်က ရုတ်တရက် တွန်းထုတ်လိုက်သည်နှင့် ဓားအလင်းမှာ ဖန်သားကဲ့သို့ ကွဲအက်သွားသည်။
ထို့နောက် လုမင်က လေမိုးကြိုးခြေလှမ်းကို အသုံးပြု၍ ဟုန်မိသားစုမှ ဘိုးဘေး၏ရှေ့တွင် ပေါ်လာသည်။ သူက လက်သီးဖြင့် ထိုးလိုက်၏။
လျိုယွမ်လက်အိတ်က တောက်ပပြီး ကစဉ့်ကလျားနိယာမ ထွက်ပေါ်လာသည်။ အင်အားကြီးမားသော လက်သီးက သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ဟုန်မိသားစု ဘိုးဘေး၏ ခုခံကာကွယ်မှုများက စက္ကူတစ်ရွက်ပမာ အလွယ်တကူ ပြိုကျသွား၏။
"ဒုန်း"
လုမင်၏ လက်သီးက ဟုန်မိသားစု ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာတော့သည်။ သူက သွေးအန်ရင်း အဝေးသို့ လွင့်စဉ်သွားသည်။
"ဝှစ်"
ထို့နောက် လုမင်က နဂါးနက်လှံဖြင့် ပစ်ထိုးလိုက်၏။ လှံရှည်က ဟုန်မိသားစု ဘိုးဘေး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်ကာ မြေပြင်တွင် ထိုးစိုက်သွားသည်။ သူ အသက်မရှူတော့ပေ။
သေပြီ။
ဟုန်မိသားစု၏ ဘိုးဘေးကြီးမှာ လုမင်၏ ထိုနည်းအတိုင်းပင် အသတ်ခံခဲ့ရသည်။ ထိုအခိုက်အတန့်တွင် အခြားသူများက လုမင်အား သရဲသဘက်တစ်ကောင်အား စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးအစုံကလည်း ကျွတ်ကျလုမတတ် ပြူးကျယ်နေ၏။
သူတော်စင်တစ်ပါးက ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။ ထို့ပြင်၊ ၎င်းက အလွန်လွယ်ကူပုံရ၏။
ဒဏ္ဍာရီများတွင် သူတော်စင်မဟုတ်ဘဲ သူတော်စင်တစ်ဦးကို သတ်ပစ်နိုင်သူများအကြောင်း သူတို့ကြားဖူးကြသည်။ ယခုမူကား သူတို့မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပျက်နေပြီ။ အိပ်မက် မက်နေသလိုပင် ခံစားလိုက်ကြရသည်။
"သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်"
ချန်မိသားစု၏ ဘိုးဘေးက ရေရွတ်လိုက်သည်။
ယခုတော့ လုမင်၏ ကျင့်ကြံခြင်းအခြေခံကို နောက်ဆုံးတွင် သူတို့ မြင်လိုက်ကြရပြီ။