အခန်း ၁၆၆၇
Vol. 112 Ch. 1667
အပိုင်း ( 1667 ) ဝင်ခွင့်တစ်နေရာကို ကျုပ်ယူမယ်။
"ဒုတိယ ဆရာတူအစ်ကို၊ ခင်ဗျား သူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားပြီလား။ ဂုဏ်ယူပါတယ်"
လုမင်က လုံယွမ်ရှန်ကို ကြည့်လိုက်သည်။ လုံယွမ်ရှန်၏ ခန္ဓာကိုယ်မှ သူတော်စင်စွမ်းအင်ကို ခံစားမိသောအခါ သူ အလွန်ဝမ်းသာသွား၏။
"ဟားဟားဟား၊ ငါက ဒီလောက်ကြာပြီးမှ သူတော်စင်နယ်ပယ်ကို ဖြတ်နိုင်ခဲ့တာပါ။ မင်းရဲ့ တတိယ ဆရာတူအစ်ကိုနဲ့ တခြားသူတွေက သူတော်စင်နယ်ပယ်ကို ဖြတ်သွားတာ ကြာပေါ့"
လုံယွမ်ရှန်က ရယ်မောလိုက်သည်။
"ဒုတိယ ဆရာတူအစ်ကိုရဲ့ အရည်အချင်းနဲ့ဆိုရင် အနာဂတ်မှာ ပိုမြင့်မားတဲ့ အဆင့်တွေကိုတောင် သေချာပေါက် ရောက်ရှိနိုင်မှာပါ"
လုမင် ပြောလိုက်သည်။
လုမင်သည် ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့ထံမှ လုံယွမ်ရှန်ငယ်စဉ်က ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ကြားဖူးသည်။ ထို့ကြောင့် သူ၏ တိုးတက်မှုက အလွန်နှေးကွေးသွားပေသည်။ သူက သူတော်စင်နယ်ပယ်သို့ မရောက်နိုင်ဘဲ သူတော်စင်တစ်ပိုင်းအဆင့်တွင် ပိတ်မိနေခဲ့သည်။
လုံယွမ်ရှန်ငယ်စဉ်က သူ၏ ဆရာတူအစ်ကိုနှင့် လေ့ကျင့်ရန်ထွက်ခဲ့ပြီး ကြောက်စရာကောင်းသော ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။ ထိုတိုက်ပွဲတွင် လုံယွမ်ရှန်က ဒဏ်ရာအပြင်းအထန်ရပြီး သူ၏ ဆရာတူအစ်ကိုမှာလည်း သေဆုံးခဲ့လေသည်။
ယင်းက လုံယွမ်ရှန်၏ နှလုံးသားထဲမှ ကြိုးထုံးတစ်ခုဖြစ်ပြီး သူ့ကို ရှေ့မဆက်နိုင်ရန် တားဆီးနေသည့် အဖျက်တစ်ခုလည်း ဖြစ်ခဲ့သည်။
လုံယွမ်ရှန်က ဘာမျှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလေသည်။
"ရှန်းရှန်း၊ လာပါဦး။ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုရှိလဲ ကြည့်ရအောင်"
လုမင်က ရှန်းရှန်းကို လှည့်ကြည့်လိုက်သည်။
တစ်နှစ်ကျော်ကြာပြီးနောက် ရှန်းရှန်းမှာ အလွန်အရပ်ရှည်လာသည်။ သူမက ကိုးနှစ်ကျော်နေပြီဖြစ်ပြီး ခန္ဓာကိုယ် သွယ်လျကာ ပြေပြစ်၏။ ငယ်ရွယ်သေးသော်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှု မြန်သောကြောင့် မိန်းမလှလေးတစ်ဦးဟု ဆိုနိုင်သည်။
လုမင်မှာ သူမကို သေချာကြည့်လိုက်ပြီးနောက် မျက်လုံးပြူးသွား၏။
"ရှန်းရှန်း၊ မင်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပြီလား"
"ဟုတ်၊ မကြာသေးခင်ကမှ အဆင့်တက်သွားတာပါ။ ရှန်းရှန်း လေ့ကျင့်တာက နှေးနေတာတော့ မဟုတ်ပါဘူးနော်"
ရှန်းရှန်းက မျက်တောင်မဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။
လုမင်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်သွားသည်။ နောက်မကျသည့်အပြင် အံ့ဖွယ်ကောင်းလွန်းနေသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က ရှန်းရှန်း၏ ကျင့်ကြံမှုမှာ သိုင်းဘုရင်နယ်ပယ်၏ အထွတ်အထိပ်၌သာ ရှိသေးသည်။ တစ်နှစ်ကျော် အချိန်တိုအတွင်း ရှန်းရှန်းက နယ်ပယ်များစွာကို ဖြတ်ကျော်ပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ်ဆီသို့ ချိုးဖြတ်သွားခဲ့သည်။
အသက်ကိုးနှစ်အရွယ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ... လုမင်၏ စိတ်တည်ငြိမ်မှုဖြင့်ပင် ရင်တုန်ပန်းတုန် ဖြစ်ခဲ့ရလေသည်။
"ဟားဟားဟား၊ နဝမမြောက် ဆရာတူညီလေး... မင်း သိပ်အံ့ဩသွားသလား။ ရှန်းရှန်းရဲ့ အရည်အချင်းက တကယ်ကို သဘာဝလွန်ဖြစ်ပြီး ရှားပါးတယ်။ ငါတို့ အကြီးတွေသာ မကြိုးစားရင် ရှန်းရှန်းက ငါတို့ကို မကြာခင် ကျော်တက်သွားတော့မှာ ကြောက်ရတယ်"
လုံယွမ်ရှန်က ရယ်မောလိုက်သည်။
"ဒါ တကယ် ဖြစ်နိုင်တယ်"
လုမင်လည်း တုန်လှုပ်သွားပြီး ဖိအားများကို ခံစားလိုက်ရသည်။
သူမ၏ ဆရာတစ်ယောက်ဖြစ်ပြီး နောင်တွင် ရှန်းရှန်းက သူ့ကို အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့သည်ရှိသော် ရှက်စရာကောင်းလွန်းပေလိမ့်မည်။
ဟုတ်သည်၊ သူ့စိတ်ထဲမှာတော့ ပျော်ရွှင်နေသေးသည်။
ဖိအားများရှိသော်လည်း ရှန်းရှန်းကို ပို၍ တိုးတက်နိုင်စေရန် သူ မျှော်လင့်နေဆဲပင်။
"ဒါနဲ့ ဒုတိယ ဆရာတူအစ်ကို... ဆရာက ဘယ်မှာလဲ"
လုမင် မေးလိုက်သည်။
"ဆရာက ဒီအတောအတွင်း သူ့မှာ လုပ်စရာရှိသေးတယ်တဲ့။ အခြေအနေကိုတော့ ငါ မသိဘူး၊ အဲဒါကြောင့် ဒီအတောအတွင်းမှာ ငါကပဲ ရှန်းရှန်းနဲ့ လေ့ကျင့်ပေးနေတာ"
လုံယွမ်ရှန်က ပြော၏။
လုမင် ခေါင်းညိတ်လိုက်သည်။ တိမ်နဂါး တောင်ကြားသခင်မှာ တကယ်အရေးကြီးသော အရာတစ်ခုခု ရှိနေပုံရသည်။
"နဝမမြောက် ဆရာတူညီလေး၊ မင်း ပြန်လာတာ အချိန်ကောင်းပဲ။ ဒီနေ့၊ နဂါးနတ်ဘုရားတောင်ကြားက တင်းပေါင်ညီလာခံမှာ ပါဝင်ဖို့ ခွဲတမ်းနေရာတွေကို စိစစ်မှု လုပ်နေတယ်။ မင်း အခုသွားရင် သိပ်ပြီး နောက်မကျသေးဘူး"
လုံယွမ်ရှန်က ပြောလိုက်သည်။
"ခွဲတမ်းစစ်ဆေးတာလား"
လုမင် အံ့သြသွား၏။
ယခင်က တင်းပေါင်ညီလာခံသည် အသက်ငါးဆယ်နှစ်အောက် သိုင်းအုပ်ချုပ်သူ မည်သူမဆို ပါဝင်ခွင့်ရှိသည်။ ယခုနှစ်မှ အဘယ်ကြောင့် စိစစ်ရန် လိုအပ်သနည်း။
"ဆရာတူညီလေး မသိလို့ပါ၊ တင်းပေါင်ညီလာခံရဲ့ စည်းမျဉ်းတွေက ပြောင်းသွားပြီ"
"မကြာသေးမီနှစ်များအတွင်း... မျိုးဆက်သစ်လူငယ်တွေကြားမှာ ကျွမ်းကျင်သူတွေ... ပါရမီရှင်တွေ အများကြီး ပေါ်ပေါက်လာခဲ့တယ်။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်က ကျင့်ကြံသူတွေနဲ့ ပိုပြီး အားကောင်းတဲ့ ပါရမီရှင်တွေလည်း အများကြီး ရှိနေသေးတယ်။ ဒါပေမဲ့ ညီလာခံက လူအများကြီး ပါဝင်နေရင်လည်း အဓိပ္ပာယ် မရှိဘူးလေ။ အဲဒါကြောင့် တင်းပေါင်ညီလာခံမှာ ပါဝင်မဲ့ ကျင့်ကြံသူတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေကို ပြောင်းလိုက်တယ်။ အင်အားစု တစ်ခုစီက အသန်မာဆုံး ပါဝင်သူ အယောက်နှစ်ဆယ်ကို စေလွှတ်လိမ့်မယ်"
လုံယွမ်ရှန်က ရှင်းပြလိုက်သည်။
"လူနှစ်ဆယ်ပဲလား"
လုမင် အံ့ဩသွားသည်။
"ဟုတ်တယ်၊ အဲဒါကြောင့် နဂါးနတ်ဘုရားတောင်ကြားရဲ့ အကြီးအကဲတွေက ပထမဆုံး ပါဝင်သူ အယောက်နှစ်ဆယ်ကို ရွေးချယ်ပြီး အခြားသူတွေက အဲဒီအယောက်နှစ်ဆယ်ကို စိန်ခေါ်ခွင့်ရှိတယ်။ စိန်ခေါ်မှု အနိုင်ရသူက ပြိုင်ဘက်ရဲ့ နေရာကို အစားထိုးပြီး ပါဝင်သူနှစ်ဆယ်ထဲက တစ်ယောက် အပါအဝင် ဖြစ်လာလိမ့်မယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဘယ်သူမှ စိန်မခေါ်ဝံ့တဲ့သူ အယောက်နှစ်ဆယ်က ပါဝင်သူနှစ်ဆယ် ဖြစ်လာမှာ"
"နဝမမြောက် ဆရာတူညီလေး... သွားကြရအောင်။ မင်းအတွက် နေရာတစ်ခုကို သေချာပေါက် ရနိုင်မှာပါ"
လုံယွမ်ရှန်က ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့သုံးဦးက နှင်းထူထပ်သော တောင်ပေါ်သို့ ပျံသန်းသွားတော့သည်။
မကြာမီ သူတို့က ပြိုင်ပွဲကျင်းပရာ နေရာဆီသို့ ရောက်လာကြသည်။
တောင်ထိပ်က အလွန်ပြန့်ပြူးနေပြီး ဗဟိုတွင် တိုက်ပွဲကွင်းပြင်တစ်ခု ရှိ၏။ ယခုအချိန်တွင် လူများ ဝိုင်းနေကြသည်။
ကွင်း၏ မြောက်ဘက်တွင် နဂါးနတ်ဘုရားတောင်ကြား၏ တောင်ကြားခုနစ်ခုမှ အကျော်အမော်များ ထိုင်ရာ ထိုင်ခုံတန်းတစ်ခု ရှိသည်။
တိုက်ပွဲကွင်းပြင်ဘေးမှာတော့ လူတန်းကြီး ရပ်နေလေ၏။ ၎င်းတို့က တောင်ကြားခုနစ်ခုမှ ရွေးချယ်ထားသော ပါဝင်သူ နှစ်ဆယ် ဖြစ်သည်။
"သတ္တမမြောက် ဆရာတူအစ်ကို၊ အဋ္ဌမမြောက် ဆရာတူအစ်မ"
လုမင်က ပါဝင်သူ အယောက်နှစ်ဆယ်တွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းကို တွေ့လိုက်ရသည်။
"သတ္တမ ဆရာတူညီလေးနဲ့ အဋ္ဌမ ဆရာတူညီမလေးတို့ နှစ်ယောက်စလုံးက သူတော်စင်တစ်ပိုင်း ပထမအဆင့်ကို ရောက်နေပြီလေ။ သူတို့က နဂါးနတ်ဘုရားတောင်ကြားရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ အတော်လေးကို ထူးချွန်ကြတယ်"
လုံယွမ်ရှန်က ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်လေသည်။ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက သိုင်းအုပ်ချုပ်သူနယ်ပယ် အဋ္ဌမအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ သူတို့၏ အရည်အချင်းဖြင့် သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာ ပုံမှန်ဟုသာ ဆိုရမည်။
"လုမင်... လုမင် ရောက်လာပြီ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က လုမင်ကိုမြင်ပြီး ချက်ချင်း အော်လိုက်သည်။
"ဘာ၊ လုမင် ရောက်လာပြီလား... သူဘယ်မှာလဲ"
ချက်ချင်းဆိုသလိုပင် လူတော်တော်များများက လှည့်ကြည့်ကြ၏။ ထို့နောက် သူတို့၏ အကြည့်များက လုမင်အပေါ်သို့ ကျရောက်လာတော့သည်။
နဂါးနတ်ဘုရားတောင်ကြားရှိ လူတိုင်းက လုမင်ဟာ နတ်ဘုရားသားတော်ကို စိန်ခေါ်ခဲ့မှန်း သိကြသည်။
သို့သော်လည်း လုမင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း ပေါ်လာခဲ၏။ ထို့ကြောင့် ယခုအချိန်တွင် လုမင်၏ ကျင့်ကြံမှုအဆင့်ကို လူတိုင်းက သိချင်စိတ်ပြင်းပြနေတော့သည်။
လုမင်က ရှန်းရှန်း၏ လက်ကိုဆွဲပြီး လုံယွမ်ရှန်နှင့်အတူ ထိုင်ခုံတန်းနေရာသို့ ဆင်းသက်လိုက်သည်။
တိမ်နဂါးတောင်ကြားက တောင်ကြားခုနစ်ခုထဲမှ တစ်ခုဖြစ်၏။ လုံယွမ်ရှန်သည် သူတော်စင်နယ်ပယ်သို့ ချိုးဖြတ်သွားပြီဖြစ်သောကြောင့် ထိုနေရာတွင်ထိုင်ရန် သဘာဝအတိုင်း အရည်အချင်းပြည့်မီသည်။
ထိုစဉ်၊ အေးစက်သော အကြည့်တစ်ခုက လုမင်ဆီသို့ ကျရောက်လာသည်။
လုမင်ကလည်း အကြည့်ကို ချက်ခြင်းခံစားမိပြီး ထိုလူဆီသို့ လှမ်းကြည့်လိုက်၏။
ငွေနဂါး တောင်ကြားသခင်။
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
ငွေနဂါးတောင်ကြားသခင်က လုမင်အား အေးစက်စက်ဖြင့် တစ်ချက်ကြည့်ကာ အကြည့်ပြန်လွှဲလိုက်သည်။
"ကဲ၊ စိန်ခေါ်မှုကို ဆက်လုပ်ကြရအောင်။ ဘယ်သူက စိန်ခေါ်ချင်သေးလဲ"
သူတော်စင်နယ်ပယ် အကြီးအကဲတစ်ဦးက တိုက်ပွဲကွင်းပြင်အထက် လေထဲတွင်ရပ်နေသည်။ သူ့အသံက ဧရိယာအနှံ့ ပဲ့တင်ထပ်နေ၏။
"ကျုပ်လာမယ်"
လူငယ်တစ်ဦးက တိုက်ပွဲကွင်းပြင်ထဲသို့ ခုန်ဝင်လာကာ သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်ကိုးမှ အခြားလူငယ်တစ်ဦးကို စိန်ခေါ်လိုက်သည်။
ထိုလူငယ်ကလည်း နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြစ်၏။ တိုက်ကွက် ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက် စိန်ခေါ်ခဲ့သော လူငယ် ရှုံးနိမ့်သွားလေသည်။
ထို့နောက် လူအနည်းငယ်က စိန်ခေါ်ရန် တက်လာသော်လည်း အားလုံး ရှုံးနိမ့်သွားကြသည်။
တောင်ကြားခုနစ်ခုမှ အကြီးအကဲများ၏ ရွေးချယ်ခံရသူများမှာ နဂါးနတ်ဘုရားတောင်ကြား၏ မျိုးဆက်သစ်လူငယ်များကြားတွင် အသန်မာဆုံးများ ဖြစ်ကြသည်။ သာမန်လူများက သူတို့ကို ရင်ဆိုင်နိုင်ရန် မလွယ်ပေ။
စိန်ခေါ်မှုစတင်ကတည်းက လူဒါဇင်ပေါင်းများစွာဟာ သူ့ကိုစိန်ခေါ်ရန် တက်ခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့သေးပါ။
"ဘယ်သူက စိန်ခေါ်ချင်သေးလဲ"
တာဝန်ခံ အကြီးအကဲက ထပ်မေးလိုက်သည်။
"ကျုပ်က တစ်နေရာ ယူပါမယ်"
ထိုအချိန်တွင် လုမင်က ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုက်ပွဲကွင်းပြင်တွင် ပေါ်လာသည်။
လူတိုင်း စိတ်လှုပ်ရှားသွား၏။ အားလုံး မျက်လုံးများက လုမင်ကိုသာ ကြည့်နေကြသည်။
လုမင် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်၍ သူ မည်မျှ အစွမ်းထက်လာမှန်း မည်သူမျှ မသိကြပေ။ ထို့ကြောင့် လုမင်၏အမည်မှာ ပါဝင်သူနှစ်ဆယ်တွင် မပါဝင်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ လုမင်က စိန်ခေါ်ပေတော့မည်။ သူ အောင်မြင်ပါမည်လော။
"လုမင်က နောက်ဆုံးတစ်ခေါက်က တင်းပေါင်ညီလာခံမှာတောင် လူတိုင်းကို အနိုင်ယူခဲ့တယ်။ အခု အချိန်တွေကြာသွားပြီဆိုတော့ တစ်နေရာရဖို့ သူ့အတွက် ပြဿနာမရှိလောက်တော့ဘူး"
"အမှန်ပဲ၊ နေရာရဖို့က ပြဿနာမဖြစ်သင့်ဘူး။ ဒါပေမဲ့... သူ ဘယ်အဆင့်ရောက်နေပြီလဲ မသိဘူး"
ကွင်းပြင်တဝိုက်မှာ လူတော်တော်များများက ခန့်မှန်းပြောဆိုလိုက်ကြသည်။