အခန်း ၁၆၆၈
Vol. 112 Ch. 1668
အပိုင်း ( 1668 ) ခွေးအိုကြီး။
ယခင် တင်းပေါင်ညီလာခံတွင် လုမင်က မြင့်မာသော တိုက်ခိုက်နိုင်စွမ်းဖြင့် လူတိုင်းကို အနိုင်ယူခဲ့သည်။
သို့သော်လည်း ထိုစဉ်က လုမင်၏ ကျင့်ကြံခြင်းအခြေခံမှာ သိုင်းအုပ်ချုပ်သူနယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိသေးသည်။ သုံးနှစ်နီးပါးကြာခဲ့သော်လည်း လုမင်၏ ကျင့်ကြံမှုက မည်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်နည်း။
အဆင့်မြင့် သိုင်းအုပ်ချုပ်သူ နယ်ပယ်သို့သာ ရောက်ရှိသွားရမည်။
"ဟားဟား၊ နဝမမြောက် ဆရာတူညီလေး... မင်း နောက်ဆုံးတော့ ပြန်လာပြီ။ ငါတို့အတူတူ ထပ်ပြီး တိုက်ခိုက်နိုင်ပြီ"
ထျန်းချွေးက ရယ်မောလိုက်သည်။
သူ့အမြင်မှာတော့ လုမင်က ထမင်းစား ရေသောက်သလို လွယ်ကူစွာ အနိုင်ရလိမ့်မည်။
"သတ္တမ ဆရာတူအစ်ကိုနဲ့ အဋ္ဌမ ဆရာအစ်မ... အဆင်ပြေကြတယ် မဟုတ်လား။ စိန်ခေါ်မှုပြီးရင် သွားသောက်ကြရအောင်"
လုမင် ပြုံးပြီး ပြောလိုက်သည်။
"သေချာတာပေါ့"
ထျန်းချွေးနှင့် ရွယ်နင်ရှင်းက ပြုံးပြီး ခေါင်းညိတ်လိုက်ကြသည်။
"လုမင်၊ မင်းက ဘယ်သူကို စိန်ခေါ်ချင်တာလဲ"
တာဝန်ခံ အကြီးအကဲက လုမင်ကို ကြည့်လိုက်သည်။
"သူ"
လုမင်က လူငယ်များကို ဝေ့ကြည့်ပြီးနောက် ငွေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို စိုက်ကြည့်လိုက်၏။
တစ်ချက်ကြည့်ရုံဖြင့် သူက ငွေနဂါးတောင်ကြား၏ ပါရမီရှင်ဖြစ်ကြောင်း သိနိုင်သည်။ သူမှလွဲ၍ အခြား မည်သူ့ကို စိန်ခေါ်ရမည်နည်း။
"ဟမ့်၊ လုမင်... အခြေအနေတွေက ပြောင်းသွားပြီ။ မင်းက လွန်ခဲ့တဲ့သုံးနှစ်လောက်က သန်မာခဲ့ရင်တောင် အခုတော့ မတူတော့ဘူး"
ထိုလူငယ်က အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ရင်း ရှေ့သို့ တိုးလာသည်။
နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ဖြစ်၏။
ထို့ပြင် သူက အကြီးအကဲများ ရွေးချယ်ခံထားရသူဖြစ်သောကြောင့် သူ၏အရည်အချင်းသည် ဆိုးရွားမည်မဟုတ်ပေ။ သူ၏ ဝိညာဉ်ခန္ဓာကလည်း အနည်းဆုံး မြေကမ္ဘာ အလယ်အလတ် ဝိညာဉ်ခန္ဓာ ဖြစ်နိုင်သည်။
"မင်း အရင်စပြီးတိုက်ပါ၊ ငါ မင်းကို အခွင့်အရေး ပေးမယ်"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့အမြင်အရ နဝမအဆင့် သိုင်းအုပ်ချုပ်သူသည် ဘာမျှမဟုတ်ပေ။
"မောက်မာနေလိုက်တာ၊ ဒီလိုဆိုမှတော့ ငါမင်းကို ငရဲပြည်ပို့ပေးမယ်။ ငွေနဂါးလက်သည်း"
ငွေနဂါးတောင်ကြား၏ ပါရမီရှင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ငွေနဂါးအကြေးခွံအလွှာတစ်ခု ပေါ်လာ၏။ သူက လုမင်အား လက်သည်းဖြင့် ကုပ်ဆွဲလိုက်ရာ လေထဲတွင် ကြောက်စရာကောင်းသော လက်သည်းအမှတ်အသားတစ်ခု ပေါ်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လုမင်အရှေ့သို့ ရောက်လာသည်။
"အစွမ်းထက်လိုက်တာ၊ လုမင် ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင်"
တစ်ယောက်ယောက်က အော်လိုက်သည်။
ထိုအချိန်တွင်၊ လုမင်က သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် နောက်မှလှုပ်ရှားလိုက်ခြင်း ဖြစ်သော်လည်း သူ့လက်က ဦးစွာရောက်သွား၏။ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်သည်။ ထိုလူငယ်၏လက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးက ဇာတ်ကြိုးဆွဲခံလိုက်ရသော မြင်းတစ်ကောင်ပမာ လေထဲတွင် တုံ့ခနဲ ရပ်တန့်သွားတော့သည်။
"ချိုးဖြတ်စမ်း"
လူငယ်၏ အမူအရာက ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။ သူ့တကိုယ်လုံးက ငွေရောင်အလင်းများ တောက်ပလာပြီး နဂါးဟိန်းသံကို ကြားလိုက်ရ၏။
သို့သော်လည်း သူ၏ ငွေရောင်အလင်းတန်းများ မပေါက်ကွဲမီ လုမင်က သူ့လက်ကို ဆွဲလိမ်လိုက်သည်။
"ဒုန်း"
လူငယ်၏ ခန္ဓာကိုယ်က မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ထို့နောက် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လူငယ်အား အမှိုက်အိတ်တစ်လုံးကဲ့သို့ တိုက်ပွဲကွင်းပြင် အပြင်ဘက်ကို လွှင့်ပစ်လိုက်သည်။ လူငယ်မှာ မြေပြင်ပေါ်သို့ မျက်နှာနှင့် ပြုတ်ကျသွားတော့သည်။
"ဒါ..."
လူများစွာတို့ အံသြသွားကြသည်။
ငွေနဂါးတောင်ကြားမှ နဝမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်တစ်ဦးသည် ထိုကဲ့သို့ ရှုံးနိမ့်သွား၏။ တိုက်ပွဲက လွယ်ကူလွန်းလွန်းလှသည်။ လုမင် ခြေတစ်လှမ်းပင် မရွှေ့ခဲ့ပါ။
တချို့က လုမင် အနိုင်ရမည်ဟု ထင်ကြသော်လည်း ဤမျှအလွယ်တကူ အနိုင်ရမည်ဟုတော့ မမျှော်လင့်ခဲ့ပေ။
လုမင်က သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်မည်လော။
"ဟမ့်"
ငွေနဂါး တောင်ကြားသခင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်နှာက မှုန်ကုပ်သွား၏။
"ဟားဟားဟား၊ နဝမမြောက် ဆရာတူညီလေး... မင်းက တကယ်ကို အံ့ဖွယ်ကောင်ပဲ"
ထျန်းချွေးက အားပါးတရ ရယ်မောလိုက်သည်။
"နဝမမြောက် ဆရာတူမောင်လေးက တကယ်ကို တော်ပါတယ်"
ရွယ်နင်ရှင်းကလည်း ပြောလေသည်။
လုမင် ပြုံးလိုက်သည်။ ဤသည်ကပင် လုမင်က သက်ညှာခဲ့သောကြောင့် ဖြစ်သည်။ မဟုတ်ပါက ထိုလူငယ် သေသွားလိမ့်မည်။
"လုမင်က ဒီအချီမှာ အနိုင်ရပြီး ထိပ်တန်း နှစ်ဆယ် စာရင်းဝင်သွားပြီ။ ဘယ်သူက သူ့ကို စိန်ခေါ်ချင်လဲ"
တာဝန်ခံ အကြီးအကဲက ပြောလိုက်သည်။
"ခဏလေး"
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
တာဝန်ခံ အကြီးအကဲက အံ့အားသင့်သွားသည်။ သူက စင်မြင့်ပေါ်ရှိ လူနှစ်ဆယ်ထဲမှ တစ်ယောက်ကို လှမ်းကြည့်ပြီး ပြောလိုက်၏။
"ရင်ကျစ်စုန့်၊ မင်း ဘာပြောစရာရှိလို့လဲ"
အေးစက်ပြီး မောက်မာသော မျက်နှာအမူအရာဖြင့် ငွေရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး ရှေ့သို့ ထွက်လာသည်။ ယခုလေးတင် ပြောလိုက်သူက ထိုလူငယ်ပင်။
"အကြီးအကဲ၊ လုမင်က တင်းပေါင်ညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားကို ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ထိပ်တန်းနှစ်ဆယ် စာရင်းဝင်ရအောင် အရည်အချင်းပြည့်မီတယ်လို့ မထင်ဘူး"
ရင်ကျစ်စုန့်က ပြောလိုက်သည်။
"တော်စမ်း ရင်ကျစ်စုန့်၊ ဆရာတူညီလေး လုမင်က တင်းပေါင်ညီလာခံမှာ နဂါးနတ်ဘုရားတောင်ကြားကို ကိုယ်စားပြုဖို့ အရည်အချင်းမပြည့်မီဘူးလို့ မင်းက ဘာကိုကြည့်ပြီးပြောတာလဲ"
ထျန်းချွေးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဟမ့်၊ သူက အင်အားနည်းနည်းရှိရင်တောင် ဘာဖြစ်လဲ"
ရင်ကျစ်စုန့်က အေးစက်စက် ပြောလိုက်သည်။
"လုမင်က ရဲတင်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းတို့ကို စော်ကားခဲ့တာ လူတိုင်းသိကြတယ်။ ဒါကြောင့် သူပါဝင်မယ်ဆိုရင် ဂိုဏ်းကြီးသုံးခုက ပစ်မှတ်ထားခံရတာကြောင့် တင်းပေါင်ညီလာခံရဲ့ နံပါတ်တစ်ဖြစ်ဖို့အသာထား... နောက်ဆုံးနေရာကို မရရင်တောင် အတော်ကံကောင်းနေပြီ"
"ဟမ့်၊ လွန်ခဲ့တဲ့ သုံးနှစ်က တင်းပေါင်ညီလာခံမှာလည်း ဂိုဏ်းသုံးဂိုဏ်းက ငါတို့ကို ပစ်မှတ်ထားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ငါတို့ ဘယ်လိုလုပ်ပြီး ပထမနေရာကို ရခဲ့တာလဲ"
ရွယ်နင်ရှင်းက လှောင်ပြောင်လိုက်သည်။
"အတိတ်က အတိတ်ပဲ၊ ပစ္စုပ္ပန်နဲ့ လာမရောနဲ့။ တင်းပေါင်ညီလာခံငယ်ဆိုတာက ကိစ္စလေးတစ်ခု... တင်းပေါင်ညီလာခံကမှ တကယ့်ပါရမီရှင်တွေ စုဝေးကြတဲ့ နေရာပဲ။ နောက်ပြီးတော့ သူက နတ်ဘုရားသားတော်နဲ့ တိုက်ခိုက်ရတော့မှာ... တင်းပေါင်ညီလာခံမှာ ဝင်ပါစရာမလိုဘူး။ ရလဒ်က ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သေဆုံးခြင်းက သတ်မှတ်ပြီးနေပြီ။ ဒီလိုဆိုမှတော့ ငါတို့အတွက် အနှောင့်အယှက် မဖြစ်ရအောင် သူ့ကို နတ်ဘုသားတော်ဆီကို ဘာဖြစ်လို့ မလွှတ်ပေးရမှာလဲ"
ရင်ကျစ်စုန့်က ပြောလိုက်သည်။
"ကျစ်စုန့်ပြောတာ မမှားဘူး။ ငါ့အမြင်အရတော့ လုမင်ကို တိုက်ရိုက်သတ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ပြုပြင်ဖို့ နတ်ဘုရားသားတော်ကို အပ်လိုက်တာက ပိုကောင်းတယ်"
ထိုင်ခုံပေါ်တွင် ငွေနဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်၏။
"ဟားဟားဟား၊ ခင်ဗျားကြီးက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ခြေထောက်ကိုနမ်းပြီး သူတို့ရဲ့ ခွေးဖြစ်ချင်ရင် သွားလိုက်ပါ။ ခင်ဗျားကို ဘယ်သူမှ တားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ကတော့ စိတ်မဝင်စားဘူး"
လုမင်က ရုတ်တရက် ရယ်မောပြီး ငွေနဂါးတောင်ကြားသခင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
"မင်း အတင့်ရဲလှချေလား"
ငွေနဂါးတောင်ကြားသခင် ဒေါသတကြီး ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
"အိုး... ခွေးအိုကြီးက စိတ်ဆိုးနေတာလား"
လုမင်က အထင်မြင်သေးမှုအပြည့်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ ထို့နောက်တော့ သူက တစ်ဖက်ကိုလှည့်ကာ ငွေနဂါးတောင်ကြားသခင်ကို ဂရုမစိုက်တော့ပေ။
ငွေနဂါးတောင်ကြားသခင်မှာ ဒေါသထွက်လွန်းသဖြင့် အသားဆတ်ဆတ်တုန်နေသည်။ အခြား တောင်ကြားသခင်များနှင့် အကျော်အမော်များသာ ရှိမနေပါက၊ လုမင်ကို တစ်ချက်တည်းဖြင့် ရိုက်သတ်ပြီးလောက်ပြီ။
ပတ်ဝန်းကျင်မှ လူအများလည်း သက်ပြင်းချလိုက်မိကြသည်။ လုမင်က လုမင် ဖြစ်နေဆဲပင်။ သူက အလွန်ရဲရင့်ပြီး ဒဲ့ဒိုးကြီး ဖြစ်သည်။ သူသည် လွန်ခဲ့သော သုံးနှစ်က သူလုပ်ခဲ့သည့်အတိုင်း လူတိုင်းရှေ့တွင် ငွေနဂါးတောင်ကြားသခင်ကို ခွေးအိုကြီးဟု ခေါ်နေသေးသည်။
"အားလုံး မြင်ကြတဲ့အတိုင်း ဒီကောင်လေးက အကြီးအကဲတွေကို ရိုသေလေးစားမှု မရှိဘူး။ ဒီစရိုက်က ဆိုးလွန်းတယ်။ သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး အကျဉ်းချလိုက်ဖို့ ကျုပ် အကြံပေးတယ်"
ငွေနဂါးတောင်ကြားသခင်က အေးစက်စက် ပြောလိုက်သည်။
"နဝမမြောက် ဆရာတူညီလေးပြောတာ မမှားဘူးထင်တယ်။ ခင်ဗျားက ခွေးအိုကြီးလိုပဲ... တောင်ကြားသခင်တစ်ယောက်ဖြစ်ပြီး နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ကိုပို့ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းကို တောင်းပန်ချင်နေတယ်။ တကယ် အရှက်မဲ့တာပဲ။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဖိနပ်ကိုနမ်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းကို ဝင်ချင်ရင်လည်း သွားသာ သွားလိုက်ပါ။ ခင်ဗျား ရှိရှိ၊ မရှိရှိ နဂါးနတ်ဘုရားတောင်ကြားက ဘာမှမဖြစ်ဘူး"
လုံယွမ်ရှန်က သူ့ထိုင်ခုံနေရာမှ အေးစက်စက်ဖြင့် ပြောလိုက်သည်။
ယခုအခါ သူက သူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီ။ ထို့ပြင် တိမ်နဂါးတောင်ကြားသခင်က အနားမှာ မရှိသောအခါတွင် တိမ်နဂါးတောင်ကြား၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သည်။ သူ့အနေအထားဖြင့် ငွေနဂါးတောင်ကြားသခင်ကို ကြောက်စရာမလိုပေ။
"မင်း... မင်းတို့ တိမ်နဂါးတောင်ကြားက နဂါးနတ်ဘုရားတောင်ကြားရဲ့ အဆိပ်အတောက်ပဲ"
ငွေနဂါးတောင်ကြားသခင်က ဒေါသတကြီး ပြောလိုက်သည်။
"တော်လောက်ပြီ၊ မင်းက အကြီးအကဲတစ်ဦးဖြစ်ပြီး ဘာဖြစ်လို့ မျိုးဆက်သစ်တွေနဲ့ ငြင်းခုံနေတာလဲ။ ပြိုင်ပွဲကိုပဲ ဆက်ကြည့်ရအောင်ပါ"
ဘေးမှ ခရမ်းရောင်ဝတ်စုံဝတ် လူကြီးတစ်ယောက်က ပြောလိုက်သည်။
ခရမ်းရောင် ၀တ်စုံဝတ်လူကြီးက ခရမ်းရောင်နဂါးတောင်ကြား၏ တောင်ကြားသခင် ဖြစ်ချေသည်။
"ဟုတ်သားပဲ ရင်လုံ... မင်းက အသက်ကြီးနေပြီ။ ဘာဖြစ်လို့ မျိုးဆက်သစ်တွေနဲ့ ငြင်းခုံနေရတာလဲ။ မျိုးဆက်သစ်တွေ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား"
အခြား တောင်ကြားသခင်ကလည်း ပြောလာသည်။
ငွေနဂါးတောင်ကြားသခင်၏ မျက်နှာက မည်းမှောင်သွားသည်။ အခြား တောင်ကြားသခင်များက လုမင်၏ဘက်တွင် ရှိနေသည်မှာ ထင်ရှားလှပေသည်။
"ဟားဟားဟား"
စင်မြင့်၏ အစွန်းတွင်၊ ထျန်းချွေးက ရယ်မောလိုက်သည်။ သူ့ရယ်သံက ငွေနဂါးတောင်ကြားသခင်၏ နားထဲမှာတော့ ငှက်ဆိုးထိုးသံပမာ ဖြစ်နေတော့မည်။