← Chapters

အခန်း ၁၆၇၁

Vol. 112 Ch. 1671

အခန်း ၁၆၇၁

Vol. 112 Ch. 1671

အပိုင်း ( 1671 ) ရတနာများကို ဝယ်ယူခြင်း။

ရှစ်ကွမ်း၏ အမူအရာက မည်းမှောင်ကာ မှုန်ကုပ်နေသည်။ သူက ထျန်းချွေးနှင့် အခြားသူများကို အေးစက်ခက်ထန်စွာဖြင့် ဝေ့ကြည့်လိုက်၏။

"မင်းတို့က လျှာစောင်းထက်နေရင်တောင် ဘာဖြစ်လဲ။ လုမင်... ဒီတစ်ခေါက်မှာ ဂိုဏ်းတူအစ်ကိုကြီး နတ်ဘုရားသားတော် လှုပ်ရှားဖို့တောင် မလိုဘူး။ တင်းပေါင်ညီလာခံမှာ မင်း သေချာပေါက် သေလိမ့်မယ်။ ဟမ့်"

ထိုသို့ပြောဆိုပြီးနောက် ရှစ်ကွမ်းက နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားသော ကောင်းကင်နတ်ဘုရားဂိုဏ်း တပည့်များလည်း ထွက်ခွာသွားတော့သည်။

လုမင်နှင့် အခြားသူများလည်း မတုံ့ဆိုင်းတော့ဘဲ စန်းတောင်ရှိ နဂါးနတ်ဘုရားတောင်ကြား၏ စခန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

လုရှန်းရှန်းက စန်းတောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သောကြောင့် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေလေသည်။

လုရှန်းရှန်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ လုမိသားစု သို့မဟုတ် နဂါးဘုရားတောင်ကြားတွင်သာ ရှိနေခဲ့သည်။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် အပြင်ထွက်ရခြင်းပင်။

"ရှန်းရှန်း၊ ကောင်းကောင်း လေ့ကျင့်ပါ။ မင်း အဆင့်မြင့် သိုင်းအုပ်ချုပ်သူဖြစ်လာရင် ဆရာ မင်းကို တစ်ယောက်တည်း အပြင်ထွက်ခွင့်ပေးမယ်"

လုမင်က ပြောလိုက်သည်။

"ဟုတ်၊ ရှန်းရှန်းက အစွမ်းကုန်ကြိုးစားမှာပါ"

လက်သီးများကို ဆုပ်ရင်း လုရှန်းရှန်း၏ မျက်လုံးများက တောက်ပလာလေသည်။

နဂါးနတ်ဘုရားတောင်ကြား၏ စခန်းဆီသို့ ရောက်ရှိလာပြီး နောက်ရက်အနည်းငယ်မှာ အေးချမ်းမှုရှိခဲ့သည်။ သုံးရက်အကြာတွင် ထျန်းချွေးနှင့် ရွယ်နင်ရှင်းက လုမင်ထံသို့ ရောက်လာကြ၏။

ရတနာခန်းမက ရတနာများကို ထပ်မံရောင်းချရန် တံခါးဖွင့်တော့မည်။

လုမင်၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်တို့ ပေါ်လာခဲ့သည်။

ရတနာခန်းမသည် ဧကရာဇ်အဆင့် အင်အားစုကြီးတစ်ခု ဖြစ်သည်။ ၎င်းတို့၏ လုပ်ငန်းများက ပြည်နယ်ကြီးများစွာကို ဖြန့်ကျက်ထား၏။ ရတနာခန်းမတွင် မရေမတွက်နိုင်သော ရတနာများရှိပြီး အများစုက စန်းပြည်နယ်တွင် ရှာမတွေ့ပါ။

လုမင်လည်း ရတနာတချို့ကို ဝယ်ယူချင်မိသည်။

ပထမတစ်ခုက ကောင်းကင်ခွင်းလွန်းပျံ ဖြစ်သည်။ လုမင်က အဆင့်မြင့် ကောင်းကင်ခွင်းလွန်းပျံကို ဝယ်ယူလို၏။

ဒုတိယတစ်မျိုးမှာတော့ အစစ်အမှန်နဂါးအရိုး သို့မဟုတ် အစစ်အမှန်နဂါး သွေးအနှစ်သာရပင်။

ယခင်က လုမင်သည် ကုစူးမြို့၏ ဘိုးဘွားမြေတွင် အစစ်အမှန်နဂါးအရိုးတစ်ခု ရရှိခဲ့သည်။ သို့သော်လည်း ထိုနဂါးရိုးက နှစ်ပေါင်းများစွာကတည်းက သေသွားပုံရပြီး ဝိညာဉ်အနှစ်သာရ သိပ်မရှိတော့ပေ။ လုမင်က ၎င်းကို ဝါးမျိုပြီး သန့်စင်လိုက်လျှင်ပင် သူ၏ ဝိညာဉ်ခန္ဓာကို ဖွံ့ဖြိုးစေရန် ခက်ခဲမည်ဟု သူခန့်မှန်းမိသည်။

သူ၏ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာက ကောင်းကင်ဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိပြီးနောက်၊ ဆင့်ကဲဖြစ်စဉ်တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏကိုစားသုံးပေရာ အစစ်အမှန်နဂါး၏ ဝိညာဉ်အနှစ်သာရ အများကြီး လိုအပ်သည်။

ထို့ကြောင့် လုမင်က အစစ်အမှန်နဂါးအရိုးများ သို့မဟုတ် အစစ်အမှန်နဂါး သွေးအနှစ်သာရများကို ဝယ်ယူချင်သည်။

ထို့ပြင်၊ တောက်ပသော သူတော်စင်နယ်ပယ် အစစ်အမှန်နဂါး၏ သွေးအနှစ်သာရက လုမင်အတွက် အသုံးမဝင်တော့ပါ။ လုမင်က ပိုမိုမြင့်မားသော အဆင့်တစ်ခုကို လိုအပ်သည်။ ထိုအရာများက စန်းပြည်နယ်မှာ ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင်။ ယခင်က၊ လုမင်သည် နဂါးနတ်ဘုရားတောင်ကြားတွင် ရှိစဉ်က နဂါးရတနာခန်းမသို့ သွားရောက်မေးမြန်းခဲ့ဖူးသည်။ အမြင့်ဆုံးပင်လျှင် တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်ဖြစ်ပြီး ၎င်းတို့က အများအပြားလည်း မရှိပေ။

လုမင်က စန်းတောင်သို့ ခရီးစဉ်မှာ ရတနာခန်းမကို အလွန်မျှော်လင့်နေခဲ့သည်။

သူတို့ သုံးယောက်လည်း ရတနာခန်းမဆီသို့ ဦးတည်သွားကြလေသည်။

လွန်ခဲ့သောသုံးနှစ်ကကဲ့သို့ပင်၊ ရတနာခန်းမက လူများဖြင့် ပြည့်ကျပ်နေသည်။ လူအများစုက သူတို့ကို မမှတ်မိစေရန် အနက်ရောင်ဝတ်ရုံနှင့် ဝါးခမောက်များကို ဆောင်းထားကြ၏

လွန်ခဲ့သည့်သုံးနှစ်ကတော့ လုမင်တို့လည်း ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူတို့ သုံးယောက်က မဖုံးကွယ်ထားပါ။ သူတို့သုံးယောက်၏ လက်ရှိ တိုက်ခိုက်ရေးအင်အားဖြင့်၊ အဘယ်ကြောင့် သူတို့ကိုယ်ကို ဖုံးကွယ်ထားရမည်နည်း။

သူတို့ သုံးယောက်က ရတနာခန်းမထဲသို့ လှမ်းဝင်လိုက်သောအခါ မျက်လုံးအစုံစုံ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ကြသည်။

လူတော်တော်များများက လုမင်ကို သိနေကြပြီး လှမ်းကြည့်နေကြ၏။

လုမင်ကတော့ ဂရုမစိုက်ပေ။ ခပ်တည်တည်ဖြင့် ထျန်းချွေးတို့နှင့်အတူ လျှောက်သွားသည်။

သူတို့က ဝင်လာပြီးနောက် တတိယထပ်သို့ တိုက်ရိုက် လျှောက်သွားကြ၏။

လုမင်နှင့် အခြားသူများက တတိယထပ်သို့ တက်သွားသောအခါ လူအချို့၏ မျက်လုံးများ အရောင်လက်သွားသည်။

တတိယထပ်ရှိ ရတနာများက ပို၍ အဆင့်မြင့်၏။ လုမင်က သူတော်စင်ရတနာများကို ရောင်းချသည့် ကောင်တာတစ်ခုသို့ ရောက်လာသည်။ ထိုအခါ မိန်းမပျိုလေးတစ်ဦးက သူ့တို့ကို ပြုံးရွှင်စွာဖြင့် စီးကြိုလေသည်။

"သခင်လေးရှင့်၊ ဘယ်လို သူတော်စင်လက်နက်မျိုးကို လိုအပ်သလဲ"

မိန်းကလေးက ပြုံးလျက် ပြောလိုက်သည်။

"တဆိတ်လောက်၊ ဒီမှာ ကောင်းကင်ခွင်းလွန်းပျံ ရောင်းလား"

"လုမင်က မေးလိုက်၏။

"ရပါတယ်၊ ကျွန်မတို့မှာ ကောင်းကင်ခွင်းလွန်းပျံတွေလည်း ရှိပါတယ်။ သခင်လေးက ဘယ်နှဆ အမြန်နှုန်းကို လိုချင်တာလဲမသိဘူး"

မိန်းကလေးက မေးသည်။

ကောင်းကင်ခွင်းလွန်းပျံများတွင် လုမင် ယခင်က အသုံးပြုခဲ့သော ကောင်းကင်ခွင်းလွန်းပျံက အဆင့်အနိမ့်ဆုံးထဲတွင် ပါဝင်သည်။

အဆင့်မြင့်လေလေ ကောင်းကင်ခွင်းလွန်းပျံများက ပိုမြန်လေ ဖြစ်၏။ ဥပမာအားဖြင့် ရွယ်နင်ရှင်း၏ ကောင်းကင်ခွင်းလွန်းပျံက သာမန် ကောင်းကင်ခွင်းလွန်းပျံများထက် နှစ်ဆမြန်သောကြောင့် ၎င်းတို့ကို မြန်နှုန်းနှစ်ဆ ကောင်းကင်ခွင်းလွန်းပျံဟု ခေါ်သည်။

သာမန်ထက် သုံးဆမြန်ပါက မြန်နှုန်းသုံးဆ ကောင်းကင်ခွင်းလွန်းပျံဟု ခေါ်၏။

ထိုအချိန်က တိမ်နဂါးတောင်ကြားသခင်၏ ကောင်းကင်ခွင်းလွန်းပျံမှာ အနည်းဆုံး မြန်နှုန်းဆယ်ဆ ရှိသည်။

ကောင်းကင်ခွင်းလွန်းပျံများ၏ စွမ်းရည်က အဓိကအားဖြင့် အမြန်နှုန်းနှင့် ကာကွယ်ရေးတို့ ဖြစ်ချေသည်။

ယေဘူယျအားဖြင့် အရှိန်ပိုမြန်လေ၊ စျေးနှုန်းကြီးလေဖြစ်သည်။

သာမန် ကောင်းကင်ခွင်းလွန်းပျံများက သူတော်စင်လက်နက်ငါးခုခန့် တန်ကြေးရှိသည်။ မြန်နှုန်းနှစ်ဆရှိသော ကောင်းကင်ခွင်းလွန်းပျံက ဈေးနှုန်းနှစ်ဆ ပေးရ၏။ အရှိန်မြင့်လေ၊ ဈေးပိုကြီးလေပင်။

လုမင်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်က မြန်နှုန်းငါးဆ ကောင်းကင်ခွင်းလွန်းပျံကို လိုချင်တာပါ"

"ရပါတယ်ရှင်၊ ကျွန်မတို့မှာ အမြန်နှုန်းငါးဆ ကောင်းကင်ခွင်းလွန်းပျံရှိပါတယ်။ ခဏလောက်စောင့်ပေးပါ"

မိန်းကလေးက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ လက်စွပ်က အရောင်လက်သွားပြီးနောက် လေထဲတွင် အလွန်လှပသော ကောင်းကင်ခွင်းလွန်းပျံတစ်ခု ပေါ်လာ၏။ ၎င်းက လက်ဖဝါးအရွယ်မျှသာရှိပြီး လှပသောကြယ်ရောင်အစက်အပြောက်များဖြင့် ဖုံးအုပ်ထားလေသည်။

ကောင်းကင်ခွင်းလွန်းပျံကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်၊ လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

"လှလိုက်တဲ့ ကောင်းကင်ခွင်းလွန်းပျံ... ဒီလွန်းပျံယဉ်က သာမန်မဟုတ်မှာ ကြောက်ရတယ်"

"အဲဒီမိန်းကလေးပြောသလိုဆိုရင် အမြန်နှုန်းငါးဆ ကောင်းကင်ခွင်းလွန်းပျံပေါ့။ လုမင်က ဒါကို ဝယ်နိုင်ပါ့မလား"

‌တစ်ယောက်တစ်ပေါက် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ လူအများ၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် ပူလောင်လာ၏။

လုမင်၏ မျက်လုံးများလည်း အရောင်လက်သွားသည်။

အမြန်နှုန်းငါးဆ ကောင်းကင်ခွန်းလွန်းပျံက စန်းတောင်နှင့် နဂါးနတ်ဘုရားတောင်ကြားကို သုံးရက် သို့မဟုတ် ထိုမျှပင်မကြာဘဲ ဖြတ်သန်းနိုင်ပေသည်။ လုမင်ကို လွန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

"ဒီကောင်းကင်ခွင်းလွန်းပျံကို ကြယ်သံမဏိနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူတော်စင်လက်နက် နှစ်ဆယ့်ငါးခု တန်ကြေးရှိပါတယ်။ သခင်လေး စိတ်ဝင်စားရဲ့လားရှင့်"

မိန်းကလေးက မေးသည်။

"ကျွန်တော် ယူမယ်"

လုမင် ပြောလိုက်၏။ ယင်းက ပတ်ဝန်းကျင်မှ လူတော်တော်များများ အံ့သြသွားစေသည်။

သူတော်စင်လက်နက် နှစ်ဆယ့်ငါးခု တန်ကြေးရှိသော်လည်း လုမင်က မျက်တောင်တစ်ချက်မခတ်ပေ။ ယင်းကြောင့် လူများစွာတို့ အံ့အားသင့်သွားခဲ့ကြသည်။ အချို့လူများ၏ မျက်လုံးများဆိုလျှင် လောဘဇောဖြင့် တောက်ပလာတော့သည်။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ လွန်ခဲ့သည့် သုံးနှစ်ကဖြစ်လျှင် သူ ဤမျှ မောက်မာမောက်မာနေဝံ့မှာ မဟုတ်ပါ။ သို့ရာတွင်၊ ယခုက မတူတော့ပေ။ သူနှင့်ပတ်သက်ပြီး တစ်ခုခု ကြံစည်ဝံ့ပါက ချက်ချင်း သတ်ပစ်လိုက်ရန် စိတ်ထဲမထားပေ။

"ဒါနဲ့ဗျာ၊ ဒီမှာ အစစ်အမှန်နဂါးအရိုးတွေ ရောင်းဖို့ရှိလား။ ရှိတယ်ဆိုရင် တစ်ခါတည်း ဝယ်ချင်လို့ပါ"

လုမင် ပြောလိုက်သည်။

"ကျွန်မတို့မှာ အစစ်အမှန်နဂါးအရိုးတွေ ရှိပါတယ်။ အစစ်အမှန်နဂါးအရိုးတွေက ဘယ်အဆင့်ကို လိုအပ်တာလဲ"

"မဟာသူတော်စင်နယ်ပယ် အထက်ပါ။ အဆင့်ပိုမြင့်လေ ပိုကောင်းလေပဲ"

လုမင် ပြောလိုက်၏။

"မဟာသူတော်စင် အဆင့်အထက်"

မိန်းကလေး၏ မျက်ခုံးများ တစ်ချက်လှုပ်သွားသည်။

"ကျွန်မတို့မှာ မဟာသူတော်စင်အထက် အစစ်အမှန်နဂါးအရိုး တစ်ထောင့်ငါးရာကီလိုဂရမ်ပဲ ရှိပါတယ်။ အားလုံးက ဝိညာဉ်အနှစ်သာရ အပြည့်အဝ ပါဝင်တယ်။ ဒါပေမဲ့... ဈေးနှုန်းက အင်မတန်မြင့်မားပါတယ်ရှင်။ အားလုံးဆိုရင် သူတော်စင်လက်နက်ငါးဆယ် တန်ကြေးရှိပါတယ်"

မိန်းကလေးက လုမင်အား အသံပို့လွှတ်ကာ ပြောလိုက်သည်။

ထိုသို့ပြောရခြင်းမှာ တန်ဖိုးကြီး ရတနာများကြောင့် လုမင် ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ချေသည်။

'သူတော်စင်လက်ငါးဆယ်'

လုမင် အနည်းငယ် တုန်လှုပ်သွားသည်။

ထိုသို့ဆိုလျှင်၊ သူက စုစုပေါင်း သူတော်စင်လက်နက် ခုနစ်ဆယ့်ငါးခု လိုအပ်လိမ့်မည်။ သူသည် ဤသူတော်စင်လက်နက်များကို ထုတ်ပေးနိုင်သော်လည်း ၎င်းတို့ကို အသုံးပြုလိုက်ပါက သူ့တွင် များများကျန်ရှိတော့မည် မဟုတ်ပါ။ အကယ်၍ နောင်တွင် လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်လိုပါက အချိန်တိုအတွင်း ဤမျှလောက်သော ‌သူတော်စင်လက်နက်များကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။

လုမင်လည်း သူတော်စင်လက်နက်အစား အစားထိုးရန်အတွက် အခြားရတနာများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ရုတ်တရက်၊ လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူပြီး မိန်းကလေးကို ပေးအပ်လိုက်၏။

"မိန်းကလေး ကြည့်ပါဦး၊ ဒီအထဲမှာ ရှိတဲ့အရာက ကောင်းကင်ခွင်းလွန်းပျံနဲ့ နဂါးအရိုးတို့ကို ယှဉ်နိုင်မလား"

မိန်းကလေးက ခေါင်းညိတ်ပြပြီး သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ သူမက ဝိညာဉ်အသိဖြင့် ကြည့်လိုက်ပြီးနောက်၊ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူမက လုမင်အား အသံပို့လွှတ်ကာ မေးလိုက်သည်။

"ဒါက အန္တိမသူတော်စင်အဆင့် နတ်သားရဲတစ်ကောင်ရဲ့ အလောင်း မဟုတ်လား"

လုမင် ခေါင်းညိတ်လိုက်၏။

ထိုအချိန်က၊ လုမင်သည် စန်းဧကရာဇ်၏ လျှို့ဝှက်နန်းတော်တွင် ဤလင်းယုန်အလောင်းကို ရရှိခဲ့သည်။ ၎င်းက အန္တိမသူတော်စင်အဆင့် ဖြစ်၏။ ၎င်းက နှစ်ပေါင်းများစွာကပင် သေသွားသော်လည်း၊ အန္တိမသူတော်စင်အဆင့် နတ်သားရဲ၏ စျေးနှုန်းက အလွန်မြင့်မားနေသေးသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာများ ဖြစ်သည်။

All Chapters