အခန်း ၁၆၇၄
Vol. 112 Ch. 1674
အပိုင်း ( 1674 ) လုမင်၏ အကူအညီမဲ့မှု။
လော့ရွှေဟန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လုမင်က ကျွမ်းကျင်သူများစွာကို သတ်ခဲ့ကြောင်း သိလိုက်သောအခါတွင် သူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာတော့သည်။
"လုမင်... ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ မင်းက တကယ်ကို အပြစ်ဒဏ်ခံသင့်တယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။
"ငါက ဘာအပြစ်ကို ခံရမှာလဲ။ ဟာသပဲ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့လူတွေက ငါ့ကို တားဆီးပြီး ငါ့ရဲ့ သိုလှောင်လက်စွပ်ကို လုယက်ဖို့ အရင်ကြိုးစားတာ။ သူတို့က မသေသင့်ဘူးလား"
လုမင်က လှောင်ပြောင်ပြောဆိုလိုက်၏။
"တော်စမ်း၊ ငါ့ရဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်မှာလဲ"
လော့ရွှေဟန်က အော်ငေါက်လိုက်သည်။ ထို့နောက် သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျန်လူများကို လှည့်ကြည့်ပြီး မေးလိုက်၏။
"လုမင်ပြောတာက အမှန်ပဲလား။ ခင်ဗျားတို့တွေ သူ့ရဲ့ သိုလှောင်လက်စွပ်ကို လုယက်ဖို့ ကြိုးစားခဲ့တာလား"
"မဟုတ်ပါဘူး၊ လုမင်က သက်သက် စွပ်စွဲနေတာ။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းကို ရန်ငြိုးထားပြီး အကြောင်းပြချက်မရှိဘဲ ကျုပ်တို့ကို တိုက်ခိုက်တယ်။ ကောင်းကင်အဆိပ်ဂိုဏ်းရဲ့ ရောင်းရင်းတွေက ဒါကို သက်သေပြနိုင်ပါတယ်... ဟုတ်တယ် မဟုတ်လား"
ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျန်ရှိသူများကိုကြည့်ရင်း ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်လိုက်သည်။
"ဟုတ်ပါတယ်၊ ဒါက အမှန်ပဲ။ လုမင်က ရူးသွပ်ပြီး ကျုပ်တို့ကို အစပြုပြီး တိုက်ခိုက်ခဲ့တာ"
ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများကလည်း အော်ပြောလိုက်ကြသည်။
ယင်းက တကယ်ကို မျက်နှာပြောင်တိုက်ပြီး လိမ်လည်မှုပင်။
"လုမင်၊ မင်း ဘာပြောစရာရှိသေးလဲ"
လော့ရွှေဟန်က လှောင်ပြောင်လိုက်သည်။
"ဘာပြောစရာလိုဦးမှာလဲ။ မင်းတို့လို အရှက်မဲ့တဲ့ လူတစ်စုကို ငါဘာပြောစရာလိုသေးလို့လဲ။ မင်းက ငါ့ကို တိုက်ခိုက်ချင်ရင်လည်း လာလိုက်စမ်းပါ။ ဘာဖြစ်လို့ အပိုစကားတွေ လျှောက်ပြောနေရတာလဲ။ ဟုတ်တယ်၊ ငါလုပ်ခဲ့တယ်။ အနာဂတ်မှာ ကောင်းကင်နတ်ဘုရားဂိုဏ်းကလူ တစ်ယောက်ကိုတွေ့ရင် တစ်ယောက်ကို သတ်မယ်။ ငါတွေ့သမျှ လူတွေကိုသတ်မယ်"
လုမင်၏ မျက်နှာက အထင်မြင်သေးမှုတို့ ပြည့်နေသည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဒီလိုဆိုမှတော့ မင်း ငရဲပြည်ကို သွားလို့ရပြီ"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။ သန့်စင်သောအလင်းရောင်က ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန် အားကောင်း သော်လည်း သူ့ကတော့ ဂရုမစိုက်ပေ။
လုမင်၏ သတ်ဖြတ်ခံလိုက်ရသူများက လော့ရွှေဟန်၏ မျက်လုံးထဲတွင် ဘာမျှမဟုတ်ပါ။ လော့ရွှေဟန်က မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုကလည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ စန်းပြည်နယ်ရှိ ထွတ်မြတ်ပါရမီရှင်ဆယ်ဦးအနက် နံပါတ်တစ်အနေဖြင့် အဆင့်တူ ပါရမီရှင်များပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ပေ။
သာမန် သူတော်စင်တစ်ပိုင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် ပညာရှင်များကို သူက တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည်။
အနီးနားတွင် အခြားသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ကြလေသည်။
လူအများစုက လုမင်တွင် အခွင့်အရေးမရှိဘဲ တိုက်ပွဲစသည်နှင့် လော့ရွှေဟန်၏ သတ်ဖြတ်ခြင်းခံရမည် ထင်ထားခဲ့ကြသည်။
လုမင်က နတ်ဘုရားသားတော်ကိုပင် စိန်မခေါ်ရသေးဘဲ လော့ရွှေဟန်၏လက်တွင် သေဆုံးရတော့မည်လော။
လော့ရွှေဟန်က ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သန့်စင်သောအလင်းရောင်က ပို၍ အားကောင်းလာသည်။
"လော့ရွှေဟန်၊ မင်းတိုက်ခိုက်ချင်ရင် ငါ မင်းနဲ့ အဖော်ပြုပေးမယ်"
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ နဂါးဟိန်းဟောက်သံတစ်ခုက ကောင်းကင်ကို တုန်လှုပ်သွားစေ၏။ ခရမ်းရောင်အလင်းတန်းများ လင်းလက်လာပြီးနောက် လော့ရွှေဟန်၏ရှေ့တွင် ရုပ်သွင်တစ်ခု ပေါ်လာတော့သည်။
"ဝုန်း"
လော့ရွှေဟန်က လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သန့်စင်သော အလင်းရောင်နှင့် နိယာမစွမ်းအားက ပျံ့နှံ့သွား၏။ သူ၏ လက်ဝါးအင်အားက အလွန်ကြောက်စရာကောင်းသည်။
နဂါးဟိန်းသံနှင့်အတူ ခရမ်းရောင် နဂါးလက်သည်းကြီးက လော့ရွှေဟန်၏ လက်ဝါးနှင့် တိုက်မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လော့ရွှေဟန်နှင့် ခရမ်းရောင်လူရိပ်တို့ တပြိုင်နက်တည်း နောက်ဆုတ်သွားကြရ၏။
သို့သော်လည်း လော့ရွှေဟန်က ခြေလှမ်း သုံးလှမ်းမျှသာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။ ခရမ်းရောင်ရုပ်သွင်မူကား နောက်သို့ ခြေလှမ်း လေးလှမ်း၊ ငါးလှမ်းအထိ ဆုတ်သွားရပေသည်။
"ဂိုဏ်းတူအစ်ကို ကျစ်ဖုန်း"
လုမင် ရေရွတ်လိုက်သည်။
ရုတ်တရက် ပေါ်လာသည့်ပုံရိပ်မှာ စန်းပြည်နယ်ရှိ ထွတ်မြတ်ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ကျစ်ဖုန်းပင်။
"ကျစ်ဖုန်း၊ မင်း ငါ့ကို တားဆီးချင်ရင် ငါမင်းကို အရင်သတ်မယ်။ ပြီးတော့မှ လုမင်ကို သတ်မယ်"
လော့ရွှေဟန်က အေးစက်စက် ပြောဆိုပြီး ကျစ်ဖုန်းကို တိုက်ခိုက်လိုက်သည်။
"ငါက မင်းကိုကြောက်မယ်ထင်တာလား"
ကျစ်ဖုန်းက နှာခေါင်းရှုံ့ပြီး ပြန်လည်တိုက်ခိုက်လိုက်၏။ သူတို့နှစ်ဦးက ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်ကြသည်။
လုမင်လည်း စိတ်ပျက်လက်ပျက်နှင့် အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
သူက ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းကို အားနည်းစေရန် လော့ရွှေဟန်အား သတ်လိုသည်။ ဤနည်းအားဖြင့်၊ နဂါးနတ်ဘုရားတောင်ကြားက တင်းပေါင်ညီလာခံတွင် ပထမနေရာရရှိရန် အခွင့်အလမ်း ပိုများလိမ့်မည်။
ထိုနည်းအားဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစနှင့် အခြားရတနာများက နဂါးနတ်ဘုရားတောင်ကြားသို့ ရောက်ရှိလာပြီး လုမင်လည်း ငရဲဖိနှိပ်ကျောက်စာချပ်အပိုင်းအစကို ရယူရန် အခွင့်အရေးရှိမည် ဖြစ်သည်။
သူလှုပ်ရှားရန် ပြင်နေချိန်မှာပဲ ကျစ်ဖုန်းက ရောက်လာသောကြောင့် လုမင်လည်း ဘာမျှမတတ်နိုင်တော့ပေ။
ကျစ်ဖုန်းနှင့် လော့ရွှေဟန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
ကျစ်ဖုန်း၏ ကျင့်ကြံမှုကလည်း သူတော်စင်တစ်ပိုင်း တတိယအဆင့် ဖြစ်သည်။ သူက အဆင့်မြင့် မြေကမ္ဘာ ဝိညာဉ်ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်ပြီး အလွန် အစွမ်းထက်၏။ သူက လော့ရွှေဟန်၏ ပြိုင်ဘက်မဟုတ်သော်လည်း၊ သူ့ကို အလွယ်တကူ အနိုင်ယူရန်တော့ မဖြစ်နိုင်ပါ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်က တိုက်ကွက် ဒါဇင်နှင့်ချီပြီး ဖလှယ်ခဲ့ကြသည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လူတွေကို သတ်ဝံ့တယ်။ ဒီနေ့ မင်းသေရမယ်"
ထိုအချိန်တွင် အဝေးမှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝတ်စုံဖြူဝတ် အဘိုးအိုတစ်ဦးက လေထဲတွင် ပေါ်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုကဲ့သို့ ချက်ချင်းရောက်ရှိလာ၏။ သူ၏ ကြီးမားသော ဖိအားက လုမင်အပေါ်သို့ ချက်ချင်း ကျရောက်လာတော့သည်။
သူတော်စင်နယ်ပယ် အရှိန်အဝါများက လေထဲတွင် ပြည့်နေသည်။ ထိုအဘိုးအိုက တော်စင်တစ်ဦး ဖြစ်၏။
ဤတိုက်ပွဲက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်များ၏ အာရုံကိုပင် ဆွဲဆောင်ခဲ့သည်။
ဤအခိုက်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်က ကောင်းကင် အမြင့်မှ မတ်တပ်ရပ်၍ ငုံ့ကြည့်နေသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်ဖိအားက လူများကို မလှုပ်သာအောင် ဖိအားပေးထားခဲ့ပေသည်။
"လုမင်တော့ ကြောပြတ်ပြီ။ သူတော်စင်တောင် ရောက်လာမှတော့ သူ မလွတ်နိုင်တော့ဘူး"
"ဟုတ်တယ်၊ သူတော်စင်တစ်ပါးက လော့ရွှေဟန်ထက် အများကြီး ပိုသန်မာတယ်"
လူများစွာက အော်လိုက်ကြသည်။
'အဆင့်နိမ့် တောက်ပသော သူတော်စင်လား'
လုမင်၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားသည်။ သူ့မျက်လုံးထဲတွင် စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာ၏။
လော့ရွှေဟန်မဟုတ်ဘဲ သူတော်စင်တစ်ယောက်ကို သတ်ရလျှင်လည်း မဆိုးပေ။
"အဘိုးကြီး၊ မင်းက အသက်ကြီးနေပြီ။ မျိုးဆက်သစ်တွေကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဝံ့တာလဲ။ နဂါးနတ်ဘုရားတောင်ကြားမှာ ဘယ်သူမှမရှိဘူးလို့ ထင်နေတာလား"
ကျယ်လောင်သော ကြိမ်းမောင်းပြောဆိုသံကို ကြားလိုက်ရသည်။ ထို့နောက် အရပ်မြင့်မြင့် အဘိုးအိုတစ်ယောက် ပေါ်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်ရှေ့တွင် ရပ်လိုက်၏။ သူ့ထံမှလည်း သူတော်စင် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲ ရောက်လာပြီ။
နဂါးနတိဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲ၏ ဖိအားများကို ပိတ်ဆို့လိုက်သည်။
လုမင် ဆွံ့အသွားသည်။
'မဟုတ်ဘူး... မလုပ်ကြပါနဲ့ဗျာ။ ကျုပ်ဘာသာ တိုက်ခိုက်ရစေလား'
လုမင် သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။ သူ ဘာပြောရမည်မှန်း မသိတော့ပေ။
ယခင်က လော့ရွှေဟန်ကို ကျစ်ဖုန်းက တားဆီးခဲ့သည်။ ယခုအခါမှာလည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကြီးအကဲကို နဂါးနတ်ဘုရားတောင်ကြား၏ အကြီးအကဲက တားဆီးထားလိုက်ပြီ။
လုမင်၏ အစီအစဉ်များက လုံးဝ ကျရှုံးခဲ့ရသည်။
"လုမင်၊ နောက်ဆုတ်နေလိုက်ပါ။ ငါနဲ့ဆိုရင် ဒီအဘိုးကြီး မင်းကို ဘာမှလုပ်လို့မရဘူး"
နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက ပြောလိုက်သည်။
လုမင် သက်ပြင်းချလိုက်လေသည်။
သူတို့ပတ်ဝန်းကျင်မှ လူများလည်း ဆွေးနွေးနေကြသည်။
"လုမင်က တကယ်ကံကောင်းတာပဲ။ အနားမှာ နဂါးနတ်ဘုရားတောင်ကြားက အကျော်အမော်တွေ ရှိနေတယ်။ မဟုတ်ရင် သူ ကိစ္စပြတ်သွားလိမ့်မယ်"
"မှန်ပါတယ်။ သူက ကံကောင်းလွန်းတယ်။ ဒါပေမဲ့ ကံတစ်ခုတည်းကို အားကိုးရင်တော့ အဝေးကြီးကို သွားနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး တင်းပေါင်ညီလာခံမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လက်ရွေးစင်တွေနဲ့ တွေ့ဆုံရလိမ့်မယ်။ တင်းပေါင်ညီလာခံကို ကျော်ဖြတ်နိုင်ရင်တောင် နတ်ဘုရားသားတော်နဲ့ တိုက်ပွဲမှာ သေရဦးမှာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်က နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
သို့သော် သူက မတိုက်ခိုက်ခဲ့ပါ။
နဂါးနတ်ဘုရားတောင်ကြား၏ သူတော်စင်က သူ့ထက် အားမနည်းပေ။ တကယ်တမ်း တိုက်ခိုက်ကြပါက နှစ်ဖက်စလုံး ထိခိုက်ရမည် ဖြစ်သည်။
"ဝုန်း"
တစ်ဖက်တွင်၊ ကျစ်ဖုန်းနှင့် လော့ရွှေဟန်တို့ နှစ်ဦးက အပြန်အလှန် ထိုးနှက်ပြီးနောက် ပြန်ဆုတ်သွားကြသည်။
သို့သော်လည်း လော့ရွှေဟန်က တည်ငြိမ်မှုရှိသလောက်၊ ကျစ်ဖုန်းမှာ မောပန်းနေပုံရ၏။ သူ၏ အငွေ့အသက်များပင် အားနည်းနေရသည်။
လော့ရွှေဟန်၏ မျက်လုံးများက တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေပေသည်။
ယနေ့တွင် လုမင်ကိုသတ်ရန် မလွယ်ကူတော့ကြောင်း သူ သိသည်။
"လုမင်၊ မင်းက တခြားသူတွေနောက်ကွယ်မှာ ပုန်းအောင်းဖို့ပဲ သိတာလား။ မင်း အခု ပုန်းနိုင်ရင်တောင် အမြဲတမ်းတော့ မပုန်းနိုင်ပါဘူးကွာ။ တင်းပေါင်ညီလာခံမှာ ပုန်းအောင်းစရာ နေရာမရှိဘူး။ ဒီတစ်ခါတော့ နဂါးနတ်ဘုရားတောင်ကြားကလူတွေကို တစ်ယောက်မှ ပြန်မသွားစေရဘူး။ တင်းပေါင်ညီလာခံငယ်က ဆယ်ရက်အတွင်း စတင်တော့မှာ... အချိန်တန်ရင် ကောင်းကင်နတ်ဘုရားဂိုဏ်းကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို မင်း သိရစေမယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက်တော့ လုမင်ကို အေးစက်စက်ဖြင့် ကြည့်ကာ လှည့်ထွက်သွားတော့သည်။