← Chapters

အခန်း ၁၆၇၅

Vol. 112 Ch. 1675

အခန်း ၁၆၇၅

Vol. 112 Ch. 1675

အပိုင်း ( 1675 ) အထင်လွဲမှားခြင်း။

"သွားကြစို့"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်က အေးစက်စက် နှာခေါင်းရှုံ့ပြီး အမိန့်ပေးလိုက်သည်။ သူက ရှေ့မှ လှည့်ထွက်သွားပြီး အခြား ကောင်းကင်နတ်ဘုရားဂိုဏ်းသားများလည်း လိုက်သွားကြ၏။

ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများနှင့် ခိုးဝင်တိုက်ခိုက်ခဲ့သော ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများလည်း တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။

"လုမင်... မင်းအဆင်ပြေရဲ့လား"

နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်နယ်ပယ် အကြီးအကဲက လုမင်ကို မေးလိုက်သည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

လုမင်လည်း အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီ၊ အရင်ပြန်သွားရအောင်။ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းတို့က ဒီတစ်ကြိမ် တင်းပေါင်ညီလာခံမှာလည်း ပူးပေါင်းကြလိမ့်မယ်။ မင်း အဆင်သင့် ပြင်ဆင်ထားပါ"

နဂါးနတ်ဘုရားတောင်ကြား၏ အကြီးအကဲက ပြောပြီး ရှေ့မှ ထွက်သွားလေသည်။

လုမင်၊ ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် ကျစ်ဖုန်းတို့က နောက်မှ လိုက်သွားကြသည်။

"နဂါးနတ်ဘုရားတောင်ကြားက လာမဲ့ တင်းပေါင်ညီလာခံငယ်မှာ အန္တရာယ်များမှကို ကြောက်ရတယ်"

ကျစ်ဖုန်းက ပြောလိုက်သည်။

"ဒီနှစ် နဂါးနတ်ဘုရားတောင်ကြားမှာ ထိပ်တန်း ပါရမီရှင် ဘယ်နှစ်ယောက်ရှိလဲ"

လုမင်က မေးလိုက်၏။

သူရည်ညွှန်းသော ထိပ်တန်းပါရမီရှင်များမှာ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှုနှင့် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြသည်။ ထိုကဲ့သို့သော ပါရမီရှင်ကသာ တင်းပေါင်ညီလာခံ၏ ရလဒ်ကို လွှမ်းမိုးနိုင်လိမ့်မည်။

"တစ်​​ယောက်​တည်းရယ်... ဒါက လွန်​ခဲ့တဲ့သုံးနှစ်​နဲ့အ​များကြီး နိမ့်ကျတယ်"

ကျစ်ဖုန်းက သက်ပြင်းချလိုက်သည်။

လုမင် မျက်မှောင်ကြုတ်သွား၏။ ဤအတိုင်းဆိုလျှင် နဂါးနတ်ဘုရားတောင်ကြားက အမှန်တကယ်ပင် အန္တရာယ်ရှိလိမ့်မည်။

၎င်းတို့ကို ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က ပစ်မှတ်ထားဦးမည်မှ သေချာသည်။ ယခုပုံစံဖြင့် နဂါးနတ်ဘုရားတောင်ကြားက ၎င်းတို့ကို ဆန့်ကျင်နိုင်မည် မဟုတ်သည့်အပြင် ထိပ်တန်းဆယ်ဦးသို့ပင် ဝင်ရောက်နိုင်မည်မဟုတ်ချေ။ တင်းပေါင်ညီလာခံတွင် ပါဝင်ခွင့်ကို ဆုံးရှုံးကြရမည် ဖြစ်သည်။

"ဂိုဏ်းတူအစ်ကို ကျစ်ဖုန်း... တင်းပေါင်ညီလာခံမှာ အခြား ထိပ်တန်းပါရမီရှင်တွေကို ဖိနှိပ်နိုင်မဲ့ ပါရမီရှင်တချို့ကို ကျွန်တော် အကြံပြုချင်တယ်"

လုမင် ပြောလိုက်သည်။ ဆုလဲ့အကြောင်းကို တွေးရင်း သူ့စိတ်ထဲတွင် အတွေးတချို့ ပေါ်လာ၏။

ဆုလဲ့က ကုစူးမြို့ရှိ ဘိုးဘွားမြေတွင် အမွေအနှစ်ကို ရရှိခဲ့သည်။ သူမ၏ ရွှမ်ယင်နဂါးခန္ဓာကလည်း အလွန် ကြောက်စရာကောင်း၏။ လုမင်၏ ခန့်မှန်းမှုအရ လူတစ်ဦးတွင် ကောင်းကင်ဝိညာဉ်ခန္ဓာမရှိလျှင် ဆုလဲ့ကို ယှဉ်ပြိုင်နိုင်ရန် ခက်လိမ့်မည်။

စုလဲ့ပါဝင်ခဲ့လျှင် သူမက လူတိုင်းကို ဖိနှိပ်နိုင်လောက်သည်။

"တခြား ထိပ်တန်း ပါရမီရှင်တွေကို ဖိနှိပ်နိုင်သူလား"

ကျစ်ဖုန်း၏ မျက်လုံးများက တောက်ပလာသည်။ နဂါး‌နတ်ဘုရားတောင်ကြားတွင် ထိုသို့သော ပါရမီရှင်တစ်ဦး ရှိနေပါက သူမသိဘဲ အဘယ်မှာရှိမည်နည်း။

သို့သော်လည်း လုမင်က ထိုကဲ့သို့ပြောလာသောကြောင့် သူ ယုံကြည်မှုရှိရမည်။

"ကောင်းပြီ၊ ဒါဆိုရင် လူချင်း ချိန်းပြောင်းလိုက်မယ်"

ကျစ်ဖုန်းက ပြောလိုက်သည်။

စကားစမြည်ပြောရင်း မကြာမီ နဂါးနတ်ဘုရားတောင်ကြား၏ စခန်းကို ရောက်သွားကြလေသည်။

လုမင်က နဂါးနတ်ဘုရားတောင်ကြား၏ စခန်းသို့ ပြန်ရောက်သည်နှင့် ရင်းနှီးသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ချိုးရင်ရင်နှင့် ချိုးဟောက်တို့ ဖြစ်၏။

ချိုးရင်ရင်က လုမင်ကို တွေ့ရသောအခါ အလွန် ဝမ်းသာနေလေသည်။

"ရင်ရင်... ဂုဏ်ယူပါတယ်။ မင်းရဲ့ ကျင့်ကြံမှုက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ရောက်သွားပြီ"

လုမင် ပြုံးပြလိုက်သည်။

ချိုးရင်ရင်၏ ကျင့်ကြံမှု အမြန်နှုန်းက လုမင်၏ မျှော်လင့်ချက်ထက် ကျော်လွန်နေ၏။ သူ့တွင် သာမန် ဝိညာဉ်ခန္ဓာတစ်ခုသာရှိသော်လည်း ကျင့်ကြံခြင်းအခြေခံက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်နေပြီ။

၎င်းက စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ချိုးရင်ရင် ရရှိခဲ့သော အမွေအနှစ်နှင့် ဆက်စပ်နေခြင်းဖြစ်မည်ဟု လုမင် ခန့်မှန်းလိုက်မိသည်။

"အဲ"

ရုတ်တရက်၊ လုမင်၏ မျက်လုံးက အရောင်လက်သွားသည်။ သူက ချိုးရင်ရင်ကို ​စူးစူးစိုက်စိုက် ကြည့်လိုက်၏။

"လု... လုမင်၊ ရှင် ဘာကြည့်နေတာလဲ"

လုမင်၏ အကြည့်စူးစူးက ချိုးရင်ရင်ကို ရှက်ရွံ့သွားစေသည်။ သူမက ထစ်ငေါ့စွာ ပြောလိုက်လေသည်။

"ဂိုဏ်းတူအစ်ကို ကျစ်ဖုန်း၊ သတ္တမ ဆရာတူအစ်ကိုနဲ့ အဋ္ဌမ ဆရာတူအစ်မတို့ အရင်သွားနှင့်ကြပါ။ ကျွန်တော် ရင်ရင်ကို ပြောစရာရှိသေးလို့"

လုမင်က ကျစ်ဖုန်းနှင့် အခြားသူများကို လှည့်ပြောလိုက်သည်။

"ဟားဟားဟား၊ ဂိုဏ်းတူညီလေးလုမင်... ငါနားလည်ပြီ... ငါနားလည်ပြီ။ ငါ အခုထွက်သွားပါ့မယ်"

ထျန်းချွေးက 'ငါသဘောပေါက်ပါတယ်'ဆိုသော အကြည့်မျိုးဖြင့် လုမင်ကိုကြည့်ပြီး ရွယ်နင်ရှင်းကို ဆွဲခေါ်ကာ ထွက်သွားလေသည်။

ကျစ်ဖုန်းလည်း ပြုံးစစဖြင့် လှည့်ထွက်သွားသည်။

"အာ... အခုမှ သတိရတယ်။ ငါ့မှာ အရေးတကြီး လုပ်စရာတွေ ရှိနေသေးတာပဲ။ မင်းတို့ လွတ်လွတ်လပ်လပ် စကားပြောကြနော်၊ ငါလည်း သွားလိုက်ဦးမယ်"

ချိုးဟောက်က ပြုံးပြီး ချိုးရင်ရင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ထို့နောက် သူလည်း လေထဲသို့ပျံတက်ပြီး ထွက်သွား၏။

နေရာတွင်၊ လုမင်နှင့် ချိုးရင်ရင်သာ ကျန်တော့သည်။

ချိုးရင်ရင်မှာ ရင်ခုန်သံ မြန်လာသည်။ သူမက လုမင်၏ မျက်နှာကို မကြည့်ဝံ့တော့ပေ။

လုမင်လည်း ဆွံ့အသွားပြီး နှာခေါင်းကိုပွတ်လိုက်မိသည်။ အားလုံးက နားလည်မှုလွဲသွားကြပုံပင်။

"ရင်ရင်၊ တစ်နေရာကိုသွားပြီး စကားပြောရအောင်"

လုမင်က ပြောဆိုပြီး လူရှင်းသော နေရာတစ်ခုသို့ လျှောက်သွားသည်။

ချိုးရင်ရင်ကတော့ ပို၍ စိတ်လှုပ်ရှားလာ၏။ သူမ၏ နှလုံးသားမှာလည်း သမင်ပျိုလေးတစ်ကောင်‌ ပြေးလွှားနေသကဲ့သို့ ခုန်ပေါက်နေတော့သည်။

'လုမင်က ငါ့ကို ဘာပြောချင်တာလဲ။ သူက ငါ့ကိုကြိုက်နေတာများလား....'

ထိုအချိန်တွင်၊ ချိုးရင်ရင်၏ စိတ်ထဲမှာ အတွေးမျိုးစုံပေါ်လာသည်။

"ရင်ရင်... မင်းရရှိခဲ့တဲ့ အမွေအနှစ်မှာ စိတ်ဝိညာဉ် ကျင့်ကြံမှုနည်းလမ်းတစ်ခု ရှိသလား"

နေရာလွတ်သို့ ရောက်လာပြီးနောက် လုမင်က မေးလိုက်သည်။

"အာ... ဟုတ်ပါတယ်"

ချိုးရင်ရင်မှာ ပထမ အံ့ဩသွားပြီး‌မှ ခေါင်းညိတ်လိုက်လေသည်။

ယခုတော့ လုမင် ပြောလိုတာက ဤအကြောင်းဖြစ်ပုံပင်။ သူမ အတွေးလွန်သွားပုံရသည်။ ဘာကြောင့်မှန်းမသိသော်လည်း တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ရင်ထဲတွင် ဟာတာတာကြီး ခံစားလိုက်ရလေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

လုမင်၏ ဝိညာဉ်စွမ်းအားက အလွန်ပြင်းထန်သည်။ ထို့ပြင် သူက စိတ်ဝိညာဉ် လေ့ကျင့်ရေး ပညာရပ်ကိုလည်း လေ့ကျင့်ထား၏။ ထို့ကြောင့် ချိုးရင်ရင်ကို ကြည့်လိုက်သောအခါ၊ ချိုးရင်ရင်၏ စိတ်ဝိညာဉ်စွမ်းအားက ထူးထူးခြားခြား အားကောင်းသည်ကို တွေ့လိုက်ရသည်။

ချိုးရင်ရင်၏ ကျင့်ကြံမှုက ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သာဖြစ်သော်လည်း... သူမ၏ စိတ်ဝိညာဉ်စွမ်းအားက ထိုမျှမကဘဲ အလွန်အားကောင်း၏။ ၎င်းက အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့်ပင် နီးကပ်နေပြီ။

ထိုကဲ့သို့သော ဝိညာဉ်စွမ်းအားက သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ပါ။ ထို့ကြောင့် လုမင်သည် စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေတွင် ချိုးရင်ရင် ရရှိခဲ့သော အမွေကို ချက်ချင်းစဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

"ရင်ရင်၊ မင်းရရှိထားတဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်း ပညာရပ်မှာ တိုက်ခိုက်မှုစွမ်းရည်ကော ရှိလား"

လုမင်က ထပ်မေးလိုက်သည်။

"အင်း... ရှိပါတယ်"

ချိုးရင်ရင် ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် ငါ့ကို တိုက်ခိုက်စမ်း... ငါခံစားကြည့်ရအောင်။ မင်းရဲ့ အစွမ်းရှိသမျှ ထုတ်ဖော်လို့ရတယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပါပြီ"

ချိုးရင်ရင်က ခေါင်းညိတ်လိုက်သည်။ လုမင်က သူ့ထက် များစွာသန်မာကြောင်း သိထားသောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နေစရာမလိုပေ။

ချိုးရင်ရင်၏ မျက်လုံးများက စတင်ပြောင်းလဲလာပြီး မှောင်မိုက်လာသည်။ ဤအခိုက်အတန့်တွင်၊ သူ့ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်ကို လုမင် သတိပြုမိလိုက်၏။

"ဂါး..."

မိစ္ဆာကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး လုမင်ကို တိုက်ခိုက်လိုက်တော့သည်။

"ပုံရိပ်ယောင်တွေ"

လုမင်က ရေရွတ်လိုက်သည်။

ချိုးရင်ရင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပုံရိပ်ယောင်ပင်။

သူမက သူ၏ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ပြိုင်ဘက်၏ ဝိညာဉ်ကိုလွှမ်းမိုးကာ ပုံရိပ်ယောင်များ မြင်စေသည်။

ဤတိုက်ခိုက်မှုမျိုးက အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်း၏။

လူတစ်ဦးက ပုံရိပ်ယောင်အတွင်းသို့ ကျရောက်သွားသောအခါ အခြားသူ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရလိမ့်မည်။

"ချိုးဖျက်လော့"

လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက အနည်းငယ် တုန်လှုပ်သွားသည်။ သူ့ပတ်ဝန်းကျင် မြင်ကွင်းများက မှန်သားကဲ့သို့ ကွဲကြေသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

ထို့နောက် ချိုးရင်ရင်၏ နူးညံ့သော ခန္ဓာကိုယ်ကလေးက တုန်လှုပ်သွားပြီး နောက်သို့ဆုတ်သွားရသည်။ သူ့မျက်လုံးများက ပုံမှန်ပြန်ဖြစ်လာသော်လည်း သူ့မျက်နှာက ဖြူဖျော့နေ၏။

"ရင်ရင်... မင်း အဆင်ပြေရဲ့လား"

လုမင်က ချိုးရင်ရင်၏အနားတွင် ချက်ချင်းပေါ်လာကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

လုမင်၏ စိတ်ဝိညာဉ်စွမ်းအားက အလွန် အင်အားကြီးသည်။ ထို့ကြောင့် သူ၏ စိတ်စွမ်းအား အနည်းငယ်သာ ထုတ်လွှတ်ခဲ့သော်လည်း ချိုးရင်ရင်ကို တန်ပြန်သက်ရောက်မှု ခံစားရစေခဲ့ပေသည်။

"အဆင်ပြေပါတယ်။ ကျွန်မရဲ့ စိတ်ဝိညာဉ်စွမ်းအားက နည်းနည်းတုန်လှုပ်သွားရုံပဲ။ လုမင်... ရှင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရမ်းသန်မာတာပဲ"

ချိုးရင်ရင်က တအံ့တဩဖြင့် ပြောလိုက်သည်။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားက လုမင်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ထိတွေ့သောအခါ အကန့်အသတ်မရှိသော ပင်လယ်ပြင်သို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။

"ရင်ရင်... မင်းရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အတော်ထူးခြားတယ်။ ငါမင်းကို စိတ်ဝိညာဉ်တိုက်ခိုက်မှု နည်းလမ်းတစ်ခု ထပ်သင်ပေးလိုက်မယ်၊ ပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်... ဒါမှမဟုတ် သူ့ထက် ပိုမြင့်မားလာအောင် ကူညီပေးနိုင်တယ်။ ဒါဆိုရင် စန်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ပါရမီရှင်တွေထဲ အဆင့်မြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်‌အောက်မှာ မင်းရဲ့ပြိုင်ဘက် မရှိနိုင်လောက်တော့ဘူး"

လုမင် ပြောလိုက်သည်။

"တကယ်...တကယ်လား"

ချိုးရင်ရင် စိတ်လှုပ်သွားသည်။

"သေချာတာပေါ့၊ ဒါကိုကြည့်လိုက်ပါဦး"

လုမင် ပြောလိုက်သည်။ သူ့လက်ထဲတွင် မိစ္ဆာနတ်ဆိုးကျောက်တစ်ခု ပေါ်လာ၏။

"ဒါက... မိစ္ဆာနတ်ဆိုးကျောက်လား"

ချိုးရင်ရင်၏ မျက်လုံးများက တောက်ပလာတော့သည်။

All Chapters