အခန်း ၁၆၇၉
Vol. 112 Ch. 1679
အပိုင်း ( 1679 ) စိတ်ဝိညာဉ် ပုံရိပ်ယောင်၏ စွမ်းအား။
"အိုး... သာမန် ဝိညာဉ်ခန္ဓာနဲ့ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် မိန်းကလေးတစ်ယောက်က အသက်ကယ်အဆောင်နဲ့ လွတ်မြောက်ခြင်းကလွဲပြီး အခြား ဘာလုပ်နိုင်မှာလဲ"
လော့ရွှေဟန်က လှောင်ပြောင်လိုက်၏။
လုမင်က လော့ရွှေဟန်ကို လျစ်လျူရှုပြီး တိုက်ပွဲစင်မြင့်ကိုသာ ကြည့်လိုက်သည်။
"ငါက အသက်ကယ်အဆောင်ကို ဘယ်လိုသုံးရမှန်းတောင် မသိပါဘူး"
ချိုးရင်ရင်က ပြောလိုက်သည်။
"မင်းက အသက်ကယ်အဆောင်ကို အသုံးမပြုဘူးလား"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်များ၏ မျက်လုံးများက တောက်ပလာသည်။
"မဟုတ်ပါဘူး၊ နင့်ကိုကိုင်တွယ်ဖို့ အသက်ကယ်အဆောင် မလိုဘူး"
ချိုးရင်ရင်က ပြောလိုက်၏။
သူ့စကားကြောင့် တစ်ဖက်လူငယ်မှာ အားပါးတရ ရယ်မောလိုက်သည်။ သူတင်မကဘဲ
ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ လူများသည်လည်း ရယ်မောလိုက်ကြသည်။
ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် ပါရမီရှင်ကို ကိုင်တွယ်ရန် အသက်ကယ်အဆောင် မလိုအပ်ကြောင်း ပြောခဲ့သည်။
ယင်းက မည်မျှမာနကြီးပြီး မောက်မာလိုက်သနည်း။
"မင်းက အသက်ကယ်အဆောင် မလိုအပ်ဘူးဆိုမှတော့ သေလိုက်တော့"
ကောင်းကင်နတ်ဘုရားဂိုဏ်း ပါရမီရှင်က အေးစက်စက် ပြောလိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သန့်စင်သော အလင်းရောင်က သူ့ထံမှ ဖြာထွက်လာ၏။ သူ့လက်ထဲတွင် သန့်စင်ခြင်း အလင်းဓားတစ်လက် ပေါ်လာပြီး ချိုးရင်ရင်ကို လွှဲခုတ်လိုက်တော့သည်။
သို့သော်၊ ချိုးရင်ရင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
ထိုအခိုက်တွင်၊ ချိုးရင်ရင်က သူ့ရှေ့တွင် ပျောက်ကွယ်သွားပုံရ၏။ သူ့ပတ်ဝန်းကျင်ကလည်း ငရဲပြည်ကဲ့သို့ ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော နတ်ဆိုးများက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်ထံသို့ ပျံသန်းလာတော့သည်။
"ဘာကောင်တွေလဲ၊ ထွက်သွားစမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က ဟိန်းဟောက်လိုက်သည်။ သူက နတ်ဆိုးများကို ဓားဖြင့် အသည်းအသန် ခုတ်လိုက်၏။ နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် သေသွားကြသော်လည်း နတ်ဆိုးများက ပိုများလာသည်။
သူက နတ်ဆိုးများနှင့် ပြင်းထန်သောတိုက်ပွဲကို စတင်ခဲ့ပေသည်။
ဟုတ်သည်၊ ဤအရာအားလုံးက သူ့မျက်စိထဲတွင် မြင်ယောင်နေခြင်းထက် မပိုပေ။ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူအားလုံး အံ့ဩသွားကြသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က ချိုးရင်ရင်ကို ဦးစွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်သွားပြီး ထူးခြားစွာ အော်ဟစ်လိုက်၏။ ထို့နောက်မှာတော့ သူက လေထဲသို့ ကျပန်း ထိုးခုတ်တိုက်ခိုက်နေတော့သည်။
ချိုးရင်ရင်က အစမှအဆုံးထိ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က သူ့ဘာသာသူ အပြင်းအထန် တိုက်ခိုက်နေခြင်းပင်။ အားလုံး အံသြသွားကြသည်။
သူ ဘာလုပ်နေတာလဲ။
နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များပင်လျှင် အံ့ဩသွားကြသည်။
လူနှစ်ယောက်သာ အေးဆေးတည်ငြိမ်သော အမူအရာများ ရှိပေသည်။
ထိုအထဲတွင် တစ်ယောက်က လုမင်ဖြစ်ပြီး ကျန်တစ်ယောက်က ချိုးဟောက်ပင်။
ချိုးရင်ရင်၏ အမွေက စိတ်ဝိညာဉ်ပုံရိပ်ယောင်ကို ထုတ်ဖော်နိုင်ကြောင်း ချိုးဟောက်က သိထားသည်။
"ဂိုဏ်းတူညီလေး လုမင်၊ မင်းသိပြီးပြီ မဟုတ်လား"
ကျစ်ဖုန်းက အသက်ပြင်းပြင်းရှူပြီး ငြိမ်သက်နေသော လုမင်ကို ကြည့်လိုက်သည်။
လုမင်က ချိုးရင်ရင်ကို ပြိုင်ပွဲတွင် အဘယ်ကြောင့် ပါဝင်စေလိုကြောင်း နောက်ဆုံးတွင် သူနားလည်ခဲ့ပြီ။
"ဟုတ်ပါတယ်၊ ဆက်ပြီး ကြည့်လိုက်ပါဦး"
လုမင်က ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။
"ကျောက်ချီ၊ မင်း ဘာလုပ်နေတာလဲ"
လော့ရွှေဟန်က ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အထူးတန်းမှ အော်ဟစ်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ပူလောင်နေ၏။ ကျောက်ချီက ဤအချိန်မျိုးတွင် ဘာလုပ်နေသနည်း။
သို့သော်လည်း သူ့အော်သံက အသုံးမဝင်ပါ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပါရမီရှင်က 'သတ်'၊ 'ထွက်သွားကြစမ်း' စသည်ဖြင့် အော်ဟစ်ကာ တစ်ယောက်တည်း တိုက်ခိုက်နေဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ ချိုးရင်ရင်က ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်သွားသည်။ သူ့လက်ထဲတွင် ဓားတစ်လက် ပေါ်လာ၏။
တစ်ဖက်လူကတော့ ချိုးရင်ရင်ကို လုံးဝ မမြင်နိုင်သလိုပင်။ သူက ကျပန်း တိုက်ခိုက်နေသော်လည်း သူ၏တိုက်ခိုက်မှု တစ်ခုမျှ ချိုးရင်ရင်ကို မထိပါ။
"ကျောက်ချီ၊ မင်း ဘာလုပ်နေတာလဲ။ ပြန်ဆုတ်စမ်း"
"နောက်ဆုတ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူများက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော် အသုံးမဝင်ပေ။ ကျောက်ချီ သူတို့၏ အော်သံများကို ကြားနိုင်ပုံမရပေ။
ချိုးရင်ရင်က ကျောက်ချီအရှေ့သို့ ရောက်ရှိလာပြီး ဓားဖြင့်ထိုးလိုက်သည်။
ကျောက်ချီက မမြင်မတွေ့သလိုမျိုး မကာကွယ်ဘဲ ခွင့်ပြုထား၏။
နောက်အခိုက်တွင်၊ ကျောက်ချီက ကျပန်း တိုက်ခိုက်နေခြင်းများ ရပ်တန့်သွားသည်။ ချိုးရင်ရင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ပြူးကျယ်သွား၏။ ချိုးရင်ရင်၏ ဓားက သူ၏ ဒန်တျန်ကို ထိုးဖောက်ကာ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ သူ့မျက်နှာက မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေပြီး သွေးများကို အန်ထုတ်လိုက်ရလေသည်။
"ဝမ်"
ချိုးရင်ရင်က ဓားကို ဆွဲနှုတ်လိုက်သောအခါ ကျောက်ချီ၏ ခန္ဓာကိုယ်က လဲကျသွားသည်။ သူ အသက်မရှူတော့ပေ။
ဧရိယာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ချိုးရင်ရင်၏ တိုက်ခိုက်မှုက ထူးဆန်းလွန်းပေစွ။ ကျောက်ချီမှာ အလွန် ထူးဆန်းသောနည်းလမ်းဖြင့် သေဆုံးသွားရခြင်း ဖြစ်သည်။
"ကောင်းတယ်ဟေ့"
ခဏအကြာတွင် နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များက ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များကတော့ မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်ကြသည်။
"သာမန် ဝိညာဉ်ခန္ဓာနဲ့ ဆဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူလေးတစ်ဦးပါပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အဆင့်မြင့် ပါရမီရှင်ကို အလွယ်တကူ သတ်နိုင်တယ်။ အခု မင်းမြင်ပြီလား"
လုမင်က လော့ရွှေဟန်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ သူ့လေသံက လှောင်ပြောင်သရော်မှုတို့ ပြည့်နှက်နေ၏။
လော့ရွှေဟန်လည်း အံတကြိတ်ကြိတ်ဖြင့် သတ်ဖြတ်ချင်စိတ်တို့ တဖွားဖွား ပေါ်နေတော့သည်။
သာမာန်ဝိညာဉ်ခန္ဓာသာရှိသော အဋ္ဌမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူမ၏ အသက်ကို ကာကွယ်ရန် အဆောင်ကိုအသုံးပြုခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း သူ ပြောခဲ့သည်။
ယခုမူ၊ သူမက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အဆင့်မြင့် ပါရမီရှင်တပည့်ကို သတ်ဖြတ်နိုင်ကြောင်း သက်သေပြခဲ့ပြီ။
ယင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။
"စကားကို ကြည့်ပြောဖို့ ငါ သတိပေးခဲ့သားပဲ။ အခုတော့ မင်း ဘယ်လိုနေလဲ"
လုမင်က ဆက်ပြောလိုက်သည်။
"လုမင်... သိပ်လည်း ပျော်မနေနဲ့ဦး။ တင်းပေါင်ညီလာခံက မပြီးသေးဘူး"
လော့ရွှေဟန်က အံကြိတ်ပြီး ပြောလိုက်၏။
"ဒါဆိုရင် ဆက်ကြည့်ကြသေးတာပေါ့"
လုမင်က ပြုံးလိုက်သည်။
ချိုးရင်ရင်က သူမ၏ ပြိုင်ဘက်ကိုသတ်ပြီး စင်မြင့်ပေါ်သို့ ပြန်သွားခဲ့လေသည်။
ထို့နောက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းက ပိုသတိထားလာပြီး နဂါးနတ်ဘုရားတောင်ကြား၏ နောက်ထပ်တပည့်နှစ်ယောက်ကို ဖယ်ရှားပစ်ခဲ့သည်။
ဤနည်းဖြင့် နတ်နဂါးတောင်ကြား၌ လူဆယ်ယောက် ကျန်ခဲ့လေသည်။
နဂါးနတ်ဘုရားတောင်ကြား၏ အလှည့်ရောက်သောအခါ၊ သူတို့က ကောင်းကင်နတ်ဂိုဏ်းကို ဆက်လက်စိန်ခေါ်ခြင်း မပြုတော့ပေ။ ထိုအစား၊ သူတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းကို အာရုံစိုက်ပြီး ၎င်းတို့၏တပည့်တစ်ဦးကို သတ်ပစ်ခဲ့သည်။
မကြာမီ ကိုးကြိမ်မြောက် ပြီးဆုံးသွားပြီး ဆယ်ကြိမ်မြောက်အချီ စတင်ခဲ့သည်။
ဆယ်ကြိမ်မြောက် အချီမှစပြီး ချိုးရင်ရင်ကို မည်သူမျှ မစိန်ခေါ်ရဲတော့ပါ။ ချိုးရင်ရင်က ဘေးမှ ထိုင်ကြည့်ရုံသာ ရှိခဲ့သည်။
နောက်ထပ် နှစ်ကျော့ပြီးသည့်အခါ နဂါးနတ်ဘုရားတောင်ကြားမှ နောက်ထပ် လူခြောက်ဦးကို ဖယ်ရှားပစ်ခဲ့သည်။ လူလေးယောက်သာ ကျန်တော့သည်။
၎င်းတို့မှာ ခရမ်းရောင်နဂါးတောင်ကြားမှ ခေါင်းဆောင်လူငယ်၊ ချိုးရင်ရင်၊ ဆုလဲ့နှင့် ရေခဲနဂါးတောင်ကြားမှ ပါရမီရှင်တို့ ဖြစ်ကြသည်။
ယခုအခါ နဂါးနတ်ဘုရားတောင်ကြားတွင် လူဦးရေအနည်းဆုံး ဖြစ်နေပြီ။
"ဒီအခြေအနေက လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့ ဘာကြောင့် ဒီလောက် ဆင်တူရတာလဲ။ နဂါးနတ်ဘုရားတောင်ကြားက အစပိုင်းမှာ လူအရေအတွက် အနည်းဆုံး ဖြစ်ခဲ့ပေမဲ့ အဆုံးမှာတော့ ကစားပွဲကို ပြောင်းပြန်လှန်ခဲ့ကြတယ်"
"ဒီတစ်ခါမှာရော နဂါးနတ်ဘုရားတောင်ကြားက ကစားပွဲတွေကို ပြောင်းပြန်လှန်နိုင်ဦးမှာလား"
လူတော်တော်များများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
"မဖြစ်နိုင်ဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်က နဂါးနတ်ဘုရားတောင်ကြားမှ လုမင် ရှိခဲ့ပေမဲ့... ဒီတစ်ကြိမ်မှာတော့ လုမင်က ပေါ်လာဖို့ နည်းလမ်းမရှိပါဘူး။ ချိုးရင်ရင်ရဲ့ အရည်အချင်းကလည်း လျှို့ဝှက်ဆန်းကြယ်ပေမဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်ကိုပဲ အနိုင်ယူနိုင်လိမ့်မယ်"
"ဟုတ်တယ်၊ လွန်ခဲ့တဲ့သုံးနှစ်ကလို ကစားပွဲကို ပြောင်းလဲချင်ရင်တော့ လုမင်လိုပဲ သူတို့အားလုံးကို အနိုင်ယူနိုင်ရမယ်။ မဟုတ်ရင် မျှော်လင့်ချက်မရှိဘူး"
အားလုံးက စိတ်ဝင်တစားဖြင့် ဆွေးနွေးပြောဆိုလိုက်ကြလေသည်။
ဤတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်ရန် ထိပ်တန်းအဆင့်ရှိသူကို စေလွှတ်ခဲ့သည်။
သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အသန်မာဆုံး ပါရမီရှင်လေးဦးထဲတွင် တစ်ဦး ဖြစ်၏။ သူ၏အမည်က ချိုင်ယင်ဖြစ်ပြီး မြေကမ္ဘာ အဆင့်မြင့် ဝိညာဉ်ကိုယ်ခန္ဓာဖြင့် ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။
ချိုင်ယင်က နဂါးနတ်ဘုရားတောင်ကြားမှ လူလေးဦးကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ဆုလဲ့အပေါ်သို့ ကျရောက်သွား၏။
"မင်း... ဆင်းလာခဲ့စမ်း"
ဤတစ်ကြိမ်မှာတော့ ကောင်းကင်ဘုံနတ်ဘုရားဂိုဏ်းက ဆုံးဖြတ်ထားသည်။ သူတို့က နဂါးနတ်ဘုရားတောင်ကြားကို ဦးစွာ ချေမှုန်းပစ်ချင်ကြပေသည်။
ဆုလဲ့၏ ကျင့်ကြံမှုက အားမနည်းဘဲ အသက်ဓာတ်ကလည်း သန်စွမ်းသည်။ သူ့ထံမှ ပြင်းထန်သော ဖိအားများကို ခံစားရသောကြောင့် ယခင်က သူမကို မည်သူမျှ မစိန်ခေါ်ခဲ့ပေ။
ဆုလဲ့၏ မျက်လုံးများက အရောင်လက်သွားပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။
"နင်... ဟဲလို... ငါလေ... ငါတို့ ဒီမှာ ဘာဖြစ်လို့ မရပ်လိုက်ရမှာလဲ"
ဆုလဲ့က မဝံ့မရဲ ပြောလိုက်သည်။
သူမစကားကြောင့် အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဆုလဲ့က သန်မာပုံရသော်လည်း ကြွက်တစ်ကောင်ကဲ့သို့ အဘယ်ကြောင့် ရှက်ကြောက်နေသနည်း။
ချိုင်ယင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဤပုံစံမျိုးဖြင့်၊ သူမ၏ ကျင့်ကြံမှုအခြေခံက အားကောင်းလျှင်ပင် မည်သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနိုင်ပါမည်နည်း။