အခန်း ၁၆၈၂
Vol. 113 Ch. 1682
အပိုင်း ( 1682 ) ရှဲ့နျန်ကျွင်းနှင့် တွေ့ဆုံခြင်း။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့၏ လုပ်ဆောင်ချက်များက သူတို့၏အသက်ကို ကယ်တင်ရန်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုသို့မဟုတ်ဘဲ နဂါးနတ်ဘုရားတောင်ကြားကို စိန်ခေါ်ပါက သူတို့၏ ပါရမီရှင်များသာ သေဆုံးရလိမ့်မည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အလှည့်ရောက်သောအခါ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ဦးကို စိန်ခေါ်ရန် ထိပ်တန်းပါရမီရှင်တစ်ဦးကို စေလွှတ်ခဲ့သည်။ နှစ်ယောက်သား တိုက်ခိုက်မှု အနည်းငယ် ဖလှယ်ပြီးနောက် တိုက်ပွဲစင်မြင့်မှ ပြုတ်ကျသွားလေသည်။
ဤနည်းဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့၏ ထိပ်တန်း ပါရမီရှင်များအားလုံး ရှုံးနိမ့်ခဲ့ကြသည်။
"ဟားဟားဟား... သူတို့ ဘာလုပ်နေကြတာလဲ။ ဒီနေရာကို တကူးတကလာပြီး ကစားနေကြတာလား"
ထျန်းချွေးက ဟားတိုက်ရယ်မောလိုက်သည်။ သူ့အသံက နေရာအနှံ့သို့ ပဲ့တင်ထပ်သွား၏။
"အကိုကြီး... ရှင်မသိလို့ပါ။ ဒီလူတွေက အားနည်းသူကို အနိုင်ကျင့်ဝံ့ပေမဲ့ အားကြီးသူကိုတော့ ကြောက်ကြတယ်။ အနိုင်ကျင့်ရလွယ်တဲ့သူဆိုရင် အနိုင်ကျင့်ပေမဲ့ တန်ခိုးကြီးတဲ့သူ... သူတို့တွေ မယှဉ်နိုင်ဘူးလို့ မြင်တဲ့အခါ... သူတို့အသက်ကို ကယ်တင်ဖို့ ဘယ်နည်းလမ်းကိုမဆို အသုံးချတတ်တယ်လေ"
ရွယ်နင်ရှင်းကလည်း ပြောလိုက်၏။
"ဟေ... ဟုတ်လား။ မော့ယန်နဲ့ လော့ရွှေဟန်က မြန်မြန်ထွက်ပြေးသွားတာ အံ့ဩစရာမရှိတော့ပါဘူး။ သူတို့ ဆက်မနေနိုင်တော့ဘူး"
ထျန်းချွေးက အံ့ဩဟန်ဖြင့် မျက်လုံးပြူးကာ ပြောလိုက်သည်။
သူတို့နှစ်ဦး၏ စကားသံများက ပဲ့တင်ထပ်နေပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများကို ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်စေခဲ့ပေသည်။
သို့သော်လည်း သူတို့တွင် ချေပစရာ စကားလုံးများ ပျောက်ဆုံးနေခဲ့သည်။
ရှက်စရာကောင်းလွန်းသည်။ ဤတစ်ခါတော့ ဂိုဏ်းပေါင်းစုံရှေ့တွင် မျက်နှာပျက်သွား၏။ လွန်ခဲ့သည့် သုံးနှစ်ကထက်တောင် ပိုရှက်စရာကောင်းသေးသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က သူတို့တွေ ရှုံးနိမ့်သော်လည်း တိုက်ခိုက်နိုင်ခဲ့ကြသည်။ ဤတစ်ကြိမ်မှာတော့ သူတို့မှာ တိုက်ခိုက်ရန်ပင် မဝံ့ရဲကြတော့ပေ။
"ငါလုပ်စရာရှိသေးတယ်၊ ငါအရင်သွားတော့မယ်"
"ငါလည်း သွားနှင့်ပြီ"
ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သိုင်းအုပ်ချုပ်သူနယ်ပယ် သတ္တမအဆင့်နှင့်အထက် တပည့်များက ကျပန်း အကြောင်းပြချက်များပေးကာ ထွက်သွားကြသည်။
ဤနေရာတွင် ဆက်နေရန်အတွက် သူတို့ မျက်နှာမရှိပေ။
နဂါးနတ်ဘုရားတောင်ကြား၏ လူများကတော့ အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့၏စိတ်များက ကြည်လင်ပြီး ခံစားချက်တို့ ကောင်းမွန်နေခဲ့ကြလေသည်။
ယခုတစ်ကြိမ်တွင် နဂါးနတ်ဘုရားတောင်ကြားက လူတစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးခဲ့ရသည့်အပြင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များစွာကိုလည်း သတ်ပစ်နိုင်ခဲ့သည်။ ကျေနပ်စရာကောင်းလွန်းလှပေသည်။
ဤတွင် အရာအားလုံးက လုမင်ကြောင့်ဖြစ်မှန်း အားလုံးသိကြသည်။
လုမင်သာ အသက်ကယ် အဆောင်များစွာကို မပေးအပ်ခဲ့ပါက၊ ဂိုဏ်းသုံးခု၏ ပစ်မှတ်ထားခံရမှုကြောင့် လူအတော်များများ သေသွားပေလိမ့်မည်။
ဆုလဲ့နှင့် ချိုးရင်ရင်တို့ကိုလည်း လုမင်မှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဆုလဲ့နှင့် ချိုးရင်ရင်ကို ဤမျှ ကြောက်စရာကောင်းမည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ဤတစ်ကြိမ်တွင် သူတို့က ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့ကို ပြင်းပြင်းထန်ထန် ရိုက်ချနိုင်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့လေသည်။
ကောင်းကင်အဆိပ်ဂိုဏ်း၏ အလှည့်ရောက်သောအခါ သူတို့တွင် ထိပ်တန်း ပါရမီရှင်များ မရှိတော့ပါ။ သူတို့၏ တစ်ဦးတည်းသော ပါရမီရှင်ကို ချိုးရင်ရင်က သတ်ပစ်ခဲ့သည်။ ထို့ကြောင့် အခြားဂိုဏ်းများကို စိန်ခေါ်ရန် ကျပန်း ပါရမီရှင်တစ်ဦးကို စေလွှတ်လိုက်လေသည်။
နောက်ပိုင်း စိန်ခေါ်မှုများကတော့ စိတ်လှုပ်ရှားစရာ မရှိတော့ပါ။
နဂါးနတ်ဘုရားတောင်ကြားမှ စိန်ခေါ်ရမည့် အလှည့်ရောက်တိုင်း ဂိုဏ်းသုံးခုအနက်မှ တစ်ခု၏ ပါရမီရှင်မှာ သေဆုံးသွားရမည် ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းကြီးသုံးခုသည် ဆက်လက်တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ပေ။ အချင်းချင်းသာ တိုက်ရိုက် စိန်ခေါ်လိုက်ကြသည်။ အချိန်တိုင်းတွင်လည်း နှစ်ဦးစလုံး ပြိုင်တူ ရှုံးနိမ့်ရ၏။ သူတို့၏ ရည်ရွယ်ချက်ကတော့ သူတို့၏အသက်ကို ကာကွယ်ထားရန်ပင်။
ထိုအတိုင်း ဆက်လက်ဖြစ်ပွားနေပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က ဦးစွာ ဖယ်ရှားခံလိုက်ရသည်။
ဤဖြစ်စဉ်မှာ လွန်ခဲ့သော သုံးနှစ်က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်နှင့် အလွန်ဆင်တူသည်။
သို့သော်... ယခုတစ်ကြိမ်တွင် အခြားဂိုဏ်းများမှ ထိပ်တန်း ပါရမီရှင်များက ဆုလဲ့နှင့် ချိုးရင်ရင်တို့ကို လုံးဝ မရင်ဆိုင်နိုင်ခဲ့ပေ။
လွန်ခဲ့တဲ့သုံးနှစ်က လုမင် တစ်ယောက်တည်း ဖြစ်သည်။ ထိုအချိန်တွင်၊ လုမင်၏ ကျင့်ကြံမှုကလည်း စတုတ္ထအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သာ ရှိသေးသဖြင့် အလှည့်ကျတိုက်ခိုက်ရန် ဆောင်ရွက်နိုင်ခဲ့ကြပေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဆုလဲ့နှင့် ချိုးရင်ရင် နှစ်ဦးဖြစ်သောကြောင့် အနားယူနိုင်သည်။ အလှည့်ကျ စိန်ခေါ်ခြင်းက သူတို့အတွက် သိပ်မထိရောက်ပေ။
နောက်ဆုံးတွင်၊ အခြားဂိုဏ်းများ၏ ပါရမီရှင်များလည်း ချိုးရင်ရင်နှင့် ဆုလဲ့အား ချစ်ကြည်ရေးပွဲတစ်ခုသာဖြစ်ကြောင်း ပြောရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ခဲ့ကြသည်။
အဆုံးတွင် ဆုလဲ့နှင့် ချိုးရင်ရင်တို့သာ တိုက်ပွဲစင်မြင့်တွင် ကျန်ရစ်ခဲ့တော့သည်။
သုံးနှစ်ကြာပြီးနောက်၊ နဂါးနတ်ဘုရားတောင်ကြားသည် လူတစ်ဦးတစ်ယောက်မျှ မဆုံးရှုံးဘဲ တင်းပေါင်ညီလာခံငယ်ကို ထပ်မံအနိုင်ရရှိခဲ့သည်။ ယင်းက သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ သူတော်စင်နယ်ပယ် အကြီးအကဲ၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေသည်။ ဆုလဲ့နှင့် ချိုးရင်ရင်ကို အုပ်ချုပ်သူ တာအိုနယ်မြေ ဆေးလုံးခုနစ်လုံး ပေးအပ်ပြီးနောက် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များနှင့်အတူ ချက်ချင်း ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့သည်လည်း တိတ်ဆဆိတ် ထွက်သွားကြသည်။
နဂါးဘုရားတောင်ကြား၏ သူတော်စင်နယ်ပယ် အကြီးအကဲမှာတော့ ပါးစပ်က နားရွက်ကို ချိတ်လုမတတ် ပြုံးနေတော့သည်။
ပြိုင်ပွဲတွင် နဂါးနတ်ဘုရားတောင်ကြားက ပြီးပြည့်စုံသော အောင်ပွဲဖြင့် အဆုံးသတ်ခဲ့သည်။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များလည်း ပျော်ရွှင်စွာဖြင့် ၎င်းတို့၏စခန်းသို့ ပြန်ခဲ့ကြလေသည်။
"ညီငယ်လုမင်၊ လာမဲ့ တင်းပေါင်ညီလာခံမှာ မင်းသတိထားရမယ်။ မော့ယန်နဲ့ လော့ရွှေဟန်က မင်းကို ပစ်မှတ်ထားလာမှာကို ငါကြောက်တယ်"
ကျစ်ဖုန်းက စိုးရိမ်ပူပန်စွာဖြင့် သတိပေးစကားဆိုသည်။
"စိတ်မပူပါနဲ့"
လုမင် ပြုံးလိုက်လေသည်။
လာမည့် တင်းပေါင်ညီလာခံအတွက် ပြင်ဆင်ရန် လူတိုင်းက ၎င်းတို့၏အခန်းများသို့ ပြန်သွားကြသည်။
လုမင်လည်း သူ့အခန်းကို ထွက်လာခဲ့၏။ သို့သော်လည်း လမ်းတွင် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်တစ်ယောက်က လုမင်ကို တစ်စုံတစ်ယောက်က တွေ့ချင်နေသည်ဟု သတင်းပို့လာသည်။
လုမင် သိချင်သွား၏။ ဒါက ဘယ်သူဖြစ်မလဲ။
နဂါးနတ်ဘုရားတောင်ကြား၏ စခန်း အနောက်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ဝါးတောကြီးတစ်ခု ရှိသည်။ ဝါးတောထဲကို လှမ်းကြည့်လိုက်တော့ သူ့မျက်လုံးများ အရောင်လက်သွား၏။
သူ့ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရပ်နေသည်။ ဝါးတောထဲတွင် တိတ်တဆိတ်ရပ်နေသော သူမ၏အသွင်မှာ ပန်းချီကားထဲမှ နတ်သမီးတစ်ပါးကဲ့သို့ပင်။
ရှဲ့နျန်ကျွင်း ဖြစ်သည်။
ရှဲ့နျန်ကျွင်းနှင့် ရှဲ့နျန်ချင်းက အတော်ပင် ရုပ်ချင်းဆင်သော်လည်း လုမင်ကတော့ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေသေးသည်။
သို့ရာတွင်... သူ့ကို တွေ့ချင်သူက ရှဲ့နျန်ကျွင်း ဖြစ်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ။
"ရှဲ့နျန်ကျွင်း... မတွေ့တာကြာပြီ"
လုမင်က ရှေ့ကိုလျှောက်လာပြီး ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းများက တပည့်များစုဆောင်းရန် ရှန်းရွှီတိုက်အဖွဲ့အစည်းသို့
သွားစဉ်ကတည်းက၊ ရှဲ့နျန်ကျွင်းကို ကောင်းကင်နတ်ဘုရားဂိုဏ်းက ရွေးချယ်ကာ ယွမ်လုသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ခြောက်နှစ်နီးပါးမျှ သူတို့ မတွေ့ခဲ့ကြပေ။
ထို့ပြင် ရှဲ့နျန်ကျွင်းက သူတို့ထက် နှစ်နှစ်စောပြီး ယွမ်လုသို့ ရောက်လာခဲ့သူ ဖြစ်သည်။
ဤနှစ်များတစ်လျှောက်တွင် ရှဲ့နျန်ကျွင်းက သူ့ကိုယ်သူ ဖော်မပြခဲ့ပေ။ ယခုအချိန်မှ သူ့ကို ဘယ်အကြောင်းကြောင့် လာရောက်ရှာဖွေရသနည်း။
"မတွေ့ရတာကြာပြီ။ ပြီးတော့ ရှန်းဟွမ်တိုက်ကြီးအကြောင်း ငါသိပြီးပြီ"
ရှဲ့နျန်ကျွင်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
လုမင်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားသည်။
"မင်း ရှမ်းဟွမ်တိုက်ကြီးကို လူလွှတ်လိုက်တာလား"
"ဟုတ်တယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အရေးကိစ္စတွေကို ငါ အနှောင့်အယှက် မပေးခဲ့ဘူး။ နောက်ဆုံးမှာတော့၊ ရှမ်းဟွမ်တိုက်ကြီးက သေးငယ်လွန်းတယ်။ အဲဒါက ငါတို့ တိုက်ခိုက်ဖို့အတွက် မလုံလောက်ဘူး။ ရှဲ့မိသားစုက ဒီအတိုင်း အဆုံးသတ်သွားတာလည်း ကောင်းပါတယ်"
ရှဲ့နျန်ကျွင်းက ခပ်တိုးတိုး ပြောလိုက်လေသည်။
"အိုး၊ မင်းငါ့ကို လာရှာတာက ဒီအကြောင်းတစ်ခုတည်းကြောင့်လား"
လုမင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း မေးလိုက်သည်။
"အတိအကျတော့ မဟုတ်ပါဘူး၊ ငါလာတာက နတ်ဘုရားသားတော်ကြောင့်... နတ်ဘုရားသားတော်အကြောင်း လျှို့ဝှက်ချက်တစ်ခု ပြောပြချင်တယ်"
ရှဲ့နျန်ကျွင်းက ပြောလိုက်သည်။
လုမင်၏ မျက်လုံးများက အရောင်ဘက်သွားသည်။ သူက ဘာမျှမပြောဘဲ ရှဲ့နျန်ကျွင်းကို ကြည့်နေလိုက်၏။
"လုမင်၊ ငါနင့်ကို ပြောပြလိုက်မယ်။ နတ်ဘုရားသားတော်ဟာ မကြာသေးမီကပဲ သူတော်စင်နယ်ပယ် အဆင့်မြင့် အဆင့်ကို ချိုးဖြတ်သွားခဲ့ပြီ"
ရှဲ့နျန်ကျွင်းက ဆက်ပြောလိုက်သည်။
"ဟုတ်လား"
လုမင် အံ့ဩသွား၏။ နတ်ဘုရားသားတော်က အမှန်ပင် အဆင့်တက်သွားသည်။
"နောက်ပြီးတော့ နတ်ဘုရားသားတော်က လျှို့ဝှက်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတယ်။ အဲဒါကို အသုံးပြုမယ်ဆိုရင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အချိန်တိုအတွင်း အများကြီး တိုးတက်လာနိုင်တယ်"
ရှဲ့နျန်ကျွင်းက ဆက်ပြောသည်။
"မင်း ဘာဖြစ်လို့ ဒီအကြောင်းတွေကို လာပြောပြနေရတာလဲ"
လုမင် မေးလိုက်၏။
ရှဲ့နျန်ကျွင်းက နတ်ဘုရားသားတော်၏ လျှို့ဝှက်ချက်ကို အဘယ်ကြောင့် လာပြောနေရသနည်း။ ရှဲ့နျန်ကျွင်းသည် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်သမီးတော်လည်းဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။
ယခင်က လုမင်သည် ယွမ်လုကို ပထမဆုံး ရောက်ရှိလာပြီး စန်းဧကရာဇ်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သောအခါ ရှဲ့နျန်ကျွင်းက သူ့ကိုသတ်ရန် တစ်စုံတစ်ဦးကိုတောင်းဆိုခဲ့သည်။ သို့သော်လည်း ယခုအခါတွင် အလွန်ကောင်းမွန်ကာ နတ်ဘုရားသားတော်၏ လျှို့ဝှက်ချက်ကို ပြောပြနေပြန်၏။
လုမင် သဘာဝအတိုင်း နားမလည်နိုင် ဖြစ်ခဲ့သည်။
"တူညီတဲ့စကားကိုပဲ ငါ ထပ်ပြောရလိမ့်မယ်။ ရှမ်းဟွမ်တိုက်ကြီးက သေးငယ်လွန်းတယ်။ အခု စန်းပြည်နယ်ကတောင် ယွမ်လုတစ်ခုလုံးနဲ့ယှဉ်ရင် ထောင့်စွန်းတစ်ခုပဲ ရှိသေးတယ်"
ထိုအချိန်တွင် ရှဲ့နျန်ကျွင်း၏ မျက်လုံးများက အရောင်တလက်လက် တောက်ပလာခဲ့သည်။
"လက်ရှိအချိန်မှာ ငါလုပ်ဖို့က ကောင်းကင်နတ်ဘုရားဂိုဏ်းကို ထိန်းချုပ်ဖို့ပဲ။ ဒါပေမဲ့ နတ်ဘုရားသားတော်က ငါ့ရဲ့လမ်းမှာ အခက်အခဲတစ်ခု ဖြစ်နေတယ်"