← Chapters

အခန်း ၁၆၈၄

Vol. 113 Ch. 1684

အခန်း ၁၆၈၄

Vol. 113 Ch. 1684

အပိုင်း ( 1684 ) အစီရင်ကမ္ဘာ။

လုမင်က နတ်ဘုရားသားတော်ကိုကြည့်ကာ လှောင်ပြောင်ပြောဆိုလိုက်သည်။

"စိတ်ချပါ၊ တင်းပေါင်ညီလာခံပြီးတာနဲ့ ငါ မင်းကိုသတ်မယ်"

"ဟားဟားဟား၊ လေသံကတော့ တကယ်မြင့်တာပဲ။ ဒါပေမဲ့ မင်းမှာ ဂိုဏ်းတူအစ်ကို နတ်ဘုရားသားတော်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ တင်းပေါင်ညီလာခံမှာ မင်း သေရလိမ့်မယ်"

လော့ရွှေဟန်က မထီမဲ့မြင် ရယ်မောလိုက်၏။

လုမင်လည်း နှုတ်ခမ်းတွန့်ရုံပြုံးပြီး ဘာမျှထပ်မပြောတော့ပေ။

ဘာမျှ ထပ်ပြောနေစရာ မလိုတော့ပါ။

နတ်ဘုရားသားတော်ကလည်း ဘာမျှပြန်မပြောပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အထက်တွင် ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ အဘိုးအိုတစ်ဦးက တိုက်ပွဲစင်မြင့်အထက် ကောင်းကင်ယံတွင် ပေါ်လာပြီး နေရာတစ်ခုလုံးကို အပေါ်စီးမှ မော့ကြည့်လိုက်သည်။

ဤအဘိုးအိုက ပိုယွမ်မိသားစုမှဖြစ်ပြီး တင်းပေါင်ညီလာခံ၏ ဒိုင်တစ်ဦးပင်။

ပိုယွမ်မိသားစုသည် တင်းပေါင်ညီလာခံငယ်တွင် အစောဆုံး ဖယ်ရှားခံခဲ့ရသောကြောင့် တင်းပေါင်ညီလာခံကြီးတွင် မပါဝင်နိုင်ပေ။ ထို့ကြောင့် သူ့ကို ဒိုင်အဖြစ်ခန့်အပ်ခြင်းမှာ အလွန်သင့်လျော်သည်။ သူ့အနေဖြင့် မည်သည့်အင်အားစုကိုမျှ ဘက်လိုက်မည် မဟုတ်ပေ။

"ဒီအဘိုးကြီးရဲ့ နာမည်က ပိုယွမ်ကွေ့လို့ ခေါ်တယ်။ ငါက ဒီတစ်ကြိမ် တင်းပေါင်ညီလာခံရဲ့ ဒိုင်ပဲ။ အခု တင်းပေါင်ညီလာခံရဲ့ စည်းမျဉ်းတွေကို အရင်ကြေညာပေးမယ်။ ဒီတစ်ကြိမ်မှာ တင်းပေါင်ညီလာခံက ပြောင်းလဲသွားပြီး စည်းမျဉ်းတွေကလည်း အရင်ကနဲ့ မတူတော့ဘူး"

ပိုယွမ်ကွေ့၏ စကားသံက ‌ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

"ဒီညီလာခံကို အဓိကအားဖြင့် နှစ်ကျော့ခွဲထားတယ်။ အင်အားစုဆယ်ခု ပါဝင်ပြီး အင်အားစုတစ်ခုစီက လူနှစ်ဆယ် စေလွှတ်လိမ့်မယ်"

"ပထမအကျော့က... အဓိက အင်အားစုကြီးဆယ်ခုရဲ့ ပါရမီရှင်တွေဟာ သားရဲတွေကို အမဲလိုက်ဖို့အတွက် မတူညီတဲ့ အစီရင်ကမ္ဘာဆယ်ခုကို ဝင်ရောက်ကြရမယ်။ အဲဒီသားရဲတွေမှာ တချို့က လေအမြုတေရှိပေမဲ့ တချို့ကတော့ မရှိဘူး။ မင်းတို့လုပ်ရမှာက လေအမြုတေကို လိုက်ရှာဖို့ပဲ။ မင်းတို့ အမဲလိုက်ပြီး ရရှိလာတဲ့ လေအမြုအတေ အရေအတွက်အလိုက် အဆင့်သတ်မှတ်မယ်။ ဒီနေရာမှာ အမှတ်အများဆုံး ထိပ်တန်း လူရှစ်ဆယ်ကပဲ ဒုတိယအကျော့ကို ဝင်ရောက်နိုင်မယ်"

ပိုယွမ်ကွေ့က ရှင်းပြလိုက်သည်။

လူအားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။ ပထမအကျော့ကို လူရှစ်ဆယ်သာ ကျော်ဖြတ်နိုင်ပြီး ကျန်လူအားလုံးက ဖယ်ထုတ်ခံရမည် ဖြစ်သည်။

"ဒုတိယအကျော့ကတော့ အမှတ်ပြိုင်ပွဲပဲ။ လူ ရှစ်ဆယ်က အချင်းချင်း အလှည့်ကျ တိုက်ခိုက်ရလိမ့်မယ်။ လူတိုင်းက ဂိုဏ်းတစ်ခုတည်းကပဲဖြစ်ဖြစ်... မတူကွဲပြားတဲ့ ဂိုဏ်းကပဲ ဖြစ်ဖြစ်... တစ်ကြိမ်ပဲ တိုက်ခိုက်ရမှာ။ တစ်ပွဲ အနိုင်ရရင် တစ်မှတ်ရမယ်။ နောက်ဆုံးမှာ အမှတ်အများဆုံးရတဲ့ ဂိုဏ်းက ဒီနှစ် တင်းပေါင်ညီလာခံရဲ့ ချန်ပီယံဖြစ်လိမ့်မယ်။ အဲဒီဂိုဏ်းက နောက်တစ်ကြိမ် တင်းပေါင်ညီလာခံ မတိုင်ခင်အထိ ရှေးဟောင်းရတနာနှစ်ခုကို ထိန်းချုပ်ပိုင်ခွင့်ရှိတယ်"

"ဒုတိယအကျော့ရဲ့ စည်းမျဥ်းတွေကိုတော့ ဒုတိယအချီစတင်ရင် ငါကြေညာမယ်"

ပိုယွမ်ကွေ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဒါဟာ အမှတ်ပြိုင်ပွဲပဲ"

ကျစ်ဖုန်း၏ မျက်လုံးများက အရောင်လက်သွားသည်။

"ဒီလိုဆိုရင် ပထမအချီမှာ လူအများဆုံးရှိတဲ့ ဘယ်ဂိုဏ်းမဆို ဒုတိယအချီမှာ အသာစီးရလိမ့်မယ်"

လုမင် ပြောလိုက်၏။

ဒုတိယအကျော့သို့ ဝင်ရောက်နိုင်သူ များလေလေ... အမှတ်များရရှိရန် ဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်။ ဂိုဏ်းတစ်ခု၏ စုစုပေါင်းအမှတ်များလည်း သဘာဝအတိုင်း ပိုများလိမ့်မည်။

"အခု အစီရင်ကမ္ဘာတွေကို ငါဖွင့်လိုက်တော့မယ်"

ပိုယွမ်ကွေ့က ပြောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူတော်စင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တွင် အလင်းတံခါးဆယ်ပေါက် ရုတ်တရက် ပေါ်လာတော့သည်။

"ဒီမှာ အစီရင်ကမ္ဘာ ဆယ်ခု ရှိတယ်။ ဒီအစီရင်ကမ္ဘာ ဆယ်ခုက အတူတူလောက်ဖြစ်ပြီး အခက်အခဲတွေကလည်း အတူတူပဲ။ အခု အင်အားစုကြီး တစ်ခုစီက လေအမြုတေတွေကို ရှာဖွေဖို့အတွက် အစီရင်ကမ္ဘာကြရမယ်။ မင်းတို့အတွက် အချိန် နာရီဝက်ပဲ ရမယ်"

ပိုယွမ်ကွေ့က ကြေညာလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ပိုယွမ်ကွေ့က ပြောပြီးသည်နှင့် ဂိုဏ်းကြီးဆယ်ခုမှ ပါဝင်သူများအားလုံး လေထဲသို့ ပြေးတက်သွားကြသည်။ အင်အားစုကြီး တစ်ခုစီတွင် လူနှစ်ဆယ် ရှိ၏။

အင်အားစုတိုင်းက ကျပန်း တံခါးတစ်ခုစီကို ရွေးချယ်ကာ ပြေးဝင်သွားကြတော့သည်။

နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင် နှစ်ဆယ်က အနီးဆုံးတံခါးကို ရွေးချယ်ကာ ပြေးဝင်သွားကြသည်။ နောက်အခိုက်တွင်၊ မြက်ခင်းပြင်တစ်ခုသို့ ရောက်ရှိနေကြောင်း မြင်လိုက်ကြရလေသည်။

မျက်စိတစ်ဆုံး မြင်နိုင်သမျှ အရာအားလုံးဟာ အကန့်အသတ်မဲ့ မြက်ခင်းပြင်ကြီး ဖြစ်သည်။

ဤကမ္ဘာကြီးကို အစီရင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အရာအားလုံးက အတုအယောင်များ ဖြစ်၏။ လေအမြုတေသာလျှင် အစစ်အမှန် ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာလည်း လေအမြုတေများပင်။

"ဂီး"

မလှမ်းမကမ်းတွင် လေဝံပုလွေတစ်ကောင်က သူတို့ကို စိုက်ကြည့်ကာ မာန်ဖီလိုက်သည်။

"အဲဒီသားရဲမှာ လေအမြုတေ ရှိ၊မရှိ စစ်ဆေးကြည့်ရအောင်"

နဝမအလွှာ သိုင်းအုပ်ချုပ်သူတစ်ဦးက ရှေ့သို့ ပြေးတက်သွားကာ လေဝံပုလွေကို ခုန်အုပ်လိုက်သည်။

လေဝံပုလွေက အော်ဟစ်ပြီး ခြေကုပ်လိုက်၏။ သူက လေပြင်းတိုက်ခတ်သကဲ့သို့ လှုပ်ရှားပြီး ပြေးထွက်သွားသည်။ နဂါးနတ်ဘုရားတောင်ကြား၏ ပါရမီရှင်မှာ ဝံပုလွေကို မမိလိုက်တော့ပေ။

"ဘယ်ကိုသွားမှာလဲ"

ထိုလူငယ်မှာ သူလွဲချော်သွားသည့်အတွက် ရှက်ရွံ့ပြီး လေဝံပုလွေနောက်ကို လိုက်သွားသည်။

သို့သော်၊ လေဝံပုလွေက လေကဲ့သို့ ရွေ့လျားနေပြီး သူ၏အရှိန်မှာလည်း အံ့ဩစရာပင်။ ထိုလူငယ်က လျင်မြန်သော်လည်း လေဝံပုလွေကို ခဏချင်း မဖမ်းမိနိုင်တော့ပါ။

"မြန်လိုက်တာ၊ ဒီအကောင်တွေက ဒီလောက်တောင် မြန်တာလား"

လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်သွားသည်။

ဤနေရာရှိ သားရဲအားလုံးက အလွန်လျင်မြန်လျှင် လေအမြုတေများကို လိုက်ရှာရန် လွယ်ကူတော့မည် မဟုတ်ပါ။

"အချိန်က နာရီဝက်ပဲရှိတယ်။ မြန်မြန်လုပ်ရအောင်"

ကျစ်ဖုန်းက ပြောလိုက်သည်။

"ကျုပ်တို့ အသင်းဖွဲ့ပြီး အမဲလိုက်တာက ပိုကောင်းမယ်။ ဒါမှ ကျုပ်တို့ မြန်မြန်ဖမ်းမိနိုင်မှာ"

လုမင်က ပြောသည်။

အကယ်၍ ဤသားရဲအားလုံးက အလွန်လျင်မြန်နေလျှင်... လူတစ်ဦးတည်းက လေအမြုတေကို အဖွဲ့လိုက်လှုပ်ရှားသကဲ့သို့ လျှင်မြန်စွာ လိုက်ရှာနိုင်မည် မဟုတ်ပေ။

"ကောင်းပြီ၊ အဖွဲ့လိုက် သွားကြစို့"

ကျစ်ဖုန်း ခေါင်းညိတ်လိုက်သည်။

လုမင်က ထျန်းချွေး၊ ရွယ်နင်ရှင်းတို့နှင့် အသင်းဖွဲ့လိုက်၏။

ကျစ်ဖုန်းကလည်း ခရမ်းရောင်နဂါးတောင်ကြားမှ တပည့်နှစ်ယောက်နှင့် အသင်းဖွဲ့လိုက်သည်။ ထို့နောက် အခြားလူများသည်လည်း အသင်းဖွဲ့ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။

အစီရင်ကမ္ဘာက အဆုံးမရှိသကဲ့သို့ အလွန်ကျယ်ဝန်းသည်။ သူတို့ အဖွဲ့များက အစီရင်ကမ္ဘာထဲသို့ လူစုခွဲကာ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

လုမင်၊ ထျန်းချွေးနှင့် ရွယ်နင်ရှင်းတို့က အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က မိုင်ထောင်ချီအကွာအဝေးကို ဖြတ်သန်းသွားခဲ့သည်။

"အောက်မှာ သားရဲတွေရှိတယ်"

ရွယ်နင်ရှင်းက အောက်ကို ငုံ့ကြည့်လိုက်သည်။

"သတ်"

ထျန်းချွေးက သူ့တူကြီးကိုမြှောက်ပြီး သားရဲများကို ထုချလိုက်၏။

"ဝုန်း"

ဧရာမတူထုချက် ကျရောက်လာသောအခါ မြေပြင်က တုန်လှုပ်သွားပြီး ဖုန်မှုန့်များလည်း လေထဲတွင် ပြည့်သွားတော့သည်။

"ဝှစ်... ဝှစ်"

ပုံရိပ်တချို့က မြေမှုန့်များကြားမှ မှ ပေါ်လာကြသည်။ သားရဲများ ဖြစ်၏။ သူတို့၏ လှုပ်ရှားမှုက လေကဲ့သို့ လျင်မြန်ပြီး ထျန်းချွေး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့ကြသည်။

"မင်းတို့က တကယ်မြန်တာပဲ၊ ငါ့ကို ကြည့်ထားလိုက်"

ထျန်းချွေးက သူ့တူကြီးဖြင့် လျှက်စီးလက်သကဲ့သို့ ပစ်ပေါက်လိုက်သည်။ ဥက္ကာခဲကြွေသကဲ့သို့ တူကြီးက သားရဲတစ်ကောင်ထဲသို့ ထိမှန်သွား၏။ ကြီးမားသော အင်အားကြောင့် ထိုသားရဲမှာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

သို့ရာတွင်၊ ထိုအချိန်မှာ အခြား သားရဲများက အဝေးသို့ ပြေးထွက်သွားကြပြီ ဖြစ်သည်။

လုမင်က လေမိုးကြိုးခြေလှမ်းကို အသုံးပြုပြီး သားရဲတစ်ကောင်ဆီသို့ ပြေးသွားသည်။ အသက်ရှူချိန် အနည်းငယ်အတွင်း ထိုသားရဲကို ဖမ်းမိသွားကာ လက်သီးဖြင့် ထိုးချလိုက်၏။ ထိုသားရဲ၏ ခန္ဓာကိုယ်က ပြိုကွဲသွားပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

"လေအမြုတေ မရှိဘူး"

လုမင် မျက်ခုံးပင့်လိုက်သည်။

ဤသားရဲတွင် လေအမြုတေ မရှိပေ။

လုမင်က ထျန်းချွေးဆီသို့ လျှောက်သွားသည်။ ထိုအခါ ထျန်းချွေးက ခါးသီးသော အမူအရာဖြင့် ဆီးကြိုမေးလေသည်။

"နဝမမြောက် ဆရာတူညီလေး၊ ငါ့မှာတော့ လေအမြုတေ မရခဲ့ဘူး။ မင်းကော..."

"မရခဲ့ဘူး"

လုမင် ခေါင်းယမ်းလိုက်သည်။

"ပိုယွမ်ကွေ့ကတော့ သားရဲတချို့မှာပဲ လေအမြုတေရှိတယ်လို့ ပြောခဲ့တယ်။ ကြည့်ရတာ လေအမြုတေ ရရှိဖို့က တကယ်မလွယ်ဘူး"

ရွယ်နင်ရှင်းက ပြောလိုက်၏။

"ဒီသားရဲတွေက အရမ်းမြန်သလောက် လေအမြုတေ ရရှိနိုင်ခြေကတော့ နည်းလွန်းတယ်။ နောက်ပြီးတော့ ငါတို့မှာ နာရီဝက်ပဲ အချိန်ရှိတာ။ ဒီအတိုင်း ဆက်ဖြစ်နေရင် လေအမြုတေ လုံလုံလောက်လောက်ရှာဖို့ ခက်လိမ့်မယ်"

ထျန်းချွေး မျက်မှောင်ကြုတ်လိုက်သည်။

"အင်း၊ ကျွန်တော်မှာတော့ နည်းလမ်းတစ်ခု ရှိပါတယ်။ သားရဲတွေကို အရင်ရှာရအောင်"

လုမင်က ပြောလိုက်သည်။ ထို့နောက် သူတို့သုံးဦးက ဆက်လက်ပျံသန်းသွားကာ သားရဲများကို ရှာဖွေလိုက်ကြလေသည်။

ဤမြက်ခင်းပြင်မှာ သားရဲများက မရှားပါးပေ။ ခဏအကြာတွင် သားရဲအချို့ကို ထပ်မံတွေ့လိုက်ရသည်။

"နတ်ဘုရားတံခါး တံဆိပ်ကိုးခု"

လုမင်က နတ်ဘုရားတံခါး၏ တံဆိပ်ကိုးခုကို အသုံးပြုလိုက်သည်။ အလုံပိတ်တံခါး ကိုးပေါက် ပေါ်လာပြီး သားရဲများကို ချက်ချင်း အေးခဲသွားစေ၏။

ထျန်းချွေးနှင့် ရွယ်နင်ရှင်းလည်း ထိုသားရဲများဆီသို့ ခုန်ဝင်သွားတော့သည်။

All Chapters