← Chapters

အခန်း ၁၆၈၉

Vol. 113 Ch. 1689

အခန်း ၁၆၈၉

Vol. 113 Ch. 1689

အပိုင်း ( 1689 ) ထွတ်မြတ်ပါရမီရှင်များ၏ တိုက်ပွဲ။

"ချီးပဲ"

လော့ရွှေဟန်၏ မျက်နှာက မည်းမှောင်သွားသည်။

တစ်ဖက်တွင်မူ နတ်ဘုရားသားတော်၏ အမူအရာက ‌မပြောင်းလဲပေ။

"တော်တယ်၊ ညီလေး"

လုမင်က ပွဲကြည့်စင်သို့ ပြန်ရောက်လာသောအခါ ထျန်းချွေးက ရယ်မောပြီး ကြိုလိုက်သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပေသည်။

ပထမအချီနှင့်ယှဉ်လျှင် ဒုတိယအချီက ပိုပြင်းထန်သည်။ လူတော်တော်များများက အမှတ်များ ရရှိထားခြင်းကြောင့် သဘာဝအတိုင်း လွယ်လင့်တကူ အရှုံးမပေးလိုပေ။ ထွတ်မြတ်ပါရမီရှင် ဆယ်ယောက်ကို ရင်ဆိုင်ရသူ မဟုတ်ပါက၊ အရှုံးပေးခဲသည်။

တစ်ပွဲပြီးတစ်ပွဲ ပြီးသွားသည်။

ထွတ်မြတ်ပါရမီရှင်ဆယ်ဦးမှာတော့ အခက်အခဲ မရှိသေးပါ။ သူတို့ကို ရင်ဆိုင်ရသော ပြိုင်ဘက်တိုင်းက ချက်ချင်း အရှုံးပေးသွားကြသည်။

ဤအချီတွင် ရွယ်နင်ရှင်းက ကံမကောင်းတော့ပေ။ သူသည် ထွတ်မြတ်ပါရမီရှင်ဆယ်ဦးမှ ဝမ့်ကျန့်နှင့် ရင်ဆိုင်ရသောကြောင့် အရှုံးပေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပါ။

ထျန်းချွေးကတော့ ကံကောင်းသည်။ သူနှင့် ကျင့်ကြံမှု အဆင့်တူသော ပြိုင်ဘက်တစ်ဦးကို ကြုံခဲ့ရ၏။ ထိုပွဲတွင် သူ၏ပြိုင်ဘက်ကို အနိုင်ယူကာ နှစ်မှတ် ရရှိခဲ့ပေသည်။

ဒုတိယအချီ ပွဲစဉ်သုံးဆယ် ပြီးဆုံးသောအခါ နောက်ထပ် လူဆယ့်ခြောက်ယောက်ကို ထုတ်ပယ်ခဲ့သည်။ ပြိုင်ပွဲတွင် လူ လေးဆယ့်လေးဦးသာ ဆက်လက်ပါဝင်နိုင်လိမ့်မည်။

နဂါးနတ်ဘုရားတောင်ကြားတွင် လူခုနစ်ဦး ကျန်သေးပြီး ပထမနေရာတွင်ရှိနေဆဲ ဖြစ်သည်။

ထို့နောက် တတိယအချီကို စတင်ခဲ့သည်။

ဤအချီတွင် လုမင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်မှ ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၊ ထိုလူငယ်က အရှုံးမပေးဘဲ တိုက်ပွဲစင်မြင့် အစွန်းသို့ ထွက်ပြေးထးသွား၏။ လုမင်လည်း သူ့နောက်ကိုမလိုက်ဘဲ ထိုလူငယ်ကို တိုက်ပွဲစင်မြင့်မှ ‌ဆင်းပြေးခွင့်ပြုလိုက်သည်။

ဤနည်းဖြင့် လုမင်က အလွယ်တကူပင် သုံးမှတ် ရရှိခဲ့ပေသည်။

ကျစ်ဖုန်းကလည်း အနိုင်ရရှိပြီး သုံးမှတ် ရရှိခဲ့သည်။

သို့ရာတွင်၊ ထျန်းချွေး၏ ကံကောင်းခြင်းက ပြီးဆုံးသွားသည်။ ဤတစ်ကြိမ်တွင် သူက ထွတ်မြတ်ပါရမီရှင်ဆယ်ဦးအနက်မှ မော့ယန်ကို ရင်ဆိုင်ခဲ့ရ၏။

ထျန်းချွေးလည်း အေးစက်စက် နှာခေါင်းရှုံ့ကာ အရှုံးပေးခဲ့သည်။

ထျန်းချွေးက မော့ယန်ကို အကြိမ်ကြိမ် လှောင်ပြောင်ခဲ့၏။ အကယ်၍ အရှုံးမပေးခဲ့ပါက မော့ယန်သည် သူ့ကို သတ်ပစ်မည်မှာ သေချာသည်။

ပြိုင်ပွဲ တတိယအချီ ပြီးဆုံးသောအခါ လူ သုံးဆယ်သာ ကျန်ရှိတော့သည်။

ပြိုင်ပွဲအကြိမ်ရေ များလာသည်နှင့်အမျှ လူအရေအတွက်က ပိုနည်းလာသည်။ ထို့ကြောင့် သီအိုရီအရ အစတွင် ပြိုင်ပွဲဝင်ရှစ်ဆယ် ရှိသော်လည်း တကယ်တမ်းမှာတော့ တိုက်ပွဲများ အများကြီး တိုက်ခိုက်နေစရာ မလိုပါ။

စတုတ္ထအချီတွင် လူ သုံးဆယ်သာ ကျန်သည်။

ဤလူ သုံးဆယ်၏ ကျင့်ကြံမှုများက အလွန်အားကောင်းသည်ဟု ဆိုရမည်။

ထိုအချိန်တွင်၊ ပထမအဆင့် သူတော်စင်တစ်ပိုင်းများအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။ ကျန်သူများက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ပညာရှင်များ ဖြစ်၏။

လုမင်က ပန်တုန်အရှိန်အဝါပညာရပ်ဖြင့် သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားသောကြောင့်၊ တခြားသူများက လုမင်၏ ကျင့်ကြံမှုကို မသိကြပေ။

ပိုယွမ်ကွေ့က ဆက်လက်ပြီး မဲချသည်။

တိုက်ပွဲများက ပို၍ ပြင်းထန်လာ၏။ လူအတော်များများက ကျင့်ကြံမှုအဆင့် တူနေကြခြင်းကြောင့် အလွယ်တကူ လက်မလျှော့ကြတော့ပေ။

ကံကြောင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုအချိန်ထိ ထွတ်မြတ်ပါရမီရှင်များက အချင်းချင်း မတွေ့ဆုံကြသေးပါ။ ထိုအစား၊ သူတို့က သူတို့၏ပြိုင်ဘက်များကို ကိုယ်စီ အနိုင်ယူခဲ့ကြသည်။

၎င်းအချီတွင် လုမင်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်မှ ပါရမီရှင်ကို ရင်ဆိုင်ခဲ့ရသည်။ သူ့ပြိုင်ဘက်က အရှုံးမပေးဘဲ လုမင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။ လုမင်ကလည်း တိုက်ကွက် ဒါဇင်ချီကာ ရင်ဆိုင်နေခဲ့ပြီးမှ နောက်ဆုံးတွင် သူ့ပြိုင်ဘက်ကို တိုက်ပွဲစင်မြင့်မှ တွန်းထုတ်ခဲ့ပေသည်။

ဤအချီပြီးနောက် လူ နှစ်ဆယ့်ခြောက်ယောက် ကျန်သည်။

နဂါးနတ်ဘုရားတောင်ကြားကတော့ ဦးဆောင်နေဆဲပင်။

"ဟမ့်၊ လုမင်က အကြာကြီး မမောက်မာနိုင်ပါဘူးကွာ"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ တစ်စုံတစ်ယောက်က စိတ်မချမ်းမသာဖြင့် ပြောလိုက်သည်။

ထို့နောက် ပဉ္စမအချီ၊ ဆဋ္ဌမအချီ...

တဖြည်းဖြည်းနှင့် လူအရေအတွက်က လျော့လာသည်။

အဋ္ဌမအချီအပြီးတွင် လူဆယ့်ရှစ်ယောက်သာ ကျန်တော့သည်။

လုမင်၏ ကံကောင်းခြင်းက အံ့ဩစရာ ကောင်းလှသည်။ သူက ထွတ်မြတ်ပါရမီရှင်ဆယ်ဦးတွင် တစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ခဲ့ရပေ။ သူသည် တောက်လျှောက်အနိုင်ရခဲ့ပြီး ရှစ်မှတ်ရရှိခဲ့သည်။

ထွတ်မြတ်ပါရမီရှင် ဆယ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသေးပေ။

ဤအချိန်တွင် နဝမမြောက်အချီကို စတင်ပြီ ဖြစ်သည်။

"ဝမ့်ကျန့်၊ မော့ယန်"

ထိုအချိန်တွင် ပိုယွမ်ကွေ့၏ ကြေညာ‌သံက လူအများ၏ နှလုံးသားကို တုန်ခါစေခဲ့သည်။

ထွတ်မြတ် ပါရမီရှင်များက ထိပ်တိုက်တွေ့ဆုံတော့မည်လော။

ယခုအခါ ထွတ်မြတ် ပါရမီရှင်ဆယ်ဦးအနက်မှ ကိုးဦးအပါအဝင် လူဆယ့်ရှစ်ဦးသာ ကျန်ရှိသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သေချာပေါက် ဆုံတွေ့ကြလိမ့်မည်။

တင်းပေါင်ညီလာခံ၏ စိတ်ဝင်စားစရာအပိုင်းက စတင်လာနေပြီ ဖြစ်သည်။

ယခင်က ထွတ်မြတ်ပါရမီရှင်များသည် အခြားလူအားလုံးကို အနိုင်ယူခဲ့ပြီး တစ်ဦးစီက ရှစ်မှတ်စီ ရရှိခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်မှစ၍ အချို့လူများ၏ အမှတ်များက ရပ်တန့်သွားပြီး တချို့ကတော့ ဆက်လက် တိုးတက်နေလိမ့်မည်။ အဓိက အင်အားစုကြီး ဆယ်ခုကြားမှ စုစုပေါင်းရမှတ်များကလည်း ကွာဟလာတော့မည် ဖြစ်သည်။

ဝမ့်ကျန့်နှင့် မော့ယန်က တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"မော့ယန်၊ မင်းဟာ လွန်ခဲ့တဲ့ သုံးနှစ်က ငါ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ဒီတစ်ခါလည်း မင်းက ငါ့ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"

ဝမ့်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ ဓားစွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။

ဝမ့်ကျန့်က ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ပါရမီရှင် ဖြစ်သည်။ သူက ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းနှင့် ထူးကဲသော ဓားပညာရပ်များ ရှိပေသည်။

လွန်ခဲ့သည့်သုံးနှစ်က လော့ရွှေဟန် အဆင့်နိမ့်သေးစဉ်တွင် ဝမ့်ကျန့်က ထွတ်မြတ်ပါရမီရှင် ဆယ်ဦးအနက် ဒုတိယအဆင့်တွင် ရပ်တည်ခဲ့သည်။ နတ်ဘုရားသားတော်နှင့်ပင် ယှဉ်ပြိုင်ခဲ့၏။ ကံမကောင်းစွာဖြင့် ‌သူသည် ‌နတ်ဘုရားသားတော်အပြင် လော့ရွှေဟန်ကိုလည်း ရှုံးနိမ့်ပြီး တတိယအဆင့်သို့ ကျဆင်းသွားခဲ့သည်။

"ငါတို့ မတိုက်ကြည့်ဘဲနဲ့ ဘယ်လိုသိမှာလဲ။ ဒီတိုက်ပွဲမှာ မင်းကိုငါအနိုင်ယူပြမယ်"

မော့ယန်က အေးစက်စက် ပြောလိုက်သည်။ နတ်ဆိုးစွမ်းအင်က သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးနတ်ဘုရားကဲ့သို့ ဖြစ်လာ၏။

ဒိုင်က တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်သောအခါ နှစ်ဦးစလုံးက တပြိုင်နက်တည်း လှုပ်ရှားလိုက်တော့သည်။

"ကောင်းကင်ကိုးဆင့်ကို တုန်ခါစေမဲ့ ဓား"

"ကမ္ဘာ့ နတ်ဆိုး ဟန်းဟောက်သံများ"

သူတို့နှစ်ဦးက ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည်။ တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် အစွမ်းကုန် ပေါက်ကွဲကာ တိုက်ခိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် သိထားပြီးသား ဖြစ်သောကြောင့် လက်ရည်စမ်းနေစရာ မလိုတော့ပေ။ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုဖြင့် နိယာမလှိုင်းတို့က တိုက်ပွဲစင်မြင့်တွင် ပျံ့နှံ့သွားခဲ့သည်။ ပြင်းထန်သော တိုက်မိမှုများနှင့်အတူ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

ပတ်ဝန်းကျင်တွင် လူတိုင်းက မျက်တောင်မခတ်ဝံ့ဘဲ စောင့်ကြည့်နေကြသည်။ လူများစွာတို့မှာလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် သူတို့နှစ်ဦး၏ တိုက်ပွဲစွမ်းရည်ကြောင့် အံ့ဩကာ အော်ဟစ် အားပေးနေတော့သည်။

သို့သော်လည်း လုမင်ကတော့ အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် စိတ်ဝင်စားမှု မရှိတော့ပေ။

မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ဤတိုက်ခိုက်နိုင်စွမ်း အဆင့်ရှိသူမျိုးကို များစွာ တွေ့ဖူးသည်။

မော့ယန်နှင့် ဝမ့်ကျန့်တို့က တိုက်ကွက် ရာနှင့်ချီကာ ရင်ဆိုင်ခဲ့ကြသည်။ အဆုံးတွင် ဝမ့်ကျန့်က အသာစီးရရှိပြီး မော့ယန်ကို အနိုင်ယူခဲ့ပေသည်။

မော့ယန်က ရှုံးနိမ့်သွားသဖြင့် နောက်ပွဲများတွင်သာ ဆက်လက် တိုက်ပွဲဝင်နိုင်ခဲ့သည်။

မော့ယန်၏ မျက်နှာက အေးစက်နေပြီး ပွဲကြည့်စင်ကို ပြန်လျှောက်သွားသည်။ တိုက်ပွဲများက ဆက်လက်ဖြစ်ပွားခဲ့ပေသည်။

ထို့နောက် နောက်တိုက်ပွဲနှစ်ပွဲ အပြီးတွင် တကယ့်တိုက်ပွဲကြီးတစ်ခု စတင်ခဲ့ပြန်သည်။

ထွတ်မြတ်ပါရမီရှင်တို့၏ တိုက်ပွဲပင်။

ကျစ်ဖုန်းနှင့် ကောင်းကင်ဘုရင်ခန်းမ၏ ထွတ်မြတ် ပါရမီရှင် ဝမ့်ကျစ်စုန့်။

ဤတိုက်ပွဲက လက်ရည်ညီမျှနေသော တိုက်ပွဲဟု ဆိုနိုင်သည်။ သူတို့နှစ်ဦးက တိုက်ကွက်ရာနှင့်ချီကာ ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးတွင် ကျစ်ဖုန်းက အနည်းငယ် အသာစီးရကာ အနိုင်ရရှိခဲ့ပေသည်။

"လုမင်၊ လုယွမ်"

ပိုယွမ်ကွေ့၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

'ကောင်းကင်နတ်ဘုရားဂိုဏ်းက လုယွမ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး တိုက်ပွဲကွင်းပြင်တွင် ပေါ်လာ၏။

နောက်ဆုံးတွင် သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားသော ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။

လုယွမ်က တိုက်ပွဲကွင်းပြင်ပေါ်သို့ တက်လာကာ လုမင်၏ ဆန့်ကျင်ဘက်တွင် ရပ်လိုက်သည်။

"လုမင်၊ ဂိုဏ်းတူအစ်ကို လော့ရွှေဟန်တောင်မှ လှုပ်ရှားဖို့ မလိုဘူး ထင်တယ်၊ မင်းက ငါ့လက်ထဲမှာ သေရလိမ့်မယ်"

လုယွမ်၏ မျက်လုံးများက အေးစက်နေသည်။ သူ့တစ်ကိုယ်လုံး အေးစက်နေသော သတ္တုအငွေ့အသက်များ ထွက်ပေါ်လာ၏။ သူ၏ အရှိန်အဝါက အလွန်အားကောင်းသည်။

လုယွမ်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာသည်။ သူ့တွင် မြေကမ္ဘာအဆင့်မြင့် ဝိညာဉ်ခန္ဓာရှိပြီး သူ၏ ကျင့်ကြံမှုကလည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

စန်းပြည်နယ်တွင်၊ သူက ထွတ်မြတ် ပါရမီရှင်ဆယ်ဦးပြီးနောက် ဒုတိယလိုက်သည်။

စင်စစ်တွင် ကျန်သော လူဆယ့်ရှစ်ဦးတွင် ကိုးယောက်က ထွတ်မြတ်ပါရမီရှင်များဖြစ်ပြီး ကျန်ကိုးယောက်ကတော့ ထွတ်မြတ်ပါရမီရှင်များ၏နောက်တွင် ဒုတိယ ဖြစ်ပေသည်။ သူတို့တစ်ဦးစီက ထိပ်တန်း ပါရမီရှင်များဖြစ်ကြပြီး ထွတ်မြတ်ပါရမီရှင်ဆယ်ဦးနေရာကို မှန်းဆနေကြသည်။

"မင်း စကားအရမ်းများတယ်"

လုမင်က ခပ်အေးအေး ပြောလိုက်သည်။

"သတ်"

ဒိုင်မှ တိုက်ပွဲစတင်ကြောင်း ကြေညာပြီးနောက် လုယွမ်က ဟိန်းဟောက်ကာ လုမင်ဆီသို့ ပြေးလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ္တုအလင်းက ပို၍ တောက်ပလာ၏။ သူ့တစ်ကိုယ်လုံးက သတ္တုအပိုင်းအစအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

သူ လေ့ကျင့်ထားတာက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ပင်မကျင့်စဉ်၊ မြင့်မြတ်သောအလင်းကျင့်စဉ် မဟုတ်ပါ။ ၎င်းက သူ၏ ဝိညာဉ်ခန္ဓာနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သို့တိုင် အလွန် ကြောက်စရာကောင်းနေသေးသည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက်ထုတ်ဖော်ပြီး လုယွမ်နှင့် ရင်ဆိုင်လိုက်သည်။

"ထန်"

သံသံချင်း ထိခတ်သံ ထွက်ပေါ်လာသည်။ လုယွမ်၏ ခန္ဓာကိုယ်က တုန်ခါပြီး ခြေသံပြင်းပြင်းဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ ဟုတ်သည်၊ လုမင်လည်း ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့သည်။

All Chapters