အခန်း ၁၆၉၁
Vol. 113 Ch. 1691
အပိုင်း ( 1691 ) လုမင် နှင့် လော့ရွှေဟန်။
ဤအမည်နှစ်ခုကို ကြားလိုက်ရသောအခါ လူအများ၏ မျက်လုံးများ တောက်ပလာကြသည်။
နောက်ဆုံးတွင်၊ လုမင်နှင့် လော့ရွှေဟန်တို့ တွေ့ဆုံခဲ့ကြပြီ။
လူအများကတော့ လုမင်ကို တိုက်ရိုက် အရှုံးပေးလေမလားဟု မှန်းနေကြသည်။ မဟုတ်ပါက၊ လော့ရွှေဟန်သည် လုမင်ကို အလွတ်ပေးမည် မဟုတ်ပေ။
'နောက်ဆုံးတော့ အချိန်ကျရောက်လာပြီပေါ့။ ဒါက ငါမျှော်လင့်ထားတာထက် နည်းနည်းတော့ စောတယ်။ လော့ရွှေဟန်ကို ကိုင်တွယ်ပြီးရင် ငါ့ရဲ့ခွန်အားကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး'
လုမင် ပြုံးလိုက်သည်။
လော့ရွှေဟန်ကို စောင့်ဆိုင်းနေသောကြောင့် သူ၏ခွန်အားကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက၊ လုမင်က လက်သီးတစ်ချက်ဖြင့် ထိုပါရမီရှင်များကို သတ်နိုင်ပေသည်။ သူ့အတွက် အများကြီး အားထုတ်စရာ မလိုပေ။
သို့ရာတွင်... ထိုသို့ပြုလုပ်ပါက လော့ရွှေဟန်သည် သူနှင့် မတိုက်ခိုက်ဝံ့တော့ဘဲ ချက်ချင်း အရှုံးပေးသွားနိုင်သည်။
"ဟားဟားဟား၊ ငါနောက်ဆုံးတော့ လုမင်ကို တွေ့ပြီ"
လော့ရွှေဟန်က အလွန်ဝမ်းသာသွားသည်။
"ဂိုဏ်းတူအစ်ကို လော့၊ ခင်ဗျား လုမင်ကိုသတ်ပြီး ဂိုဏ်းတူအစ်ကို လုယွမ်အတွက် လက်စားချေရမယ်"
"ငါ့အမြင်အရတော့ မျှော်လင့်ချက် မရှိပါဘူး။ လုမင်က ဂိုဏ်းတူအစ်ကိုလော့နဲ့ ရင်ဆိုင်တွေ့တဲ့အခါ ကြောက်ရွံ့တုန်လှုပ်ပြီး ချက်ချင်း အရှုံးပေးသွားလိမ့်မယ်"
"မင်းပြောတာ မှန်ပါတယ်၊ အသတ်ခံရတာနဲ့ယှဉ်ရင် သူရဲဘောကြောင်သူဖြစ်ရတာက ဘာအရေးလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များက အချင်းချင်း ပြောဆိုလိုက်ကြသည်။ သူတို့၏ အသံများက ကျယ်လောင်ပြီး နေရာတိုင်းတွင် ကြားနေရပေသည်။
"ဂိုဏ်းတူညီလေး၊ သူတို့ရဲ့ စကားသံတွေကြောင့် စိတ်မလှုပ်ရှားပါနဲ့"
ကျစ်ဖုန်း၏ အမူအရာ ပြောင်းသွားသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများက လုမင်ကိုကြားစေရန် တမင် ပြောဆိုနေကြကြောင်း ထင်ရှားသည်။ လုမင်က ချက်ချင်း အရှုံးပေးလိုက်မည်ကို ကြောက်ရွံ့ကြပေသည်။
"ဂိုဏ်းတူအစ်ကို စိတ်မပူပါနဲ့"
လုမင်က ပြုံးပြီး တိုက်ပွဲစင်မြင့်ပေါ်ကို တက်သွားသည်။ တစ်ချိန်တည်းမှာပင်၊ လော့ရွှေဟန်သည်လည်း တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လာ၏။
"လုမင်၊ မင်း အရှုံးပေးလိုက်ရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်း သေရမယ်"
လော့ရွှေဟန်က အေးစက်စက် ပြောလိုက်သည်။ သူ့မျက်လုံးများမှာလည်း အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသေးသည်။
"လော့ရွှေဟန်၊ ငါ့ကို စိတ်ဆွပေးဖို့ ဒီလောက် ကြိုးစားနေစရာ မလိုပါဘူး။ ဒါပေမဲ့ မင်းဆန္ဒအတိုင်း ငါ အရှုံးမပေးဘူး"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်လားကွ"
လော့ရွှေဟန်၏ မျက်လုံးများက တောက်ပလာသည်။
အခြားသူများကတော့ အံ့ဩသွား၏။ လုမင်က အရှုံးမပေးပါ။ သူက လော့ရွှေဟန်နှင့် တိုက်ခိုက်မည်လော။ သူက လော့ရွှေဟန်၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်မည်လော။
နဂါးနတ်ဘုရားတောင်ကြားမှ လူတချို့မှာတော့ စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြသည်။
'လုမင်၊ ဒါက မင်းရဲ့စွမ်းရည် အကုန်မဟုတ်ဘူးဆိုတာ ငါယုံတယ်'
သေခြင်းရှင်ခြင်းဓားဂိုဏ်း၏ နယ်မြေဘက်တွင်၊ လော့ရှန်းက ဓားတစ်ချောင်းကို ကျောထက်တွင်လွယ်ကာ ရပ်နေသည်။ သူ့တစ်ကိုယ်လုံးက အနှိုင်းမဲ့ ထက်မြက်သော ဓားတစ်လက်နှင့်တူပြီး ဓားစွမ်းအင်လှိုင်းများပင် ထွက်နေပုံရလေသည်။
"စကြတော့"
ထိုအချိန်တွင် ဒိုင်၏အသံ ထွက်ပေါ်လာသည်။
"သတ်"
ပိုယွမ်ကွေ့၏ စကားသံအဆုံးတွင် လော့ရွှေဟန်က အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ မြင့်မြတ်သော အလင်းများ ပေါက်ကွဲထွက်ပြီး လှံတစ်လက် ပေါ်လာ၏။ သူက လေထဲသို့ ခုန်လွှားကာ လုမင်အား လှံဖြင့် ထိုးသွင်းလိုက်တော့သည်။
လှံက အလွန်လျင်မြန်သော အရှိန်ဖြင့် လေထုကို ထိုးဖောက်သွားသည်။ ခဏချင်းမှာပင်၊ လုမင်အရှေ့သို့ ရောက်လာပြီး လုမင်၏နှလုံကို ထိုးစိုက်လိုက်၏။
လော့ရွှေဟန်က လုမင်ကို သတ်လိုသော်လည်း ဒန်တျန်ကို ချက်ချင်း မထိုးလိုက်ပါ။ ဒန်တျန်ကို ထိုးလိုက်သည်နှင့် နတ်ဘုရားဝိညာဉ် ပြိုကွဲကာ လုမင်လည်း သေဆုံးသွားမည် ဖြစ်သည်။
လော့ရွှေဟန်က လုမင်ကို အလွယ်တကူ မသတ်ချင်ပေ။ လုမင်ကို နှိပ်စက်ပြီးမှ စိတ်ပျက်အားငယ်စွာဖြင့် သေစေချင်သည်။ သို့မှသာ သူ၏ အမုန်းတရားတို့ကို ချေဖျက်နိုင်လိမ့်မည်။
လှံက လုမင်၏ နှလုံးသားကို ထိုးဖောက်သွားတော့မည်။ ထိုမြင်ကွင်းကြောင့် လူအများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးခုန်မြန်လာခဲ့ကြသည်။
လုမင်က အဘယ်ကြောင့် မရှောင်တိမ်းသနည်း။
လော့ရွှေဟန်က မြန်ဆန်လွန်းပြီး လုမင်ကို ချုပ်နှောင်ထားခြင်းကြောင့် လုမင် ရှောင်တိမ်းရန် ခက်ခဲသွားခြင်း ဖြစ်မည်လော။
ထိုကဲ့သို့သော အတွေးမျိုးက လူအများ၏ စိတ်ထဲမှာ ပေါ်လာခဲ့သည်။
ထိုအခိုက်တွင်၊ လုမင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူက လက်တစ်ဖက်ကိုဆန့်ကာ လှံဖျားကို ဖမ်းကိုင်လိုက်၏။ လူတော်တော်များများက လုမင်ဟာ ဘယ်လိုလှုပ်ရှားလိုက်မှန်းပင် မမြင်လိုက်ကြပေ။
ထို့နောက် လော့ရွှေဟန်၏လှံက လုမင်၏ ရင်ဘတ်နှင့် အပ်ချည်ကြိုးတစ်မျှင်စာ အကွာအဝေးတွင် ရပ်သွားသည်။
သို့ရာတွင်၊ ဤအကွာအဝေးကိုပင် မဖြတ်သန်းနိုင်တော့ပေ။
"သတ်"
လော့ရွှေဟန်က အော်ဟစ်လိုက်သည်။ မြင့်မြတ်သော အလင်းရောင် ထွက်ပေါ်လာပြီး နိယာမကလည်း ပျံ့နှံ့သွား၏။ သူက အစွမ်းရှိသမျှ လှံရှည်ကို ပို့လွှတ်ကာ ဆက်လက် ထိုးသွင်းလိုက်သည်။
သို့သော်... လှံရှည်က အနည်းငယ်မျှ မလှုပ်ရှားပေ။ လုမင်၏ လက်က မြဲမြံလှပြီး တောင်တစ်လုံးကဲ့သို့ တည်ငြိမ်ကာ လုံးဝ မလှုပ်ပေ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
လော့ရွှေဟန်၏ မျက်လုံးများက ပြူးကျယ်ပြီး ကျွတ်ကျလုနီးပါး ဖြစ်လာသည်။ သူက အဆုတ်ပွင့်မတတ် ဟိန်းဟောက်လိုက်၏။ သူ့စိတ်ထဲတွင် အိပ်မက်မက်နေသကဲ့သို့ ထင်နေကာ လုံးဝ မယုံကြည်နိုင်တော့ပေ။
သူက အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း လုမင်က လက်တစ်ဖက်တည်းဖြင့် တားဆီးထားခဲ့သည်။ သူ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ထိုအချိန်တွင် အခြားသူများလည်း အံသြသွားကြသည်။
လော့ရွှေဟန်က ဘာလုပ်နေသနည်း။ သူက ဘာကြောင့် ထိုနေရာတွင်ရပ်နေသနည်း။
"မင်းမှာရှိတာ ဒါအကုန်ပဲလား။ စိတ်ပျက်စရာကောင်းလိုက်တာ"
လုမင်က လော့ရွှေဟန်၏ မျက်လုံးများကို စိုက်ကြည့်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။
လုမင်၏ မျကုံးများကိုကြည့်ရင်း လော့ရွှေဟန်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ ထူးကဲသော အေးစက်မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွား၏။
ထိုအချိန်မှ လုမင်သည် သူ၏ ခွန်အားကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်မှန်း သူသိလိုက်သည်။ လုမင်၏ စစ်မှန်သော ခွန်အားက ပုံမှန်မဟုတ်ပေ။ သူက လုမင်၏ ပြိုင်ဘက်မဟုတ်ပါ။
"ဆုတ်၊ ဆုတ်၊ ဆုတ်"
ထိုအချိန်တွင် လော့ရွှေဟန်၏ နှလုံးသားထဲမှာ စကားလုံးတစ်လုံးသာ ရှိသည်။
သို့သော်... နောက်ကျလွန်းသွားပြီ။
"ဝမ်"
သူ့လက်ထဲမှ လှံက တုန်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လှံမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွား၏။ လော့ရွှေဟန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ ထို့နောက်မှာတော့ သူ့ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်စဉ်သွားတော့သည်။
"ဝမ်"
လုမင်က လော့ရွှေဟန်၏ လှံကိုကိုင်ကာ လှမ်းကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လော့ရွှေဟန်ကို ထိုးသွင်းလိုက်၏။ လှံရှည်က လော့ရွှေဟန်၏ နှလုံးသားကို ထိုးဖောက်ကာ မြေပြင်တွင် သဲမှိုကဲ့သို့ စိုက်ဝင်သွားတော့သည်။
"အား"
လော့ရွှေဟန်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အကြောဆွဲနေပြီး သွေးများ ထပ်မံအန်ထွက်လာ၏။
နှလုံးသားက အရေးကြီးသော နေရာဖြစ်သော်လည်း လော့ရွှေဟန်၏ ဝိညာဉ်ခန္ဓာနှင့်အတူ အချိန်တိုအတွင်း သေဆုံးလိမ့်မည်မဟုတ်ပေ။ မှန်ကန်စွာ ကုသမှုခံယူပါက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
ထိုအချိန်တွင် တနေရာလုံး တိတ်ဆိတ်သွားသည်။ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေရင်း လူတိုင်း မျက်လုံးများ ပြူးကျယ်နေ၏။
လော့ရွှေဟန်မှာ သူ၏ ကိုယ်ပိုင်လှံဖြင့် တိုက်ပွဲစင်မြင့်တွင် ထိုးစိုက်ခံခဲ့ရသည်။
ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
လော့ရွှေဟန်က လုမင်၏ လက်ထဲတွင် လုံးဝ ခုခံနိုင်စွမ်း မရှိပေ။ သူက ကလေးတစ်ယောက်ကဲ့သို့ အားနည်းလွန်းလှသည်။
လော့ရွှေဟန်က စန်းပြည်နယ်တွင် နံပါတ်တစ် ထွတ်မြတ်ပါရမီရှင် ဖြစ်သည်။ ၎င်းက သူတော်စင်နယ်ပယ်အောက်မှ နံပါတ်တစ်ကို ရည်ညွှန်းပြီး ပြိုင်ဘက်ကင်းသလောက် ဖြစ်၏။ သို့သော်လည်း သူက လုမင်၏လက်ထဲတွင် ဘာမျှမဟုတ်ပေ။
ဤအခိုက်အတန့်တွင်၊ လုမင်က သူ၏ အစွမ်းသတ္တိကို ဖုံးကွယ်ထားသည်ဟု အားလုံး သိသွားကြသည်။
သူက လော့ရွှေဟန်ကို စောင့်ဆိုင်းနေခြင်းပင်။ သူက လော့ရွှေဟန်ကို တွေ့ဆုံရန် သူ၏အင်အားကို တမင်တကာ ဖုံးကွယ်ထားခဲ့သည်။
ဤအတွေးက လူအများ၏ စိတ်ထဲမှာ ပေါ်လာသည်။
ထို့ပြင် ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် လော့ရွှေဟန်တို့က လုမင်ကို ချက်ချင်း အရှုံးမပေးစေရန် ရန်စခဲ့ကြခြင်းမှာ ရယ်စရာကောင်းပေသည်။ ရယ်စရာကောင်းလွန်းသည်။ လုမင်ဟာ အစကတည်းက ဤအခြေအနေကို လိုချင်ခဲ့ခြင်း ဖြစ်လိမ့်မည်။
"ဝုန်း... ဝုန်း... ဝုန်း"
ဤအခိုက်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းဘက်မှ လူရိပ်များစွာက ရုတ်တရက် ထရပ်လိုက်ကြသည်။ သူ့တို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာ၏။
သူတို့အားလုံးက သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြသည်။ ယခုအချိန်တွင် သူတို့အားလုံး တုန်လှုပ်နေပြီး မတည်ငြိမ်နိုင်ကြတော့ပေ။
လော့ရွှေဟန် ရှုံးနိမ့်သွားပြီလား။
ထိုအချိန်တွင် နတ်ဘုရားသားတော်၏ အမူအရာက နောက်ဆုံးမှာ ပြောင်းလဲသွားသည်။ သူမျက်လုံးများက မြင့်မြတ်သော အလင်းရောင်များဖြင့် တဖျတ်ဖျတ်လက်နေ၏။
"လုမင်၊ ငါ့ကိုလွှတ်စမ်း"
လော့ရွှေဟန်က အော်ဟစ်လိုက်သည်။
"မင်းကို လွှတ်ရမယ်... ရယ်စရာပဲ"
လုမင်က ယွမ်ချီစွမ်းအင်ဖြင့် ဓားတစ်လက်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် လွှဲခုတ်လိုက်သောအခါ လော့ရွှေဟန်၏ လက်တစ်ဖက်က ပြတ်ထွက်သွား၏။ လော့ရွှေဟန်လည်း နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
"မင်း အရင်က ငါ့နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကို ဒီလိုဆက်ဆံခဲ့တယ်။ အခု မင်းကို ငါပြန်ပေးမယ်"
လုမင်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် နောက်တစ်ဖန် ထပ်မံ ခုတ်ချလိုက်၏။
သွေးများ ဖြာထွက်သွားသည်။ လော့ရွှေဟန်၏ နောက်လက်တစ်ဖက်က ပြတ်ကျသွားတော့သည်။
"မဟုတ်ဘူး၊ လုမင်... ငါ့ကိုမသတ်ပါနဲ့။ ငါ့ကိုချမ်းသာပေးပါ"
နောက်ဆုံးတွင်၊ လော့ရွှေဟန်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်းပန်လိုက်သည်။