← Chapters

အခန်း ၁၆၉၂

Vol. 113 Ch. 1692

အခန်း ၁၆၉၂

Vol. 113 Ch. 1692

အပိုင်း ( 1692 ) နတ်ဘုရားသားတော်ကို လှံဖြင့် ချိန်ရွယ်သည်။

လော့ရွှေဟန်က အော်ဟစ်ပြီး တောင်းပန်လိုက်သည်။

ဤမတိုင်မီက သူ၏ အဆိုးရွားဆုံး အိပ်မက်ထဲမှာတောင် ဤရလဒ်မျိုး ဖြစ်လာမည်ဟု သူ မမက်ခဲ့ဖူးပေ။

လွန်ခဲ့သည့်သုံးနှစ်က လုမင်သည် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ ‌ဖြစ်သေးသည်။ သုံးနှစ်တာမျှဖြင့် ယခုကဲ့သို့ မည်သို့အစွမ်းထက်လာသနည်း။ စန်းပြည်နယ်၏ နံပါတ်တစ် ထွတ်မြတ်ပါရမီရှင်ဖြစ်သည့် သူပင်လျှင် နောက်မဆုတ်နိုင်တော့ပေ။

လော့ရွှေဟန်က ဒါကို မရှင်းပြနိုင်သော်လည်း အသက်ရှင်ချင်သည်။

ယခင်က အခြားသူများကို သတ်ခဲ့စဉ်တွင် အလွန်မောက်မာနေခဲ့သည်။ ယခု သူ့အလှည့်ကို ရောက်လာသောအခါမှ လော့ရွှေဟန်ဟာ မည်မျှ ကြောက်ရွံ့တတ်ကြောင်း သိလိုက်ရလေသည်။

"မင်းကို ချမ်းသာပေးရမယ်... ဟုတ်လား။ ဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

လုမင်က အထင်မြင်သေးစွာဖြင့် ပြောလိုက်သည်။

"အကြီးအကဲတို့ ကယ်ပါ... ကျုပ်ကို ကယ်ပါဦး"

လော့ရွှေဟန်က အော်ဟစ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အကြီးအကဲများကို အကူအညီတောင်းလိုက်သည်။

"လုမင်၊ မင်း သူ့ကိုလွှတ်လိုက်တာ ပိုကောင်းမယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။ ထိုအဘိုးကြီးထံမှ ထွက်ပေါ်လာသော ရောင်ဝါက အလွန်ကြောက်စရာကောင်း၏။ ကြီးမားသော သူတော်စင်အရှိန်အဝါက အဆက်မပြတ်ပျံ့နှံ့သွားပြီး ဧရိယာကိုဖိနှိပ်ထားသော ဖိအားများဖြင့် ပြည့်စေသည်။

သူက သာမန် တောက်ပသော သူတော်စင်များထက် ပိုအစွမ်းထက်ပြီး အလွန်ကြောက်စရာကောင်းသော အကျော်အမော်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ သူက မဟာသူတော်စင်တစ်ပါးပင်။

"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ မင်းရဲ့တပည့်က တင်းပေါင်ညီလာခံမှာ ရှုံးနိမ့်တာနဲ့ လူကိုခြိမ်းခြောက်ချင်တာလား။ မဟာသူတော်စင်တစ်ပါးက ဒီလောက်တောင် အရှက်ကင်းမဲ့တာလား"

ခရမ်းရောင်နဂါးတောင်ကြား၏ တောင်ကြားသခင်က ထရပ်လိုက်သည်။ သူ့ထံမှ ကြောက်စရာကောင်းသော ရောင်ဝါများ ထွက်ပေါ်လာ၏။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်ကို ရင်ဆိုင်လိုက်ကာ လေထုက ပို၍ လေးလံလာတော့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်မှာ မျက်နှာကြီး သုန်မှုန်သွားသည်။

မဟာသူတော်စင်တစ်ပါးအနေဖြင့် ဝင်ရောက်စွတ်ဖက်ခြင်းက တရားလွန်ကြောင်း သူသိပေသည်။

သို့သော်လည်း လော့ရွှေဟန်က အလွန်ထက်မြက်သည်။ နတ်ဘုရားသားတော်ပြီးနောက် သူသည် ဒုတိယ ဖြစ်၏။

သူ မသေပါက အနာဂတ်တွင် သူတော်စင်တစ်ပါး သေချာပေါက် ဖြစ်လာလိမ့်မည်။ သူက မဟာသူတော်စင်တစ်ပါး ဖြစ်လာနိုင်ပြီး အန္တိမသူတော်စင် ဖြစ်လာရန်ပင် အလားအလာ ရှိသည်။

နှစ်များတစ်လျှောက်လုံး ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် အန္တိမသူတော်စင်များ ဘယ်လောက်များများ ပေါ်ထွက်ခဲ့သနည်း။

စန်းပြည်နယ်တစ်ခုလုံးမှာပင် အန္တိမသူတော်စင်က အများအပြား မရှိပေ။ သူတို့အားလုံးကလည်း မရေမတွက်နိုင်သော နှစ်များတစ်လျှောက် စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။

လော့ရွှေဟန်သာ လုမင်၏ သတ်ဖြတ်ခြင်းကို ခံရပါက ကြီးစွာသော ဆုံးရှုံးမှုဖြစ်လိမ့်မည်။

"ဝမ်"

နဂါးနက်လှံက လုမင်၏လက်ထဲတွင် ပေါ်လာသည်။ လှံအလင်းက လက်ခနဲ ဖြစ်သွား၏။

"လော့ရွှေဟန်၊ ငါ မင်းကို ငရဲကို ပို့လိုက်မယ်"

လုမင်က အေးစက်စက် ပြောလိုက်သည်။

လော့ရွှေဟန်လည်း သွေးပျက်လာပြီး အသည်းအသန် ရုန်းကန်လိုက်၏။

"လုမင်၊ မင်း နှစ်ခါပြန်စဉ်းစားရင် ပိုကောင်းတယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်က အေးစက်စက် ပြောသည်။

"ပြန်စဉ်းစားရမယ်... လူတစ်ယောက်ကို မသတ်ခင် တစ်ကြိမ်ပဲ စဉ်းစားဖို့ လိုတယ်၊ ဘာကြောင့် သုံးခါတောင် စဉ်းစားနေရမှာလဲ"

လုမင်က ဂရုမစိုက်သလို ပြောလိုက်၏။ နဂါးနက်လှံက လော့ရွှေဟန်၏ ဒန်တျန်မှတဆင့် ထိုးဖောက်ပြီး သူ၏ နတ်ဘုရားဝိညာဥ်ကို ဖျက်ဆီးတော့သည်။

လော့ရွှေဟန်၏ မျက်လုံးများက လက်မခံနိုင်စွာဖြင့် ပြူးကျယ်နေသည်။ သူ့ဘဝ၏ အဆိုးဆုံး အိပ်မက်ထဲမှာတောင် ဤအဆုံးသတ်မျိုး မရှိခဲ့ဖူးပေ။ လုမင်က သူ့ကို သတ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဂိုဏ်းတူအစ်ကို နတ်ဘုရားသားတော်၊ ကျုပ်အတွက် လက်စားချေပေးပါ"

နောက်ဆုံး ဟိန်းဟောက်သံနှင့်အတူ လော့ရွှေဟန်၏ အသက်ဓာတ်တို့ ပျောက်ကွယ်သွားခဲ့သည်။

လော့ရွှေဟန် သေသွားပြီ။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်နှင့် အခြား သူတော်စင်များထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူတို့က လုမင်အား အေးစက်စက်ဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူတို့အရှိန်အဝါများကို ရုတ်သိမ်းလိုက်ကြလေသည်။

ဤသည်မှာ တင်းပေါင်ညီလာခံဖြစ်ပြီး ထိပ်သီး အင်အားစုကြီးအားလုံး ရှိနေသည်။ စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ပါက အခြားဂိုဏ်းများ၏ ဖိနှိပ်ခြင်းကို ခံရမည်။

"လော့ရွှေဟန် သေပြီ"

လူတော်တော်များများက ယုံကြည်ရန် ခက်နေသေးဟန်ဖြင့် ညည်းညူနေကြသည်။

အခြား ထွတ်မြတ်ပါရမီရှင်များလည်း ထိုကဲ့သို့ ခံစားနေကြရ၏။

လော့ရွှေဟန်က စန်းပြည်နယ်၏ နံပါတ်တစ် ထွတ်မြတ်ပါရမီရှင်၊ သူတို့အားလုံးကို မကျော်ဖြတ်နိုင်အောင် ဖိနှိပ်ထားခဲ့သော တောင်ကြီး ဖြစ်သည်။ သို့တိုင် လုမင်က သူ့ကို အလွယ်တကူ သတ်ခဲ့သောကြောင့် သူတို့ကို အစစ်အမှန် မဟုတ်သကဲ့သို့ ခံစားရစေခဲ့ပေသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

မော့ယန်က အသိစိတ်ပျောက်နေသူတစ်ဦးပမာ တတွတ်တွတ် ရေရွတ်လိုက်သည်။

လော့ရွှေဟန်ပင်လျှင် ထိုကဲ့သို့ အသတ်ခံရပါက၊ သူကော... လုမင်က သူ့ကို ဘယ်လို သဘောထားမလဲ။

ထိုသို့ တွေးမိသောအခါ ပို၍ တုန်လှုပ်သွားမိသည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အဘယ်ကြောင့် ဤမျှအားကောင်းနိုင်သနည်း။

"ငါသိတယ်... မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတယ်ဆိုတာ။ ဒါပေမဲ့ ဒါက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတုန်းပဲ"

လော့ရှန်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့မျက်လုံးများမှာတော့ အံ့ဩစရာကောင်းသော တိုက်ခိုက်ချင်စိတ်တို့ ပြည့်နေ၏။ သို့သော်လည်း နောက်အခိုက်တွင် သူ၏ တိုက်ခိုက်ချင်စိတ်တို့ ပြန်လည်ရုတ်သိမ်းသွားလေသည်။

"ဆရာက အစွမ်းအထက်ဆုံးပဲ။ ဆရာက တန်ခိုးအကြီးဆုံးဆိုတာ ကျွန်မ သိတယ်"

နဂါးနတ်ဘုရားတောင်ကြား၏ ဧရိယာတွင် လုရှန်းရှန်းက အော်ပြောလိုက်သည်။ သူက လုံးဝ အံ့ဩပုံမရပေ။ သူမ၏ နှလုံးသားထဲတွင် ဤအရာအားလုံးက ပုံမှန်သာ ဖြစ်သည်။

"အင်း... ငါ့မျက်လုံးတွေရဲ့ မြင်နိုင်စွမ်းက ကလေးမလေးလောက်တောင် မကောင်းတော့ဘူး"

ကျစ်ဖုန်းက ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။

"ဟားဟားဟား၊ ဂိုဏ်းတူအစ်ကိုကျစ်ဖုန်း... အဲဒါက လုမင်ကို မသိသေးလို့ပါ။ သူ့အကြောင်းကို သိလာတဲ့အခါ သူ ဘာပဲလုပ်လုပ် အံ့ဩမှာမဟုတ်တော့ဘူး"

ထျန်းချွေးက ရယ်မောလိုက်လေသည်။

ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် လုံယွမ်ရှန်တို့က သိထားပြီး ဖြစ်သည်။ ယခင်က လုမင်သည် နတ်ဘုရားသားတော်ကိုသတ်ရန်ပင် အခွင့်အလမ်း ငါးဆယ်ရာခိုင်နှုန်းရှိသည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် လော့ရွှေဟန်ကို သူ အလွယ်တကူ သတ်နိုင်သည်မှာ သဘာဝကျပေသည်။

တိုက်ပွဲစင်မြင့်တွင်၊ လုမင်က လော့ရွှေဟန်၏ သိုလှောင်လက်စွပ်နှင့် သူတော်စင်လက်နက် လှံကို သိမ်းယူလိုက်သည်။ ဤအရာများက သူ၏ သူ၏ အောင်ပွဲဆုလာဘ်များဖြစ်သောကြောင့် သဘာဝအတိုင်း ယဉ်ကျေးနေမည် မဟုတ်ပေ။ ထို့နောက် သူ၏လှံကို လှုပ်ခါလိုက်သောအခါ လော့ရွှေဟန်၏ ခန္ဓာကိုယ်က တိုက်ပွဲစင်မြင့်မှ လွင့်စဉ်သွားသည်။

"ဝမ်"

သူက နဂါးနက်လှံဖြင့် အရပ်တစ်ခုကို ချိန်ရွယ်လိုက်၏။ လူတိုင်း အံ့ဩသွားကြသည်။

အကြောင်းမူ၊ သူ၏ လှံသွားက နတ်ဘုရားသားတော်ကို ချိန်ရွယ်နေခြင်း ဖြစ်နေသောကြောင့်ပင်။

"ရှန်းကျစ်၊ မင်းစောင့်နေပါ။ မင်းအလှည့်က မကြာခင်လာမယ်"

နတ်ဘုရားသားတော်ကို လှံရှည်ဖြင့် ချိန်ရွယ်ရင်း လုမင်၏ သတ်ဖြတ်ချင်စိတ်က ပို၍ အေးစက်လာသည်။

"ငါ မင်းကို လော့ရွှေဟန်နဲ့ အဖော်ပြုဖို့ လွှတ်လိုက်မယ်"

နတ်ဘုရားသားတော်က ပြောလိုက်သည်။ သူ့မျက်လုံးများက ရက်စက်မှု အလင်းရောင်တစ်ခု လင်းလက်လာ၏။

အနီးပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။

သူတို့က လုမင်နှင့် နတ်ဘုရားသားတော်တို့ကြားမှ တိုက်ပွဲကို စောင့်မျှော်နေကြ၏။

ယခင်က လူအများစုသည် လုမင်တွင် နတ်ဘုရားသားတော်နှင့် တိုက်ခိုက်ရန် အရည်အချင်းမရှိဟု ထင်မြင်ယူဆခဲ့ကြသည်။ တင်းပေါင်ညီလာခံတွင် သူက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်များ၏ သတ်ဖြတ်ခံရခြင်းပင် ဖြစ်နိုင်သေးသည်။

ကံကောင်းထောက်မ၍ တင်းပေါင်ညီလာခံကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် နတ်ဘုရားသားတော်ကို ရင်ဆိုင်ရန် အခွင့်အလမ်းရှိမည် မဟုတ်ပါ။

ယခုမူကား၊ သူတို့၏ စိတ်ထဲတွင် ပြင်းပြသောမျှော်လင့်ချက်တို့ ရုတ်တရက် ပြည့်လာခဲ့သည်။

လုမင်က လော့ရွှေဟန်ကို အလွယ်တကူ သတ်ပစ်လိုက်၏။ သူ၏ ခွန်အားက နားမလည်နိုင်လောက်အောင်ပင်။ သူက နတ်ဘုရားသားတော်ကို အမှန်တကယ် ရင်ဆိုင်နိုင်မည်လော။

လုမင်၏ လက်ထဲမှ နဂါးနက်လှံက တုန်ခါပြီး သွေးများပျောက်ကွယ်သွားသည်။ ထို့နောက် သူက နဂါးနက်လှံကိုသိမ်းကာ ပွဲကြည့်စင်သို့ ပြန်သွားခဲ့လေသည်။

"ကိုင်း၊ တိုက်ပွဲဆက်ကြရအောင်"

ပိုယွမ်ကွေ့က ကြေညာလိုက်သည်။

ပြိုင်ဆိုင်မှုများ ဆက်တိုက်ဖြစ်နေသော်လည်း ကျန်သော ပြိုင်ပွဲများက စိတ်ဝင်စားစရာမရှိတော့ပေ။

ကြည့်နေသူများကလည်း သိပ်ပြီး စိတ်မဝင်စားတော့ပါ။ သူတို့အားလုံးက လုမင်နှင့် နတ်ဘုရားသားတော်ကြားမှ တိုက်ပွဲကို စောင့်မျှော်နေကြသည်။

သူတို့ကဲ့သို့ပင် ပြိုင်ပွဲဝင်များကလည်း စိတ်မပါတော့ပေ။

လုမင်နှင့်အတူ သူတို့က ပထမနေရာအတွက် တိုက်ပွဲဝင်ရန် မျှော်လင့်ချက်ရှိပါဦးမည်လော။

လုမင်၏ တိုက်ခိုက်ရေးအင်အားဖြင့် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်သည်။ ထို့ပြင်၊ နဂါးနတ်ဘုရားတောင်ကြားမှ ကျစ်ဖုန်းလည်း ရှိသေးသည်။ သူတို့က လူပိုများသောကြောင့် အမှတ်များလည်း ပို၍များခဲ့သည်။ အခြားဂိုဏ်းများက မည်သို့ယှဉ်ပြိုင်ရမည်နည်း။

မျှော်လင့်ချက်မရှိတော့သောကြောင့် သူတို့၏ တိုက်ပွဲများက ပြင်းထန်မှုမရှိတော့ပေ။

ပွဲစဉ်များ တစ်ခုပြီးတစ်ခု ပြီးသွားသည်။

"လုမင်၊ မော့ယန်"

ပိုယွမ်ကွေ့၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ မော့ယန်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွား၏။

လုမင်နှင့် မော့ယန်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်သွားကာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"မော့ယန်၊ မင်းက ငါ့ကိုသတ်ပါမယ် တကဲကဲ ဖြစ်နေတာ။ ခဏနေရင် ချက်ချင်း အရှုံးပေးမှာတော့ မဟုတ်ဘူးမို့လား။ မင်းက ဒီလောက်တော့ သတ္တိမကြောင်ဘူး မဟုတ်လား"

လုမင်က ပြောလိုက်သည်။

"မင်း..."

မော့ယန်က မျက်စိတ်မျက်နှာပျက်စွာဖြင့် အံကြိတ်လိုက်၏။

မူလက သူသည် အရှုံးပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း လုမင်၏စကားကို ကြားရပြီးနောက်၊ သူ အရှုံးပေးလိုက်ပါက သူရဲဘောကြောင်သူဖြစ်ကြောင်း ဝန်ခံသလို ဖြစ်လိမ့်မည်။

"စမယ်"

ထိုအချိန်တွင် ပိုယွမ်ကွေ့က ကြေညာလိုက်သည်။

"ဒုန်း"

လုမင်က ခြေတစ်ချက်ဆောင့်လိုက်သောအခါ တိုက်ပွဲစင်မြင့်က တုန်ခါသွား၏။

"အရှုံးပေးတယ်... အရှုံးပေးပါတယ်"

မော့ယန်က ကမန်းကတန်း အော်ဟစ်လိုက်တော့သည်။

All Chapters