အခန်း ၁၆၉၄
Vol. 113 Ch. 1694
အပိုင်း ( 1694 ) အထွတ်အထိပ် တိုက်ပွဲ။
"ဒါက မဖြစ်နိုင်ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများလည်း အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး ဤအခြေအနေကို လက်မခံနိုင်ကြပေ။
သူတို့၏ နှလုံးသားထဲတွင်၊ နတ်ဘုရားသားတော်က အဆင့်တူမှာ ပြိုင်ဘက်ကင်း ဖြစ်သည်။ ယခုတော့ သူတော်စင်တစ်ပိုင်းအဆင့်မှ လူတစ်ယောက်ကြောင့် အမှန်ပင် နောက်ဆုတ်ခဲ့ရ၏။ ယင်းက တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုဖြစ်နိုင်မလဲ"
မော့ယန်လည်း သူ့ခေါင်းကို တွင်တွင်ခါယမ်းပြီး ဟိန်းဟောက်လိုက်မိသည်။
တချိန်က သူသည် လုမင်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ ဆန္ဒရှိသလို လုမင်ကို အမှုန့်ချေပစ်နိုင်သည်ဟု ယူဆထားခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူ၏ စိတ်ကူးအားလုံး ပြောင်းပြန်လှန်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယခင်က လုမင်သည် လော့ရွှေဟန်ကို အလွယ်တကူ သတ်ပစ်ခဲ့ပြီး သူ၏နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ လုမင်ကို ရင်ဆိုင်တိုက်ခိုက်ရန်ပင် မဝံ့ရဲဘဲ ရှုံးနိမ့်ကြောင်း တိုက်ရိုက်ဝန်ခံခဲ့၏။ သို့သော်လည်း လုမင်ကို နတ်ဘုရားသားတော်၏ လက်ချက်ဖြင့် သေချာပေါက်သေမည်ဟု မှတ်ယူထားဆဲ ဖြစ်သည်။
သို့ရာတွင်၊ လုမင်သည် ထိုစဉ်က သူ၏အင်အားကို များစွာအသုံးမပြုခဲ့ကြောင်း ယခုအချိန်မှ သူသဘောပေါက်ခဲ့ရသည်။ ယခုအခါ သူက နတ်ဘုရားသားတော်ကိုပင် အမှန်တကယ် ဖိနှိပ်နိုင်နေပြီ။
'သူက ဘာဖြစ်လို့ ဒီလောက်သန်မာနေတာလဲ။ ငါကျတော့ ဘာဖြစ်လို့ သန်မာတဲ့သူ မဟုတ်ရတာလဲ။ ဒီလုမင်က ဘယ်သူလဲ။ ဒီလောက်သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ'
မော့ယန်က ကြီးစွာသော မနာလိုဝန်တိုစိတ်ဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်သည်။
"လုမင်၊ နင် ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ ဒါပေမဲ့ လိုနေသေးတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဧရိယာတွင်၊ ရှဲ့နျန်ကျွင်း၏ မျက်လုံးများက အရောင်လက်နေကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တစ်ဖက်တွင်၊ နဂါးနတ်ဘုရားတောင်ကြားမှ လူများကလည်း အားတက်လာပြီး အော်ဟစ်အားပေးနေကြပြီ ဖြစ်သည်။
"ရှန်းကျစ်၊ ဒါက မင်းရဲ့ စစ်မှန်တဲ့ စွမ်းအားလား။ ဒါဆိုရင်တော့ ငါစိတ်ပျက်မိလိမ့်မယ်"
လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"လုမင်၊ မင်းရဲ့အင်အားက ငါမျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန်နေပါတယ်။ ကံမကောင်းချင်တော့ ငါနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မင်းအတွက်က သေဆုံးခြင်းတစ်ခုပဲ အဆုံးသတ်ရှိလိမ့်မယ်"
"ဒုန်း"
နတ်ဘုရားသားတော်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သောအလင်းရောင်က ပို၍ ပြင်းထန်လာ၏။ ၎င်းက အလင်းတိုင်တစ်ခုကဲ့သို့ ကောင်းကင်ကို ထိုးတက်သွားတော့သည်။
"ဒုန်း... ဒုန်း"
ထို့နောက် နတ်ဘုရားသားတော်က လုမင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက ပိုသန်မာလာ၏။ နောက်ဆုံးတွင်၊ နတ်ဘုရားသားတော်၏ အရှိန်အဝါက ယခင်ကထက် အဆများစွာ အားကောင်းလာတော့သည်။
"တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသောအောင်မြင်မှု"
နဂါးနတ်ဘုရားတောင်ကြားဘက်တွင် ခရမ်းရောင်နဂါး တောင်ကြားသခင်က မနေနိုင်တော့ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ဘာ... နတ်ဘုရားသားတော်က တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီလား။ ဒီလောက်တောင် မြန်တာလား"
"တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်က တောက်ပသော သူတော်နယ်ပယ် အဆင့်နိမ့်အဆင့်ထက် အများကြီး ပိုအစွမ်းထက်တယ်။ လုမင် ပြီးပြီပဲ၊ နတ်ဘုရားသားတော်ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းလှတယ်။ လုမင်က သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"
"စိတ်မကောင်းစရာပဲ၊ လုမင်က တကယ်ကို အရည်အချင်းရှိပြီး ရှေးခေတ်ကတည်းက ရှားရှားပါးပါး တွေ့ရခဲတယ်။ သူ့ကိုသာ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ပေးလိုက်ရင် နတ်ဘုရားသားတော်ကို အမှန်တကယ် တိုက်ခိုက်နိုင်လိမ့်မယ်"
"မိုးကောင်းကင်က ပါရမီရှင်တွေကို မနာဘူးပဲ။ သူ့ကိုပေးထားတဲ့အချိန်က တိုတောင်းလွန်းတယ်"
လူအများက သက်ပြင်းချကာ ခေါင်းယမ်းလိုက်ကြသည်။ သို့သော်လည်း လုမင်၏ ကံဆိုးမှုအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သူသတ်ခံရမည်ဟု မျှော်လင့်နေသူတချို့လည်း ရှိသေးသည်။
ဥပမာအားဖြင့်၊ ငွေနဂါးတောင်ကြားရှိ ရင်ကျစ်စုန့်နှင့် အခြားလူများက လုမင်ကိုသေဆုံးရန် မျှော်လင့်နေကြသည်။ သူတို့၏ မျက်နှာများက ရက်စက်ကြမ်းကြုတ်မှုတို့ အပြည့်ပင်။
ယခုတစ်ကြိမ်တွင် လုမင် ပြသခဲ့သော ခွန်အားက ကြောက်စရာကောင်းလွန်းသည်။ လုမင် မသေဆုံးခဲ့ပါက အနာဂတ်တွင် နဂါးနတ်ဘုရားတောင်ကြားမှာ သူတို့အတွက်နေရာ အဘယ်မှာရှိမှာလဲ။
'ဟားဟားဟား... လုမင်၊ မင်း နောက်ဆုံးတော့ သေရဦးမှာပဲ'
မော့ယန်၏ မျက်နှာက ရက်စက်မှုတို့ ပြည့်နှက်နေပြီး သူ့စိတ်ထဲမှ ရယ်မောလိုက်သည်။
"ဝုန်း"
နတ်ဘုရားသားတော်၏ ဦးခေါင်းထက်တွင် အဖြူရောင် စေတီငယ်တစ်ခု ထွက်ပေါ်လာပြီး အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာသည်။ တစ်ချိန်တည်းမှာပင်၊ သူ့လက်ထဲတွင် သန့်စင်သောအလင်းရောင်ဖြင့် ဓားတစ်ချောင်း ပေါ်လာ၏။
ဤအရာအားလုံးက သူတော်စင်လက်နက်များဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။
"ဝမ်"
စေတီလေးက တောင်တစ်လုံးအရွယ်အစားအထိ ကြီးထွားလာပြီး လုမင်ကို ဖိချလိုက်သည်။ နတ်ဘုရားသားတော်၏ တောက်ပသော သူတော်စင်နယ်ပယ် ကျင့်ကြံမှုဖြင့် ထုတ်ဖော်ထားသော သူတော်စင်လက်နက်တစ်ခု၏ စွမ်းအားမှာ အလွန်ကြီးမားပေသည်။
ထိုအချိန်တွင်၊ လုမင်၏ ခန္ဓာကိုယ်ပေါ်မှာ အလင်းစက်များ ပေါ်လာသည်။ အလင်းစက်တစ်ခုစီမှ သူတော်စင်လက်နက်တစ်ခုစီ ထွက်ပေါ်လာ၏။ သူ့ပတ်ဝန်းကျင် လေထဲတွင် သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို ဆိုင်းငံ့ထားတော့သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။
သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခု... လုမင်က သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို ရုတ်တရက် ထုတ်ယူလိုက်၏။ လူအများစုက ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ဤနေရာတွင် လူအများစုက သူတော်စင်လက်နက်ကို ထိပင်မထိဘူးပဲ အခြားသူများ အသုံးပြုသည်ကိုသာ မြင်ဖူးကြသည်။ ယခုမူ၊ လုမင်က သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို ရုတ်တရက် ထုတ်ယူလိုက်၏။ ထိုမြင်ကွင်းက သူတို့အားလုံးကို မခံစားနိုင် ဖြစ်စေခဲ့သည်။
"သူတော်စင်လက်နက်တွေ အများကြီးရှိနေတော့ရော ဘာဖြစ်လဲ"
နတ်ဘုရားသားတော်က အေးစက်စက် ပြောလိုက်သည်။ ဧရာမစေတီကြီးက အလင်းရောင်များ ဖြာထွက်ပြီး ကျဆင်းလာ၏။
လုမင်၏ ပတ်ဝန်းကျင်ရှိ သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခု၏ စွမ်းအင်များကလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကာ ဒယ်စောက်အိုးကြီးတစ်လုံးပေါ်တွင် စုစည်းသွားတော့သည်။
"သွား"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဒယ်စောက်အိုးက လျင်မြန်စွာ အရွယ်အစား ကြီးမားလာပြီး ဧရာမစေတီနှင့် တိုက်မိသွားသည်။
"ဝုန်း"
တောင်နှစ်လုံး တိုက်မိသကဲ့သို့ ကောင်းကင်က ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ဒယ်စောက်အိုးကြီးနှင့် စေတီကြီးက တိုက်မိပြီးနောက် ပြိုင်တူ ပြန်လွင့်သွားတော့သည်။
"သတ်"
နတ်ဘုရားသားတော်က လှံရှည်တစ်လက်ကို ကိုင်ဆွဲပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။ လှံရှည်က လေထုကို ထိုးဖောက်သွားပြီး စူးရှသောအသံများပင် ထွက်ပေါ်လာ၏။
လုမင်ကလည်း လုံးဝ နောက်မဆုတ်ပေ။ သူက နဂါးနက်လှံကို ဆွဲကိုင်ပြီး လက်နက်စွမ်းအင်နှင့် နိယာမစွမ်းအင်တို့ကို စုစည်းလိုက်သည်။ သူက နတ်ဘုရားသားတော်ကို ရင်ဆိုင်လိုက်၏။
အားကောင်းသော စွမ်းအင်လှိုင်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
သူတို့ပတ်ဝန်းကျင်တွင် ခရမ်းရောင်နဂါး တောင်ကြားသခင်ကဲ့သို့ အကျော်အမော်များက လက်ဝှေ့ယမ်းကာ အကာအကွယ်များကို ချမှတ်လိုက်ရသည်။ ထိုသို့မဟုတ်ဘဲ သူတော်စင်နယ်ပယ်အောက်မှ ကျင့်ကြံသူများသာ ဤလှိုင်းများ ရိုက်ခတ်မိပါက သေသွားကြလိမ့်မည်။
"မဟာ မြင့်မြတ်သောအလင်းကျင့်စဉ်"
နတ်ဘုရားသားတော်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သောအလင်းရောင်က ပို၍ တောက်ပလာ၏။ နောက်ဆုံးတွင်၊ ၎င်းက နတ်ဘုရားသားတော်ကို ဖုံးအုပ်ထားသည့် မြင့်မြတ်သော အလင်းချပ်ဝတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ နတ်ဘုရားသားတော်၏ စွမ်းအားကလည်း ပို၍ အားကောင်းလာခဲ့သည်။ နတ်ဘုရားအပြစ်ပေးလှံက လေထုကို ဖြတ်သန်းသွားချိန်တွင် မည်သည့်အရာမျှ တားဆီးမရနိုင်ပေ။
နတ်ဘုရားသားတော်က လုမင်ကို စတင်ဖိနှိပ်ခဲ့သည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသက်သွင်းကာ အော်ဟစ်လိုက်သည်။ အနက်ရောင် အလင်းတန်းနှစ်ခုက သူ့မျက်လုံးများမှ ထွက်ပေါ်လာပြီး နတ်ဘုရားသားတော်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွား၏။ သို့သော်လည်း နတ်ဘုရားသားတော်၏ မျက်ခုံးမှ အလင်းက ဘာမှမဖြစ်သကဲ့သို့ အနည်းငယ်မျှသာ တုန်လှုပ်သွားသည်။
လုမင်၏ လက်ရှိ ဝိညာဉ်စွမ်းအားက တောက်ပသော သူတော်စင်နယ်ပယ် ကနဦးအဆင့်နှင့်သာ ညီမျှသည်။ သို့သော်လည်း နတ်ဘုရားသားတော်က တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သို့ ရောက်နေပြီ ဖြစ်၏။ သူ့တွင် စိတ်ဝိညာဉ်ကို ကာကွယ်ရန် နည်းလမ်းများစွာ ရှိသည်။ လုမင်၏ တိုက်ခိုက်မှုက သူ့အပေါ်တွင် အနည်းငယ်သာ သက်ရောက်မှုရှိပေသည်။
"ကစဉ့်ကလျား"
လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သူ့ဘယ်ဘက်လက်တွင် ပေါ်လာပြီး နတ်ဘုရားသားတော်ထံ ပစ်ချလိုက်၏။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က လျင်မြန်စွာ ကြီးထွားလာပြီး ဖိချလိုက်ရာ နတ်ဘုရားသားတော်မှာ မျက်နှာတစ်ချက်ပျက်သွားတော့သည်။
သူက ဧရာမစေတီကြီးကို ထိန်းချုပ်ပြီး ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို တားဆီးလိုက်ရသည်။ ထို့နောက် သူ့လက်ထဲမှ လှံရှည်ဖြင့် လုမင်ကို တိုက်ခိုက်လိုက်၏။
လုမင်ကလည်း နဂါးနက်လှံဖြင့် ပြန်လည်တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း"
ဧရာမစေတီကြီး လွင့်စဉ်သွားသလို ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်လည်း ပျောက်ကွယ်သွားခဲ့သည်။
"ထပ်လာမယ်"
လုမင်က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ထပ်မံဖွဲ့စည်းပြီး နတ်ဘုရားသားတော်ကို တိုက်ခိုက်လိုက်သည်။
သူကိုယ်တိုင်က လက်နက်တစ်သောင်းတာအိုကျမ်းကို အသက်သွင်းထားပြီး နတ်ဘုရားသားတော်ကို ရင်ဆိုင်လိုက်၏။
သူတို့နှစ်ဦးက လက်ရည်ညီမျှနေကာ လေထဲတွင် ပြင်းပြင်းထန်ထန် ရင်ဆိုင်လိုက်ကြသည်။
လုမင်က သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်တွင်သာရှိသောကြောင့် ကျင့်ကြံမှုအပိုင်းတွင် အားနည်းချက် ရှိနေသည်။
မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ရှိစဉ်အခါက၊ လုမင်သည် ဒုတိယခန္ဓာ၊ ပူဖောင်းလေးတို့နှင့်အတူ တောက်ပသော သူတော်စင်နယ်ပယ် ကြီးမားသော အောင်မြင်ခြင်းအဆင့်မှ အကျော်အမော်ကို တိုက်ကွက်အနည်းငယ်ဖြင့် သတ်ခဲ့ဖူးသည်။
သို့သော်လည်း ယင်းက သူတို့သုံးယောက် ပူးပေါင်းနေသောကြောင့် ဖြစ်ချေသည်။ မူလခန္ဓာလုမင် တစ်ယောက်တည်းဖြစ်ပါက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ အကျော်အမော်ကို အနည်းငယ် ဖိနှိပ်နိုင်သော်လည်း သတ်နိုင်ခဲ့မည်တော့ မဟုတ်ပေ။
သို့သော်လည်း ယခုအခါ လုမင်၏ ခန္ဓာကိုယ်တွင် သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို တံဆိပ်ခတ်ထားသည့်အပြင် နဂါးနတ်ဘုရားတောင်ကြားတွင် တစ်လခန့် ထပ်မံလေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတွင်၊ သူက ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကိုလည်း ဆဋ္ဌမအဆင့်အထိ အောင်မြင်ထားခဲ့ပြီ။ မူလခန္ဓာ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက မျိုးနွယ်စုတစ်ရာ စစ်မြေပြင်တွင် ရှိစဉ်ကထက် များစွာ ပို၍ အားကောင်းလာခဲ့သည်။
သို့ပေသော်ငြား... ပြင်ပသူတော်စင်များသည် ၎င်းတို့၏ နိယာမကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်သောကြောင့်၊ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းသည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်ရှိ သူတော်စင်များထက် ပိုအားကောင်းပေသည်။
ထို့ပြင် နတ်ဘုရားသားတော်က သာမန်လူမဟုတ်ဘဲ စန်းပြည်နယ်၏ ပါရမီရှင် ဖြစ်သည်။ စန်းပြည်နယ်တစ်ခုလုံးတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ခဲ့ပြီး အလွန် အစွမ်းထက်၏။ ထို့ကြောင့် လုမင်က အစွမ်းကုန် တိုက်ခိုက်လျှင်ပင် နတ်ဘုရားသားတော်နှင့် လက်ရည်ညီမျှရုံသာ ရှိသည်။