အခန်း ၁၆၉၅
Vol. 113 Ch. 1695
အပိုင်း ( 1695 ) မူလခန္ဓာနှင့် ဒုတိယခန္ဓာက အတူတကွ တိုက်ခိုက်ခြင်း။
လုမင်နှင့် နတ်ဘုရားသားတော်တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်တစ်ရာကျော် အပြန်အလှန် ထိုးနှက်ခဲ့ကြ၏။
ယခုအချိန်တွင် ရောက်ရှိလာသူအားလုံးမှာ မတုန်လှုပ်နိုင်တော့ဘဲ ထုံကျဉ်နေကြပြီ ဖြစ်သည်။ သူတို့က လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် ထုံကျဉ်နေကြပြီ။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့၏ စိတ်ကူးကို လုံးဝ ကျော်လွန်သွားခဲ့သည်။
သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ဖြင့် တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရင်ဆိုင်နိုင်သူအား တစ်ခါမျှ မကြားဖူးပေ။ ထို့ပြင် တစ်ဖက်လူက မကောင်းဆိုးရွား ပါရမီရှင်တစ်ဦး ဖြစ်သည်။
လူတိုင်းက ဤတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကိုသာ အာရုံစိုက်ခဲ့ကြသည်။
လူအားလုံး အသက်ပြင်းပြင်းရှူရင်း လက်သီးကို တင်းတင်းဆုပ်ထားကြ၏။ အားလုံးက မျက်တောင်မခတ်ဝံ့ဘဲ ကြည့်နေကြတော့သည်။
ဤတိုက်ပွဲက စန်းပြည်နယ်၏သမိုင်းတွင် မှတ်တမ်းတင်ရန် ရည်မှန်းထားကြောင်း သူတို့သိကြသည်။ ယင်းက အထွတ်အထိပ်တိုက်ပွဲဟု လူသိများလိမ့်မည်။
လုမင်၏ ခန္ဓာကိုယ်ကို သူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုက ဝန်းရံထားသည်။ သူ့လက်ထဲတွင် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ကိုင်ထား၏။ သူ့ကိုကြည့်ရသည်မှာ စစ်နတ်ဘုရားကဲ့သို့ပင်။
တစ်ဖက်တွင် နတ်ဘုရားသားတော်၏ ဦးခေါင်းထက်မှာ ဧရာမ စေတီတစ်ခုက မျောလွင့်နေသည်။ နတ်ဘုရားအပြစ်ပေးလှံကိုလည်း သူ့လက်ထဲတွင် ကိုင်ဆွဲထား၏။ သူက မြင့်မြတ်သောအလင်း ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားကာ စစ်မှန်သော နတ်ဘုရား၏ သားတော်တစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ဦးက လေထဲတွင် ဆယ်ကြိမ်ထက်မနည်း အပြန်အလှန် ထိုးနှက်ခဲ့ကြပေသည်။
ထိုအချိန်တွင် နတ်ဘုရားသားတော်က စိုးရိမ်စပြုလာသည်။
သူ၏ ကျင့်ကြံမှုဖြင့်ပင် လုမင်ကို မဖယ်ရှားနိုင်သေးသောကြောင့် အလွန် တုန်လှုပ်လာ၏။
'လုမင် သေရမယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ငါက သူ့ရဲ့ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး'
နတ်ဘုရားသားတော်က ဤအတွေးကို လက်မခံနိုင်ပေ။ သို့သော်လည်း ၎င်းက အမှန်တရားဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ယနေ့တွင် လုမင်ကို သတ်ကိုသတ်ရတော့မည်။
"မြင့်မြတ်သောအလင်းဓား"
နတ်ဘုရားသားတော်က အော်ဟစ်လိုက်သည်။ နှင်းဖြူဓားတစ်လက်က သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာ၏။ ဓားပေါ်လာသည်နှင့် တပြိုင်နက်၊ ဓားချီက ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်များကို ခွဲထွက်သွားတော့သည်။
"မဟာသူတော်စင်လက်နက်၊ မင်း..."
ခရမ်းရောင်နဂါးတောင်ကြား၏ တောင်ကြားသခင်က ဒေါသတကြီး အော်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြားမှ အခြားသူများလည်း အံ့ဩသွား၏။
နတ်ဘုရားသားတော်က မဟာသူတော်စင်လက်နက်ကို ထုတ်ယူလိုက်သည်။
မဟာသူတော်စင်ရတနာများသည် သာမန် တောက်ပသောသူတော်စင် ရတနာတစ်ခုထက် များစွာ ပို၍အစွမ်းထက်သည်။ ၎င်းက မဟာသူတော်စင်များ၏ သီးခြားလက်နက် ဖြစ်ချေသည်။
လုမင်နှင့် နတ်ဘုရားသားတော်တို့က လက်ရည်ညီနေသည်။ သို့သော်လည်း မဟာသူတော်စင်လက်နက်က ဟန်ချက်ပျက်သွားစေခဲ့ပြီ။
"မြင့်မြတ်သောအလင်းဓား၊ ခုတ်ပိုင်းလော့"
နတ်ဘုရားသားတော်က လှံရှည်ကိုဖယ်ရှားပြီး အလင်းဓားကို ကိုင်လိုက်သည်။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက လုမင်ဆီသို့ ကျရောက်သွား၏။
"ဝုန်း"
ဓားအလင်းက သူ့ကို ဖိနှိပ်လာသော ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ထိမှန်သွားသည်။ ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ပြင်းထန်စွာ တုန်ခါပြီး လေထဲတွင် ပေါက်ကွဲသွားတော့သည်။
ထို့နောက်တွင်၊ နတ်ဘုရားသားတော်က သူ၏ဓားကိုကိုင်လျက် ရှေ့သို့တိုးလာကာ လုမင်ကို ထပ်မံခုတ်ပိုင်းလိုက်သည်။
လုမင်၏ လက်ထဲမှ နဂါးနက်လှံက နဂါးတစ်ကောင်ကဲ့သို့ ပြိုင်ဘက်ဆီ ပြေးဝင်သွားသည်။
"ထန်"
အလင်းဓားက နဂါးနက်လှံကိ ထိမှန်ပြီး ပြင်းထန်စွာ တုန်ခါသွားစေခဲ့၏။ လုမင်လည်း ကြောက်စရာကောင်းလောက်အောင်ထက်သော ဓားစွမ်းအင်လှိုင်းကို ခံစားလိုက်ရပြီး နောက်ပြန်ဆုတ်သွားရတော့သည်။
မြင့်မြတ်သောအလင်းဓားက မရပ်တန့်ဘဲ သူ့ကို ဆက်လက်ခုတ်ပိုင်းလိုက်သည်။ လုမင်၏ အတွေးတစ်ခုဖြင့် သူတော်စင်လက်နက်များစွာက သူ့ရှေ့တွင် ပိတ်ဆို့သွား၏။ ၎င်းတို့အားလုံးက ခံစစ်အမျိုးအစားချည်း ဖြစ်ကြသည်။
"ဝုန်း... ဝုန်း"
သူတော်စင်လက်နက်များက တုန်ခါပြီး လွင့်စဉ်သွားသည်။ လုမင်လည်း ခြေလှမ်းများစွာ ထပ်မံ ဆုတ်သွားရ၏။
နတ်ဘုရားသားတော်က မဟာသူတော်စင်လက်နက်ကို ထုတ်ယူလိုက်သောအခါ၊ သူ၏စွမ်းအားက အလွန်ကြီးမားလာခဲ့သည်။ လုမင်က အားနည်းချက်ရှိနေပြီ။
"သတ်"
နတ်ဘုရားသားတော်က သူ၏ဓားကိုကိုင်ကာ လုမင်အား ထပ်မံခုတ်ပိုင်းချလိုက်သည်။
လုမင်လည်း သူတော်စင်လက်နက်များ၏ လက်နက်စွမ်းအင်များကို စုစည်းကာ ထပ်မံ ခုခံလိုက်ရသည်။
ယခင်တိုက်ခိုက်မှုများတွင်၊ လုမင်က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ဆက်တိုက် သုံးခဲ့သည်။
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်သည် စွမ်းအားကြီးမားသော်လည်း စွမ်းအင်စားသုံးမှုနှုန်း အလွန်ကြီးမား၏။ သူ ဆက်သုံးနေပါက သူ၏စွမ်းအင် ကုန်ခမ်းသွားလိမ့်မည်။
"သတ်"
နတ်ဘုရားသားတော်က အော်ဟစ်လိုက်သည်။ သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုမင်အား ပြင်းပြင်းထန်ထန် ဖိတိုက်လိုက်၏။
ယခုအချိန်အထိ သူသည် လုမင်ကို မသတ်နိုင်သေးပေ။ ယင်းက သူ့အတွက် ရှက်စရာကောင်းလွန်းသည်။ လုမင်ကို တတ်နိုင်သမျှ အမြန်ဆုံး သူ သတ်ရတော့မည်။
လုမင်က လက်နက်တစ်သောင်းတာအိုကျမ်းဖြင့် ပိတ်ဆို့ထားသော်လည်း နောက်ဆုတ်နေရဆဲ ဖြစ်သည်။ နတ်ဘုရားသားတော်က သူ့ကို ဖိနှိပ်ခဲ့ချေပြီ။
"ဝှစ်"
နတ်ဘုရားသားတော်အား တားဆီးပြီးနောက် လုမင်က ကောင်းကင်သို့ ပျံတက်သွားသည်။
"မင်းက ထွက်သွားချင်တာလား၊ မင်း မလွတ်နိုင်ဘူး"
နတ်ဘုရားသားတော်က အေးစက်စက် ပြောဆိုလိုက်သည်။ သူက လုမင်နောက်သို့ ပြေးလိုက်သွား၏။
"ငါထွက်သွားတော့မယ်လို့ ဘယ်သူကပြောလဲ"
လုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုအချိန်တွင်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
ဒုတိယခန္ဓာ လုမင်။
ဒုတိယခန္ဓာလုမင်က ပေါ်လာသည်နှင့် တပြိုင်နက် ထိုက်ကျိအစီရင်ဓာတ်ပြားလည်း ပေါ်လာသည်။ ထိုက်ကျိအင်းကွက်က နတ်ဘုရားသားတော်ကို ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မူလခန္ဓာလုမင်ကလည်း တိုက်ခိုက်လိုက်၏။ သူက အထက်စီးမှ ငုံ့ကြည့်နေရင်း လှံနှင်တစ်သားတည်း ဖြစ်လာပုံကာ နတ်ဘုရားသားတော်ထံ တိုးဝင်သွားတော့သည်။
ထိုက်ကျိအစီရင်ဓာတ်ပြားတွင် တံဆိပ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းဆိုင်ရာ စွမ်းအားများ ရှိသည်။ ၎င်းက နတ်ဘုရားသားတော်၏အပေါ်တွင် လွင့်မျောကာ ချုပ်နှောင်ပြီး ဖျက်ဆီးရန် ကြိုးစားလာတော့သည်။
"ဝှစ်"
ထိုအချိန်တွင်၊ မူလခန္ဓာ လုမင်၏ တိုက်ခိုက်မှုက ရောက်ရှိလာသည်။ လှံအလင်းက နတ်ဘုရားသားတော်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
မြင့်မြတ်သောအလင်းက နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူက ဟိန်းဟောက်ပြီး ဓားဖြင့် လွှဲခုတ်လိုက်တော့သည်။
"ဝုန်း"
နတ်ဘုရားသားတော်က အောက်ကို ထိုးကျသွားသည်။
"သတ်"
ဒုတိယခန္ဓာလုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို ထိန်းချုပ်ပြီး နတ်ဘုရားသားတော်ကို ဆက်လက်ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူက အစီရင်နိယာမကို အသက်သွင်းလိုက်၏။ အဆုံးမရှိသော ရွန်းများက ဓားများကို ဖွဲ့စည်းကာ နတ်ဘုရားသားတော်အား ခုတ်ပိုင်းလိုက်တော့သည်။
မူလခန္ဓာလုမင်ကလည်း အဆက်မပြတ် တိုက်ခိုက်လိုက်သည်။
မူလခန္ဓာနှင့် ဒုတိယခန္ဓာက နတ်ဘုရားသားတော်ကို အသက်ရှုရန်ပင် အခွင့်အရေးမပေးဘဲ ဖိအားပေးကာ တိုက်ခိုက်လိုက်သည်။
ရောက်ရှိလာကြသူအားလုံး အံသြသွားကြလေသည်။
တိုက်ပွဲအတွင်းတွင် လုမင်နှစ်ယောက် မည်သို့ရှိနေပါသနည်း။
"အတင့်ရဲလိုက်တာ၊ မင်းက တကယ်ကြီး နှစ်ယောက် တစ်ယောက် တိုက်ခိုက်ဝံ့တယ်။ မင်း စည်းကမ်းဖောက်တာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ မဟာသူတော်စင်၏ မျက်လုံးများက အေးစက်သွားသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်းက မျက်ကန်းလား။ လုမင် နှစ်ယောက်ရဲ့ အငွေ့အသက်က အတူတူပဲ... သူတို့က တစ်ယောက်တည်းဆိုတာ သိသာထင်ရှားတယ်။ ဒါက လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ"
ခရမ်းရောင်နဂါးတောင်ကြား၏ တောင်ကြားသခင်က အံ့ဩသွားသော်လည်း၊ ချက်ချင်းပင် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်ကို လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟုတ်တယ်၊ ဒါက လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲလေ။ သူတို့နှစ်ယောက်က ကိုယ်ပွားလိုမျိုး အတူတူပဲ။ အဲဒါက ဘာဖြစ်လို့လဲ။ ခင်ဗျားမှာ စွမ်းရည်ရှိရင် ရှန်းကျစ်ကိုလည်း ကိုယ်ပွားထုတ်ခိုင်းလိုက်"
ထျန်းချွေးကလည်း အော်ပြောလိုက်၏။
"ဟမ့်၊ အကြီးအကဲတွေ စကားပြောနေချိန်မှာ မင်း ဝင်ပြောစရာမလိုဘူး။ ကိုယ့်အဆင့်ကို ကိုယ်သိ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာသူတော်စင်က အေးစက်စက်ဖြင့် သူ့အင်္ကျီလက်ကို ခါယမ်းကာ တစ်ဖက်ကိုပြန်လှည့်သွားသည်။
အမှန်လည်း လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာတို့၏ အငွေ့အသက်များက အတူတူပင်။ သူတို့က ကိုယ်ပွားကဲ့သို့ တူညီကြကြောင်း ထင်ရှားသည်။ သို့သော်လည်း ၎င်းက သာမန်ကိုယ်ပွားများထက် များစွာအဆင့်မြင့်ပေသည်။
ခန္ဓာနှစ်ခုက မတူညီသော ကျင့်စဉ်များကို လေ့ကျင့်နိုင်ပြီး မတူညီသော နိယာမများကို နားလည်နိုင်သည်။ ယင်းက တကယ်ကို မယုံနိုင်စရာပင်။
မည်သို့ပင်ဆိုစေကာမူ၊ လူတစ်ယောက်တည်းမို့ စည်းကမ်းဖောက်ရာမကျပေ။
သူ၏ ကိုယ်ပွားများကို အသုံးပြုရန် နတ်ဘုရားသားတော်ကို တောင်းဆိုခြင်းက ဟာသတစ်ခု ဖြစ်သည်။ ကိုယ်ပွားများ၏ ခွန်အားက မူလခန္ဓာ၏စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ရှိပေသည်။ ထို့ပြင်၊ ယခုအချိန်မျိုးတွင် ကိုယ်ပွားများကို အသုံးပြုခြင်းက မူလခန္ဓာ၏ တိုက်ခိုက်နိုင်စွမ်းကို အားနည်းသွားစေမည် ဖြစ်သည်။ ယင်းက ပါးနပ်ရာမကျပေ။
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာက အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုများက လေပြင်းမုန်တိုင်းကဲ့သို့ဖြစ်ပြီး၊ နတ်ဘုရားသားတော်ကို အသက်ရှုရန်ပင် အခွင့်မပေးပေ။
အခြေအနေက ယခင်ကနှင့် လုံးဝ ပြောင်းပြန်ဖြစ်သွားသည်။
ယခုအခါ နတ်ဘုရားသားတော်က အရေးနိမ့်နေပြီး လုမင်က တိုက်ခိုက်သူဖြစ်နေပြီ။
"နတ်ဘုရားသားတော်က ရှုံးနိမ့်တော့မှာလား"
"မဖြစ်နိုင်ဘူး၊ သူတော်စင်တစ်ပိုင်းက သူတော်စင်တစ်ယောက်ကို သတ်နိုင်တော့မှာလား"
"အံ့ဖွယ်သရဲပဲ၊ ဒါက ကြောက်စရာကောင်းလွန်းတယ်"
လူများစွာက သူတို့၏ နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။
"လုမင်၊ နင်က နတ်ဘုရားသားတော်ကို ဒီလောက်အတိုင်းအတာအထိ ဖိအားပေးနိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ရှမ်းဟွမ်တိုက်ကြီးမှာ ရှဲ့မိသားစုနဲ့ အားလုံးက နင့်ကိုရှုံးနိမ့်ခဲ့ရတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ဒါပေမဲ့... ပွဲက မပြီးသေးဘူး။ သူ့မှာ အသုံးမပြုရသေးတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတယ်"
ရှဲ့နျန်ကျွင်း၏ မျက်လုံးများက အံ့ဩမှုတို့ဖြင့် တောက်ပနေပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မူလခန္ဓာနှင့် ဒုတိယခန္ဓာ လုမင်တို့ကတော့ အဆက်မပြတ် တိုက်ခိုက်နေဆဲပင်။ သူတို့က အပေးအယူညီမျှစွာဖြင့် ပူးပေါင်းတိုက်ခိုက်သောကြောင့် စွမ်းအားမှာ ပို၍ ကြောက်စရာကောင်းနေသည်။
"ရှန်းကျစ်... မင်းမှာရှိတာ ဒါအကုန်ပဲလား။ ဒါဆိုရင်တော့ ဒီနေ့ သေရမဲ့သူက မင်းဖြစ်သွားပြီ"
လုမင်က လှောင်ပြောင်လိုက်သည်။ ထိုသို့ပြောလိုက်သော်လည်း သူက သတိအပြည့်ထားနေဆဲ ဖြစ်၏။ သူက သတိလက်လွတ် မနေဝံ့သေးပေ။