← Chapters

အခန်း ၁၆၉၇

Vol. 114 Ch. 1697

အခန်း ၁၆၉၇

Vol. 114 Ch. 1697

အပိုင်း ( 1697 ) အခြားသူတွေက အခြားသူတွေ... ငါက ငါ။

"လုမင်၊ မင်းမှာ အခွင့်အရေးမရှိတော့ဘူးကွ။ သတ်"

နတ်ဘုရားသားတော်က ဟိန်းဟောက်လိုက်သည်။ သူက အစွမ်းကုန် ထုတ်ဖော်ပြီး လုမင်ကို တိုက်ခိုက်လိုက်၏။

လုမင်က အမြန်ပြန်ဆုတ်သွားသည်။

လုမင်အတွက် ကစဉ့်ကလျားနိယာမနှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ် လိုအပ်ပေသည်။ ဤအချိန်က သူ့အတွက် အန္တရာယ်အရှိဆုံးအချိန် ဖြစ်သည်။

"မင်းမလွတ်နိုင်ဘူး"

နတ်ဘုရားသားတော်က နောက်မှ တရကြမ်း လိုက်လံတိုက်ခိုက်သည်။

"ရွှစ်... ရွှစ်"

ယင်ယန်ငါး ဓားနှစ်လက်က နတ်ဘုရားသားတော်ကို ထိုးခုတ်လိုက်၏။

"ထွက်သွား"

နတ်ဘုရားသားတော်က ဓားဖြင့်ခုတ်ထစ်ပြီး ယင်ယန်ငါး ဓားများကို လွင့်စဉ်သွားစေခဲ့သည်။

မူလခန္ဓာနှင့် ဒုတိယခန္ဓာကြားမှ ခြားနားချက်ကို သူမြင်ပုံရသည်။ သူက ဒုတိယကိုယ်ခန္ဓာကို လျစ်လျူရှုပြီး မူလခန္ဓာကိုသာ ပစ်မှတ်ထားလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

ဒုတိယခန္ဓာက ဖီးနစ်ငှက်မွှေးဓားပျံ နှစ်ဆယ့်တစ်လက်ကို ထုတ်ဖော်လိုက်သောအခါ လေတိုးသံများကိုပင် ကြားလာရ၏။ ဓားများက နတ်ဘုရားသားတော်ထံ တိုးဝင်လာပြန်တော့သည်။

"ထွက်သွား... ထွက်သွား"

နတ်ဘုရားသားတော်က ဟိန်းဟောက်ပြီး ဓားချက်များ ထုတ်ဖော်လိုက်သည်။ ဖီးနစ်ငှက်မွှေးဓားပျံအားလုံး လွင့်စဉ်သွားကြလေသည်။

သို့သော်လည်း ထိုအချိန်တွင် ဒုတိယခန္ဓာလုမင်က မူလခန္ဓာ၏ရှေ့တွင် ပေါ်လာပြီး ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်များက လျင်မြန်စွာ လှုပ်ရှားနေပြီး လေထဲတွင် မရေမတွက်နိုင်သော ရွန်းများဖြင့် အစီရင်ကြီးများ ပေါ်လာ၏။ ခုခံမှု၊ ချုပ်နှောင်မှု၊ အနှောင့်အယှက်နှင့် တိုက်ခိုက်မှု အမျိုးမျိုးတို့က နတ်ဘုရားသားတော်ထံ ကျရောက်သွားတော့သည်။

ယခုအချိန်တွင် ဒုတိယခန္ဓာ၏ အဓိက ရည်ရွယ်ချက်က ရနိုင်သမျှ အချိန်ဆွဲထားရန် ဖြစ်သည်။

"အချိန်​ဆွဲချင်နေတာလား၊ ​ပျက်စီးစမ်း"

နတ်ဘုရားသားတော်က ဒေါသပေါက်ကွဲလာသည်။ သူက ဓားချက်ထုတ်ဖော်လိုက်တိုင်း အစီရင်များ တစ်ခုပြီးတစ်ခု ပျက်စီးသွား၏။

သို့သော်လည်း ဒုတိယခန္ဓာက ခြေလှမ်းအနည်းငယ် လှမ်းလိုက်သောအခါ မရေမတွက်နိုင်သော ရွန်းစာလုံးများ ပေါ်လာသည်။ ကြီးမားသော အစီရင်များက လေထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာ‌ပြန်တော့သည်။

ဤအစီရင်များက နတ်ဘုရားသားတော်ကို မထိခိုက်စေနိုင်သော်လည်း၊ သူ့ကို အနည်းငယ် နှောင့်နှေးနိုင်သရွေ့ အဆင်ပြေသည်။

ဒုတိယခန္ဓာက သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ရွန်းစာလိပ်များကို ပစ်လွှင့်လိုက်သည်။ ရွန်းစာလိပ်များမှ အမျိုးမျိုးသော အစီရင်များက နတ်ဘုရားသားတော်ထံ ကျရောက်သွား၏။

ဤရွန်းစာလိပ်များက သူ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

မူလခန္ဓာ လုမင်က လျင်မြန်စွာ ဆုတ်ခွာသွားပြီး ကစဉ့်ကလျားနိယာမနှင့် လိုက်လျောညီထွေဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေသည်။

"သတ်"

နတ်ဘုရားသားတော်က ဟိန်းဟောက်လိုက်သည်။ ဓားအလင်းများ ဖြာထွက်လာပြီး မရေမတွက်နိုင်သော အစီရင်များ ပြိုကျသွားသည်။ ဓားအလင်းတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဒုတိယခန္ဓာဆီသို့ ထိုးဖောက်ဝင်ရောက်လာ၏။

ဒုတိယခန္ဓာလုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဒါဇင်ပေါင်းများစွာသော ကာကွယ်ရေးအလွှာများက သူ့ရှေ့တွင် ပေါ်လာသည်။ သို့သော်လည်း ဤအကာအကွယ်များက ဓားအလင်း၏ရှေ့တွင် စက္ကူတစ်ရွက်နှင့်မခြားပေ။ ၎င်းတို့က အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။

"ဝှစ်"

ဓားအလင်းက ဒုတိယခန္ဓာလုမင်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ အပေါက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

"ဆရာ..."

လုရှန်းရှန်းက မတ်တပ်ထရပ်ပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။

"ဂိုဏ်းတူညီလေး/မောင်လေး"

ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် လုံယွမ်ရှန်တို့လည်း လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် သွေးကြောများပင် ထောင်ထနေတော့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းက တိုက်ပွဲကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ယခုအခါ တိုက်ပွဲက အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေပြီ။

ဤတိုက်ပွဲက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။

ပထမတော့ လူတော်တော်များများက ဤတိုက်ပွဲဟာ သည်းထိတ်ရင်ဖိုစရာမရှိဘူးဟု ထင်ခဲ့ကြသည်။ နတ်ဘုရားသားတော်က လုမင်ကို အလွယ်တကူသတ်ပစ်နိုင်သည်ဟု သူတို့ထင်ခဲ့ကြ၏။

သို့သော်လည်း သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲက တကယ်စလာသောအခါ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်။

ဤတိုက်ပွဲက သည်းထိတ်ရင်ဖိုစရာများ ပြည့်နေ၏။ အစကတည်းက ရလဒ်ကို မည်သူမျှ ခန့်မှန်းလို့ မရပေ။ သူတို့နှစ်ဦးစလုံးက ဝှက်ဖဲများကို အဆက်မပြတ်အသုံးပြုကာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

ယခုအချိန်ထိ အဆုံးတွင် မည်သူက အနိုင်ရမည်ကို မည်သူမျှ မခန့်မှန်းနိုင်သေးပေ။

အားလုံးက အသက်ရှူရန်ပင် မေ့လျော့နေပြီး ရင်တဒိန်းဒိန်းခုန်နေခဲ့ကြသည်။

လူငယ်များလည်း စိတ်လှုပ်ရှားနေခဲ့ပေသည်။

ဤတိုက်ပွဲ၊ ဤတိုက်ပွဲက စစ်မှန်သည့် ပါရမီရှင်များကြားမှ တိုက်ပွဲ ဖြစ်သည်။

"ရွှပ်... ရွှပ်"

ဓားအလင်းက ဒုတိယခန္ဓာလုမင်၏ ရင်ဘတ်ကို ဖောက်ထွက်ကာ ပါးစပ်ထဲမှ သွေးအနည်းငယ် အန်ထွက်လာသည်။ သို့သော်လည်း သူ့မျက်လုံးအကြည့်များက တည်ငြိမ်နေဆဲပင်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထူထပ်သော ရွန်းစာလုံးများက လေထဲတွင် ပြည့်နေကာ ကြီးမားသော အစီရင်တစ်ခု ပေါ်လာသည်။

သူ့မျက်နှစ်ခုခုံးကြားတွင် ရွှေရောင်ဝိညာဉ်မီးက ပြင်းထန်စွာ လောင်ကျွမ်းနေ၏။ အစီရင်နိယာမကလည်း သူ့တစ်ကိုယ်လုံးစီးဆင်းနေသည်။ သူ၏ ဦးခေါင်းထက်တွင် ထိုက်ကျိအစီရင်ဓာတ်ပြားကလည်း စူးရှသော အလင်းရောင်ကို ထုတ်လွှတ်လာတော့သည်။

နောက်ထပ် ထိုက်ကျိအင်းကွက်တစ်ခု ပေါ်လာပြီး ယင်ယန်ငါး ဓားများအဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဘုရားသားတော်ကလည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများကို ထုတ်ဖော်လိုက်၏။ ဓားအလင်းတစ်ခုစီက သာမန် တောက်ပသော သူတော်စင်နယ်ပယ် တည်ရှိမှုကို အလွယ်တကူ သတ်ပစ်နိုင်သည်။

အစီရင်အားလုံးကို အလွယ်တကူ ဖျက်ဆီးခဲ့ပေသည်။

"ထန်... ထန်"

ယင်ယန်ငါး ဓားများက လွင့်စဉ်သွားသည်။ ဒုတိယခန္ဓာက လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ဓားအလင်းကြောင့် သူ၏လက်တစ်ဖက် ပြတ်သွားရသေးသည်။

သို့သော်လည်း ဒုတိယခန္ဓာက မူလခန္ဓာ၏ရှေ့တွင် ခိုင်မာစွာ ရပ်တည်နေပြီး အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့သည်။

"အား၊ သွားစမ်း"

နတ်ဘုရားသားတော်က အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ သူ၏ လျှို့ဝှက်ကျင့်စဉ်က အချိန်အကန့်အသတ်ရှိ၍ မနှောင့်နှေးနိုင်ပေ။

သို့သော်လည်း ဒုတိယခန္ဓာတွင် အဆုံးမဲ့နည်းလမ်းများရှိပြီး မူလခန္ဓာ၏ရှေ့မှ ပိတ်ရပ်ထားခဲ့သည်။ သူက မလိုလားသော်လည်း ခဏချင်း ရှေ့မဆက်နိုင်တော့ပေ။

"ရွှပ်"

ဓားချက်က ဒုတိယခန္ဓာကို ထပ်မံထိမှန်သွားသည်။ ဤတစ်ကြိမ်တွင် ဒဏ်ရာက ပိုကြီးမား၏။ သူ့ခါးကို ဖြတ်ခုတ်လိုက်ကာ ထက်ပိုင်းပြတ်လုနီးပါး ဖြစ်သွားတော့သည်။

"သေ"

နတ်ဘုရားသားတော်က ဟိန်းဟောက်ပြီး ဒုတိယခန္ဓာကို ဦးစွာချေမှုန်းရန် လှုပ်ရှားလိုက်သည်။

"မင်းက သေရမဲ့လူပဲ"

ထိုအခိုက်တွင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ဒုတိယခန္ဓာရှေ့တွင် လူရိပ်တစ်ခုက ရုတ်တရက်ပေါ်လာပြီး လက်သီးချက် ထုတ်ဖော်လိုက်၏။

"ဝုန်း"

လက်သီးချက်က ဓားအလင်းကို ထိမှန်ပြီး ဓားကို တုန်ခါသွားစေခဲ့သည်။ နတ်ဘုရားသားတော်လည်း ကြီးမားသော အင်အားတစ်ခုက သူ့ထံသို့ တိုးဝင်လာတာကို ခံစားလိုက်ရ၏။ သူက မဟန်နိုင်ဘဲ နောက်ဆုတ်သွားရတော့သည်။

ထိုပုံရိပ်က မူလခန္ဓာလုမင် ဖြစ်သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ကစဉ့်ကလျားနိယာမနဲ့ လိုက်လျောညီထွေရှိဖို့ အချိန်လိုအပ်တယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် လိုက်လျောညီထွေရှိနိုင်မှာလဲ"

နတ်ဘုရားသားတော်က မယုံကြည်နိုင်စွာ အော်လိုက်သည်။

အချိန်က တစ်မိနစ်မျှပင် မကြာသေးပေ။ လုမင်က တကယ်ပဲ အဆင်ပြေသွားပြီလား။

"အခြားသူတွေက အခြားသူတွေ... ငါက ငါပဲ၊ နတ်ဘုရားသားတော်... မင်း သေနေ့စေ့ပြီ"

လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့လက်ကိုဝှေ့ယမ်းကာ ဒုတိယခန္ဓာကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်၏။

ဒုတိယခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း အချိန်အတန်ကြာ အနားယူပြီးနောက် ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ယခုအခါ လုမင် တစ်ဦးတည်းဖြင့် အဆင်ပြေသွားပြီ။

ကစဉ့်ကလျားနိယာမက လုမင်၏ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် ဆဲလ်တိုင်းသို့ စီးဆင်းသွားသည်။ လုမင်က ယခုအချိန်တွင် သူ၏စွမ်းအားများက အလွန်တိုးတက်လာပြီဟု ခံစားမိပေသည်။

ပုံမှန်ဆိုလျှင်၊ လုမင်က ဤမျှမြန်မြန်ဆန်ဆန် လိုက်လျောညီထွေ မဖြစ်နိုင်ပေ။ သို့သော်လည်း လုမင်က ကစဉ့်ကလျားချီစွမ်းအင်ကို သန့်စင်ထားသောကြောင့် သူ့ခန္ဓာကိုယ်တွင် ကစဉ့်ကလျား ရောင်ဝါများ ပါရှိသည်။

ကစဉ့်ကလျားနိယာမက ကစဉ့်ကလျားချီနှင့် အလွန်ဆင်တူသောကြောင့် လုမင်ဟာ အလွန်လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

"မကောင်းဆိုးရွားပဲ၊ သူက တခြားသူတွေနဲ့ လုံးဝ မတူဘူး"

တစ်ယောက်ယောက်က အော်လိုက်သည်။

"မင်း ပြီးမြောက်သွားရင်တောင် ဘာဖြစ်လဲ။ ကစဉ့်ကလျားနိယာမကို သန့်စင်နိုင်ရင်တောင် ဘာဖြစ်သေးလဲ။ သူတော်စင်မဖြစ်သေးသရွေ့ မင်းဟာ ပုရွက်ဆိတ်ပဲ။ သတ်"

နတ်ဘုရားသားတော်က ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

"ဝုန်း"

လုမင်က လက်သီးတစ်ချက်ထုတ်ဖော်ကာ နတ်ဘုရားသားတော်၏ ဓားအလင်းကို ချေမှုန်းပစ်လိုက်သည်။ ထို့နောက် အနက်ရောင်ဓားနှစ်လက်က သူ့မျက်လုံးများမှ ထွက်ပေါ်လာပြီး နတ်ဘုရားသားတော်၏ မျက်ကြည်လွှာထဲသို့ ပြေးဝင်သွား၏။

"အား"

နတ်ဘုရားသားတော်မှာ နာကျင်စွာအော်ဟစ်ရင်း တကိုယ်လုံး တုန်လှုပ်သွားသည်။

ကစဥ့်ကလျားနိယာမက အဆင့်တက်ပြီး သူတော်စင်တစ်ပိုင်း တတိယအဆင့်သို့ ဖြတ်ကျော်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ၎င်းက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်ဖြစ်သော နတ်ဘုရားသားတော်နှင့် ညီမျှနေပြီ။ ထို့ကြောင့် နတ်ဘုရားသားတော်မှာ နတ်ဘုရားဓားကျင့်စဉ်၏ တိုက်ခိုက်မှုကို သဘာဝအတိုင်း မခံနိုင်တော့ပေ။

"နတ်ဘုရားတံခါးရဲ့တံဆိပ်ကိုးခု"

လုမင်က လက်ကွက်သင်္ကေတ ပြုလုပ်လိုက်သောအခါ တံဆိပ်တော်တံခါးကိုးပေါက် ပေါ်လာသည်။ ထို့နောက် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ကောင်းကင်တွင်ပေါ်လာပြီး နတ်ဘုရားသားတော်ကို ဖိနှိပ်လိုက်၏။

ကျင့်ကြံမှုအဆင့် ချိုးဖြတ်သွားပြီးနောက်၊ လုမင်၏ စွမ်းရည်များသည် အဘက်ဘက်မှ တိုးတက်လာခဲ့သည်။

"ချိုးဖျက်စမ်း"

နတ်ဘုရားသားတော်က သူ၏စိတ်ဝိညာဉ်မှ ပြင်းထန်သောဝေဒနာကို ခံရပ်ကာ ဟိန်းဟောက်လိုက်သည်။ သူက ဓားအလင်းများ ထုတ်ဖော်ပြီး တံဆိပ်တော်တံခါးကိုးပေါက်ကို ချိုးဖျက်လိုက်၏။ သို့သော်လည်း ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က ကျရောက်လာနေပြီ ဖြစ်သည်။ နတ်ဘုရားသားတော်မှာ အခွင့်အရေးမရှိတော့ဘဲ သူ၏ဓားဖြင့်သာ တားဆီးလိုက်ရသည်။

"ဒုန်း"

နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါပြီး ဒယီးဒယိုင်ဖြင့် နောက်ဆုတ်သွားရကာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။

All Chapters