← Chapters

အခန်း ၁၇၀၀

Vol. 114 Ch. 1700

အခန်း ၁၇၀၀

Vol. 114 Ch. 1700

အပိုင်း ( 1700 ) ဂိုဏ်းအားလုံး၏ အကျပ်အတည်း။

"သတ်"

ဝတ်ရုံနက်သူတော်စင်အချို့က ၎င်းတို့၏ ပြိုင်ဘက်များကို ကျော်ဖြတ်ကာ သူတော်စင်အဆင့်အောက် တပည့်များကို၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များကို တိုက်ခိုက်ကြသည်။

ဂိုဏ်းကြီးများမှ လူအများအပြားက တခဏချင်း အသတ်ခံခဲ့ရ၏။ နာကျင်စွာ အော်သံများက လေထဲတွင် ညံနေတော့သည်။

အခြေအနေက ရှုပ်ထွေးသွားသည်။

ဝတ်စုံနက်ဝတ် လူများ အများကြီးရှိပြီး သူတို့အားလုံးက သူတော်စင်များ ဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ မဟာသူတော်စင်များအားလုံးက တားဆီးခံထားရ၏။ ကျန်သော သူတော်စင်များက အင်အားစုကြီးအားလုံးမှ တပည့်များကို စတင် တိုက်ခိုက်ကြတော့သည်။

"ငရဲကိုသွားစမ်း"

ဝတ်စုံနက်ဝတ် လူတစ်ဦးက နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်များ၏ ကာကွယ်ရေးကို ဖြတ်ကျော်ကာ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များကို တိုက်ခိုက်လိုက်သည်။

"နောက်ဆုတ်ကြ"

ကျစ်ဖုန်းက အော်ဟစ်ပြီး တခြားသူများရှေ့တွင် ဝင်ရပ်လိုက်၏။

"သတ်"

လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ လေမိုးကြိုးခြေလှမ်းဖြင့် သူက နဂါးနတ်ဘုရားတောင်ကြား၏ ပရိသတ်စင်မြင့်ဆီသို့ ပြေးသွားသည်။ နတ်ဘုရားသားတော်၏ မဟာသူတော်စင်လက်နက် ဓားက သူ့လက်ထဲတွင် ပေါ်လာပြီး ဝတ်စုံနက်ဝတ် သူတော်စင်ကို ထိုးခုတ်လိုက်၏။

"ဝုန်း"

ဝတ်စုံနက်ဝတ် ထိုလူက အစောပိုင်းအဆင့်ရှိ တောက်ပသော သူတော်စင်တစ်ဦးသာဖြစ်၍ လုမင်၏လက်တွင် တစ်ချက်တည်းဖြင့် သေဆုံးသွားတော့သည်။

"ဝှစ်... ဝှစ်"

ထိုအချိန်တွင် လူတစ်ဒါဇင်ကျော်က စန်းတောင်မှ ပြေးထွက်လာကြသည်။ သူတော်စင်များပင် ဖြစ်၏။ အားလုံးက အင်အားစုကြီးများကို ရည်ရွယ်ထားပြီး တချို့မှာ နဂါးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်လာတော့သည်။

တစ်ဖက်ရန်သူများက အင်အားပိုများနေသည်။ မဟာသူတော်စင်များအပါအဝင် သူတော်စင်များ ခြောက်ဆယ်ကျော်ရှိ၏။ ယင်းက အင်အားစုကြီးများထက် ပို၍သာလွန်သည်။

တစ်ဖက်လူများက ကြိုတင်စီစဉ်ထားကြောင်း ထင်ရှားသည်။ တင်းပေါင်ညီလာခံအတွက် စန်းတောင်ထိပ်တွင် အင်အားစုကြီးများက စုဝေးသောအခါ၊ ၎င်းတို့က စန်းတောင်တဝိုက်တွင် ပုန်းအောင်းနေခဲ့ကြသည်။ ထို့နောက် ရုတ်တရတ် တိုက်ခိုက်ခဲ့ကြခြင်းပင်။

"ထွက်သွား"

လုမင်၏ ဒုတိယဆရာတူအစ်ကို ဆရာတူအစ်ကိုနှင့် တတိယ ဆရာတူအစ်ကို ရန်ထျန်းကျုံးအပါအဝင် နဂါးနတ်ဘုရားတောင်ကြားရှိ သူတော်စင်များက ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။

ရန်ထျန်းကျုံး၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ ဝတ်ရုံနက် သူတော်စင်နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်၏။

သို့သော်လည်း ရန်သူ သူတော်စင်များက အရေအတွက် အသာစီးရသည်။ တစ်ယောက်က လူများကိုဖြတ်ကျော်ပြီး လုမင်နှင့် အခြားသူများကို တိုက်ခိုက်လာတော့သည်။

"ငရဲကိုသွားစမ်း"

လုမင်က နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုကာ အော်ဟစ်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သို့သော်လည်း သူ့မျက်လုံးများမှ ဓားအလင်းနှစ်ခု ထွက်လာပြီး လုမင်ကို တန်ပြန်တိုက်ခိုက်လိုက်၏။

'နတ်ဘုရားဓားကျင့်စဉ်'

လုမင် အံ့သြသွားသည်။

တစ်ဖက်လူကလည်း နတ်ဘုရားဓားကျင့်စဉ်ကို အသုံးပြုခဲ့သည်။ ဤလူများက မိစ္ဆာဝိညာဉ်ဂိုဏ်းမှ လူများပင်။

သို့သော်လည်း လုမင်၏ လက်ရှိ ဝိညာဉ်စွမ်းအားက အလွန်ပင် အားကောင်းသည်။ သူ့တွင် နတ်ဘုရားဝိညာဉ် ကာကွယ်ရေးရတနာလည်း ရှိ၏။ သူက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ လုမင်က မရပ်တန့်သွားဘဲ တစ်ဖက်ရန်သူကို ဓားဖြင့် ထိုးခုတ်လိုက်တော့သည်။

"ထန်"

လုမင်၏ဓားက ရန်သူ၏ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။

တစ်ဖက်လူက တောက်ပသောသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ဖြစ်သော်လည်း လုမင်၏ လက်ရှိအင်အားသည် အလွန်ကြီးမား၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး အမြောက်ဆံကဲ့သို့ တိုက်ရိုက် လွင့်စဉ်သွားတော့သည်။

"သေစမ်း"

ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ရန်ထျန်းကျုံးက သူ့လက်သည်းဖြင့် ကုပ်ဆွဲလိုက်သည်။ ကြီးမားသော နဂါးလက်သည်းကြီးတစ်ဖက် ပေါ်လာပြီး ထိုသူတော်စင်ကို ဆုပ်ဖြဲပစ်လိုက်တော့သည်။

"ဂိုဏ်းတူတို့... မခုခံကြနဲ့။ ငါ့ရဲ့ တောင်နဲ့မြစ် ပန်းချီကားထဲကို ဝင်လိုက်ကြချေ"

လုမင်က အော်ပြောလိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ တောင်နှင့်မြစ်ပန်းချီကားက ပျံထွက်လာ၏။ အလင်းရောင်များ ဖြာထွက်လာပြီးနောက် ထျန်းချွေး၊ ရွယ်နင်ရှင်း၊ လုရှန်းရှန်းနှင့် နဂါးနတ်ဘုရားတောင်ကြား၏ အခြားတပည့်များအားလုံးကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ စုပ်ယူလိုက်တော့သည်။

ရန်သူဘက်တွင် သူတော်စင်များက များလွန်းသည်။ သူတော်စင်အဆင့်အောက် ရောက်နေသူများက ခံနိုင်ရည်မရှိသလောက်ပင်။ သူတို့က တိုက်ပွဲအတွင်း၌ အလွယ်တကူ သေဆုံးသွားနိုင်သောကြောင့် အကုန်လုံးကို ခေါ်ထားလိုက်တာ ပိုကောင်းသည်။

နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များကို ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသောအခါ နဂါးနတ်ဘုရားတောင်ကြားမှ သူတော်စင်များ၏ တိုက်ခိုက်မှုများက ပိုထိရောက်လာသည်။ ထိုနည်းဖြင့် နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များကို တပည့်များကို ဂရုစိုက်နေစရာမလိုတော့ပေ။

နဂါးနတ်ဘုရားတောင်ကြားက မည်သည့်ဆုံးရှုံးမှုမှ မခံစားခဲ့ရသော်လည်း အခြားဂိုဏ်းများမှာ ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ကြရသည်။

ဝတ်စုံနက်ဝတ် ရန်သူများက သူတော်စင်အဆင့်အောက်ရှိလူငယ်များကို ပို၍ အာရုံစိုက်ထားပုံပင်။ တချို့က ထိုးဖောက်ပြီး လူငယ်များကို တိုက်ခိုက်သည်။ အင်အားစုကြီးများ အားလုံးက အသေအပျောက်များ များစွာခံစားခဲ့ရပေသည်။

"ငါတို့ သူတို့ကို ချုပ်ထားလိုက်မယ်။ မင်းတို့ အရင်ထွက်သွားတော့"

တစ်စုံတစ်ယောက်က အော်လိုက်သည်။

"သူတို့ကို တားဆီးထားကြ"

အင်အားစုကြီးအသီးသီး၏ မဟာသူတော်စင်များက အင်အားအပြည့် ပေါက်ကွဲပြီး ဝတ်စုံနက်ဝတ် သူတော်စင်များကို ချုပ်နှောင်ကာ လူငယ်လေးများ လွတ်မြောက်စေနိုင်ရန် ကြိုးစားလိုက်ကြသည်။

"သွား... သွား... သွား"

သူတော်စင်အဆင့်အောက်မှ တပည့်များက စန်းတောင်ပေါ်မှ ပြေးထွက်သွား၏။

သို့သော်လည်း သူတို့ ဝေးဝေးမပြေးနိုင်မီတွင် စန်းတောင်အပြင်မှ တိုက်ခိုက်မှုများ ဆက်တိုက် ထွက်ပေါ်လာသည်။ ခဏချင်းမှာပင် လူငယ်များ အတော်များများ အသတ်ခံခဲ့ရတော့သည်။

"ဝှစ်... ဝှစ်"

နောက်ထပ် ပုံရိပ်များက စန်းတောင်အပြင်မှ ပေါ်လာကြသည်။ လူများက ရေပက်မဝင်အောင် ကောင်းကင်တွင် ပြည့်နေတော့သည်။

သို့သော်လည်း ဤလူများကတော့ သူတော်စင်များ မဟုတ်ကြပါ။ သူတို့အားလုံးက သူတော်စင်တစ်ပိုင်းများနှင့် အဆင့်မြင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။

ဤလူများက အင်အားစုကြီးများမှ တပည့်များနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပေသည်။

ရုတ်တရက်၊ ကောင်းကင်တွင် မိစ္ဆာဆန်သော ဝတ်စုံနက်ဝတ် လူငယ်တစ်ယောက် ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခုက ခိုတွဲနေ၏။

သူ့နောက်မှာတော့ ထွားကျိုင်းသော လူလတ်ပိုင်းအမျိုးသားလေးယောက် ရပ်နေသည်။ သူတို့၏ အရှိန်အဝါများက ရိုင်းစိုင်းပြီး ကြောက်စရာကောင်း၏။ သူတို့က သာမန်သူတော်စင်များထက် အဆပေါင်းများစွာ အားကောင်းသည်။

မိစ္ဆာဆန်သော လူငယ်လေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က လုမင်အပေါ်ကို ကျရောက်လာ၏။ အေးစက်သော သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးထဲတွင် ပေါ်လာတော့သည်။

"သူ့ကို သတ်​နိုင်တဲ့သူ ဆုချီးမြှင့်ခံရမယ်"

မိစ္ဆာဆန်ဆန် လူငယ်က လုမင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ သူ့အသံကို နေရာအနှံ့မှကြားရ၏။

ဝတ်စုံနက်ဝတ် သူတော်စင်အများအပြားက လုမင်ကို ကြည့်လိုက်ကြသည်။

"သတ်"

"ဒီကောင်က ငါ့အတွက်ပဲ"

ရုတ်တရက်၊ ဝတ်စုံနက်ဝတ် သူတော်စင်များစွာက လုမင်ထံ ပြေးလာကြတော့သည်။

"မင်းတို့အားလုံး ထွက်သွားကြစမ်း"

ရန်ထျန်းကျုံးက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က အစစ်အမှန်နဂါးကြီးအဖြစ် ပြောင်းလဲသွားတော့မည်ကဲ့သို့ နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထား၏။ သူ့ကိုယ်သူ ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ရန်သူများက အများကြီးရှိသည်။ ရန်ထျန်းကျုံးက သန်မာသော်လည်း အားလုံးကို မတားဆီးနိုင်ပေ။

လူတချို့က လုမင်ဆီသို့ ပြေးသွားကြသည်။

"ဆရာတူညီလေး... သတိထား"

ရန်ထျန်းကျုံးနှင့် လုံယွမ်ရှန်က အော်ဟစ်သတိပေးလိုက်သည်။

"သတ်"

လုမင်က ဟိန်းဟောက်လိုက်၏။ သူက ကစဉ့်ကလျားနိယာမကို ဖြန့်ကျက်ပြီး ဓားကိုမြှောက်ကာ ခုတ်ပိုင်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူ့ပခုံးပေါ်၌ ပူဖောင်းလေး ပေါ်လာသည်။

ယခုကဲ့သို့ သေခြင်းရှင်ခြင်း တိုက်ပွဲအတွင်းမှာတော့ ပူဖောင်းလေးကို မျှော်စင်အတွင်းသို့ ထည့်မထားနိုင်တော့ပါ။ မျှော်စင်အတွင်း၌ ပုန်းအောင်းနေခြင်းက ပူဖောင်းလေး၏ အင်အားကို သက်ရောက်မှုရှိစေသည်။

ပူဖောင်းလေးက သူ၏ လက်သေးသေးလေးကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ ကြည်လင်သော ပူဖောင်းများပေါ်လာပြီး ဝတ်စုံနက်ဝတ် သူတော်စင်သုံးဦးကို ဖုံးအုပ်သွား၏။ ဝတ်စုံနက်ဝတ် သူတော်စင်သုံးဦးက လေထဲတွင် အေးခဲသွားတော့သည်။

လုမင်က ရှေ့သို့တိုးလာပြီး သူ၏ ဓားဖြင့် ခုတ်လိုက်သည်။ ဝတ်စုံနက်ဝတ် သူတော်စင်နှစ်ဦးက ချက်ချင်း အသတ်ခံခဲ့ရ၏။ တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်မှ လူတစ်ဦးက အရေးကြီးသော အခိုက်အတန့်တွင် ပွင့်လင်းမြင်သာသော ပူဖောင်းကို ချိုးဖောက်နိုင်ခဲ့သည်။ သူက လုမင်၏ တိုက်ခိုက်မှုကို တားဆီးခဲ့ကာ လွင့်စဉ်သွားရသည်။

"အမှိုက်ပဲ၊ ထပ်သွားလိုက်စမ်း။ အဲဒီလူ သေရမယ်"

မိစ္ဆာဆန်သော လူငယ်လေး၏အသံက ထပ်မံ ထွက်ပေါ်လာသည်။ သူက လုမင်ကို အတော်ပင် သတ်ချင်နေပုံရ၏။

လုမင်လည်း ထိုလူငယ်ကို လှမ်းကြည့်လိုက်ပြီးနောက် အံ့ဩသွားသည်။

လုမင်က ထိုလူငယ်ကို မသိသော်လည်း သူ့မျက်လုံးများ၏ အကြည့်ကိုတော့ မှတ်မိနေသေးသည်။

"မိစ္ဆာဝိညာဉ်အကြီးအကဲ၊ မင်းက မိစ္ဆာဝိညာဉ်အကြီးအကဲပဲ"

လုမင်က အော်ဟစ်လိုက်သည်။

မိစ္ဆာဆန်ဆန် လူငယ်၏ အမူအရာက ပြောင်းသွားလဲသွားသည်။ ထို့နောက် သူက လှောင်ပြောင်လိုက်၏။

"ကောင်လေး၊ မင်းရဲ့မှတ်ဉာဏ်က မဆိုးပါဘူး။ မင်းရဲ့ ကျင့်ကြံမှုကလည်း နှစ်အနည်းငယ်အတွင်းမှာ ဒီအဆင့်အထိ တက်လာဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းက ပိုပြီးတော့ သေသင့်နေပြီ"

တစ်ဖက်လူက တကယ်ကို မိစ္ဆာဝိညာဉ်အကြီးအကဲ ဖြစ်သည်။

ထိုအချိန်က လုမင်သည် နဂါးနတ်ဘုရားတောင်ကြားသို့ ဝင်ရောက်ခဲ့ပြီး မကြာမီပင် တာဝန်တစ်ခုကို ရင်ဖုန်းက စီစဉ်ပေးခဲ့သည်။ ထိုတာဝန်တွင် လုမင်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မိစ္ဆာဝိညာဉ်အကြီးအကဲနှင့် တွေ့ဆုံခဲ့ပေသည်။

အဆုံးတွင်၊ သူက မိစ္ဆာဝိညာဉ်အကြီးအကဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေကာ သူ၏ ရုပ်န္ဓာကို ဖျက်ဆီးရန် ငရဲဖိနှိပ်ကျောက်စာချပ်ကို အသုံးပြုခဲ့သော်လည်း သူ၏ဝိညာဉ်ကတော့ လွတ်မြောက်သွားခဲ့သည်။

ဤမိစ္ဆာဆန်ဆန်လူငယ်လေးက ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ပြန်လည်မွေးဖွားလာခဲ့သည့် မိစ္ဆာဝိညာဉ်အကြီးအကဲ၏ ဝိညာဉ် ဖြစ်ရမည်။

"မိစ္ဆာဝိညာဉ်ဂိုဏ်းဟေ့... တစ်ဖက်ရန်သူတွေက မိစ္ဆာဝိညာဉ်ဂိုဏ်းက"

လုမင်က အားထည့်၍ အော်ဟစ်လိုက်ရာ သူ့အသံက နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

လူများစွာတို့ တုန်လှုပ်သွား၏။ ရန်သူများက မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ သူတို့က ဂိုဏ်းပေါင်းစုံကို တပြိုင်နက်တည်း တိုက်ခိုက်ကြတာ အံ့သြစရာ မဟုတ်တော့ပေ။

"ဒါကို မင်းသိရင်တောင် ဘာဖြစ်လဲ။ ဒီနေ့ မင်းတို့အားလုံး ထွက်သွားလို့မရဘူး"

မိစ္ဆာဝိညာဉ်အကြီးအကဲက လှောင်ပြောင်လိုက်သည်။

All Chapters