အခန်း ၁၇၀၅
Vol. 114 Ch. 1705
အပိုင်း ( 1705 ) တစ်နှစ်ကြာပြီးနောက်။
"လုမင်၊ သိပ်ပြီး မလွန်လာနဲ့။ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်က မင်းတွေ့ချင်တိုင်း တွေ့နိုင်တဲ့သူ မဟုတ်ဘူး။ မင်း အခုထွက်သွားသင့်တယ်"
လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ့လေသံက ပို၍ ခက်ထန်လာသည်။
"ငါက တောင်းဆိုခဲ့ပေမဲ့ မင်းတို့က ငါ့ကို တားဆီးနေကြတာပဲ။ ဒီလိုဆိုမှတော့ ငါကိုယ်တိုင်ပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဝင်တွေ့ရတော့မယ်"
လုမင်၏ မျက်နှာမှာလည်း အေးစက်နေပြီး သည်းမခံနိုင်တော့ပေ။
"ဒုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ထံမှ အစွမ်းထက်သော ရောင်ဝါက လူငယ်နှစ်ယောက်ကို တုန်လှုပ်သွားစေ၏။
"လုမင်၊ မင်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ရိုင်းပြဝံ့တာလား"
"မင်း သေချင်နေတာပဲ"
လူငယ်နှစ်ယောက်က အော်ပြောလိုက်သော်လည်း လုမင်ကို မတားဝံ့ဘဲ အမြန်ပြန်ဆုတ်သွားကြလေသည်။
ထိုအချိန်တွင် အဝေးမှ လေတိုးသံများ ထွက်ပေါ်လာသည်။ မော့ယန်ဦးဆောင်သော လူငယ်အများအပြား ပျံသန်းလာနေကြ၏။
"ဘာတွေဖြစ်နေတာလဲ။ လုမင်... မင်းပဲလား"
မော့ယန်က အော်ဟစ်ပြီး တစ်ချက်ဝေ့ကြည့်လိုက်သည်။ လုမင်ကို မြင်လိုက်ရသောအခါ သူ့အမူအရာက ပြောင်းလဲသွား၏။
"ဂိုဏ်းတူအစ်ကို မော့ယန်၊ လုမင်က သူတော်စင်ငယ်နျန်ချင်းနဲ့ တွေ့ချင်နေတယ်။ သူတော်စင်နျန်ချင်းက တံခါးပိတ်လေ့ကျင့်နေလို့ ဧည့်သည်လက်မခံဘူးလို့ ကျုပ်ပြောပါသေးတယ်။ ဒါပေမဲ့ သူက အတင်းဝင်ချင်နေတာ"
လူငယ်တစ်ယောက်က အော်လိုက်သည်။
"လုမင်၊ မင်း အတင့်ရဲလှချေလား။ မင်းမှာ ခွန်အားနည်းနည်းရှိတာနဲ့ လုပ်ချင်တာလုပ်နိုင်မယ်လို့ မထင်နဲ့။ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ မောက်မာချင်ရင် ဝေးသေးတယ်"
မော့ယန်က အေးစက်စက် မျက်နှာထားဖြင့် ကြိမ်းမောင်းလိုက်သည်။
"အိုး... ဒါဆိုရင် မင်းက ငါ့ကို တိုက်ခိုက်ချင်နေတာလား"
လုမင်က ရှေ့ကိုတိုးလာပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
"မင်း..."
မော့ယန် မျက်နှာပျက်သွား၏။ သူ့မျက်လုံးများထဲတွင် ကြောက်လန့်တကြား ထပ်ခါထပ်ခါ နောက်ပြန်ဆုတ်သွားသည်။
လုမင်နှင့် တိုက်ခိုက်ရမှာလား။
နောက်နေခြင်းသာ ဖြစ်ရမည်။ လုမင်သည် သူ့ကို တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်စွမ်းရှိ၏။ သူက မည်သို့ဝံ့ရဲပါမည်နည်း။
"မင်းမတိုက်ခိုက်ဝံ့ရင် ထွက်သွားစမ်း။ ငါက ကောင်းကင်နတ်ဆိုးဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ချင်တယ်"
လုမင်က လှောင်ပြောင်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
"ရပ်လိုက်"
ထိုအချိန်တွင် အသံတစ်ခုကြားရပြီး ကြီးမားသော ဖိအားတစ်ခုက လုမင်အပေါ်သို့ ကျရောက်လာကာ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်၏။
ထို့နောက်တွင် အနက်ရောင်အလင်းတစ်ခု လင်းလက်လာပြီး လှပသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက လုမင်၏ရှေ့တွင် ပေါ်လာတော့သည်။
"ဆရာ"
ထိုအမျိုးသမီးကို မြင်သောအခါ မော့ယန်၏ မျက်နှာက ဝင်းပသွားပြီး အလျင်စလို ဦးညွတ်လိုက်သည်။
ဤလှပသော သက်လတ်ပိုင်းအမျိုးသမီးက ရှဲ့နျန်ချင်း၏ ဆရာဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။
"လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"
လုမင်က တည်ငြိမ်သောအမူအရာဖြင့် လက်ယှက်ပြလိုက်သည်။
"ဆရာ၊ ဒီလုမင်က မောက်မာပြီး ရိုင်းပြတယ်။ သူက ကျွန်တော်တို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သူ့မျက်လုံးထဲမှာ လုံးဝမထည့်ထားဘူး။ သူက ကောင်းကင်စနတ်ဆိုးဂိုဏ်းထဲကို အတင်းဝင်စီးချင်နေတာ။ ဆရာ... ကျေးဇူးပြုပြီး သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်ပါ"
မော့ယန်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တို့ လင်းလက်သွားကာ ပြောလိုက်သည်။
လုမင်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဤအတိုင်းလာရောက်ခဲ့ခြင်း ဖြစ်သည်။ ဒေသတစ်ခု၏ အုပ်စိုးသူဖြစ်သည့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့ကို တိုက်ခိုက်မည်ဟု သူ မယုံခဲ့ပေ။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် နဂါးနတ်ဘုရားတောင်ကြားတို့အကြား စစ်ပွဲတစ်ခု ဖြစ်လာနိုင်သည်။
"အင်း၊ ငါဒီအကြောင်းသိပြီးပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်ပြီး မော့ယန်ကို ဘေးဖယ်ခိုင်းလိုက်သည်။ ထို့နောက် သူမက လုမင်ကိုကြည့်ပြီး ပြောလိုက်၏။
"မင်းက နျန်ချင်းကိုတွေ့ဖို့ လာရောက်ခဲ့တာ မဟုတ်လား"
"ဟုတ်ပါတယ်၊ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်က ကျနော်အတွက် အကြောင်းကြားပေးပါဦး"
လုမင်က ပြောလိုက်သည်။
"မင်း နျန်ချင်းကိုတွေ့ချင်ရင် အချိန်တစ်ခုအတွင်း မဖြစ်နိုင်တော့မှာကို ကြောက်ရတယ်။ သူက တံခါးပိတ်လေ့ကျင့်ပြီး သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ အာရုံစိုက်နေတယ်။ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေရဘူး"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
"သူတော်စင်နယ်ပယ်ကို အဆင့်တက်တော့မှာလား"
လုမင်က ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် သူ တံခါးပိတ်လေ့ကျင့်တာ ပြီးဆုံးဖို့ အချိန်ဘယ်လောက်ကြာနိုင်မလဲ"
"ပြောရခက်တယ်၊ အနည်းဆုံး တစ်နှစ်ကနေ သုံးနှစ်... ငါးနှစ်အထိ ကြာနိုင်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်သွားပါတော့။ နျန်ချင်းက တံခါးပိတ်လေ့ကျင့်ရာကနေ ထွက်လာတဲ့အခါ မင်းကိုလာတွေ့ဖို့ ငါပြောလိုက်မယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ့နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်များ အမြဲရှိနေ၏။
လွန်ခဲ့သော သုံးနှစ်ကျော်က အဖြစ်အပျက်များသည် သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အပြန်လမ်းတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အပေါ်တွင်၊ ထိုအမဲလိုက်ခြင်းက ငယ်ရွယ်သူများကြားမှ မနာလိုစိတ်ကြောင့်ဟု ထင်ရသော်လည်း လုမင်ကတော့ ထိုမျှမရိုးရှင်းကြောင်း ခံစားခဲ့ရပေသည်။
သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ပြောသော စကားများက အပြစ်ကင်းစင်ကာ ချေပရန် အကြောင်းပြချက် ရှာမတွေ့ပေ။ သူက ရှဲ့နျန်ချင်းကို တွေ့ရန် အတင်းအကြပ် ပြောခဲ့မည်ဆိုလျှင်၊ သူက ရှဲ့နျန်ချင်း၏အကျိုးကို မတွေးပေးသလို ဖြစ်နိုင်သည်။
"ဒါဆိုရင် ကျွန်တော် အရင်သွားပါဦးမယ်။ နျန်ချင်း တံခါးပိတ်လေ့ကျင့်မှု ပြီးဆုံးရင်သာ ကျေးဇူးပြုပြီး သတင်းပို့ပေးပါ"
လုမင်က ပြောလိုက်သည်။
"ကောင်းပြီ"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်"
လုမင်လည်း လက်ယှက်ပြပြီး လှည့်ထွက်သွားကာ မျက်လုံးတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဆရာ၊ ဒီကောင်လေးကို အခွင့်ရေးယူပြီး ဘာဖြစ်လို့ မလှုပ်ရှားလိုက်တာလဲ။ ဒါမှမဟုတ် ဒီကောင်လေးကို လမ်းတစ်ဝက်မှာသတ်ဖို့ ကျွမ်းကျင်သူတချို့ကို စေလွှတ်လိုက်ရမလား။ မဟုတ်ရင် သူက ကောင်းကင်နတ်ဆိုးဂိုဏ်း အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်"
မော့ယန်က ခပ်တိုးတိုး ပြောလိုက်သည်။
"လုမင်ရဲ့ လက်ရှိအောင်မြင်မှု၊ အရည်အချင်းတွေအရ နဂါးနတ်ဘုရားတောင်ကြားရဲ့ ကျွမ်းကျင်သူတွေက သူ့ကို စိတ်မပူဘဲ အပြင်ထွက်ခွင့်ပေးမယ်လို့ ထင်နေတာလား"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောသည်။
မော့ယန်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။
"ဆရာ၊ လုမင်ကို လျှို့ဝှက်ကာကွယ်ထားတဲ့ ပညာရှင်တွေရှိတယ်လို့ ပြောချင်တာလား"
"အမှန်ပဲ၊ ဒီအချိန်မှာ ခြုံပုတ်ကိုရိုက်ပြီး မြွေကိုလန့်စေလို့ မဖြစ်ဘူး။ ပြန်ကြရအောင်"
ထိုသို့ပြောပြီးနောက်တွင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က နေရာမှ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ထွက်လာပြီးနောက် လုမင် မျက်မှောင်ကြုတ်နေသည်။ ဤကိစ္စက အလွန်ထူးဆန်းသည်ဟု သူ အမြဲတမ်းခံစားမိသော်လည်း အဖြေကိုတော့ မစဉ်းစားနိုင်သေးပေ။
'ငါ အတွေးလွန်တာလို့ပဲ မျှော်လင့်ပါတယ်။ နျန်ချင်း တံခါးပိတ်လေ့ကျင့်မှုကနေ ထွက်လာတာကိုပဲ အရင် စောင့်ရအောင်'
လုမင်က နဂါးနတ်ဘုရားတောင်ကြားဆီသို့ ဦးတည်ရင်း သူ့စိတ်ထဲမှ တွေးနေမိသည်။
နဂါးနတ်ဘုရားတောင်ကြားသို့ ပြန်ရောက်ပြီးနောက်၊ လုမင်က သူ၏အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေရန်နှင့် သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ရန် ပြင်ဆင်လိုက်လေသည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တင်းပေါင်ညီလာခံပြီးလို့ တစ်နှစ်ကျော်သွားပြီ။
ယခုနှစ်အတွင်း၊ စန်းပြည်နယ်ရှိ အဓိကအင်အားစုကြီးများက အလွန်ငြိမ်းချမ်းခဲ့ပြီး စန်းပြည်နယ်တစ်ခုလုံး ရှားရှားပါးပါး တည်ငြိမ်ရေးကာလသို့ ဝင်ရောက်ခဲ့သည်။
ထို့ပြင် အင်အားစုကြီးများမှ ကျွမ်းကျင်သူများအားလုံး ပျောက်ကွယ်သွားပုံရ၏။ သတ္တမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အောက်ရှိ မျိုးဆက်သစ်လူငယ်အချို့ကသာ စွန့်စားခန်းထွက်ရန် သွားလာတတ်ခဲ့သည်။
.........
နဂါးနတ်ဘုရားတောင်ကြားရှိ နှင်းတောင်ကြီးတစ်ခု၏ တောင်ထိပ်တွင်...
တောက်ပသောမျက်လုံး၊ ဖြူစင်သောသွားနှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သေု အသားအရည်ရှိသော ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက တောင်ထိပ်ပေါ်တွင် သိုင်းကစားနေသည်။ သူမ၏ လက်ထဲတွင် ပျော့ပျောင်းသောကြာပွတ်ကို ကိုင်ဆောင်ထားပြီး အပြောင်းအလဲအမျိုးမျိုးကို ထုတ်ဖော်လျက်ရှိ၏။
အံ့ဖွယ်အကောင်းဆုံးမှာ မိန်းကလေး၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အငွေ့အသက်များ ထွက်လာပြီး နှင်းတောင်ထိပ်ကို ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ သစ်ပင်ပန်းမန်တို့ လုံးဝမရှိသည့် ကြီးမားကျယ်ပြန့်သော နှင်းတောင်ထိပ်တွင် သစ်ပင်ငယ်များနှင့် မြက်ပင်များလည်း ပေါက်ရောက်နေတော့သည်။
စိမ်းလန်းသော သစ်ပင်၊ မြက်ပင်များက လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ မကြာမီ၊ နှင်းတောင်ထိပ်ကို စိမ်းလန်းသောအပင်များနှင့် လတ်ဆတ်သော ပန်းပွင့်များက ဖုံးလွှမ်းသွား၏။
"ဝှစ်"
ထို့နောက်တွင် ကြာပွတ်ရိုက်သံ ရပ်တန့်သွားသည်။ မိန်းကလေးက ဘေးနားတွင်ထိုင်နေသာ ဝတ်စုံနက်ဝတ် လူငယ်လေးကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်ကာ ပြောလိုက်လေသည်။
"ဆရာ၊ ရှန်းရှန်းရဲ့ ကျင့်ကြံမှုကို ဘယ်လိုထင်လဲ"
"မဆိုးပါဘူး၊ မင်းရဲ့ တာအိုနယ်မြေ သိုင်းပညာက တတိယအဆင့်အထိ ရောက်နေပြီ"
ဝတ်စုံနက်ဝတ် လူငယ်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများမှာတော့ အံ့သြခြင်း အရိပ်အယောင်များ ရှိနေသေးသည်။
ဝတ်စုံနက်ဝတ် လူငယ်လေးက သဘာဝအတိုင်း လုမင် ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က၊ လုမင်သည် မျိုးနွယ်စုတစ်ရာ စစ်မြေပြင်မှ ပြန်လာသောအခါ သူမ၏ ကျင့်ကြံမှုက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့သော ရောက်ရှိသေးသည်။ သို့သော်လည်း လုရှန်းရှန်းက ယခုအခါ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ရက်ကပင် သူမက ပထမအလွှာ သိုင်းအုပ်ချုပ်နယ်ပယ်သို့ ဖြတ်ကျော်သွားသောကြောင့် လုမင်ကိုယ်တိုင် သူမကို တာအိုနယ်မြေသိုင်းပညာတစ်ခု သင်ကြားပေးခဲ့သည်။ လုရှန်းရှန်းက တာအိုနယ်မြေသိုင်းပညာကို ဆယ်ရက်အတွင်း တတိယအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည်မှာ အံ့သြစရာပင်။ သူမ၏ နားလည်နိုင်စွမ်းက အံ့အားသင့်ဖွယ်ကောင်းလှသည်။
တစ်နှစ်ကျော်အတွင်းမှာပင် သူက ပထမအလွှာ ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ပထမအလွှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွား၏။ ထိုကဲ့သို့ အရှိန်အဟုန်ကို ထိတ်လန့်ဖွယ်ရာအဖြစ်သာ ဖော်ပြနိုင်သည်။ ဟုတ်သည်၊ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ... အဆင့်တက်ရန် ခက်ခဲလေဖြစ်ပြီး အချိန်ပို၍ လိုအပ်လေလေပင်။
ဥပမာအားဖြင့်၊ လုမင်ဆိုလျှင်လည်း သူတော်စင်တစ်ပိုင်း တတိယအဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ သူက သူတော်စင်နယ်ပယ်သို့ မချိုးဖြတ်နိုင်သေးပေ။