အခန်း ၁၇၁၀
Vol. 114 Ch. 1710
အပိုင်း ( 1710 ) မူလခန္ဓာနှင့် ဒုတိယခန္ဓာ ပေါင်းစည်းခြင်း။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက အမွှာအသက်တားမြစ်ကျင့်စဉ်ကို ပြိုင်တူအသက်သွင်းလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အချင်းချင်း ပဲ့တင်ထပ်နေသကဲ့သို့ တောက်ပနေ၏။ တဖြည်းဖြည်း၊ မူခန္ဓာနှင့် ဒုတိယခန္ဓာတို့က ထပ်တူကျနေသကဲ့သို့ ပေါင်းစပ်လာတော့သည်။
ဟုတ်သည်၊ ဤလုပ်ငန်းစဉ်က နှေးကွေးပြီး ခဏချင်း မပြီးမြောက်နိုင်ပေ။ အချိန်လိုအပ်သည်။
နောက်ဆုံးတွင်၊ ပေါင်းစပ်ခြင်းက ရုပ်ခန္ဓာတစ်ခုတည်း မဟုတ်ပေ။ စိတ်ဝိညာဉ်နှင့် ကျင့်ကြံမှု၊ စသည်တို့လည်း ပါဝင်သည်။ ယင်းက အလွန်ရှုပ်ထွေးပေသည်။
အချိန်များ ကုန်လွန်လာပြီး တစ်ရက်ပြီးတစ်ရက် ကြာသွားသည်။
နဂါးနတ်ဘုရားတောင်ကြား အပြင်ဘက်မှာတော့ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က တပ်စွဲထားဆဲပင်။ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းတို့ကို တားဆီးကာ နဂါးနတ်ဘုရားတောင်ကြားကို ဝိုင်းရံထားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာသွားပြီ။
ဂိုဏ်းသုံးခုက နဂါးနတ်ဘုရားတောင်ကြား အပြင်ဘက်တွင် တပ်စွဲထားဆဲ ဖြစ်သည်။ သူတို့က ထွက်ခွာသွားရန် ရည်ရွယ်ချက်ရှိပုံမရပေ။
တစ်ချိန်တည်းမှာပင် နဂါးနတ်ဘုရားတောင်ကြားရှိ လေထုက ပို၍ တင်းမာလာသည်။
ဂိုဏ်းသုံးဂိုဏ်းက ထွက်ပေါက်ကို ပိတ်ဆို့ထားလျှင် နဂါးနတ်ဘုရားတောင်ကြားမှ လူများက တစ်သက်တာလုံး ပိတ်မိနေမည်လော။
ထိုအချိန်တွင် နဂါးနတ်ဘုရားတောင်ကြား၌ လုမင်ကို လွှဲပြောင်းပေးရန် တောင်းဆိုသံတစ်ခု ကြားလိုက်ရသည်။
"လုမင်က တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ သူက စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို ရယူပြီး သူတစ်ယောက်တည်း သိမ်းဆည်းထားပြီး သူ့ရဲ့ကျင့်ကြံမှုအတွက်ပဲ အသုံးချနေတယ်တဲ့လေ။ အနည်းဆုံးတော့ ဂိုဏ်းတူတွေကို မျှဝေသင့်တယ်"
"နဂါးနတ်ဘုရားတောင်ကြားမှာ လူတွေ အများကြီးရှိတယ်။ လုမင် တစ်ဦးတည်းအတွက် ငါတို့က ဘယ်လိုလုပ် ငြိတွယ်ခံရမှာလဲ။ အကျိုးကျေးဇူးတွေကို သူတစ်ဦးတည်း ရခဲ့ပေမဲ့ အခုတော့ သူက တခြားသူတွေကို သူနဲ့အတူ သေစေချင်နေတယ်"
"သူ ပုန်းအောင်းနေတာက အခုတော့ နဂါးနတ်ဘုရားတောင်ကြားကို ထိခိုက်လာပြီ။ ငါတို့တွေ ဘာဖြစ်လို့ လုမင်ကို လွှဲပြောင်းပေးပြီး နဂါးနတ်ဘုရားတောင်ကြားကို မတည်ငြိမ်စေရမှာလဲ"
ထိုကဲ့သို့သော အသံများက ပို၍ ကျယ်လောင်လာသည်။ လူတော်တော်များများ၏ဒေါသက လုမင်ထံသို့ ဖြည်းဖြည်းချင်း ပြောင်းသွား၏။ လုမင်က တစ်ကိုယ်ကောင်းဆန်ပြီး အကျိုးအမြတ်များကို တစ်ဦးတည်း ခံစားနေသည်ဟု သူတို့ ခံစားရ၏။ နောက်ဆုံးတွင် အန္တရာယ်ကျရောက်လာသောအခါ ပုန်းအောင်းပြီး အခြားသူများကို သူ့အတွက် ဖြေရှင်းစေလိုသည်။ အဘယ်ကြောင့် လက်ခံရမည်နည်း။
"ဟမ့်၊ လုမင်... မင်း ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့"
ငွေနဂါးတောင်ကြားသခင် ရင်ကျန်းက လှောင်ပြောင်ရယ်မောလိုက်သည်။
ဤစကားသံများမှာ ရင်ကျန်း၏လူများမှ သဘာဝအတိုင်း လျှို့ဝှက်စွာ ဖြန့်ခဲ့ခြင်း ဖြစ်သည်။
သူတို့က နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များကို ဖြည်းဖြည်းချင်း လှုံ့ဆော်ခဲ့၏။ တိမ်နဂါးတောင်ကြားကို ဝိုင်းရံပြီး လုမင်ကို လွှဲပြောင်းပေးရန် တောင်းဆိုကြတော့သည်။
"ထွက်သွားကြစမ်း"
တိမ်နဂါးတောင်ကြား အဝင်ဝတွင် ရန်ထျန်းကျုံးက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။ သူ့အရှိန်အဝါက အလွန်ပြင်းထန်သဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။
ထျန်းချွေး၊ ရွယ်နင်ရှင်းနှင့် အခြားသူများက ရန်ထျန်းကျုံး၏ အနားတွင်ရပ်ကာ တိမ်နဂါးတောင်ကြား၏ ဝင်ပေါက်ကို ပိတ်ဆို့ထားတော့သည်။
"မင်းတို့ ဘာလုပ်နေတာလဲ။ တိမ်နဂါးတောင်ကြားက ပိုသန်မာတဲ့အတွက် တခြားတပည့်တွေကို အနိုင်ကျင့်မှာလား။ တိမ်နဂါးတောင်ကြားသခင်ရဲ့ ကျင့်ကြံမှုက အားကောင်းရင်တောင် သူက တရားမဲ့ပြုမူလို့မရဘူး"
"ဟုတ်တယ်၊ တိမ်နဂါးတောင်ကြားသခင်က သူ့ရဲ့ ကျင့်ကြံမှုကိုအားကိုးပြီး သူ့တပည့်အတွက် တခြားတပည့်တွေရဲ့ဘဝကို လျစ်လျူရှုတော့မှာလား။ မင်းတို့ တတ်နိုင်ရင် နဂါးနတ်တောင်ကြားက တခြားတပည့်အားလုံးကို သတ်လိုက်"
လူအုပ်ကြီးဆီမှ အေးစက်စက် အသံများကို ကြားရသည်။
"မင်းတို့ သတ္တိရှိရင် ရှေ့ကိုထွက်လာပြီး ပြောလိုက်စမ်း"
ရန်ထျန်းကျုံးက စူးရှသော မျက်လုံးများဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်ကြောင့် လူအားလုံး တုန်လှုပ်သွား၏။
"ဟမ့်၊ တိမ်နဂါးတောင်ကြားသခင်ရဲ့ ကျင့်ကြံမှုက အားကောင်းပေမဲ့ ငါတို့က လူများတယ်ကွ။ ငါတို့က မင်းကို မကြောက်ဘူး"
ထိုအသံက လူအုပ်ထဲမှ ထွက်ပေါ်လာပြန်သည်။
"ဂိုဏ်းတူတွေကြား သွေးထိုးနေတာ၊ သေသင့်တယ်"
ရန်ထျန်းကျုံးက အော်လိုက်သည်။ ရုတ်တရက်၊ သူ့ပုံရိပ်က လှုပ်ရှားလာပြီး လူအုပ်ထဲသို့ ခုန်ဆင်းသွား၏။
ထို့နောက်မှာတော့ လူအုပ်ထဲမှ လူနှစ်ယောက် လွင့်ထွက်လာပြီး မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ သူတို့က ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်နှစ်ယောက် ဖြစ်သည်။ ထိုအထဲမှ တစ်ယောက်က အမှန်တကယ် ရင်ကျစ်စုန့် ဖြစ်၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သွေးခွဲဖို့ ကြိုးစားနေတာက မင်းတို့ ငွေနဂါးတောင်ကြားပဲ။ မင်းတို့က ယုတ်ညံ့တဲ့ စိတ်သဘောထားတွေရှိတာကြောင့် သေသင့်တယ်"
ထျန်းချွေးက အေးစက်စက် ပြောလိုက်သည်။
"မင်းဘာလုပ်တာလဲ၊ တိမ်နဂါးတောင်ကြားက ပုန်ကန်နေတာလား။ ပထမဆုံး မင်းတို့က လုမင်ကို အတင်းအကြပ် ကာကွယ်နေခဲ့တယ်။ အခုတော့ ဒီအကြောင်းတွေတောင် ပြောလို့ မရတော့ဘူး၊ ငါတို့ပြောရင် သတ်မယ်ပေါ့။ နဂါးနတ်ဘုရားတောင်ကြားက အခု တိမ်နဂါးတောင်ကြားနဲ့ပဲ သက်ဆိုင်တော့တာလား"
ရင်ကျစ်စုန့်က အော်လိုက်သည်။
"မင်း တကယ်ကို သွေးခွဲစကားပြောနေဝံ့သေးတာပဲ။ ငါ မင်းကို ဖျက်ဆီးပစ်မယ်"
ရန်ထျန်းကျုံး၏ မျက်လုံးများ အေးစက်သွားကာ ရင်ကျစ်စုန့်ဆီသို့ လျှောက်သွားသည်။
"ရပ်လိုက်စမ်း"
ငွေနဂါးတောင်ကြားသခင် ရင်ကျန်းက လေထဲမှ လျှောက်လှမ်းလာ၏။
"တိမ်နဂါးတောင်ကြားက သိပ်ပြီး မလွန်လာပါနဲ့၊ သူတို့က တရားမျှတတဲ့စကားကို ပြောနေတာ"
"ဘာကိုတရားမျှတတာလဲ။ ငါ့အမြင်တော့ မင်း ခွေးအိုကြီးက ငါ့ရဲ့ ဆရာတူညီလေး လုမင်ကိုသတ်ဖို့ ကြိုးစားနေတာပဲ"
ထျန်းချွေးက လှောင်ပြောင်လိုက်၏။
"မင်း... မင်းရိုင်းလှချေလား"
ရင်ကျန်းက အော်ဟစ်လိုက်သည်။
"ဟမ့်၊ မင်းက အကြီးဆိုပြီး အခွင့်ကောင်းယူဖို့တော့ မစဉ်းစားပါနဲ့။ မင်းမှာ သတ္တိရှိရင် ငါ့ဆရာရှေ့မှာ မာနကြီးပြလိုက်... ငါ့ဆရာဆီကို သတင်းပို့ပြီးပြီ။ မကြာခင် ဆရာက ဒီကို ရောက်လာတော့မှာ"
ရန်ထျန်းကျုံးက ပြောလိုက်၏။
ရင်ကျန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။
"မင်းတို့ တိမ်နဂါးတောင်ကြားက အင်အားကြီးတာနဲ့ အခြား နဂါးတောင်ကြားတွေကို လုံးဝ ဂရုမစိုက်တော့ဘူးထင်တယ်။ မင်းတို့ရဲ့ နှလုံးသားထဲမှာ တောင်ကြားအားလုံးကို ပေါင်းလိုက်ရင်တောင် တိမ်နဂါးတောင်ကြားလောက် အရေးမကြီးဘူး မဟုတ်လား။ ဒီလိုဆိုရင်တော့ ငါ ပြောစရာမရှိတော့ဘူး။ မင်းတို့ ဆန္ဒရှိရင် ငါ့ငွေနဂါးတောင်ကြားရဲ့လူတွေကို သတ်လိုက်"
ထိုစကားကို ပြောပြီးနောက် ရင်ကျန်းက သူ့အင်္ကျီလက်ကို ခါယမ်းကာ နေရာမှ ထွက်ခွာသွားတော့သည်။
အခြား နဂါးတောင်ကြားများမှ တပည့်များ၏ မျက်နှာများက မှုန်ကုပ်သွားကြသည်။
"ဒီအဘိုးကြီးက တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ။ သူက တကယ်ကို သေသင့်တယ်"
ရွယ်နင်ရှင်းက အံကြိတ်လိုက်သည်။
ရင်ကျန်း၏ စကားများက အခြားသော နဂါးတောင်ကြားများနှင့် တိမ်နဂါးတောင်ကြားတို့ကြားတွင် သဘောထားကွဲလွဲမှု မျိုးစေ့ချခဲ့ခြင်း ဖြစ်သည်။ သူက အခြား နဂါးတောင်ကြားများကို အသုံးပြုပြီး လုမင်ကို လွှဲပြောင်းပေးရန် ဖိအားပေးလို၏။
ဤအခြေအနေမျိုးမှာ ရင်ကျစ်စုန့်နှင့် တခြားသူများကို မသတ်နိုင်တော့ပေ။ မဟုတ်ပါက နဂါးနတ်ဘုရားတောင်ကြားတွင် အတွင်းရေး ပြဿနာများ ဖြစ်လာနိုင်သည်။
"ထွက်သွားကြစမ်း"
ရန်ထျန်းကျုံးက ရင်ကျစ်စုန့်နှင့် အခြားလူငယ်ကို မောင်းထုတ်လိုက်သည်။
နဂါးနတ်ဘုရားတောင်ကြားတွင် ပဋိပက္ခများက ပို၍ ဆိုးရွားလာပေသည်။
တစ်ဖက်တွင်၊ လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်း၌ လေ့ကျင့်နေဆဲ ဖြစ်သည်။
သုံးလကြာပြီးနောက်၊ လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်လာခဲ့ကြသည်။
"ဝုန်း"
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ယခုအချိန်တွင် သူ၏ ဝိညာဉ်သည်လည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီ။
စိတ်ဝိညာဉ်နှစ်ခု၏ ပေါင်းစည်းမှုကြောင့် လုမင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ယင်းက တစ်နှင့်တစ် ပေါင်းသကဲ့သို့ မရိုးရှင်းပေ။ ထိုအစား အဆများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
"သူတော်စင်နှလုံးသား၊ စုစည်းလော့"
လုမင်က သူ၏ စိတ်ဝိညာဉ်မျာ ပေါင်းစည်းလိုက်ချိန်တွင် သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အချိန်တန်ပြီဟု ခံစားလိုက်မိသည်။ ခပ်တိုးတိုး ဟိန်းဟောက်သံနှင့်အတူ နိယာမစွမ်းအားများက ပေါက်ကွဲထွက်လာ၏။ သူက ယွမ်ချီစွမ်းအင် သန့်စင်ရန်နှင့် သူတော်စင်နှလုံးသားကို ဖွဲ့စည်းရန် နိယာမစွမ်းအားကို အသုံးပြုလိုက်တော့သည်။
တစ်ခု ထူးဆန်းသည်မှာ၊ လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းနေသော နိယာမနှစ်မျိုး ရှိသည်။
ကစဉ့်ကလျားနိယာမနှင့် အစီရင်နိယာမတို့က တစ်ခုနှင့်တစ်ခု အနှောင့်အယှက်မရှိဘဲ စီးဆင်းလာ၏။ တစ်ခုက ယွမ်ချီစွမ်းအင်ကို သန့်စင်စေပြီး ကျန်တစ်ခုက ဝိညာဉ်မီးတောက်ကို သန့်စင်သည်။
လုမင်၏ အသိစိတ်ပင်လယ်တွင်၊ တောက်ပသော ဝိညာဉ်မီးတောက်က အလင်းလုံးတစ်ခုအဖြစ် စုစည်းပြီး လုမင်၏ ဒန်တျန်အတွင်းသို့ ပြေးဝင်သွားသည်။ နောက်ဆုံးတွင်၊ ဝိညာဉ်မီးတောက်က လုမင်၏ ဒန်တျန်အတွင်းသို့ဝင်ရောက်ပြီး နတ်ဘုရားဝိညာဥ်အနီးသို့ လွင့်မျောသွား၏။ ထို့နောက် အစီရင်နိယာမ၏ အကျိုးသက်ရောက်မှုအောက်တွင် ၎င်းက သူတော်စင်နှလုံးသားအဖြစ် ပြောင်းလဲလာတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားဝိညာဉ်က ပြောင်းလဲလာသည်။
နတ်ဘုရားဝိညာဉ်မှ ထင်ယောင်ထင်မှား ရုပ်ပုံတစ်ခုက ဖြည်းဖြည်းချင်း ကွဲကွာသွား၏။
ဤထင်ယောင်ထင်မှားရုပ်သွင်က နတ်ဘုရားဝိညာဉ်၊ လုမင်တို့နှင့် ချွတ်စွပ်တူနေသည်။
၎င်းက လုမင်၏ စိတ်ဝိညာဉ်ပင်။
သူတော်စင်နယ်ပယ်သို့ မရောက်သေးသရွေ့ လူတစ်ယောက်၏ စိတ်ဝိညာဉ်တွင် အကောင်အထည် မရှိပေ။ တစ်နည်းဆိုရသော်၊ ၎င်းက စိတ်ဝိညာဉ် လုံးဝမရှိဘဲ စိတ်ဝိညာဉ်ဆန္ဒတစ်ခုသာ ရှိခဲ့သည်။
သို့သော်လည်း၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားပြီးနောက်၊ သူ၏ ဝိညာဉ်ဆန္ဒက နတ်ဘုရားဝိညာဉ်နှင့် ပေါင်းစည်းပြီး စိတ်ဝိညာဉ်ကို စတင်လေ့ကျင့်လိမ့်မည်။
စင်စစ်တွင်၊ နတ်ဘုရားဝိညာဉ်၏ အဓိကအလုပ်မှာ လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ပျိုးထောင်ပေးရန် ဖြစ်သည်။
၎င်းက ဝိညာဉ်မီးတောက်နှင့် အလွန်ဆင်တူပေသည်။ ဝိညာဉ်မီးတောက်ကလည်း လူတစ်ဦးစိတ်ဝိညာဉ်ကို ပျိုးထောင်ပေးသည့် အကျိုးသက်ရောက်မှုမျိုး ရှိသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ သိုင်းအုပ်ချုပ်သူနယ်ပယ်အထိက စိတ်ဝိညာဉ်ကို ပျိုးထောင်နေချိန် ဖြစ်သည်။ သူတော်စင်နယ်ပယ်သို့ ချိုးဖြတ်လိုက်ချိန်မှာတော့ စိတ်ဝိညာဉ်က အပြည့်အဝ ဖွဲ့စည်းသွားပြီ။ ထို့နောက် စိတ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်မှ ခွဲထွက်ပြီး အသိစိတ်ပင်လယ်သို့ ဝင်ရောက်နိုင်သည်။ အနာဂတ်တွင် ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်က မြင့်မားလာသည်နှင့်အမျှ၊ စိတ်ဝိညာဉ်ကလည်း တဖြည်းဖြည်း သန်မာလာလိမ့်မည်။