အခန်း ၁၇၁၂
Vol. 115 Ch. 1712
အပိုင်း ( 1712 ) ကစဉ့်ကလျားခန္ဓာ။
လုမင်၏ စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ ထိုစဉ်က သူသည် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိခဲ့ချိန်မှာ ထူယီတို့ကို နားမလည်နိုင်သလို ခံစားခဲ့ရသည်။
ယခု သူတို့ ပြန်တွေ့တော့လည်း ဤခံစားချက်က ရှိနေဆဲပင်။
သို့သော်လည်း ယင်းက လုမင်ကို ပို၍ ပျော်ရွှင်စေခဲ့သည်။ ထူယီနှင့် တခြားသူများက အားကောင်းလေလေ၊ သူ့အတွက် အကူအညီ ပိုရလေလေပင်။
"လုမင်က သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီဆိုတော့ ဆရာကြီးတို့ရဲ့ အကူအညီကို ရရှိနိုင်ပြီမဟုတ်လား"
လုမင်က မေးလိုက်သည်။
ထူယီ၊ ရွှေယီနှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ထူယီက ခေါင်းကိုခါယမ်းလိုက်လေသည်။
"စိတ်မကောင်းပါဘူး သခင်လေး၊ အရင်ကဆိုရင် ငါတို့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး"
"ဘာလို့မဖြစ်နိုင်ရတာလဲ"
လုမင်၏ အမူအရာ ပြောင်းသွားသည်။
"ဘာလို့လဲဆိုတော့ မင်းက ဟွင်းနန်းတော်ရဲ့ တစ်ဦးတည်းသော သခင်လေး မဟုတ်နေလို့ပဲ"
ထူယီက သက်ပြင်းချလိုက်သည်။
"ဘာ၊ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးလား။ ဘာကိုပြောချင်တာလဲ"
လုမင် အံ့ဩသွား၏။
လုမင်က စမ်းသပ်မှု အောင်မြင်ပြီးနောက် လိုအပ်ချက်များနှင့် ကိုက်ညီသော အခြားလူတစ်ယောက် ပေါ်လာခဲ့ခြင်း ဖြစ်သလော။
သို့သော်လည်း ကစဉ့်ကလျားကျမ်းက လုမင်ထံ လက်ဆင့်ကမ်းပြီးပြီ ဖြစ်သည်။ တစ်ယောက်ယောက်က နောက်မှရောက်လာလျှင်ပင် ကစဉ့်ကလျားကျမ်း(ဟွင်းယွမ်ကျမ်း)ကိုတော့ မရရှိသင့်ပေ။ သူတို့က ဟွင်းနန်းတော်၏ သခင်လေးများ မည်သို့ဖြစ်လာသနည်း။
"သခင်လေး... နောက်ထပ် သခင်လေးအသစ်က မင်းလိုမျိုး မတူကွဲပြားတဲ့ တာအိုငါးခု ဒါမှမဟုတ် တာအိုနယ်မြေငါးခုကို လေ့ကျင့်ထားလို့ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ ဝိညာဉ်ခန္ဓာကြောင့်ပဲ။ သူ့ရဲ့ ခန္ဓာက တကယ်ကို ကစဉ့်ကလျားခန္ဓာ ဖြစ်နေခဲ့တယ်လေ"
ရွှေယီက ရှင်းပြလိုက်သည်။
"ကစဉ့်ကလျားခန္ဓာ"
လုမင် အံ့သြသွား၏။
ကစဉ့်ကလျားခန္ဓာက ဒဏ္ဍာရီလာ ခန္ဓာတစ်ခု ဖြစ်သည်။ ဤလောကတွင် ကစဉ့်ကလျားခန္ဓာက အမှန်တကယ်ရှိနိုင်ပါမည်လော။
"ဒါဟာ တကယ်ကို မယုံနိုင်စရာကောင်းလွန်းပါတယ်။ နှစ်တွေမရေမတွက်နိုင်အောင် ကြာသွားခဲ့ပေမဲ့ ကစဉ့်ကလျားခန္ဓာကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ တကယ်တော့ ကစဉ့်ကလျားကျမ်းကို လေ့ကျင့်ဖို့ ကစဉ့်ကလျားခန္ဓာက အကောင်းဆုံးပဲလေ။ ဒါပေမဲ့ ကစဉ့်ကလျားကျမ်းကို သခင်လေးက ရရှိထားပြီးပြီမို့ ကစဉ့်ကလျားခန္ဓာဟာ ကစဉ့်ကလျားကျမ်းကို မရရှိနိုင်တော့ဘူး"
"ဒါပေမဲ့ သူ့မှာ ကစဉ့်ကလျားခန္ဓာရှိတယ်လေ။ ဒါက မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတောင်မှ ရှာရတာ ခက်တယ်။ အဲဒီတုန်းက ဟွင်းဧကရာဇ်နဲ့ လိုက်ဖက်လွန်းတယ်။ ဒါကြောင့် သူ ဒီကိုရောက်လာတဲ့အခါ ငါတို့အားလုံး ဆွေးနွေးပြီး သူ့ကို သခင်လေးတစ်ယောက် ဖြစ်လာစေခဲ့တယ်။ ဒါပေမဲ့ ဟွင်းနန်းတော်ကို အနာဂတ်မှာ သခင်လေးတစ်ယောက်ကပဲ အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မယ်"
ထူယီက ရှင်းပြလိုက်သည်။
"ဒါဆိုရင် အနာဂတ်မှာ ကျွန်တော်က ကစဉ့်ကလျားခန္ဓာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့သူကကဲ ဟွင်းနန်းတော်ကို ထိန်းချုပ်နိုင်မှာပေါ့"
လုမင်က ပြောလိုက်၏။
"မှန်ပါတယ်၊ မင်းတို့နှစ်ယောက်ကြားမှာ အောင်နိုင်သူကပဲ ဟွင်းနန်းတော်ကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါကြောင့် အောင်နိုင်သူ မဆုံးဖြတ်ခင်မှာ ငါတို့က မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုမှ ကူညီမှာ မဟုတ်ဘူး"
ထူယီက ပြောလိုက်သည်။
လုမင်လည်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ဤအခြေအနေမျိုး ကြုံရမည်ဟု သူ မမျှော်လင့်ထားပေ။
ကစဉ့်ကလျားခန္ဓာက ဟွင်းဧကရာဇ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် တူညီကြောင်း သူသိသည်။ ဟွင်းဧကရာဇ်ကို အမွေဆက်ခံရန်နှင့် ဟွင်းနန်းတော်ကို ထိန်းချုပ်ရန်အတွက် အသင့်တော်ဆုံး ဖြစ်၏။ လုမင်သာ အရင်ရောက်ပြီး ကစဉ့်ကလျားကျမ်းကို မရခဲ့ပါက ထူယီနှင့် တခြားသူများသည် ကစဉ့်ကလျားခန္ဓာကို သေချာပေါက် ရွေးချယ်သွားလိမ့်မည်။
"သခင်လေး၊ ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်ပါရစေ။ ကစဉ့်ကလျားခန္ဓာရဲ့ လက်ရှိ ကျင့်ကြံမှုက မင်းထက် အများကြီး ပိုမြင့်မားပြီး တိုက်ခိုက်နိုင်စွမ်းကလည်း သန်မာတယ်။ အဆင့်တူမှာတောင် သူက ပြိုင်ဘက်မရှိဘူးလေ။ သူက ကစဉ့်ကလျားကျမ်းကို မရရှိခဲ့ပေမဲ့ ကစဉ့်ကလျားခန္ဓာကို ပိုင်ဆိုင်ထားတာကြောင့် အနာဂတ်မှာ သခင်လေးဆီကနေ ရယူဖို့ ကြိုးစားလာလိမ့်မယ်"
ထူယီက သတိပေးလိုက်သည်။
"ထူယီ၊ စည်းကမ်းမချိုးဖောက်ပါနဲ့။ ငါတို့ရဲ့ ရပ်တည်မှုက တစ်ဖက်ကိုကူညီဖို့ မဟုတ်ဘူး"
ရွှေယီက ပြောလိုက်၏။
"ငါက ပေါ့ပေါ့ပါးပါး သတိပေးရုံပါပဲ။ သူ့ကို ကူညီဖို့ ရည်ရွယ်ချက် မရှိဘူး။ ကောင်းပြီလေ၊ သခင်လေး... ငါ မင်းကို အခု ပြန်ပို့လိုက်တော့မယ်။ နောက်လာမဲ့ သခင်လေးက မင်းပဲ ဆက်ဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ်"
ထူယီက ပြုံးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အားကောင်းသော စွမ်းအင်တစ်ခုက လုမင်ကို လွှမ်းခြုံသွား၏။ လုမင်လည်း ဟွင်းနန်းတော်မှ ခဏချင်း ပျောက်ကွယ်သွားတော့သည်။
"ထူယီ၊ မင်းက လုမင်ကို ပိုသဘောကျပုံရတယ်"
ရွှေယီက ပြောလိုက်သည်။ သူ့အသံက အေးစက်ပြီး ခံစားချက်မဲ့၏။
"မဟုတ်ပါဘူး"
ထူယီက ခေါင်းကိုခေါင်းယမ်းပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"ငါတို့တွေ နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးမှ လုမင်ဟာ ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို အမွေဆက်ခံနိုင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျမှ ကစဉ့်ကလျားခန္ဓာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ကမ္ဘာကြီးက ပြောင်းလဲလာပြီး ကစဉ့်ကလျားခန္ဓာတောင် ပေါ်လာခဲ့ပြီ။ ကောင်းကင်ကို ဆန့်ကျင်နေတဲ့ တာအိုခန္ဓာတွေလည်း ပေါ်လာနိုင်တယ်။ ကြည့်ရတာ... ကြီးကျယ်ခမ်းနားတဲ့ ရွှေခေတ်က ရောက်လာတော့မှာပဲ"
"မှန်ပါတယ်။ ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်ကြတာပေါ့။ လုမင်က ကစဉ့်ကလျားခန္ဓာကို အခုနေတွေ့ရရင် တကယ်ကို ရှုံးနိမ့်သွားမှာပဲ။ ဒါပေမဲ့ ဒီကောင်လေးရဲ့ ကံက ကောင်းလွန်းနေတယ်။ မင်းနဲ့ ငါတောင် သူ့ကံကြမ္မာကို မမြင်နိုင်ဘူးလေ။ အခြေအနေတွေက ဒီလောက်မရိုးရှင်းမှာ ကြောက်ရတယ်။ ငါတို့ ဒီအတိုင်းပဲ စောင့်ကြည့်နေရအောင်ပါ"
ရွှေယီ၏ စကားသံအဆုံးတွင် ခန်းမက တိတ်ဆိတ်သွားတော့သည်။
...........
ကမ္ဘာကြီး ချာချာလည်နေသလို ခံစားလိုက်ရပြီး ခဏအကြာတွင် တောင်နှင့်မြစ်ပန်းချီကားသို့ လုမင် ပြန်ရောက်လာခဲ့သည်။
"ကစဉ့်ကလျားခန္ဓာတဲ့လား"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများမှာတော့ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေ၏။
ဤအခြေအနေများက လုမင်၏ မျှော်လင့်ချက်ထက် အမှန်တကယ် ကျော်လွန်သွားခဲ့သည်။ မူလက ထူယီနှင့် အခြားသူများကို အကူအညီတောင်းနိုင်မည်ဟု သူထင်ခဲ့သော်လည်း ယခုတော့ သူ့ကိုယ်သူသာ အားကိုးရတော့မည်။
"ဒီလိုဆိုမှတော့ ကောင်းကောင်း တိုက်ပွဲဝင်ကြရအောင်"
လုမင်က ရေရွတ်လိုက်သည်။ ထို့နောက် တောင်နှင့်မြစ်ပန်းချီကားမှ ထွက်ခွာပြီး တိမ်နဂါးတောင်ကြားမှ ထွက်သွားလိုက်၏။
လုမင်က တိမ်နဂါးတောင်ကြား၏ အဝင်ပေါက်သို့ ရောက်သောအခါတွင် လူအများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
"လုမင် ထွက်လာပြီ"
တစ်စုံတစ်ယောက် အော်လိုက်သည်။ အားလုံးက လုမင်ကို ကြည့်လိုက်ကြ၏။
"ဟမ့်၊ နောက်ဆုံးတော့ သူ မခံနိုင်တော့လို့ ထွက်လာခဲ့ပြီ"
"သူက ရတနာတွေကို ရရှိထားပေမဲ့ တစ်ယောက်တည်း အပိုင်သိမ်းထားပြီး အပြင်တောင်မထွက်ဘူး။ အခြားသူတွေကပဲ သူ့အတွက် ဖိအားတွေကို ခံနေကြရတယ်။ ငါတို့က ဘာကြောင့် လက်ခံရမှာလဲ"
"သူက တစ်ကိုယ်ကောင်းဆန်ပြီး နဂါးနတ်ဘုရားတောင်ကြားက တခြားသူတွေရဲ့ဘဝကို ဂရုမစိုက်ဘူး။ ဒီလောက် အရှက်မဲ့တဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး"
"နဂါးနတ်ဘုရားတောင်ကြားရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို လွှဲပြောင်းပေးဖို့ သူ့ကို တောင်းဆိုကြရအောင်"
လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်ပြီး လူအုပ်ကြီးကို နှိုးဆော်လိုက်သည်။
"ပြဿနာရှာဖို့ ကြိုးစားလာပြန်ပြီ"
ရန်ထျန်းကျုံး၏ မျက်လုံးအကြည့်များက စူးရှလာသည်။
"ဝှစ်"
ထိုအချိန်တွင်၊ လုမင်၏ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားသည်။ သူက ငွေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို လည်ပင်းမှ ဆွဲကိုင်ကာ မြှောက်လိုက်၏။
"ငွေနဂါးတောင်ကြားကလူတွေပဲ ဖြစ်ပြန်ပြီ။ ဒီလောက်တောင် သွေးခွဲချင်နေတာ သေသင့်တယ်"
လုမင်၏ အသံက အေးစက်သွားသည်။
"လုမင်... မင်း ဘာလုပ်နေတာလဲ။ မင်းလုပ်ခဲ့တာတွေအကြောင်း ငါတို့က ပြောလို့မရဘူးလား။ မင်းက အရမ်းအစွမ်းထက်တယ်ဆိုရင် နဂါးနတ်ဘုရားတောင်ကြားမှာရှိတဲ့ လူတိုင်းကို သတ်လိုက်ပါ"
ငွေနဂါးတောင်ကြားမှ တပည့်က အော်ဟစ်လိုက်၏။
"ဟုတ်တယ်၊ သူ့ကိုလွှတ်လိုက်ပါ!"
"မင်းရဲ့ အင်အားက ကြီးမားတာနဲ့ မင်းလုပ်ချင်တာကို လုပ်နိုင်မယ်မထင်နဲ့"
နဂါးနတ်ဘုရားတောင်ကြားမှ အခြားတပည့်များကလည်း အော်ဟစ်လိုက်ကြသည်။
"တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ ငါမင်းကို အခုဖမ်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းဆီ အပ်လိုက်မယ်"
ထိုအချိန်တွင်၊ လုမင်၏ နောက်ကွယ်မှ လူရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး လုမင်၏ပခုံးကို ဖမ်းကိုင်လိုက်တော့သည်။
၎င်းက နက်ရှိုင်းသော ကျင့်ကြံမှုအခြေခံဖြင့် ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။ သူ့လက်သည်းများတွင် အရှိန်အဝါကြီးမားသော သူတော်စင်စွမ်းအားတို့ ပေါက်ကွဲထွက်လာ၏။ ထိုအဘိုးကြီးက အမှန်တကယ်ပင် တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူ ဖြစ်သည်။
၎င်းက ငွေနဂါးတောင်ကြားမှ အကြီးအကဲတစ်ဦးပင်။ လူအုပ်၏ ဒေါသကို အခွင့်ကောင်းယူကာ လုမင်ကိုဖမ်းဆီးပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ လွှဲအပ်လိုကြောင်း ထင်ရှားသည်။
သူ့အရှိန်က အလွန်မြန်ပြီး လုမင်အနီးသို့ ခဏချင်းရောက်လာ၏။
လုမင် ရှောင်လွှဲနိုင်မည်ဟု သူ မယုံပေ။
လုမင်က အလွန်စွမ်းထက်ပြီး တင်းပေါင်ညီလာခံတွင် နတ်ဘုရားသားတော်ကို သတ်ခဲ့သည်။
သို့သော်လည်း၊ နတ်ဘုရားသားတော်က တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်သာ ရှိခဲ့သေးသည်။ သူက တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ လုမင်က သူ၏ အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ အကြောင်းမူ၊ ယခုအချိန်တွင် လုမင်က ရုတ်တရက် လှည့်၍ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသောကြောင့်ပင်။ နောက်အခိုက်မှာတော့ သူ၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသော နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။
"ဒုန်း"
ထို့နောက်မှာတော့ လုမင်က သူ၏ လည်ပင်းကိုပါ ဆုပ်ကိုင်ကာ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ကိုင်ဆောင့်လိုက်တော့သည်။