← Chapters

အခန်း ၁၇၁၃

Vol. 115 Ch. 1713

အခန်း ၁၇၁၃

Vol. 115 Ch. 1713

အပိုင်း ( 1713 ) မဟာဂိုဏ်းကြီးသုံးခုကို စိန်ခေါ်ခြင်း။

"ဝုန်း"

မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။ တိမ်နဂါးတောင်ကြားတစ်ခုလုံး တုန်ခါနေပုံရ၏။ မြေပြင်ပေါ်ရှိ ရေခဲအလွှာ စိန်တုံးကဲ့သို့ မာကျောသော်လည်း ကွဲအက်သွားရပြီ။ ငွေနဂါးတောင်ကြားမှ အကြီးအကဲ ပြုတ်ကျသွားသော အရှိန်ကြောင့် မြေပြင်မှာလည်း တွင်းပေါက်တစ်ခု ဖြစ်လာပေါ်လာရသည်။ သူ့ခန္ဓာကိုယ်က တွင်းထဲတွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲကျနေပြီး သွေးများအန်နေတော့သည်။

ထိုအချိန်တွင် နေရာတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

အားလုံးက မျက်လုံးပြူးပြီး မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။

လူတော်တော်များများက အာစေးထည့်ခံရသလို ဖြစ်နေသည်။ သူတို့၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်နေသော်လည်း စကားတစ်လုံးမှ မပြောနိုင်ကြတော့ပေ။

ဤအဘိုးအိုက ငွေနဂါးတောင်ကြား၏ အလွန်အစွမ်းထက်သော အကြီးအကဲတစ်ဦးဖြစ်ကြောင်း လူအများက သိကြသည်။ သူ၏ ကျင့်ကြံမှုကလည်း တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီ။ သို့သော်လည်း သူက လုမင်၏ လက်ထဲတွင် တစ်ချက်မျှပင် မခံနိုင်ဘဲ ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံလိုက်ရသည်။

လုမင်က တကယ်ကို သာမန်မဟုတ်ပေ။

ရန်ထျန်းကျုံး၊ ထျန်းချွေးနှင့် အခြားသူများပင် အံသြသွားကြသည်။

"ဘယ်​သူ​တွေ တိုက်ခိုက်ချင်သေးလဲ"

လုမင်က စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လုမင်၏ အကြည့်ခံရသူများက ထိတ်လန့်တုန်လှုပ်သွားပြီး နဖူးမှ ချွေးများ စိမ့်ထွက်လာကြ၏။

"လု... လုမင်၊ မင်းက ဒီနေရာမှာပဲ ကိုယ့်ရဲ့လူတွေကို တိုက်ခိုက်နိုင်တာလား။ မင်းမှာ အင်အားရှိရင် ကောင်းကင်နတ်ဘုရားဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေကို သွားတိုက်ခိုက်လိုက်ပါလား"

ငွေရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက သတ္တိမွေးကာ အော်ဟစ်လိုက်သည်။

လုမင်က လှမ်းကြည့်လိုက်သောအခါ ချက်ချင်း ခေါင်းငုံ့သွားလေသည်။ သူက လုမင်ကို ပြန်မကြည့်ဝံ့ပေ။

"မင်းကိုကြည့်ရတာ တော်တော်သတ္တိရှိပုံပဲ။ ကောင်းပြီ၊ မင်း ငါနဲ့လိုက်ခဲ့ချင်လား"

လုမင်က အေးစက်စက် ပြောလိုက်သည်။

"ငါ... ငါ..."

ထိုလူငယ် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွား၏။

"မင်းမှာ သတ္တိမရှိရင် ပါးစပ်ပိတ်ထား"

လုမင်က ကြိမ်းမောင်းလိုက်သည်။ ထို့နောက်တွင် သူက လေထဲသို့ပျံတက်ပြီး နဂါးနတ်ဘုရားတောင်ကြားအပြင်ကို ထွက်ခွာသွားတော့သည်။

"လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်အဆိပ်ဂိုဏ်းကလူတွေကို တကယ်တိုက်ခိုက်မှာလား"

"သွားကြည့်ရအောင်"

လူအုပ်က လုမင်နောက်သို့ လိုက်သွားကြသည်။ ရန်ထျန်းကျုံး၊ ထျန်းချွေးနှင့် အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နောက်မှလိုက်သွားကြလေသည်။

နဂါးနတ်ဘုရားတောင်ကြား၏ ဝင်ပေါက်ကို နဂါးနတ်ဘုရားတောင်ကြားမှ ကျွမ်းကျင်သူများစွာက စောင့်ကြပ်ထားသည်။ နဂါးနတ်ဘုရားတောင်ကြားမှ တောင်ကြားသခင် ခုနစ်ယောက်စလုံးလည်း ရောက်နေကြ၏။

လုမင် ရောက်လာသည်နှင့် တပြိုင်နက် လူအများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

"မင်အာ၊ မင်း အဆင့်တက်သွားပြီလား"

တိမ်နဂါးတောင်ကြားသခင်က လုမင်ကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက်၊ သူ့မျက်လုံးများက အံ့ဩစိတ်နှင့်အတူ တောက်ပသွား၏။

"ဟုတ်ပါတယ်ဆရာ၊ ကျွန်တော် အဆင့်တက်လိုက်ပါပြီ"

လုမင် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်၊ မင်းက တကယ်ပဲ နတ်ဘုရားသားတော်ကို သတ်ခဲ့တဲ့သူ ဖြစ်ထိုက်တယ်"

ရေခဲနဂါးတောင်ကြားသခင်လည်း ပြုံးရွှင်စွာဖြင့် လျှောက်လာလေသည်။

"ဆရာ... တောင်ကြားသခင်၊ ကျွန်တော်မှာ ဂိုဏ်းသုံးခုကို တားဆီးနိုင်ဖို့ အစီအစဉ်ရှိပါတယ်"

ထို့နောက်တွင် လုမင်က တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်ထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။

"မင်အာ၊ မင်း ယုံကြည်မှုရှိရဲ့လား"

လုမင်၏စကားကိုကြားသောအခါ တိမ်နဂါးတောင်ကြားသခင်က အံ့ဩသွားပြီး စိုးရိမ်သောအမူအရာတို့ ပေါ်လာသည်။

ရေခဲနဂါးတောင်ကြားသခင်၏ မျက်လုံးများလည်း အရောင်ပြောင်းသွားလေသည်။ သူ အံ့ဩသွားကြောင်း ထင်ရှားသည်။

"ရှိပါတယ်"

လုမင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ဆရာက မင်းကို ကာကွယ်ပေးမယ်"

တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်၏။

"ငါ့ကိုလည်း ထည့်တွက်လိုက်ပါ"

ရေခဲနဂါးတောင်ကြားသခင်ကလည်း သူ၏ မုတ်ဆိတ်ရှည်ရှည်များကို ပွတ်သပ်ပြီး ပြုံးလိုက်လေသည်။

"ဆရာနဲ့ တောင်ကြားသခင်ကို ကျေးဇူးတင်ပါတယ်"

လုမင်က ဦးညွတ်ပြပြီး နဂါးနတ်ဘုရားတောင်ကြားအပြင်သို့ ဆက်လျှောက်သွားသည်။ သူက ဂိုဏ်းအကာအကွယ် အစီရင်ကို ဖြတ်ကျော်ပြီး လေထဲမှ တစ်လှမ်းချင်း လျှောက်လှမ်းသွား၏။

"လုမင် တကယ်ထွက်လာပြီ"

လူများစွာတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ရင်ကျန်းနှင့် အခြားသူများ၏ မျက်လုံးများမှာလည်း အရောင်လက်သွားကြသည်။

"ဟင်၊ တောင်ကြားသခင်တွေလည်း ထွက်လာပြီ"

တစ်ယောက်ယောက်က အော်လိုက်သည်။

ထိုအချိန်တွင် ရေခဲနဂါးတောင်ကြားသခင်နှင့် တိမ်နဂါးတောင်ကြားသခင်တို့က လုမင်၏နောက်သို့ လိုက်လာခဲ့ကြသည်။

လုမင်က နဂါးနတ်ဘုရားတောင်ကြားမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း ဂိုဏ်းခေါင်းဆောင်တို့က ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ကျွမ်းကျင်သူများစွာက လုမင်ဆီသို့ ပျံသန်းလာကြ၏။ နှစ်ဖက်စလုံးက လေထဲတွင် မျက်နှာချင်းဆိုင်ကာ ရပ်လိုက်ကြသည်။

"လုမင်၊ မင်း နောက်ဆုံးတော့ ထွက်လာပြီ။ မင်းက သေချာစဉ်းစားပြီး စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာလား"

ကောင်းကင်နတ်ဘုရားဂိုဏ်းခေါင်းဆောင်က မေးလိုက်သည်။

လုမင်က အနည်းငယ် ပြုံးပြီး ပြောလိုက်၏။

"ငါ မင်းတို့နဲ့ လောင်းကြေးထပ်ချင်တယ်"

"အလောင်းအစားလား"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် အခြား ဂိုဏ်းချုပ်များ အံ့ဩသွားကြသည်။

ဤလုမင်က မည်သို့သော လှည့်ကွက်မျိုးကို ကစားချင်သေးသနည်း။

သို့သော်လည်း သူတို့၏ရှေ့တွင် လုမင်က မည်သည့်လှည့်ကွက်မှ ကစားနိုင်မည်ဟု မထင်ပေ။

"ဘာကိုလောင်းမှာလဲ၊ ဘယ်လိုလောင်းကြေးထပ်ချင်တာလဲ"

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ‌ဂိုဏ်းချုပ်က မေးလိုက်သည်။

"စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို လောင်းကြေးထပ်မယ်။ မင်းတို့ ဂိုဏ်းကြီးသုံးခုစလုံးက တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူအားလုံးကို ငါ စိန်ခေါ်တယ်။ တောက်ပသော သူတော်စင်နယ်ပယ်မှာ ရှိနေသရွေ့ ငါနဲ့ တိုက်ခိုက်နိုင်တယ်။ ငါရှုံးရင် စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို လွှဲပေးမယ်။ မင်းတို့ရှုံးနိမ့်ရင်တော့ ဒီနေရာကနေ ဆုတ်ခွာပေးရမယ်"

လုမင် ပြောလိုက်သည်။

ဒါက သူ့အစီအစဉ်ပင်။

ယခုအခါ တစ်ဖက်လူများက လောင်းကြေးကို လက်ခံရန် ယုံကြည်မှုရှိမရှိအပေါ်သာ မူတည်သည်။

"မင်းက စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို တကယ်ရခဲ့တာပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် လောဘဇောဖြင့် အရောင်လက်လာသည်။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။ သူ ငြင်းဆန်လျှင်ပင် တစ်ဖက်လူက ခွင့်မပြုဘူးဆိုတာ သိသည်။ ငြင်းဆန်တာက အသုံးမဝင်သည့်အတွက် ဝန်ခံပြီး သူတို့နှင့် အလောင်းအစားလုပ်တာ ပိုကောင်းမည်။

"အလောင်းအစား လုပ်ဝံ့သလား... မလုပ်ဝံ့ဘူးလား။ မင်းတို့တွေ ငါ့ကို အလစ်အငိုက်ဖမ်းပြီး ငါ့ဝိညာဉ်ကို ရှာဖွေချင်ရင်တော့ မင်းတို့ စိတ်ပျက်ရမှာကို ငါကြောက်တယ်။ မင်းတို့ ငါ့ကို မဖမ်းမိခင် ငါ့ကိုယ်ငါ သတ်သေနိုင်တယ်လေ။ အဲဒီအချိန်ကျရင် မင်းတို့က ငါ့ကို ဘာမှရနိုင်မှာမဟုတ်ဘူး"

လုမင်က အေးစက်စက် ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်း ဂိုဏ်းချုပ်တို့၏ မျက်လုံးများက အရောင်လက်သွားကြသည်။

'မင်းတို့ ဘယ်လိုထင်ကြလဲ'

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က အခြား ဂိုဏ်းချုပ်နှစ်ဦးကို အသံပို့လွှတ်ကာ ပြောလိုက်သည်။

'ဒီကောင်လေးက ဒီလိုအခြေအနေမျိုးကို အဆိုပြုဝံ့တယ်။ ကြည့်ရတာ သူက သူတော်စင်နယ်ပယ်ကို အဆင့်တက်သွားပုံပဲ'

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ပြောလိုက်၏။

'ဒါဆို သူက သူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားရင်တောင် ဘာဖြစ်သေးလဲ။ သူတော်စင်နယ်ပယ် ကနဦးအဆင့်မှာ ရှိနေရုံနဲ့ တောက်ပသော သူတော်စင်နယ်ပယ်မှာ ပြိုင်ဘက်ကင်းမဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် သူက ငါတို့ ဂိုဏ်းသုံးခုလုံးကို လျှော့တွက်နေတာပဲ'

ကောင်းကင်အဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်က လှောင်ပြောင်လိုက်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသည်။ သို့ရာတွင်၊ ဂိုဏ်းသုံးခုစလုံးက ရှည်လျားသော သမိုင်းကြောင်းရှိပြီး တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများစွာကို စုဆောင်းထားခဲ့၏။

နှစ်များတစ်လျှောက်၊ မြေကမ္ဘာဝိညာဉ်ခန္ဓာဖြင့် သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သူ များစွာရှိခဲ့သည်။ အချို့သူများက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်ကို ရောက်နေတာ ကြာပြီ။ တချို့ကလည်း အထူးစွမ်းရည်များကို လေ့ကျင့်ထားကြပြီး ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ လုမင်က မည်မျှပင် သန်မာနေစေကာမူ သူတော်စင်နယ်ပယ်သို့ ဖြတ်ကျော်ရုံမျှသာ ရှိသေးသည်။ သူက ဤမိစ္ဆာအိုကြီးများကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများကလည်း ဤအချက်ကို တွေးမိခဲ့ကြသည်။ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ခေါင်းညိတ်လိုက်ကြပေသည်။

စန်းဧကရာဇ်၏ အမွေနှင့် ရတနာများကို အလွယ်တကူ ရယူနိုင်ပါက အဘယ်ကြောင့် မလုပ်ရမည်နည်း။

"ကောင်းပြီ၊ ငါတို့သဘောတူတယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ပြောလိုက်သည်။

"ကောင်းပြီ၊ မင်းတို့ထဲက ဘယ်သူက တိုက်ခိုက်ချင်လဲ"

လုမင်က ပြင်းထန်သော တိုက်ခိုက်လိုစိတ်တို့ကို ထုတ်လွှတ်လိုက်၏။

"ငါလုပ်မယ်"

ကောင်းကင်အဆိပ်ဂိုဏ်းမှ ပိန်ပိန်ပါးပါးဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ထွက်လာသည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

တောက်ပသော သူတော်စင်နယ်ပယ် အထွတ်အထိပ်။

လုမင်လည်း ရှေ့သို့လျှောက်သွားပြီး မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

ထိုအချိန်တွင် နဂါးနတ်ဘုရားတောင်ကြားမှ လူများ တုန်လှုပ်သွားကြသည်။ လုမင်က ဂိုဏ်းသုံးခုမှ တောက်ပသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူအားလုံးကို စိန်ခေါ်လို၏။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။ မယုံနိုင်စရာကောင်းလွန်းသည်။

လူတိုင်းက မျက်လုံးကိုပြူးပြီး ကြည့်လိုက်ကြလေသည်။

"ဝုန်း"

ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူတော်စင်နယ်ပယ် အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွား၏။

"သူတော်စင်နယ်ပယ်၊ လုမင်က သူတော်စင်နယ်ပယ်ကို ချိုးဖြတ်သွားပြီဟ"

"ကြောက်စရာကောင်းလိုက်တာ၊ သူက သူတော်စင်နယ်ပယ်ကို ဘယ်အချိန်က ဖြတ်ကျော်သွားတာလဲ။ မြန်လိုက်တာ"

"လွန်ခဲ့တဲ့တစ်နှစ်လောက်က တင်းပေါင်ညီလာခံမှာဆိုရင် သူက သူတော်စင်တစ်ပိုင်း ဒုတိယအဆင့်ကိုပဲ ရောက်သေးတယ်။ နတ်ဘုရားသားတော်နဲ့ တိုက်ပွဲမှာမှ သူတော်စင်တစ်ပိုင်း တတိယအဆင့်ကို ရောက်သွားခဲ့တာ။ သူက ဘယ်လိုလုပ်ပြီး တိုးတက်မှု ဒီလောက်မြန်ရတာလဲ"

လူအများက အံ့သြတုန်လှုပ်စွာဖြင့် အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

'ဒါက စန်းဧကရာဇ်ရဲ့ ရတနာတွေကြောင့် ဖြစ်နိုင်မလား'

ထိုအကြောင်းကို တွေးမိသောအခါ လူအများ၏ မျက်လုံးများက တောက်ပလာကြသည်။

ဖြစ်နိုင်သည်၊ လုမင်က စန်းဧကရာဇ်၏ ရတနာကြောင့် ထိုမျှလျင်မြန်စွာ တိုးတက်နိုင်ခြင်း ဖြစ်မည်ဟု လူအများက ထင်မြင်ယူဆလိုက်ကြသည်။

All Chapters