အခန်း ၁၇၁၅
Vol. 115 Ch. 1715
အပိုင်း ( 1715 ) နတ်ဘုရားစွမ်းရည် ( ဝါ ) အထူးစွမ်းရည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်နှင့် ကောင်းကင်အဆိပ်ဂိုဏ်းချုပ်တို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက အရောင်လက်သွားကြ၏။ လောဘအရိပ်အယောင်တို့မှာလည်း ပို၍ ပြင်းထန်လာတော့သည်။
စင်စစ်တွင်၊ သူတို့လည်း ထိုအချက်ကို တွေးဖူးသည်။ လုမင်၏ ကံကောင်းခြင်းက စန်းဧကရာဇ်၏ ရတနာနှင့် အမွေမျှသာ မဖြစ်နိုင်ပေ။ မဟုတ်ပါက လုမင်သည် ထိုမျှ အစွမ်းထက်နေမည် မဟုတ်ပါ။
၎င်းတို့ကို သူတို့ ရအောင်ယူရမည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ၊ ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအားက သန်မာလွန်းတယ်။ သာမန်လူတွေက သူ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို တားဆီးနိုင်မှာ မဟုတ်ဘူး"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျုပ် သွားလိုက်ပါရစေ"
ထိုအချိန်တွင် ဝတ်ရုံဖြူဝတ် အဘိုးအိုတစ်ဦးက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထွက်လာသည်။
ဤအဘိုးအိုက အလွန်အသက်ကြီးနေပြီ။ သူ့ဆံပင်များက မရှိသလောက်ဖြစ်ပြီး သူ့မျက်နှာပေါ်မှာလည်း ဇရာ၏ အရေးအကြောင်းများဖြင့် ရှုံ့တွနေသည်။
"အကြီးအကဲမော့ခုန်း၊ ခင်ဗျားသွားမယ်ဆိုရင် ကျုပ်စိတ်ချနိုင်ပါပြီ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။
"ဒါက ဆရာကြီး မော့ခုန်းပဲ"
ကောင်းကင်အဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်များလည်း မျက်လုံးအရောင်လက်သွားကြသည်။
မော့ခုန်းမှာ စီနီယာကျသော သူတော်စင်တစ်ပါး ဖြစ်သည်။ သူ၏ အသက်ကလည်း အခြားဂိုဏ်းချုပ်များထက် နှစ်ဆခန့် ပိုကြီး၏။ သူက နှစ်တစ်သိန်းခန့် လေ့ကျင့်ပြီးပြီဖြစ်သော်လည်း သူ၏ အရည်အချင်းက အကန့်အသတ်ရှိသဖြင့် တောက်ပသော သူတော်စင်နယ်ပယ်တွင် အမြဲပိတ်မိနေခဲ့သည်။
သို့ရာတွင်၊ ထိုအချက်ကြောင့် မော့ခုန်း၏ စွမ်းအားကိုတော့ သံသယမဖြစ်နိုင်ပေ။ အချိန်အတော်ကြာအောင် အသက်ရှင်သန်ခဲ့ပြီးနောက် သူ့တွင် မည်သို့သောနည်းလမ်းများ ရှိသလဲဆိုတာ ဘယ်သူသိမှာလဲ။
ထို့ပြင်၊ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားက အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ သူက လုမင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကြောက်ရွံ့နေရန် မလိုပေ။
မော့ခုန်းက အနည်းငယ်ပြုံးကာ လုမင်၏ရှေ့သို့ ရောက်လာသည်။
"ကောင်လေး၊ တိုက်ခိုက်ကြတဲ့အခါ ဒီအဘိုးကြီးက ကြင်နာမှုပြမှာ မဟုတ်ဘူး။ စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာကို လိမ်လိမ်မာမာနဲ့ လွှဲပေးလိုက်ပါ။ ဒါဆိုရင် ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
မော့ခုန်းက လွန်စွာ အိုမင်းသောအသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများက လုမင်အား စူးစူးစိုက်စိုက် ကြည့်နေ၏။
"ဒါဆိုရင် မင်းမှာ အရည်အချင်းရှိလား အရင်ကြည့်ရမယ်"
လုမင်က ပြောလိုက်သည်။ သို့ရာတွင်၊ သူက အလွန်သတိထားနေပြီး တစ်ဖက်လူကို အဘိုးကြီးဖြစ်လို့ ဂရုမစိုက်ဘဲမနေပေ။
နောက်ဆုံးတွင်၊ သူတော်စင်နယ်ပယ်မှာ လူတချို့က အသက်ကြီးလာသည်နှင့်အမျှ ပို၍ ကြောက်စရာကောင်းလာတတ်သည်။
"ကောင်လေး၊ မင်းရဲ့ နှလုံးသားက ကောင်းကင်ထက်မြင့်ရင်တောင် ဒီအဘိုးကြီးက မင်းရဲ့ဝိညာဉ်ကို ငရဲပြည်ပို့ပေးမယ်"
ထိုအချိန်တွင်၊ မော့ခုန်း၏ မျက်လုံးများက မှုန်ရီဝေခြင်း မရှိတော့ပေ။ ထိုအစား တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။ တောက်ပပြီး မြင့်မြတ်သော အလင်းများကလည်း သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။
"နတ်ဘုရားစွမ်းရည်၊ သန့်စင်သောအလင်း ဖြတ်တောက်ခြင်း"
မော့ခုန်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ သန့်စင်သောအလင်းရောင်က အလွန်ထက်မြက်သော ဖဲကြိုးများအဖြစ်သို့ ပြောင်းလဲသွား၏။ ဤဖဲကြိုးများက အလွန်ရှည်လျားပြီး လေထုထဲမှ ရုတ်တရက် ပေါ်လာပုံရသည်။ ၎င်းတို့က လုမင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရုတ်တရက်ပေါ်လာကာ ဖုံးအုပ်လိုက်တော့သည်။
"မကောင်းတော့ဘူး၊ ဒါက နတ်ဘုရားစွမ်းရည်ပဲ။ သတိထား"
တိမ်နဂါးတောင်ကြားသခင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
တစ်ဖက်တွင်၊ ကောင်းကင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
မော့ခုန်းက နတ်ဘုရားစွမ်းရည်ကို အမှန်တကယ် လေ့ကျင့်ထားသည်။ နှစ်တစ်သိန်းကျော် နေထိုင်ခဲ့သော မိစ္ဆာအိုကြီးက မျှော်လင့်ထားသည့်အတိုင်းပင်။
တောက်ပသော သူတော်စင်နယ်ပယ်တွင် ပါရမီရှင်တစ်ဦးမဟုတ်ပါက နတ်ဘုရားစွမ်းရည်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ရန် ခက်ခဲသည်။
သို့ရာတွင်၊ ၎င်းက လေ့ကျင့်ရန် ခက်ခဲသလောက် စွမ်းအားကလည်း အလွန်ကြီးမား၏။
နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်သောသူများက နတ်ဘုရားစွမ်းရည်ကို မကျွမ်းကျင်သေးသော အဆင့်တူသူများကို အလွယ်တကူ သတ်နိုင်သည်။
ကြောက်မက်ဖွယ်ကောင်းသော သန့်စင်သောအလင်း ဖဲကြိုးက လုမင်ကို ဖုံးအုပ်ထားသည်။ ဖဲကြိုးများက အလွန်ထက်ပြီး အရာခပ်သိမ်းကို ဖြတ်တောက်နိုင်ပုံရ၏။
လုမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များစွာ ပေါ်လာသည်။ သူတော်စင်ရတနာ ဒိုင်းနှစ်ခုက ပေါ်လာပြီး အရှေ့နှင့် အနောက်ကို ပိတ်ဆို့လိုက်၏။
"ရွှပ်... ရွှပ့်
သန့်စင်သောအလင်း ဖဲကြိုးများက သူတော်စင်ရတနာ ဒိုင်းများကို ထိမှန်သောအခါ တုန်လှုပ်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ဒိုင်းပေါ်တွင် ပြတ်ရှရာ ဒဏ်ရာများ ပေါ်လာခြင်းပင်။ ဤအတိုင်း ဆက်သွားနေပါက သူတော်စင်ရတနာဒိုင်းကို မကြာမီ ဖြတ်တောက်သွားမည် ဖြစ်သည်။
ကြောက်စရာကောင်းလွန်းသည်။ သူတော်စင်ရတနာဒိုင်းကိုပင် အမန်တကယ် ဖြတ်တောက်နိုင်စွမ်းရှိ၏။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားလူများက ပြုံးလိုက်ကြသည်။ သူတို့အနိုင်ရပြီ။ လုမင်က နတ်ဘုရားစွမ်းရည်ကို မတားဆီးနိုင်သည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။
တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးတောင်ကြားသခင်တို့ကတော့ အာရုံအပြည့်ထည့်ကာ ကြည့်နေကြသည်။ လုမင်အတွက် အသက်အန္တရာယ်ရှိလျှင် သူတို့က အစွမ်းကုန်သုံးပြီး ကယ်တင်လိမ့်မည်။
အခြားသူများမှာလည်း တိုက်ပွဲကိုကြည့်ရင်း အသက်ပင်မရှူနိုင်အောင် ဖြစ်နေကြရသည်။
'ဟားဟားဟား၊ ဒီကောင် လုမင်မှာ အခွင့်အရေးမရှိတော့ဘူး'
ရင်ကျန်း၏ မျက်လုံးများမှာတော့ ပျော်ရွှင်မှုတို့ ပြည့်နေတော့သည်။
မော့ခုန်း၏ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းတွင် ရှိသည်။ နတ်ဘုရားစွမ်းရည်ကိုလည်း လေ့ကျင့်ထားသေး၏။ သူက အနည်းဆုံးတော့ စန်းပြည်နယ်ရှိ တောက်ပသော သူတော်စင်နယ်ပယ် ပညာရှင်များကြားတွင် အနှိုင်းမဲ့သော တည်ရှိမှုတစ်ခု ဖြစ်သည်။
'နတ်ဘုရားစွမ်းရည်တွေက တကယ်ကို အစွမ်းထက်တာပဲ။ ဒီအဘိုးကြီးက ဘယ်လောက်ထိ ဆုပ်ကိုင်ထားနိုင်မလဲ မသိဘူး။ ဒါပေမဲ့ အရမ်းကြီးမမြင့်ဘူးလို့တော့ ငါထင်တယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သူ့မျက်လုံးတွေက တိုက်ခိုက်ချင်စိတ်တို့ တဖွားဖွား ပေါ်လာ၏။
"ကစဉ့်ကလျား"
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုက လုမင်၏လက်ဖဝါးတွင် ပေါ်လာပြီး သန့်စင်သောအလင်း ဖဲကြိုးများဆီကို ပစ်လွှတ်လိုက်တော့သည်။
"ဝုန်း"
သန့်စင်သောအလင်း ဖဲကြိုးများက ပြင်းထန်စွာ တုန်ခါသွားကြသည်။ ၎င်းတို့က ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်ကို ပို၍ပင် ပြင်းထန်စွာ ဖြတ်တောက်လိုက်ကြ၏။
စူးရှသော အသံများ ထွက်ပေါ်လာပြီးနောက် ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်တစ်ခုလုံးကို ဇကာပေါက်ဖြစ်အောင် ဖြတ်တောက်ပစ်လိုက်သည်။ နောက်ဆုံးတွင် ပေါက်ကွဲသံနှင့်အတူ တံဆိပ်တော်က ပေါက်ကွဲသွားတော့သည်။
"ထပ်လာမယ်"
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော် နောက်တစ်ခုက လုမင်၏လက်ထဲတွင် ပေါ်လာပြီး သန့်စင်သောအလင်း ဖဲကြိုးများဆီသို့ ထပ်မံ ပစ်လွှတ်လိုက်သည်။
"ဝုန်း... ဝုန်း"
ကစဉ့်ကလျား ကောင်းကင်မှောက်လှန် တံဆိပ်တော်က သန့်စင်သောအလင်း ဖဲကြိုးနှင့် တိုက်မိကာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
"အသုံးမဝင်ပါဘူးကွာ၊ မင်း ငါ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ချိုးဖျက်လို့ မရဘူး"
မော့ခုန်းက ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများက လေးနက်နေသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပို၍များပြားသော သန့်စင်သောအလင်း ဖဲကြိုးများ ထပ်မံပေါ်လာ၏။ သန့်စင်သောအလင်း ဖဲကြိုးများက လေထဲတွင် ကခုန်နေပြီး ပိုးအိမ်တစ်ခုကဲ့သို့ လုမင်ကို လုံးလုံးလျားလျား ဖုံးအုပ်လိုက်တော့သည်။
အပြင်ဘက်မှကြည့်လျှင် ပိုးအိမ်အတွင်းမှ တစ်စုံတစ်ခုက ဖောက်ထွက် ကြိုးစားနေသည့်အလား၊ ပိုးအိမ်မှာ ဟိုမှ သည်မှ ဖောင်းကြွလာတတ်သည်ကို မြင်တွေ့ရမည်။
ပိုးအိမ်မှ ဆက်တိုက် ပေါက်ကွဲသံများလည်း ထွက်ပေါ်နေသေးသည်။
မျက်စိတစ်မှိတ်အတွင်း မိနစ်အနည်းငယ်ကြာသွားသော်လည်း ဖဲကြိုးများက တုန်ခါနေဆဲပင် ဖြစ်သည်။
"သူက ခုခံနေတုန်းပဲ။ ဒီကောင်လေးရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို အံ့ဖွယ်ကောင်းလွန်းတယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ သူကဲ့သို့ အကျော်အမော်တစ်ဦးပင်လျှင် ဤအခိုက်တွင် မအံ့ဩဘဲ မနေတော့ပေ။
"ငါတို့ ဒီကောင်လေးရဲ့ လျှို့ဝှက်ချက်ကို သိပြီးရင် သူ့ကို တစ်ခါတည်း ရှင်းပစ်ရမယ်။ မဟုတ်ရင် အဆုံးမဲ့ ဒုက္ခတွေ ရှိလာလိမ့်မယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။
အခြားဂိုဏ်းနှစ်ခုမှ ဂိုဏ်းချုပ်ကြီးများလည်း ခေါင်းညိတ်လိုက်ပေသည်။ လုမင်က ဤအဆင့်မှာပင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းမျိုး ထုတ်ပြနိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသည် အနာဂတ်တွင် အန္တိမသူတော်စင်နယ်ပယ်သို့ ရောက်ရှိပါက၊ စန်းပြည်နယ်တွင် မည်သူက သူ့ကို အနိုင်ယူနိုင်မည်နည်း။
'နတ်ဘုရားစွမ်းရည်က အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးကတော့ အလွန်ဆုံး သူ့စွမ်းရည်ရဲ့ တစ်ဆယ်ရာခိုင်နှုန်းပဲ ဆုပ်ကိုင်နိုင်သေးတယ်'
လုမင်၏ မျက်နှာက တည်ငြိမ်နေသည်။ သူက ရေအနက်ကို စမ်းကြည့်နေရုံသာ။
နတ်ဘုရားစွမ်းရည်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သဘာဝအတိုင်း ဂရုတစိုက် လေ့လာခဲ့ရသည်။
အကြောင်းမူ၊ ယခုအခါ သူက နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်နိုင်ပြီ ဖြစ်သောကြောင့်ပင်။ ကစဉ့်ကလျားကျမ်းတွင် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဟုခေါ်သော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားစွမ်းရည်တစ်ခု ရှိသည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကစဉ့်ကလျားနိယာမ၏ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ပေသည်။
ထို့ပြင် နဝမနဂါး၏ အမှတ်တရများတွင်လည်း နတ်ဘုရားစွမ်းရည်များ ရှိသည်။
ဤသည်မှာ အနာဂတ်တွင် သူ လေ့ကျင့်ရန်အတွက် စမ်းသပ်မှုတစ်ခုပင်။
"အချိန်တန်ပြီ"
ထိုအခိုက်တွင်၊ လုမင်၏ မျက်လုံးများက စူးရှသောအလင်းများ ပေါ်လာသည်။
သူ၏ဒန်တျန်ရှိ သူတော်စင်နှလုံးသား နှစ်ခုက တောက်ပပြီး တစ်ခုကိုတစ်ခု လျင်မြန်စွာ လှည့်ပတ်နေ၏။ သူ့ခန္ဓာကိုယ်ထဲမှ သူတော်စင်စွမ်းအားများ မြင့်တက်လာတော့သည်။
ကစဉ့်ကလျားနိယာမက သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ လုမင်က သန့်စင်သောအလင်းဖဲကြိုးများဆီသို့ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သောအခါ ကြီးမားသော ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်တစ်ခု ပေါ်လာ၏။
"ဝုန်း"
သန့်စင်သောအလင်း ဖဲကြိုးများက ပြင်းထန်စွာ တုန်ခါပြီးနောက် ပေါက်ကွဲသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သန့်စင်သောအလင်းဖဲကြိုးများ အားလုံးပျက်စီးသွားကြသည်။ လုမင်၏ ရုပ်သွင်ကလည်း လူတိုင်းရှေ့တွင် ပြန်လည်ပေါ်လာတော့သည်။
"မဖြစ်နိုင်ဘူး"
မော့ခုန်းက အော်ဟစ်လိုက်သည်။ သူ့ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာပြီး နောက်ပြန်ဆုတ်သွား၏။ သူ့မျက်လုံးများမှာလည်း မယုံကြည်မှုတို့ ပြည့်နေတော့သည်။
သူ၏ နတ်ဘုရားစွမ်းရည်ကို လုမင်က အမှန်တကယ် ချိုးဖျက်ပစ်လိုက်သည်။
တောက်ပသော သူတော်စင်နယ်ပယ်ကို ချိုးဖြတ်ခါစ လူငယ်လေးက သူ၏ နတ်ဘုရားစွမ်းရည်ကို မည်သို့ ချိုးဖျက်နိုင်သနည်း။