အခန်း ၁၇၁၉
Vol. 115 Ch. 1719
အပိုင်း ( 1719 ) ဝိညာဉ်ခန္ဓာ ဆင့်ကဲပြောင်းလဲခြင်း။
လုမင်က တိမ်နဂါးတောင်ကြားသို့ ပြန်လာကာ တိတ်တဆိတ်လေ့ကျင့်ရန် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။ သူသည် အစစ်အမှန်နဂါး သွေးအနှစ်သာရ သုံးစက်ကို သန့်စင်ရန် စီစဉ်ထား၏။
ယခုအခါ အရေးကြီးဆုံးက သူ၏အင်အားကို အဆက်ပြတ် မြှင့်တင်ရန် ဖြစ်သည်။
လုမင်၏ ဝိညာဉ်ခန္ဓာက ထပ်မံတိုးတက်လာသရွေ့ သူ၏ ခွန်အားများလည်း တဟုန်ထိုး တက်လာလိမ့်မည်။
လုမင်က တင်ပျဉ်ခွေထိုင်ကာ အစစ်အမှန်နဂါး သွေးအနှစ်သာရ တစ်စက်ကို ထုတ်ယူလိုက်သည်။ သွေးအနှစ်သာရပေါ်ရှိ အန္တိမသူတော်စင် အငွေ့အသက်များက လုမင်၏ အရေပြားကို တိုးဝှေ့လာ၏။
"ဝါးမျိုစေ"
လုမင်က ဝါးမျိုခြင်းစွမ်းအားကို ထုတ်လွှတ်ပြီး သွေးအနှစ်သာရတစ်စက်ကို ဖုံးအုပ်လိုက်သည်။ သူက သွေးအနှစ်သာရရှိ ဝိညာဉ်အနှစ်သာရကို ဝါးမြိုပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်တော့သည်။
သုံးရက်အကြာတွင် သွေးအနှစ်သာရတစ်စက်ကို လုမင်က လုံးဝ သန့်စင်ပြီးသွားသည်။ ထို့နောက်၊ လုမင်သည် နောက်ထပ်တစ်စက်ကို ထုတ်ယူလိုက်၏။
ထိုကဲ့သို့ဖြင့် ကိုးရက်အကြာတွင်၊ သွေးအနှစ်သာရ သုံးစက်ကို လုံးဝ သန့်စင်ပြီးသွားလေသည်။ စွမ်းအင်အားလုံးက လုမင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ လုမင်၏ စုဆောင်းမှုကလည်း အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ။
"ဂါး"
အစစ်အမှန်နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက ကောင်းကင်ကိုးပါးကို တုန်လှုပ်စေခဲ့သည်။
လုမင်၏ ဦးခေါင်းထက်တွင် ကြီးမားသော နဝမနဂါးကြီး ပေါ်လာ၏။ ၎င်းက ကောင်းကင်တွင် လှည့်ပတ်ပျံသန်းပြီး အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် နဂါးလေးများ ကူးခတ်နေသကဲ့သို့ သူ့ကြွက်သားများကလည်း လှုပ်ရှားနေ၏။
လုမင်၏ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာသည်။ သူ၏ အရိုးများက အဆက်မပြတ် သန်မာလာပြီ။ ၎င်းတို့က စိန်ထက် အဆပေါင်း ရာနှင့်ချီ၍ မာကျောနေပြီ ဖြစ်သည်။
သူ၏ ကြွက်သားများကလည်း ပြောင်းလွယ်ပြင်လွယ် ရှိကြသည်။ တိုက်ခိုက်မှု ထုတ်ဖော်ပါက မိုးနှင့်မြေကို ဖြိုချနိုင်သော စွမ်းအားရှိ၏။
သူ၏ သွေးများမှာပင် အနှိုင်းမဲ့ တက်ကြွသော အသက်စွမ်းအားဖြင့် ပြည့်နေသည်။
ယခုအခါ လုမင်၏ ခန္ဓာကိုယ်က သန်မာသည်ထက် သာန်မာလာပြီ။ နတ်နဂါးတစ်ကောင်ကဲ့သို့ သူ၏ လှုပ်ရှားမှုတိုင်းက ဖျက်ဆီးနိုင်စွမ်းအပြည့် ရှိသည်။
ခဏအကြာတွင် ကောင်းကင်မှ နဝမနဂါးပုံရိပ်က လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။ လုမင်လည်း သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။
"ငါ အောင်အောင်မြင်မြင် တိုးတက်စေနိုင်ခဲ့ပြီ... အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာ"
လုမင် ပြုံးလိုက်သည်။
အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ခန္ဓာသို့ ဆင့်ကဲပြောင်းလဲခဲ့သည့်အပြင် လုမင်၏ ခန္ဓာကိုယ်အတွင်းမှ လက်ကျန် ကစဉ့်ကလျားချီများကိုလည်း သန့်စင်နိုင်ခဲ့ပြီ။ ယခုအခါ သူ၏ ဝိညာဉ်ခန္ဓာက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာထက် အားမနည်းတော့ပေ။
ဝိညာဉ်ခန္ဓာ၏ ဆင့်ကဲပြောင်းလဲမှုကြောင့် လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ယခုအချိန်တွင် မော့ခုန်းကဲ့သို့ မိစ္ဆာအိုကြီးနှင့် ထပ်မံရင်ဆိုင်ရပါက၊ သူ၏ နတ်ဘုရားစွမ်းရည်ကို ဖျက်ဆီးပြီး လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်နိုင်လိမ့်မည်။
အတွေးတစ်ခုဖြင့် လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်ခဲ့သည်။
ဆယ်ရက်ကြာ တိတ်တဆိတ်လေ့ကျင့်ပြီးနောက်၊ လုမင်က စန်းပြည်နယ်၏ လက်ရှိအခြေအနေကို မေးမြန်းလိုသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သူ မေးမြန်းပြီးနောက် အရေးကြီးသော အချက်အလက်တစ်ခုကို သိလိုက်ရသည်။
အဓိက ဂိုဏ်းသုံးဂိုဏ်းဖြစ်သည့် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့က စန်းပြည်နယ်၏ အခြားအင်အားစုများကို ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် တစ်လအတွင်း တွေ့ဆုံရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ကမ္ဘာသို့ ကြေညာခဲ့၏။ ၎င်းတို့က မဟာမိတ်ဖွဲ့ပြီး နဂါးနတ်ဘုရားတောင်ကြားကို ချေမှုန်းကာ စန်းဧကရာဇ်၏အမွေနှင့် ရတနာများကို လွှဲပြောင်းပေးအပ်ရန် ဖိအားပေးလိုသည်။
ဤသတင်းထွက်လာသောအခါ စန်းပြည်နယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို စန်းပြည်နယ်ရှိ လေနှင့် တိမ်များ ပြောင်းလဲသွား၏။ မုန်တိုင်းကြီးတစ်ခု ရောက်လာတော့မည်ဟု လူတိုင်း ခံစားကြရသည်။
စန်းပြည်နယ်ရှိ အင်အားစုကြီးတချို့ကတော့ ကြားနေဝါဒကို ထိန်းသိမ်းထားပြီး ဘေးမှ စောင့်ကြည့်နေပေသည်။
အချို့သော အင်အားစုများကလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ စတင်ထွက်ခွာနေပြီဟု ဆိုကြသည်။
"မဟာမိတ်"
လုမင်၏ မျက်လုံးအကြည့်များက အေးစက်လာသည်။
ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းလဲ။ သူတို့က နဂါးနတ်ဘုရားတောင်ကြားကို ဖျက်ဆီးရန်အတွက် စန်းပြည်နယ်ရှိ အင်အားစုကြီးများကို စုစည်းချင်ကြသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် စုစည်းရခြင်း အကြောင်းရင်းကတော့၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသည် နဂါးနတ်ဘုရားတောင်ကြားနှင့် အနီးဆုံးဖြစ်သောကြောင့်ပင်။ မဟာမိတ်ကို အတည်ပြုပြီးသည်နှင့် နဂါးနတ်ဘုရားတောင်ကြားသို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်သည်။
နဂါးနတ်ဘုရားတောင်ကြားမှာလည်း လူတိုင်းက အထိတ်တလန့် ဖြစ်နေကြပေသည်။
ရင်ကျန်းကလည်း သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေရန် လူများကို တိတ်တဆိတ် စေလွှတ်ခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း၊ နဂါးနတ်ဘုရားတောင်ကြားတွင် အခြေအနေက ရှုပ်ထွေးလာတော့သည်။ လုမင်ကို လွှဲပြောင်းပေးလိုသော လူများ၏ စကားသံများကလည်း ပို၍ ကျယ်လောင်လာသည်။ ရေခဲနဂါးတောင်ကြားသခင်က သူတို့ကို ထိန်းချုပ်ထားပြီး ရေခဲနဂါးဘိုးဘေးကိုယ်တိုင် ထွက်လာခြင်းကြောင့်မဟုတ်လျှင် အခြေအနေက ပိုဆိုးလာလိမ့်မည်။
"တစ်လ"
လုမင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တိတ်တဆိတ် လေ့ကျင့်ရန် သူ၏ဂူထဲသို့ ပြန်လာခဲ့သည်။
"ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို လေ့ကျင့်ဖို့ အချိန်တန်ပြီ"
လုမင်က နတ်ဘုရားစွမ်းရည်ကို စတင်လေ့ကျင့်ရန် စီစဉ်ထား၏။
ယခုအခါမှာ သူ၏ ကစဉ့်ကလျားနိယာမအတွက် သင့်လျော်သော နတ်ဘုရားစွမ်းရည် ရှိသည်။
သို့ရာတွင်၊ အစီရင်နိယာမနှင့် သက်ဆိုင်သော နတ်ဘုရားစွမ်းရည်ကတော့ မရှိသေးပေ။ နောင်မှ ၎င်းကို ရှာဖွေရမည် ဖြစ်သည်။
လုမင်က ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်လေသည်။
နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ရန် ခက်ခဲမှုမှာ အံ့အားသင့်ဖွယ်ရာ မြင့်မားသည်။ စန်းပြည်နယ်ရှိ တောက်ပသော သူတော်စင်အများစုက ၎င်းကို အောင်မြင်စွာ မလေ့ကျင့်နိုင်ခြင်းကိုကြည့်လျှင် နတ်ဘုရားစွမ်းရည်၏ လေ့ကျင့်ရန် အခက်အခဲကို မြင်နိုင်လိမ့်မည်။
အများအားဖြင့် စန်းပြည်နယ်တွင်၊ မဟာသူတော်စင်အဆင့် ပုဂ္ဂိုလ်များသာ ၎င်းကို အောင်မြင်စွာ လေ့ကျင့်နိုင်ကြသည်။
ထို့ပြင်၊ နတ်ဘုရားစွမ်းရည်၏ စွမ်းအားက ကျွမ်းကျင်မှုအဆင့်ပေါ် မူတည်၍ များစွာကွဲပြားသည်။
ယခင်က မော့ခုန်းသည် နတ်ဘုရားစွမ်းရည်၏ တစ်ဆယ်ရာခိုင်နှုန်းသာ ဆုပ်ကိုင်နိုင်သေးသည်။ သူက အစပျိုးအဆင့်သာ ဖြစ်သည်။
ဟုတ်သည်၊ နတ်ဘုရားစွမ်းရည်ကို နားလည်နိုင်စွမ်းက တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ငါး ရာခိုင်နှုန်း တိုးတက်လာတိုင်း စွမ်းအားကွာဟမှုကလည်း ကြီးမားလာလိမ့်မည်။ ဥပမာအားဖြင့်၊ နတ်ဘုရားစွမ်းရည်၏ နှစ်ဆယ်ရာခိုင်နှုန်းကို ကျွမ်းကျင်သူသည် တစ်ဆယ်ရာခိုင်နှုန်းကိုသာ ကျွမ်းကျင်သူထက် အဆများစွာ အားကောင်းမည် ဖြစ်သည်။
တစ်ရာရာခိုင်နှုန်း ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပါက စွမ်းအားမှ မိုးနှင့်မြေကို ဖြိုချနိုင်လိမ့်မည်။
သို့ရာတွင်... အန္တမသူတော်စင်အများစုသည်ပင် တစ်ရာရာခိုင်နှုန်း ကျွမ်းကျင်အောင် မလေ့ကျင့်နိုင်ကြပါ။
အကြောင်းမူ၊ နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ခြင်းက နိယာမကို နားလည်သဘောပေါက်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့်ပင်။
နတ်ဘုရားစွမ်းရည်များနှင့် နိယာမများက တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်သောအခါ နိယာမကို နားလည်သဘောပေါက်မှုကလည်း တိုးလာနိုင်သည်။ နိယာမကို နားလည်သဘောပေါက်မှု အားကောင်းလာလေ၊ နတ်ဘုရားစွမ်းရည်၏ စွမ်းအားကလည်း အားကောင်းလာလေပင်။
နတ်ဘုရားစွမ်းရည်ကို လေ့ကျင့်ခြင်းက နိယာမများ နားလည်သဘောပေါက်နိုင်မှုကို များစွာ တိုးတက်စေနိုင်သည်။
နတ်ဘုရားစွမ်းရည်ကို တစ်ရာရာခိုင်နှုန်း ကျွမ်းကျင်အောင် လေ့ကျင့်နိုင်လျှင်၊ နိယာမကို အထွတ်အထိပ်အထိ နားလည်ပြီး နိယာမတစ်ခုလုံးအား လုံးလုံးလျားလျား ဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုလိုသည်။
ဤနည်းအားဖြင့်၊ လူတစ်ဦးက ကမ္ဘာငယ်လေးတစ်ခု ဖြစ်ထွန်းလာစေရန် အခြေခံအုတ်မြစ်အဖြစ် ပြီးပြည့်စုံသော နိယာမတစ်ရပ်ကို အသုံးပြုပြီး သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်လိမ့်မည်။
ထိုအချက်များမှ နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ ကျွမ်းကျင်နိုင်ရန် မည်မျှခက်ခဲကြောင်း မြင်နိုင်သည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းနှစ်ဆယ်ကျော် ကုန်ဆုံးသွားပြီ။ ကောင်းကင်နတ်ဘုရားဂိုဏ်းတို့၏ မဟာမိတ်ဖွဲ့သည့်နေ့ကလည်း နီးကပ်လာပြီ ဖြစ်သည်။
"ဟင်း... ငါမအောင်မြင်သေးဘူး"
လုမင်က ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် ထိုင်နေကာ သက်ပြင်းချလိုက်သည်။
ရက်ပေါင်းနှစ်ဆယ်ကျော် လေ့ကျင့်ပြီးဖြစ်သော်လည်း ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို လေ့ကျင့်ရာတွင် မအောင်မြင်သေးပေ။ ကနဦးအဆင့်ကိုတောင် မရောက်သေးပါ။
နတ်ဘုရားစွမ်းရည်နည်းလမ်းများက လေ့ကျင့်ရန် အမှန်တကယ်ခက်ခဲသည်။ ထို့ပြင်၊ ၎င်းက ကစဉ့်ကလျားနိယာမကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုသော နတ်ဘုရားစွမ်းရည်ဖြစ်သောကြောင့် လေ့ကျင့်ရန် ပိုခက်ခဲ၏။ ဟုတ်သည်၊ ၎င်းကို အောင်မြင်စွာ လေ့ကျင့်နိုင်ပါက စွမ်းအားမှာလည်း ပုံမှန်ထက် များစွာပို၍ ကြောက်စရာကောင်းလိမ့်မည်။
"ငါ စိတ်တွေလောနေတာပဲ။ ငါ ဆန္ဒစောနေလေလေ... အောင်မြင်ဖို့ ပိုခက်ခဲလေပဲ။ ငါ ပေါ့ပေါ့ပါးပါးပဲ နေလိုက်တော့မယ်"
လုမင်လည်း သက်ပြင်းချကာ တောင်နှင့်မြစ်ပန်းချီကားမှ ထွက်ခဲ့သည်။ သူက လမ်းလျှောက်ထွက်ရင်း ရှန်းရှန်း၏ ကျင့်ကြံမှုကိုလည်း လမ်းညွှန်မှုတချို့ပေးရန် စီစဉ်ခဲ့ပေသည်။
လုမင်က တိမ်နဂါးတောင်ကြားတွင် လမ်းလျှောက်ထွက်ခဲ့သည်။ လေနုအေးများက သူ့မျက်နှာကို ဖြတ်သန်းတိုက်ခတ်လာသည်နှင့်အမျှ လုမင်၏ စိုးရိမ်သောကစိတ်များ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
သို့သော်၊ ထိုအခိုက်တွင် လုမင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အသံလွှင့်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ သူကြည့်လိုက်တော့ ချိုးရင်ရင်ထံမှ စာဖြစ်ကြောင်း သိလိုက်ရသည်။ ကြီးကြီးမားမား တစ်ခုခုဖြစ်သွားသကဲ့သို့ သူမက အလွန်စိုးရိမ်နေပုံရပေသည်။
လုမင်လည်း တိမ်နဂါးတောင်ကြား၏ အဝင်ပေါက်ဆီသို့ ချက်ချင်း လျှောက်သွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ တိမ်နဂါးတောင်ကြား၏ အဝင်ဝမှာ ချိုးရင်ရင်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို သူတွေ့လိုက်ရသည်။
"ရင်ရင်၊ ဘာဖြစ်တာလဲ"
လုမင်က တိုက်ရိုက်မေးလိုက်သည်။
"လုမင်... ကျေးဇူးပြုပြီး ငါ့အစ်ကိုကြီးကို ကယ်ပါ"
လုမင်ကို တွေ့လိုက်သည်နှင့် ချိုးရင်ရင်မှာ မချုပ်တည်းနိုင်တော့ဟန်ဖြင့် မျက်ရည်များ စီးကျလာကာ ငိုကြွေးလေတော့သည်။
"ညီနောင်ချိုး ဘာဖြစ်လို့လဲ"
လုမင်က မေးလိုက်သည်။
"ငါ့အစ်ကိုကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မော့ယန်က လိုက်ဖမ်းနေတယ်။ သူက အခု လော့ရှတောင်တန်းကို ရောက်နေပြီ"
ချိုးရင်ရင်က စိုးရိမ်တကြီး ပြော၏။
"လော့ရှတောင်တန်း... မော့ယန်က လိုက်ဖမ်းနေတာလား။ သွားကြစို့... သွားရင်းနဲ့ လမ်းမှာပြောပြချေ"
လုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး သူ၏ သူတော်စင်စွမ်းအားဖြင့် ချိုးရင်ရင်ကို ဖုံးအုပ်လိုက်သည်။ ထို့နောက်တော့ သူမကို ခေါ်ဆောင်ကာ နဂါးနတ်ဘုရားတောင်ကြားမှ ထွက်ခွာသွားတော့သည်။
လော့ရှတောင်တန်းက နဂါးနတ်ဘုရားတောင်ကြားနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတို့၏အကြားတွင် တည်ရှိသည်။ သို့သော်လည်း နဂါးနတ်ဘုရားတောင်ကြားနှင့် ပို၍ နီးစပ်မှုရှိ၏။ လုမင်လည်း အရှိန်အဟုန်ဖြင့် လော့ရှတောင်တန်းဆီသို့ ပျံသန်းသွားတော့သည်။
လမ်းတွင်၊ ချိုးရင်ရင်က အခြေအနေအလုံးစုံကို ရှင်းပြခဲ့သည်။