အခန်း ၁၇၂၆
Vol. 116 Ch. 1726
အပိုင်း ( 1726 ) မဟာသူတော်စင်ကို အနိုင်ယူခြင်း။
သူတော်စင်လက်နက် တစ်ရာရှစ်ခုမှ လက်နက်စွမ်းအင်များကို စုဆောင်းလိုက်သောအခါ အလွန်အစွမ်းထက်လာသည်။
လုမင်က သူ့လက်ထဲတွင် မဟာသူတော်စင်ဓားကိုကိုင်ပြီး ခုတ်ထစ်လိုက်၏။ ဓားအလင်းက ကောင်းကင်သို့ ထိုးတက်သွားပြီး ဧရာမပုဆိန်နှင့် တိုက်မိသွားတော့သည်။
"ဝုန်း"
လေထဲတွင် ဧရာမပုဆိန်နှင့် ဓားအလင်းတို့က ထိပ်တိုက်တွေ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများ ဖြစ်ပေါ်လာစေခဲ့သည်။ ထို့နောက်မှာတော့ နှစ်ခုစလုံး ပျက်စီးသွားကြပြီး မည်သူမျှ အသာစီးမရခဲ့ပေ။
"သတ်"
လုမင်က မာန်သွင်းပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုးခုတ်တိုက်ခိုက်လိုက်သည်။
"ဝှစ်... ဝှစ်"
အတွေးတစ်ခုဖြင့် သူ့ပတ်ဝန်းကျင်ရှိ သူတော်စင်လက်နက်များအားလုံးက တစ်ဖက်လူဆီသို့ ဦးတည်သွားကြ၏။
အဘိုးကြီးက သူ၏ ပုဆိန်ကြီးဖြင့် သူတော်စင်လက်နက်များကို ခုတ်ထစ်ကာ လွင့်စဉ်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ လုမင်က မဟာသူတော်စင်ဓားကိုကိုင်ပြီး အနားသို့ ရောက်လာသည်။ ဓားသွားက အရောင်တလက်လက် တောက်ပနေ၏။
"ထန်"
သူတို့ နှစ်ယောက်က ထိပ်တိုက်တွေ့သွားကြသည်။ သို့သော်၊ လက်ရည်ညီမျှနေဆဲပင်။
လုမင်က နောက်သို့ဆုတ်သွားရပြီးနောက် ခြေတစ်ချက်ဆောင့်ကာ ရှေ့သို့ ပြေးဝင်သွားသည်။ တစ်ဖက်လူကလည်း အလားတူပင် ပြုလုပ်၏။ သူတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ ဓားနှင့် ပုဆိန်တို့က ထိပ်တိုက်တွေ့ဆုံနေပြီး မီးပွားများမှာ နေရာအနှံ့သို့ လွင့်စဉ်နေတော့သည်။
အားလုံးက မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့သည်။ တိုက်ခိုက်သံမှတပါး၊ တစ်နေရာလုံး တိတ်ဆိတ်နေ၏။
လူများစွာက လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် ထုံကျင်နေပြီ ဖြစ်သည်။
မဟာသူတော်စင်တစ်ပါးပင်လျှင် လုမင်ကို အနိုင်မယူနိုင်ဘဲဖြစ်မည်လော။
ပို၍ အားကောင်းသော ကျွမ်းကျင်သူတစ်ဦးက လှုပ်ရှားရတော့မည်လော။
သို့ဆိုလျှင် လွန်စွာမှ ရှက်စရာကောင်းလိမ့်မည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်နှာက မည်းမှောင်သွားသည်။ လုမင်၏ လက်ထဲမှ မဟာသူတော်စင်လက်နက် ဓားက နတ်ဘုရားသားတော်အပိုင် ဖြစ်ခဲ့သည်။ သူက နတ်ဘုရားသားတော်ကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။ ယခုတော့ လုမင်၏လက်ထဲသို့ ကျရောက်သွားပြီး လုမင်၏လက်နက် ဖြစ်လာခဲ့ပြီ။
လုမင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်သော အဘိုးအိုက အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ ဤသည်က ရိုးရှင်းသော ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး သူတို့က ခဏချင်းမှာပင် ဒါဇင်နှင့်ချီပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ အဘိုးအိုမှာ ပို၍ တုန်လှုပ်လာသည်။
သူသည် ကနဦးအဆင့် မဟာသူတော်စင်တစ်ပါးဖြစ်ပြီး ကနဦးအဆင့် တောက်ပသော သူတော်စင်နယ်ပယ် လူငယ်တစ်ဦးကို ထိပ်တိုက်တွေ့ဆုံမှုတွင် အနိုင်မယူနိုင်သေးပေ။ ဤသည်က စန်းပြည်နယ်၏သမိုင်းမှာ တစ်ခါမျှ မဖြစ်ခဲ့ဖူးပါ။
သူ၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်။
"ထန်"
လုမင်က အဘိုးအိုနှင့် နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီး နောက်ဆုတ်သွားခဲ့သည်။ ထိုအချိန်တွင်၊ လုမင်၏ မျက်လုံးများက နက်ရှိုင်းပြီး နားလည်ရခက်သော ရေကန်ကြီးနှစ်ကန်ကဲ့သို့ မည်းနက်သွား၏။
ထိုအခိုက်တွင်၊ အဘိုးအိုက လုမင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နှင့် မြေပြင်ကြားတွင် ကြီးမားသော အစစ်အမှန်နဂါးကြီးများ ပေါ်လာပြီး သူ့ဆီသို့ ပျံသန်းလာကြတော့သည်။
"ဒါက ပုံရိပ်ယောင်တွေပဲ၊ ချိုးဖြတ်လော့"
အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် စိတ်ဝိညာဉ်က တောက်ပစွာ လင်းလက်နေ၏။ သူ့လက်ထဲမှ ပုဆိန်ကြီးဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
ဤသည်မှာ ချိုးရင်ရင်ထံမှ သူသင်ယူခဲ့သော စိတ်ဝိညာဉ်ပုံရိပ်ယောင်ပညာရပ် ဖြစ်သည်။
"ဝှစ်"
စိတ်ဝိညာဉ်ပုံရိပ်ယောင်ပညာရပ်ကို သရုပ်ဖော်ပြီးနောက် လုမင်က အဘိုးအိုဆီသို့ ခုန်ဝင်သွားသည်။
"မကောင်းတော့ဘူး"
ကြည့်ရှုနေသူများ၊ အထူးသဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများမှာ မျက်နှာပျက်သွားကြ၏။
ထွားကျိုင်းသော အဘိုးအိုက ရုတ်တရက် လေထဲသို့ ရူးသွပ်စွာ ခုတ်ထစ်လာသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် လုမင်က လျင်မြန်စွာ ချဉ်းကပ်သွားသော်ဘည်း အဘိုးအိုမှာ သတိပြုမိပုံမရပေ။
"ရွှစ်"
လုမင်က သူ့လက်ထဲမှဓားဖြင့် အဘိုးအိုထံ ထိုးသွင်းလိုက်သည်။
"ထွက်သွား"
ထိုအချိန်တွင် ထွားကျိုင်းသော အဘိုးအိုက ဟိန်းဟောက်လိုက်သည်။ သူက အန္တရာယ်ကို ခံစားလိုက်ရပေါ်ပြီး ပုဆိန်ကြီးဖြင့် လုမင်ဆီသို့ ခုတ်ချလိုက်၏။ သူက လုမင်၏ တိုက်ခိုက်မှုကို တားဆီးသွားခဲ့သည်။
'ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက မလုံလောက်သေးဘူးထင်တယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူ၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာတို့ ပေါင်းစပ်မှုကြောင့် လုမင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ယခုဆိုလျှင်၊ ၎င်းက မဟာသူတော်စင်နယ်ပယ် ကနဦးအဆင့်သို့ ရောက်နေပြီ။ သို့ရာတွင် အဘိုးအိုက မဟာသူတော်စင်နယ်ပယ် ကနဦးအဆင့်ဖြစ်သောကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားက လုမင်ထက် အားနည်းသည်မဟုတ်ပေ။ လုမင်က အဘိုးအို၏ အမြင်အာရုံကိုလှည့်စားရန် စိတ်ဝိညာဉ်ပုံရိပ်ယောင် ပညာရပ်ကို အသုံးပြုထားသော်လည်း၊ အဘိုးအိုက သေစေနိုင်သော အန္တရာယ်ကို ခံစားသိရှိကာ တုံ့ပြန်နိုင်ဆဲ ဖြစ်သည်။
"သတ်"
လုမင်က သူ့ဘက်ကို ဝှေ့ယမ်းလိုက်သည်။ သူတော်စင်လက်နက် တစ်ရာကျော်က အဘိုးအိုထံ ဖြတ်သန်းသွား၏။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ တိုးလာပြီး အဘိုးအိုကို တိုက်ခိုက်လိုက်တော့သည်။
ထွားကျိုင်းသော အဘိုးအိုက အော်ဟစ်မာန်မဲပြီး သူ၏ပုဆိန်နှင့် အဆက်မပြတ် ခုတ်ထစ်လိုက်သည်။ အားကောင်းသော ပုဆိန်လှိုင်းများက အရပ်ရပ်သို့ တိုက်ခတ်သွားသဖြင့် လုမင်မှာ အနီးသို့ကပ်ရန် မလွယ်တော့ပေ။
"ဒါက အလုပ်ဖြစ်မယ်လို့ မင်းထင်တာလား၊ ဖိနှိပ်စေ"
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ တောက်ပလာသည်။ ထိုက်ကျိအစီရင်ဓာတ်ပြား ပေါ်လာပြီးနောက် အဆုံးမဲ့ရွန်းများ ထွက်ပေါ်လာ၏။
ထိုက်ကျိအစီရင်ဓာတ်ပြားက ပေါ်လာသည်နှင့်တပြိုင်နက် ထွားကျိုင်းသော အဘိုးအိုကို ဖိနှိပ်လိုက်တော့သည်။
ထိုက်ကျိအစီရင်ဓာတ်ပြားက လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အစွမ်းထက်သည်။ လုမင်၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ သူထုတ်လွှတ်နိုင်သော စွမ်းအားများလည်း တိုးလာခဲ့ပေသည်။
"ဝမ်"
ထိုက်ကျိအစီရင်ဓာတ်ပြားက အဘိုးအိုကို ဖိနှိပ်လိုက်သည်။ ထိုက်ကျိအစီရင်ဓာတ်ပြားတွင် ဖျက်ဆီးခြင်းနှင့် တံဆိပ်ခတ်ခြင်း စွမ်းအားများ ရှိ၏။ အဘိုးအို၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါရင်း အဆက်မပြတ် ဆုတ်သွားရတော့သည်။
"သတ်"
ထိုအချိန်တွင် လုမင်က ရောက်ရှိလာပြီး ဓားဖြင့်ခုတ်ကာ ထွားကျိုင်းသော အဘိုးအို၏ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲချလိုက်သည်။
သို့သော်၊ မဟာသူတော်စင်နယ်ပယ်သို့ ရောက်သောအခါ ခန္ဓာကိုယ် ထက်ခြမ်းခွဲခံရလျှင်ပင် ချက်ချင်း သေဆုံးသွားမည် မဟုတ်ပေ။ ထွားကျိုင်းသော အဘိုးအို၏ ခန္ဓာကိုယ်နှစ်ခြမ်းက အသည်းအသန် နောက်ပြန်ဆုတ်သွားသည်။
လုမင်က အခွင့်အရေးမပေးလိုဘဲ အဘိုးအို၏နောက်ကို ပြေးလိုက်သွား၏။
"တော်လောက်ပြီ"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ သူတော်စင်စွမ်းအားက အဘိုးအိုအား ဖဲကြိုးကဲ့သို့ ရစ်ပတ်ကာ ဆွဲခေါ်သွားတော့သည်။
ထိုအခါမှ ထွားကျိုင်းသော အဘိုးအိုမှာ လုမင်၏ ပုံရိပ်ယောင်အောက်မှ လွတ်မြောက်သွားသည်။ သူ့ခန္ဓာကိုယ်နှစ်ခြမ်းက ပြန်လည်ချိတ်ဆက်ပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာ၏။ သူက လုမင်အား ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။
ယခုလေးတင် လုမင်က သူ့ကို သတ်မိလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်လော။
လူများစွာ၏ နှလုံးသားများလည်း တုန်လှုပ်သွားသည်။ လုမင်က သူ၏ တောက်ပသော သူတော်စင်နယ်ပယ် ကနဦးအဆင့် ကျင့်ကြံမှုဖြင့် မဟာသူတော်စင်တစ်ပါးကို သတ်လုနီးပါးပင်။
"ဘယ်လိုလဲ၊ တောက်ပသောသူတော်စင်က မလုပ်နိုင်တော့ မဟာသူတော်စင် ရောက်လာတယ်။ အခု မဟာသူတော်စင်က မတတ်နိုင်တော့ အန္တိမသူတော်စင်ဖြစ်တဲ့ မင်းကိုယ်တိုင် လှုပ်ရှားတော့မှာလား"
လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကို အလွန်မုန်းတီး၏။ ဖြစ်နိုင်လျှင် ချက်ချင်း သတ်လိုသည်။ နောက်ဆုံးတွင်၊ သူမက ရှဲ့နျန်ချင်းအား မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓမ္မဘုရင်တစ်ပါးထံ ပေးအပ်ခဲ့သည် မဟုတ်လော။
ရှဲ့နျန်ချင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ပါဝင်ကာ သူမ၏ တပည့်အဖြစ် လက်ခံခဲ့သည့်အချိန်မှစ၍ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်တွင် ဤအကြံအစည်မျိုး ရှိခဲ့မည်မှာ သေချာသည်။
"အတင့်ရဲလို့...၊ လုမင်... ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းနော်။ ဒီနေရာမှာ ဘယ်လိုတောင် ထောင်လွှားနေဝံ့တာလဲ။ အခု စန်းဧကရာဇ်ရဲ့ အမွေနဲ့ ရတနာတွေကို လွှဲပေးစမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အေးစက်စက်ဖြင့် ပြောပြီး စန်းဧကရာဇ်၏ရတနာအကြောင်းပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
"အလျင်မလိုပါနဲ့လေ၊ ငါမင်းကို လူတစ်ယောက်နဲ့ အရင်တွေ့ခွင့်ပေးပါရစေ"
လုမင် ပြုံးလိုက်သည်။ ထို့နောက် လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ၊ မော့ယန်က လုမင်၏လက်ထဲတွင် ပေါ်လာခဲ့၏။
ထိုအချိန်တွင် မော့ယန်က သတိလစ်နေဆဲ ဖြစ်သည်။ သူက လုမင်၏လက်ထဲတွင် ဖမ်းဆီးခံထားခဲ့ရသည်။
"ယန်အာ... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
"ဘာမှမလုပ်ပါဘူး။ ဒီကောင်က ငါ့နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တစ်ယောက်ကို လိုက်သတ်နေတာ။ ဒါကြောင့် ငါနဲ့တွေ့ပြီး သူ့ကိုခေါ်လာခဲ့တာပဲ"
လုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အခု ယန်အာကို ငါ့လက်ထဲအပ်ပါ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အာဏာသံဖြင့် ပြောလိုက်သည်။
"ငါ သူ့ကို မင်းလက်ထဲ အပ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့နျန်ချင်းကို အရင်လွှဲအပ်ပေးရမယ်။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် လဲကြတာပေါ့။ ဒါက တရားမျှတပါတယ်"
လုမင် ပြောလိုက်၏။
"နျန်ချင်းနဲ့ လဲလှယ်ရမှာလား။ ရယ်စရာကောင်းလိုက်တာ၊ နျန်ချင်းဟာ အရင်ကတည်းက ငါ့ရဲ့တပည့်ပဲ။ တပည့်အချင်းချင်း ဘာလို့လဲရမှာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က တိုက်ရိုက် ငြင်းပယ်ခဲ့သည်။
လုမင်၏ အမူအရာကတော့ မပြောင်းလဲပေ။ သူက ဤရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ရှဲ့နျန်ချင်းအား မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓမ္မဘုရင်ထံ လွှဲအပ်လိုသည်။ သူမကို မော့ယန်နှင့် မည်သို့လဲလှယ်နိုင်မည်နည်း။
"မင်းက တကယ် မလဲချင်တာလား။ ဒါဆိုရင် ငါ ပြောရဦးမယ်။ တကယ်တော့ ငါ အရင်က မော့ယန်ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေခဲ့ပြီး သူ့အမှတ်တရတွေထဲမှာ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့တယ်"
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူ့မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်မှုက ပိုပြင်းထန်လာ၏။ သူက လုမင်ကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။
"ငါ့ကို မလိမ်နဲ့၊ ယန်အာရဲ့ စိတ်ဝိညာဉ်ကို ဘယ်သူမှ မရှာဖွေနိုင်ဘူး"