အခန်း ၁၇၂၇
Vol. 116 Ch. 1727
အပိုင်း ( 1727 ) လှည့်စားခြင်း အောင်မြင်သည်။
"မင်းက မော့ယန်ရဲ့ စိတ်ဝိညာဉ်မှာ တံဆိပ်ခတ်ထားတာ ငါသိတယ်။ သူ့ရဲ့စိတ်ဝိညာဉ်ကို ရှာဖွေဖို့ ကြိုးစားတာနဲ့ သူ့ဝိညာဉ်က ပျက်စီးသွားမယ်ပေါ့။ ကံမကောင်းချင်တော့... မင်း ငါ့ကို လျှော့တွက်နေသေးတယ်"
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ သူ၏အပြုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာကို ပို၍ပင် အကြည့်ရဆိုးစေခဲ့သည်။
"ငါ့ရှေ့မှာ လှည့်စားချင်ရင် မင်းက နုံချာသေးတယ်။ အခု ယန်အာကို လွှတ်လိုက်ပါ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လှောင်ပြောင်ပြီး ရှေ့သို့တိုးလာသည်။
"ရပ်လိုက်စမ်း၊ နောက်ထပ် ခြေတစ်လှမ်း လှမ်းရင် သူ့ကို သတ်ပစ်မယ်"
လုမင်က မော့ယန်၏ လည်မြိုကို ဆုပ်ကိုင်ပြီး အေးစက်စက် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက နောက်ဆုတ်သွား၏။
"မင်းက ငါ့ကိုလက်မခံမှတော့ အားလုံးသိအောင် ပြောရတော့မှာပေါ့။ ကောင်းကင်နတ်ဆိုးဂိုဏ်းက တကယ်တော့ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တစ်ခုပဲ။ နတ်ဆိုးတောင်ရဲ့ အောက်ခြေမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းက ဓမ္မဘုရင်တစ်ပါးရှိတယ်။ ဆန္ဒမဲ့ဓားဂိုဏ်းကလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ပုန်းအောင်းနေတာပဲ"
လုမင်က နောက်ဆုတ်သွားရင်း အော်ဟစ်လိုက်သည်။ သူ့အသံက နေရာအနှံ့ ပျံ့နှံ့သွား၏။
ထိုစကားကို ပြောပြီးသည်နှင့် တနေရာလုံး တိတ်ဆိတ်သွားတော့သည်။
လူများစွာက ထူးခြားသော မျက်လုံးများဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကို ကြည့်လိုက်ကြသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြွင်းအကျန်တစ်ခု ဖြစ်သည်။ ဒါက အမှန်ပဲလား။
"ဝုန်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ထံမှ တောက်ပသော သန့်စင်သောအလင်းများ ဖြာထွက်လာသည်။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းကို အေးစက်စက်ဖြင့်ကြည့်ပြီး မေးလိုက်၏။
"လုမင်ပြောတာ အမှန်ပဲလား"
"မဟုတ်တာ၊ သူက ငါတို့ကြားမှာ ပြဿနာတွေပွားအောင် သွေးထိုးချင်နေတာ။ ဒါကို ဘယ်လိုလုပ်ပြီး နင်ယုံချင်တာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။ သူ့မျက်နှာကတော့ မည်းမှောင်နေပြီ။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားပြန်သည်။ အမှန်ပင်၊ ဤသည်က သူတို့ကို သွေးခွဲရန်အတွက် လုမင်၏အစီအစဉ်တစ်ခု ဖြစ်နိုင်သည်။
"ဒါက တကယ် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို စိစစ်ချင်ရင်လည်း မော့ယန်ရဲ့ ဝိညာဉ်ကိုပြန်ရှာဖွေပြီး ပုံရိပ်တွေကို အားလုံးမြင်အောင် ချပြလိုက်ရုံပဲလေ။ ဒီလိုဆိုရင် ပိုရှင်းသွားလိမ့်မယ်"
"အားလုံးပဲ မြင်ချင်ကြလား။ ဒါက တော်တော်စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်"
လုမင် ပြုံးလိုက်သည်။ ထို့နောက် သူက မော့ယန်ကို စိတ်ဝိညာဉ်ရှာဖွေလိုသကဲ့သို့ သူ့နဖူးကို လက်လှမ်းလိုက်၏။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ယန်အာကို ဒုက္ခပေးချင်နေတာလား။ မင်း သေချင်နေတာပဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ဟစ်ပြီး လုမင်ကို ဖမ်းဆုပ်လိုက်သည်။ ကြီးမားသော နတ်ဆိုးလက်ကြီးတစ်ဖက်က လုမင်ကို ဖမ်းဆုပ်လိုက်တော့သည်။
နတ်ဆိုးလက်ကြီးက ကြောက်စရာကောင်းသော အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။ သူက သက်သေအထောက်အထားများကို ဖျက်စီးရန်အတွက် လုမင်နှင့် မော့ယန်ကို တစ်ခါတည်း သတ်ပစ်ချင်ခဲ့သည်။
"ရွှစ်"
ကောင်းကင်မှ တောက်ပသော ဓားအလင်းတစ်ခု ကျဆင်းလာသည်။ နတ်ဆိုးလက်ကြီးကို ထက်ခြမ်းခွဲချလိုက်၏။ ဓားအလင်းရောင် တစ်ချက်လက်သွားပြီးနောက် လုမင်၏ဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။ တိမ်နဂါးတောင်ကြားသခင် ဖြစ်သည်။
"ဘာလဲ၊ မင်းတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဝင်ရောက်ပြီးပြီဆိုတာ ပေါ်ပေါက်သွားမှာကို ကြောက်နေတာလား"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
"ယွင်လောရှ၊ နင် တကယ်ရောက်လာတာပဲ။ အားလုံးအတူတူတိုက်ခိုက်ပြီး သူတို့ကို သတ်လိုက်ကြရအောင်။ ပြီးရင် နဂါးနတ်ဘုရားတောင်ကြားကိုပါ ဖျက်ဆီးကြမယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်လိုက်သည်။
"ငါတို့ မော့ယန်ရဲ့ စိတ်ဝိညာဉ်ကို အရင်ရှာပြီး ဘာဖြစ်နေလဲဆိုတာ ကြည့်သင့်တယ်ထင်တယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က လျစ်လျူရှုစွာ ပြောလိုက်၏။
သူသည် လုမင်နှင့် တိမ်နဂါးတောင်ကြားသခင်ကို လွန်စွာမှ သတ်ပစ်ချင်သော်လည်း မိစ္ဆာဝိညာဉ်ဂိုဏ်း၏အရေးနှင့် နှိုင်းယှဉ်ပါက လုမင်ကို ခဏမေ့ထားရဦးမည်။
အကယ်၍ လုမင်ပြောသည့်အတိုင်း အမှန်ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြွင်းအကျန်ဖြစ်ခဲ့ပါက အခြေအနေမှာ အလွန်ပြင်းထန်မည်။
ထိုသို့ဆိုလျှင်... ကောင်းကင်နတ်ဆိုးဂိုဏ်းက စန်းပြည်နယ်တွင် အတွင်းရေးပဋိပက္ခများကို လှုံ့ဆော်ရန် ၎င်းတို့ကို အသုံးပြုနေကြောင်း ထင်ရှားသည်။ အခြေအနေဆိုးပါက ကောင်းကင်နတ်ဘုရားဂိုဏ်း ပျက်စီးသွားလိမ့်မည်။ ဤကဲ့သို့သော အရေးကြီးကိစ္စများကို ဦးစွာရှင်းလင်းရန် လိုအပ်သည်။
"အမှန်ပဲ၊ သူ့ရဲ့ စိတ်ဝိညာဉ်ကို အရင်ရှာသင့်တယ်။ လုမင်ပြောတာတွေက မှားယွင်းနေကြောင်း သိရပြီးမှ သူတို့ကိုသတ်ရင်လည်း နောက်ကျမှာ မဟုတ်ဘူး"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ပြောလိုက်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် အေးစက်စက် ပြောလိုက်၏။
"ကောင်းပြီ၊ သူတို့ရဲ့ဝိညာဉ်ကို အရင်ရှာဖွေကြတာပေါ့။ ဒီလိုဆိုရင် ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အပြစ်မရှိတာကို လူတိုင်းသေချာသွားလိမ့်မယ်။ ပြီးရင်တော့ လုမင်ရဲ့ စိတ်ဝိညာဉ်ကို ရှာရမယ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က နောက်ပြန်ဆုတ်သွားပြီး သူ့အမူအရာကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ အပြစ်မရှိသောကြောင့် လိပ်ပြာလုံနေသကဲ့သို့ပင်။
"ကောင်းပြီ၊ ဆရာ... သူ့ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေပြီး ပုံဖော်လိုက်ပါ"
လုမင်က မော့ယန်ကို တိမ်နဂါးတောင်ကြားသခင်ထံ လွှဲပေးလိုက်သည်။
"ကောင်းပြီ"
တိမ်နဂါးတောင်ကြားသခင်က ခေါင်းညိတ်ပြပြီး မော့ယန်၏နဖူးကိုထိရန် လက်လှမ်းလိုက်၏။
"လုပ်တော့"
ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က ရုတ်တရက် ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်သည်။ သူက သူ့အနီးမှ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လူအုပ်ကြီးထဲမှ မရေမတွက်နိုင်သော လူများက တိုက်ခိုက်ခဲ့ကြသည်။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများက သူတို့ဘေးနားမှ လူများအပေါ် ကျရောက်လာတော့သည်။
"မင်း..."
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ် တုန်လှုပ်သွားသည်။ အရေးကြီးသောအခိုက်အတန့်တွင်၊ သူက အစွမ်းကုန်ပေါက်ကွဲပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သို့သော်လည်း သူက နောက်ပြန်ဆုတ်သွားရပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။
သူတို့နှစ်ယောက်က အဆင့်ချင်းတူတူ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက အလစ်အငိုက် တိုက်ခိုက်လာသောအခါ အပြည့်အဝ မတားဆီးနိုင်တော့ပေ။
ဤတွင် ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ပိုသတိရှိသောကြောင့် ဖြစ်သည်။ သတိမထားမိသူများဆိုလျှင် ချက်ချင်း အသတ်ခံလိုက်ရတော့သည်။
နေရာတွင်၊ နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
"အား"
လက်မခံနိုင်စွာ အော်ဟစ်လိုက်သံကြီး ထွက်ပေါ်လာသည်။
ဤအော်သံက ကောင်းကင်နတ်ဘုရားဂိုဏ်းရှိ အန္တိမသူတော်စင်တစ်ဦးထံမှ ထွက်ပေါ်လာ၏။ ယခုတစ်ကြိမ်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အန္တိမသူတော်စင်နှစ်ဦး ရှိသည်။
ထိုအချိန်တွင်၊ သူ့အနားမှ သွေးနတ်ဆိုးမျှော်စင်ပိုင်ရှင်က သူ့အား တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက သူ၏ သူတော်စင်နှလုံးသားကို တိုက်ရိုက် ဖြတ်သန်းသွား၏။ ဓားအလင်းက ပေါက်ကွဲသွားပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အန္တိမသူတော်စင် ကျဆုံးသွားတော့သည်။
ထို့ပြင်၊ ကောင်းကင်အဆိပ်ဂိုဏ်းမှ ကျွမ်းကျင်သူများက မိစ္ဆာလမင်းဂိုဏ်းနှင့် ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများကို တိုက်ခိုက်ခဲ့ကြသည်။ မိစ္ဆာလမင်းဂိုဏ်းချုပ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေသည်။ ကံကောင်းထောက်မစွာဖြင့် သူက အချိန်မီတုံ့ပြန်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်ခဲ့သည်။
တခဏချင်းမှာပင် ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းမှ ကျွမ်းကျင်သူများစွာ သေဆုံးသွားတော့သည်။
"သွေးနတ်ဆိုးမျှော်စင်၊ ကောင်းကင်အဆိပ်ဂိုဏ်း၊ မင်းတို့က သစ္စာဖောက်တွေပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။
"လုမင် မမှားဘူး၊ မင်းတို့က တကယ်ကို မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေပဲ"
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ဒေါသတကြီး အော်လိုက်သည်။
ခဏချင်းမှာပင် သူတို့က ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရသည်။ လုမင်က ကောင်းကင်နတ်ဆိုးဂိုဏ်းကို မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြွင်းအကျန်ဖြစ်သည်ဟု ပြောပြီးကတည်းက ၎င်းတို့သည် ကောင်းကင်နတ်ဆိုးဂိုဏ်းကို အနည်းနှင့်အများ သတိထားလာခဲ့ကြသည်။
သို့သော်၊ ကောင်းကင်အဆိပ်ဂိုဏ်းနှင့် သွေးနတ်ဆိုးမျှော်စင်ကိုလည်း တူညီသောမျိုးနွယ်စု၏ မြေခွေးများဖြစ်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
"နောက်ဆုံးတော့ တိုက်ခိုက်ကြပြီပေါ့"
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
ဒါက သူ့အစီအစဉ်ပင်။ သူသည် မော့ယန်၏ စိတ်ဝိညာဉ်အား ရှာဖွေရန် အကြောင်းပြချက်ကို အသုံးပြုကာ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်လာစေရန် ဖိအားပေးလိုခဲ့သည်။
အစီအစဥ်က အလွန်အောင်မြင်ခဲ့ပေသည်။ မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လောင်းကြေးမထပ်ဝံ့ဘဲ တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။
သို့သော်... သွေးနတ်ဆိုးမျှော်စင်နှင့် ကောင်းကင်အဆိပ်ဂိုဏ်းကိုလည်း တူညီသောမျိုးနွယ်စု၏ မြေခွေးများဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သတ်... သတ်... အားလုံးကို သတ်"
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အေးစက်စက် အော်ဟစ်လိုက်သည်။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းတို့၏ အင်အားများသည် မူလက အလွန်အားကောင်းခဲ့သည်။ ၎င်းတို့က ကောင်းကင်နတ်ဆိုးဂိုဏ်း၊ သွေးနတ်ဆိုးမျှော်စင်နှင့် ကောင်းကင်အဆိပ်ဂိုဏ်းတို့ထက် အားနည်းသည်မဟုတ်ပေ။
သို့သော်လည်း ယခုပင် ခိုးဝင်တိုက်ခိုက်မှုသည် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ အန္တိမသူတော်စင်တစ်ပါးကို ကျဆုံးစေခဲ့သည်။ မိစ္ဆာလမင်းဂိုဏ်းချုပ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့၏။ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ အခြားသော အန္တိမသူတော်စင်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူတို့က အသက်ဘေးမှ ကပ်သီလေး လွတ်ခဲ့ကြပေသည်။
ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးသာ သူ၏ အထွတ်အထိပ် ခွန်အားကို ထိန်းထားနိုင်ခဲ့သည်။
မဟာသူတော်စင်များနှင့် တောက်ပသော သူတော်စင်များမှာလည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပေသည်။ ယခုတော့ သူတို့၏ အခြေအနေက တော်တော်ကို အဆင်မပြေတော့ပေ။
"သတ်"
"သတ်"
ဤအခိုက်အတန့်တွင် လူအများအပြားက အခြားနတ်ဆိုးတောင်ပေါ်မှ ပြေးထွက်လာပြီး ကောင်းထက်မှ အုပ်မိုးလိုက်ကြသည်။
"ဆန္ဒမဲ့ဓားဂိုဏ်းက တကယ်ကိုဒီမှာပဲ"
"ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေလည်း ရောက်လာပြီ"
"အန္တိမသူတော်စင် လေးပါးတောင်မှဟ"
တစ်စုံတစ်ယောက်က စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
ကောင်းကင်ယံမှ လူများက လျင်မြန်စွာထွက်လာပြီး အုပ်စုနှစ်စုခွဲလိုက်။ တစ်ဖွဲ့မှာ အန္တိမသူတော်စင်နှစ်ပါး ဦးဆောင်သော ဆန္ဓမဲ့ဓားဂိုဏ်းအဖွဲ့ ဖြစ်သည်။ အခြားအဖွဲ့ကတော့ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်လိမ့်မည်။ သူတို့ကို ဦးဆောင်သူနှစ်ဦးမှာလည်း အန္တိမသူတော်စင်များ ဖြစ်ကြသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းမှ လူအားလုံး၏ မျက်နှာတွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ပေါ်လွင်လာတော့သည်။
"မင်အာ... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
တိမ်နဂါးတောင်ကြားသခင်က လုမင်ကို ပြောလိုက်သည်။ ထို့နောက်တွင် သူက သူ၏ဓားကို ကိုင်ဆောင်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများထံ ဖြတ်သန်းသွား၏။
"ဂါး"
နဂါးဟိန်းဟောက်သံကို ကြားလိုက်ရပြီး ရေခဲနဂါးဘိုးဘေးကြီး ပေါ်လာသည်။ သူ၏ နဂါးလက်သည်းဖြင့် ဆန္ဒမဲ့ဓားဂိုဏ်းမှ အန္တိမသူတော်စင်နှစ်ပါးကို ဖမ်းဆုပ်လိုက်တော့သည်။