အခန်း ၁၇၂၈
Vol. 116 Ch. 1728
အပိုင်း ( 1728 ) အန္တိမသူတော်စင်ကို သတ်ခြင်း။
"နဂါးနတ်ဘုရားတောင်ကြားရဲ့ ရေခဲနဂါးဘိုးဘေးကြီး"
ဆန္ဒမဲ့ဓားဂိုဏ်းမှ အန္တိမသူတော်စင်နှစ်ပါး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့နှစ်ဦးက ရေခဲနဂါးဘိုးဘေးဆီသို့ ကြောက်စရာကောင်းသော ဓားအလင်းများ ထုတ်ဖော်လိုက်၏။
"ရွှစ်"
အဖြူအမည်းဓားအလင်းတစ်ခုကလည်း လေဟာနယ်ကို ဖြတ်သန်း၍ သွေးနတ်ဆိုးမျှော်စင်ကို ခုတ်ပိုင်းလာတော့သည်။
ထို့နောက် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နေနတ်ဘုရားခြင်္သေ့ကြီး ပေါ်လာသည်။ ရေခဲနဂါးတောင်ကြားသခင်သည်လည်း ပေါ်လာပြီး တိုက်ပွဲတွင် ပါဝင်ခဲ့ပေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းနှင့် အခြားဂိုဏ်းကြီးများသည် နဂါးဘုရားတောင်ကြားကို ဖျက်ဆီးရန် ယခင်က ဆွေးနွေးခဲ့ကြသော်လည်း ယခုအခါမှာတော့ အခြားမတတ်နိုင်တော့ပေ။ ကောင်းကင်နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ကိုးဆင့်ဓားဂိုဏ်းနှင့် မိစ္ဆာလမင်းဂိုဏ်းတို့ ဤနေရာတွင် ပျက်စီးသွားပါက စန်းပြည်နယ်၏ အင်အားမှာ အလွန်အားနည်းသွားမည် ဖြစ်သည်။ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဆန္ဒအတိုင်းပင်။
ထို့ကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းရန် ဦးစွာ လက်တွကြရမည် ဖြစ်သည်။
နေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်လာခဲ့သည်။
အန္တိမသူတော်စင် အများအပြားက ကောင်းကင်သို့ ပျံတက်သွားပြီး တိုက်ခိုက်ကြ၏။
အကြောင်းမှာ၊ အန္တိမသူတော်စင်များကြားမှ တိုက်ပွဲက ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့ထံမှ ဖြာထွက်လာသော စွမ်းအင်များက တောက်ပသောသူတော်စင်နှင့် မဟာသူတော်စင်များကိုပင် သတ်နိုင်သောကြောင့် သူတော်စင်နယ်ပယ်အောက်များဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ အောက်တွင် နှစ်ဖက်စလုံးမှ တပည့်များ ရှိနေသောကြောင့် သူတို့က အစွမ်းကုန်တိုက်ခိုက်လျှင်၊ နှစ်ဖက်လုံးက တပည့်များ အားလုံးသေဆုံးသွားနိုင်သည်။
ဤသို့ဖြင့် အန္တိမသူတော်စင်များက ကောင်းကင်သို့ ပျံတက်သွားကာ တိုက်ခိုက်ခဲ့ကြသည်။ အောက်ခြေတွင်မူ၊ အခြားသူများက ဖရိုဖရဲ တိုက်ပွဲတစ်ခု စတင်ခဲ့၏။ သွေးပျက်စရာ အော်သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး လူများစွာတို့ ခဏချင်း သေဆုံးသွားတော့သည်။
"ရှောင်ချင်းက အဲဒီ နတ်ဆိုးတောင်မှာ ရှိတယ်"
လုမင်က တောင်တစ်လုံးကို ကြည့်လိုက်သည်။ မော့ယန်၏ အမှတ်တရတွင် သူမြင်ခဲ့ရသည့် မြင်ကွင်းအရ လုမင်၏အကြည့်များသည် ဂိုဏ်းပေါင်းစုံ စုရုံးရာနေရာသို့ ကျဆင်းသွား၏။ ရှဲ့နျန်ချင်းက ထိုနတ်ဆိုးတောင်အောက်တွင် အကျဉ်းချခံခဲ့ရသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းမှ သွေးနတ်ဆိုးဘုရင်၏ ဝိညာဉ်သည်လည်း ထိုတောင်အောက်တွင် ရှိနေလိမ့်မည်။
လုမင်က ရှေ့ကိုလျှောက်သွားသည်။
သူတော်စင်လက်နက်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထား၏။ သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုကိုင်ကာ ခုတ်ထစ်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တောက်ပသော သူတော်စင်များ ချက်ချင်း သေဆုံးသွားတော့သည်။
ထို့နောက် ဓားတစ်ချက်ဖြင့် ကောင်းကင်အဆိပ်ဂိုဏ်းမှ သူတော်စင်တစ်ပါးကို သတ်ပစ်လိုက်သည်။
လူအနည်းငယ်ကို ဆက်တိုက်သတ်ပြီးနောက်မှာတော့ လုမင်က ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။ သူက လေမိုးကြိုးခြေလှမ်းကို အသုံးပြုကာ နတ်ဆိုးတောင်ဆီသို့ ပြေးသွားသည်။
"လုမင်... သေလိုက်တော့"
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာပြီး နတ်ဆိုးဓားတစ်လက်နှင့် လုမင်ကို ခုတ်လိုက်သည်။ သူ၏ အရှိန်အဝါသည် အလွန် ကြောက်စရာကောင်း၏။
မဟာသူတော်စင်တစ်ပါးပင်။ သူက လုမင်နှင့် တိုက်ခိုက်ခဲ့သော အဘိုးအိုထက် ပိုအစွမ်းထက်သည်။
လုမင်က သူ့ဓားဖြင့် အစွမ်းကုန်ခုခံလိုက်သည်။
"ထန်"
တစ်ဖက်လူ၏ ဓားအလင်းက လုမင်၏ ဓားအလင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် လုမင်၏ ဓားအပေါ်သို့ ဆက်လက်ကျရောက်လာ၏။ လုမင်လည်း သူ့ဆီသို့ တွန်းလှန်မနိုင်သော အင်အားတစ်ခု တိုးလာသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အဆက်မပြတ် ဆုတ်သွားရပြီး သွေးများဆူပွက်ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
မဟာသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်။
ဤသည်မှာ အဆင့်မြင့် မဟာသူတော်စင်တစ်ပါး၏ စွမ်းအား ဖြစ်သည်။ သူသည် အလွန်အစွမ်းထက်၏။ လုမင်က သူ၏ပြိုင်ဘက် မဟုတ်ပေ။
"သူ့ရဲ့ ကျင့်ကြံမှုကို အရင်ဖျက်ဆီးလိုက်ရအောင်။ တိုက်ပွဲပြီးမှ သူ့ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်"
ထိုစဉ်၊ လူအနည်းငယ် ပေါ်လာပြီး လုမင်၏ရှေ့မှာ ပိတ်ဆို့လိုက်သည်။ ၎င်းတို့အားလုံးကလည်း မဟာသူတော်စင်များ ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်က ယခင် လုမင်နှင့် တိုက်ခိုက်ခဲ့သော အဘိုးအို ဖြစ်သည်။ လူများကြားတွင် သူ့မျက်လုံးများက ပို၍ပင် အေးစက်နေတော့သည်။
စုစုပေါင်း မဟာသူတော်စင်လေးပါး ရှိသည်။ လုမင်အတွက်တော့ လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။
မဟာသူတော်စင်လေးပါး၏ အားကောင်းသော ဖိအားက လုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။
"မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
လုမင်က အေးစက်စက် ပြောလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ သူတော်စင်လက်နက်များ အားလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ပျောက်ကွယ်သွား၏။ ထို့နောက် လုမင်၏လက်ထဲတွင် လှံပုဆိန်တစ်လက် ပေါ်လာတော့သည်။
ဆမ်ဆာရာလှံပုဆိန်။
သူတော်စင်စွမ်းအင်က ဆမ်ဆာရာလှံပုဆိန်ထဲသို့ စီးဆင်းသွားသည်။ စွမ်းအင်တစ်ခုကို နှိုးဆွလိုက်၏။ ဆမ်ဆာရာလှံပုဆိန်တွင် ရုတ်တရက် အနက်ရောင်အလင်းတစ်ခု ပေါ်လာတော့သည်။
"မင်းကများ ငါတို့ကို သတ်ချင်သေးတာလား။ သေစမ်း"
ထွားကျိုင်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ကြိမ်းမောင်းပြီး လုမင်ကို ဓားဖြင့်ခုတ်လိုက်သည်။
"သတ်"
လုမင်က ဆမ်ဆာရာလှံပုဆိန်ဖြင့် ပြင်းပြင်းထန်ထန် ခုတ်လိုက်၏။
အသံတစ်ချက်ထွက်ပေါ်လာပြီး လှံပုဆိန်က သက်လတ်ပိုင်းအမျိုးသား၏ဓားကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ သို့ရာတွင်၊ လှံပုဆိန်က ထိုမျှနှင့်မရပ်ပါ။ ထွားကျိုင်းသော သက်လတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်က အလယ်မှ ထက်ခြမ်းကွဲကျသွားတော့သည်။
အဆင့်မြင့် မဟာသူတော်စင်တစ်ပါး ကျဆုံးသွားပြီ ဖြစ်သည်။
အခြားသော မဟာသူတော်စင်သုံးဦးဘည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားတော့သည်။
မဟာသူတော်စင်တစ်ပါးမှာ လုမင်၏ လှံပုဆိန်ဖြင့် တိုက်ရိုက်သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ လှံပုဆိန်က မဟာသူတော်စင်လက်နက်ဖြစ်သော နတ်ဆိုးဓားကိုပင် ဖြတ်တောက်သွား၏။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ဆုတ်... ဆုတ်...
သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ယင်းက နောက်ဆုတ်ရန် ဖြစ်သည်။ လုမင်နှင့် ဝေးနိုင်သမျှဝေးလေ၊ ပိုကောင်းလေပင်။
"အခုမှ ထွက်သွားချင်ရင် အရမ်းနောက်ကျသွားပြီ။ သတ်"
လုမင်က အော်လိုက်သည်။ ဆံဆာရာလှံပုဆိန်ဖြင့် ရေပြင်ညီအတိုင်း လွှဲခုတ်လိုက်၏။ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ မဟာသူတော်စင် သုံးဦး၏ ခန္ဓာကိုယ်များက တောင့်တင်းသွားကြသည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်ပြီး သွေးပျက်ခြောက်ခြားမှုတို့ ပေါ်လာ၏။ ထို့နောက်မှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်များက ထက်ပိုင်းပြတ်ကျသွားကာ စိတ်ဝိညာဉ်များလည်း တစ်စစီ ကြွေလွင့်သွားတော့သည်။
တစ်ချက်တည်းဖြင့် မဟာသူတော်စင်သုံးဦး သေဆုံးခဲ့သည်။
အနီးပတ်ဝန်းရှိ အခြားလည်းများလည်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့က လုမင်နှင့် ခပ်ခွာခွာ ဆုတ်ခွာသွားတော့သည်။
လုမင်က သူတို့ကို ဂရုမစိုက်ဘဲ နတ်ဆိုးတောင်ဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဆန္ဒမဲ့ဓားဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရာနှင့်ချီသောလူများက တားဆီးရန် ကြိုးစားကြ၏။ သို့သော်လည်း သူတို့အားလုံး လုမင်၏ လှံပုဆိန်ဖြင့် တိုက်ရိုက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ရာနှင့်ချီသောလူများက ချက်ချင်း သေဆုံးသွားတော့သည်။
လုမင်၏ တစ်ကိုယ်လုံးလည်း သွေးများရွှဲနေပြီ ဖြစ်သည်။ နတ်ဆိုးနတ်ဘုရားကဲ့သို့ပင် သူက နတ်ဆိုးတောင်ရှေ့သို့ ရောက်လာ၏။
"ဖွင့်လိုက်စမ်း"
လုမင်က လှံပုဆိန်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ပင့်မြှောက်လိုက်သည်။ လှံပုဆိန်က လျင်မြန်စွာ ကြီးမားလာ၏။ နတ်ဆိုးတောင်ကို အပေါ်စီးမှ ခုတ်ချလိုက်တော့သည်။
ဤလှံပုဆိန်က နတ်ဘုရား၏ လှံပုဆိန်ကဲ့သို့ပင်။ လှံပုဆိန်ပုဆိန်ခုတ်ချက် ကျဆင်းလာသောအခါ နတ်ဆိုးတောင်ပေါ်ရှိ နန်းတော်ကြီးက တိုက်ရိုက်ပေါက်ကွဲသွားသည်။
"ဝုန်း"
ဆမ်ဆရာလှံပုဆိန်အောက်တွင် ကြီးကျယ်ခမ်းနားသော နတ်ဆိုးတောင်က ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထို့နောက်မှာတော့ အတားအဆီးမရှိဘဲ ထက်ခြမ်းကွဲကျသွားတော့သည်။
ကြီးမားသော ကျောက်တုံးကြီးများက ကမ္ဘာ၏အဆုံးသတ်ကဲ့သို့ နေရာအနှံ့ လွင့်စဉ်သွားကြသည်။
နတ်ဆိုးတောင် ကွဲထွက်သွားပြီးနောက် နတ်ဆိုးတောင်အောက်ရှိ မြေအောက်လှိုဏ်ဂူ ပေါ်လာခဲ့ပေသည်။
"ဘယ်သူလဲ"
ကျယ်လောင်သော ခပ်စူးစူး အော်ဟစ်သံ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာသည်။ မြေအောက်လှိုဏ်ဂူထဲတွင် သွေးအခိုးအငွေ့များစုပြီး ဧရာမ လူမျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာ၏။
လှိုဏ်ဂူထဲတွင်၊ ရှဲ့နျန်ချင်းကတော့ အပြင်ဘက်ရှိ အရာအားလုံးကို လုံးဝသတိမထားမိသလို မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေဆဲ ဖြစ်သည်။
"ရှောင်ချင်း..."
လုမင်၏ နှလုံးသားတွင် တုန်လှုပ်သွားသည်။ ဤအခြေအနေမျိုးမှာ ရှဲ့နျန်ချင်းကို ထပ်တွေ့ရန် သူ မမျှော်လင့်ခဲ့ပေ။
"ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပစ်ရမယ်။ သတ်"
လုမင်၏ မျက်လုံးများက သွေးနီရောင်အလင်းများ ဖြာထွက်လာသည်။ သူ၏ သတ်ဖြတ်ချင်စိတ်က အလွန်ပြင်းထန်နေပြီ။
"ကောင်လေး၊ မင်းက သေချင်နေတာပဲ"
ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်စုံဝတ် လူကြီးတစ်ယောက်က မြေအောက်လှိုဏ်ဂူထဲမှ ပြေးထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင် နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နေ၏။ သူ၏ ရောင်ဝါကလည်း အလွန်ကြောက်စရာကောင်းသည်။
ဤသည်မှာ အန္တိမသူတော်စင်တစ်ပါးပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်းက ဤမြေအောက်လှိုဏ်ဂူကို စောင့်ကြပ်ရန် အန္တိမသူတော်စင်တစ်ပါးကိုပင် အထူးတာဝန်ပေးခဲ့သည်။
"သူ့ကိုသတ်"
သွေးနတ်ဆိုးဘုရင်၏ ဧရာမမျက်နှာကြီးက အော်ဟစ်လိုက်သည်။
"သေစမ်း"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အန္တိမသူတော်စင်က နတ်ဆိုးစွမ်းအင်ဖြင့် လုမင်ကို ဖမ်းဆုပ်လိုက်၏။ တောင်တစ်လုံးထက်ပင် ပိုကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလက်ဝါးကြီးတစ်ဖက် ပေါ်လာတော့သည်။
တောက်ပသောသူတော်စင်ကို မဆိုထားဘိ၊ မဟာသူတော်စင်များပင် ဤလက်ဝါးအောက်တွင် တိုက်ရိုက် သေဆုံးသွားရမည် ဖြစ်သည်။
သို့ရာတွင်၊ လုမင်၏ အမူအရာကတော့ မပြောင်းလဲပေ။ သူက အေးစက်စက်ဖြင့် လျစ်လျူရှုစွာပြောလိုက်သည်။
"သေရမဲ့သူက မင်းပဲ"
ဆမ်ဆာရာလှံပုဆိန်က ကြီးမားလာပြီး ခုတ်ပိုင်းလိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အန္တိမသူတော်စင် ဖွဲ့စည်းထားသော နတ်ဆိုးလက်ကြီးက တိုက်ရိုက် ကွဲထွက်သွားသည်။ ဆမ်ဆာရာလှံပုဆိန်က ထိုမျှနှင့်မရပ်ပေ။ ၎င်းက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အန္တိမသူတော်စင်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အန္တိမသူတော်စင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တစ်ချိန်တည်းမှာပင် လှံပုဆိန်က သူ့ကို လုံးလုံးလျားလျား ချုပ်နှောင်ထားကြောင်း သူသိလိုက်ရ၏။ ပြန်လည်ဝင်စားခြင်း တွန်းအားတစ်ခုက သူ့အား ဖိအားပေးထားကာ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
သူက ဟိန်းဟောက်ပြီး လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ တခဏချင်းမှပင် လက်ဝါးရိုက်ချက် ရာနှင့်ချီပြီး ထုတ်ဖော်လိုက်၏။ နတ်ဆိုးလက်ဝါးကြီးများက တစ်ခုနှင့်တစ်ခုထပ်ပြီး လှံပုဆိန်ဆီသို့ တိုးဝင်သွားကြသည်။
သို့သော်၊ အားလုံးက အချည်းနှီးပင်။ လှံပုဆိန်က ကျဆင်းလာသည်နှင့် နတ်ဆိုးလက်ဝါးအားလုံး ပြိုကျသွားသည်။ ဆမ်ဆာရာလှံပုဆိန်က ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အန္တိမသူတော်စင်အား အကြွင်းမဲ့အင်အားဖြင့် ခုတ်ချလိုက်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အန္တိမသူတော်စင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားပြီး သူ၏ဝိညာဉ်ပင်လျှင် ပျက်သုဉ်းသွားတော့သည်။
အန္တိမသူတော်စင်တစ်ပါး သေဆုံးသွားပြီ ဖြစ်သည်။