← Chapters

အခန်း ၁၇၃၃

Vol. 116 Ch. 1733

အခန်း ၁၇၃၃

Vol. 116 Ch. 1733

အပိုင်း ( 1733 ) ထောင်ချောက်။

"တိမိသားစုက မိတ်ဆွေ၊ မင်း ဘာဖြစ်လို့ ငါ့လူကိုသတ်လိုက်ရတာလဲ။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းကဆိုတာ မင်းသိရဲ့လား"

မိစ္ဆာလမင်းဂိုဏ်းချုပ်က ပြောလိုက်သည်။ သူ့နှလုံးသားတွင် နာကျင်ပြီး သွေးများယိုစီးလာရ၏။ အန္တိမသူတော်စင်တစ်ပါးမှာ ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။ ဒါက ဆုံးရှုံးမှုကြီးတစ်ခုပင်။

သူတို့က ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်သော်လည်း အန္တိမသူတော်စင်များစွာ မရှိပါ။

"ဟုတ်တာပေါ့၊ ငါသိပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်း သိတယ်ဆိုရင် ဘာဖြစ်လို့ သူတို့ကို ကူညီနေတာလဲ"

မိစ္ဆာလမင်းဂိုဏ်းချုပ်က အော်ပြောသည်။

"သူတို့ကို ကူညီပေးတာလား။ တကယ့်ဟာသပဲ။ ထွက်လာခဲ့ကြတော့"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်၏။

"ဝုန်း... ဝုန်း... ဝုန်း"

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ရွှေရောင်ဓားအလင်းတန်းများက ကောင်းကင်သို့ ဖြာတက်သွားပြီး ထူထပ်သော မြူခိုးများလည်း ပြန့်ကျဲသွားတော့သည်။

ထို့နောက် လူတိုင်း၏ရှေ့တွင် ပုံရိပ်များစွာ ပေါ်လာခဲ့ကြသည်။

အားလုံးက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းသရဖူများ ဆောင်းထားသည်။ သူတို့က အလွန်မွန်မြတ်ပုံရပြီး သူတို့၏ အသွင်အပြင်ကလည်း လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အလွန်ဆင်တူပေသည်။

သူတို့အားလုံးက တိမိသားစုမှ ဖြစ်သည်။ ၎င်းတို့က လူတစ်သောင်းကျော်ခန့်ရှိပြီး တစ်ဦးချင်းစီကလည်း ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

တောက်ပသော သူတော်စင်များနှင့် မဟာသူတော်စင်က အများအပြား ရှိခဲ့သည်။ အန္တိမသူတော်စင်များပင် တစ်ဒါဇင်ကျော် ရှိနေခဲ့ပေသည်။

၎င်းတို့ထဲမှ သုံးဦးဆိုလျှင် အလွန်ကြောက်စရာကောင်းသော အရှိန်အဝါများ ရှိသည်။ သူတို့တစ်ဦးစီက လူလတ်ပိုင်းအရွယ် အမျိုးသားထက် အားမနည်းပေ။ သူတို့အားလုံးက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အကျော်အမော်များ ဖြစ်ကြသည်။

လူလတ်ပိုင်းအမျိုးသား အပါအဝင် စုစုပေါင်း အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အကျော်အမော်လေးဦး ရှိပေသည်။

ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကျော်အမော်များ မျက်နှာပျက်သွားခဲ့ကြသည်။

သူတို့ကို အဝိုင်းခံလိုက်ရပြီ။

"မင်းတို့ရဲ့ တိမိသားစုကလည်း မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဝင်ရောက်သွားပြီပေါ့"

တစ်ယောက်ယောက်က အော်လိုက်သည်။

"ဝင်ရောက်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ငါတို့က ပူးပေါင်းဆောင်ရွက်နေရုံပဲ"

လူလတ်ပိုင်း အမျိုးသားက လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟားဟားဟား၊ နင်တို့က ဒီနေ့သေရမဲ့လူတွေလို့ ငါပြောခဲ့တယ် မဟုတ်လား။ မိစ္ဆာဝိညာဉ်ဂိုဏ်းက နောက်ဆုံးမှာ စန်းပြည်နယ်ကို အုပ်စိုးလိမ့်မယ်"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လှောင်ပြောင်ရယ်မောလိုက်သည်။

လုမင်နှင့် အခြားသူများ၏ နှလုံးသားများက လေးလံလာတော့သည်။

ထောင်ချောက်ထဲကျသွားပြီဆိုတာ သူတို့ သိလိုက်သည်။ တစ်ဖက်လူများက သူတို့ကို ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခြင်းပင်။

သို့ရာတွင်၊ ဤအခြေအနေကို သူတို့က မည်သို့‌မျှော်လင့်နိုင်မည်နည်း။ တိမိသားစုက မိစ္ဆာဝိညာဉ်ဂိုဏ်းတွင်ပါဝင်ပြီး သူတို့ကို တရှိန်ထိုး ချေမှုန်းရန်အတွက် ဤမျှကြီးမားသော အင်အားမျိုးကို စေလွှတ်လိုက်မည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

"မင်းတို့တိမိသားစုက စန်းပြည်နယ်ကို အကျော်အမော်တွေ အများကြီးပို့လိုက်တယ်။ ယွင်ဧကရာဇ်တောင်ကညအခြေအနေကို အခွင့်ကောင်းယူသွားမှာ မကြောက်ဘူးလား"

တိမ်နဂါးတောင်ကြားသခင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ယနေ့တွင် သူတို့ အခက်ကြုံရပြီ။ ရန်သူများ၏ အင်အားက သူတို့ထက် အများကြီးသာလွန်သည်။ တိုက်ခိုက်ပါက မျှော်လင့်ချက် လုံးဝမရှိနိုင်ပေ။

အထူးသဖြင့်၊ ရန်သူများတွင် ပြီးပြည့်စုံခြင်းအဆင့် အကျော်အမော်လေးဦး ရှိနေခြင်းကြောင့် ဖြစ်သည်။ အန္တိမသူတော်စင် လေးယောက်က သူတို့အားလုံးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။ ထို့ပြင်၊ ရန်သူများတွင် ပုန်းကွယ်နေသေးသော အန္တိမသူတော်စင်များ ရှိနေဦးမလားဆိုတာ သူတို့ မသိပေ။

"မင်းတို့က လက်မလျှော့ချင်သေးဘူးထင်တယ်။ ဒီလိုဆိုရင် ငါပြောပြရသေးတာပေါ့။ လွန်ခဲ့တဲ့ လဝက်လောက်ကပဲ ယွင်ဧကရာဇ်တောင်ကို ငါ့ရဲ့ တိမိသားစုက ဖျက်ဆီးပစ်လိုက်ပြီ။ ယွင်ဧကရာဇ်ကိုလည်း ငါ့တိမိသားစုရဲ့ ဧကရာဇ်ကြီးက သတ်ခဲ့တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။

"ဘာ၊ ယွင်ဧကရာဇ်တောင် ပျက်စီးသွားပြီလား"

"ယွင်ဧကရာဇ် အသတ်ခံလိုက်ရတယ်... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဧကရာဇ်ကြီးပဲ"

လူများစွာက မယုံကြည်နိုင်သော အမူအရာဖြင့် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်သည်။ ဒါက တကယ်ကို မယုံနိုင်စရာပင။

စန်းပြည်နယ်၊ ယွင်ဧကရာဇ်တောင်တည်ရှိရာ ယွင်ပြည်နယ်နှင့် တိမိသားစုတည်ရှိရာ တိပြည်နယ်တို့က နီးကပ်စွာ တည်ရှိကြသည်။

ယွင်ပြည်နယ်က စန်းပြည်နယ်၏ အနောက်ဘက်တွင်တည်ရှိပြီး တိပြည်နယ်က စန်းပြည်နယ်၏ အနောက်မြောက်ဘက်တွင် ရှိပေသည်။

ထိုမှတပါး၊ အနီးနားတွင် အခြား ဧကရာဇ်အဆင့်အင်အားစု မရှိကြတော့ပေ။

စန်းပြည်နယ်၊ တိပြည်နယ်နှင့် ယွင်ပြည်နယ်တို့က အမှန်တွင် ယွင်တောင်တန်းကြီး၏ အလယ်တွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးပြီး ယွမ်ချီစွမ်းအင်လည်း သိပ်သည်းပေသည်။

ယွင်တောင်တန်းကြီးက အကန့်အသတ်မဲ့ ကျယ်ပြောသည်။ မရေမတွက်နိုင်သော မိစ္ဆာသားရဲကြီးများရှိနေကြပြီး မတ်စောက်သော တောင်များက ဝန်းရံထား၏။ စန်းဧကရာဇ်၊ ယွင်ဧကရာဇ်နှင့် တိဧကရာဇ်တို့ ပေါ်လာပြီးနောက်မှသာ ပြည်နယ်ကြီးသုံးခုကို ဖွဲ့စည်းကာ လူသားများ နေထိုင်ရန်နှင့် လေ့ကျင့်ရန်အတွက် သင့်လျော်သော နယ်မြေကြီးများ ပေါ်လာခဲ့ရသည်။

ယွင်တောင်တန်းကြီး၏ အပြင်ဘက်တွင် အခြား ဧကရာဇ်အဆင့်အင်အားစုများ ရှိကြသော်လည်း ၎င်းတို့အားလုံးက ပြည်နယ်ကြီးသုံးခုနှင့် အလွန်ဝေးကွာကြပေသည်။

ယခင်ကတော့ အင်အားစုကြီးသုံးခုက အချင်းချင်း အားပြိုင်နေကာ တစ်ဦးကိုတစ်ဦး ဘာမျှမလုပ်နိုင်ခဲ့ကြပေ။

စန်းဧကရာဇ်တွင် မတောတဆဖြစ်ခဲ့ပြီးနောက်မှာ‌ စန်းပြည်နယ်၏ အင်အားက သိသိသာသာ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း ယွင်ဧကရာဇ်တောင်နှင့် တိမိသားစုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသောကြောင့် စန်းပြည်နယ်က အင်အားစုကြီး တပ်ဖွဲ့နှစ်ခုကြားတွင် ရှင်သန်နိုင်ကာ ထူးဆန်းသောတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။

ယွင်ဧကရာဇ်တောင်နှင့် တိမိသားစုတွင် မည်သူကမျှ စန်းပြည်နယ်ကို မတိုက်ခိုက်နိုင်ပါ။ တစ်ဖက်က စန်းပြည်နယ်ကို တိုက်ခိုက်လျှင် ကျန်တစ်ဖက်က အခြေအနေကို အခွင့်ကောင်းယူနိုင်သည်။

ထို့ပြင် ယွင်ဧကရာဇ်နှင့် တိဧကရာဇ်က သိုင်းဧကရာဇ်ချင်း တူနေသောကြောင့် တစ်ဦးကိုတစ်ဦး ဘာမျှ မလုပ်နိုင်ကြပေ။

ယခုမူ၊ ယွင်ဧကရာဇ်က အသတ်ခံခဲ့ရပြီး ယွင်ဧကရာဇ်တောင်လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဤနည်းဖြင့် ဟန်ချက်က လုံးဝပျက်စီးသွားပြီး တိမိသားစုကို တားဆီးလို့မရတော့ပေ။

"ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းပဲ ဖြစ်ရမယ်။ မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဧကရာဇ်တွေက ယွင်ဧကရာဇ်ကိုသတ်ဖို့ တိမိသားစုရဲ့ ဧကရာဇ်ကို ကူညီခဲ့တာပဲ ဖြစ်ရမယ်"

"ပြီးပြီ၊ ပြီးသွားပြီ။ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ငါတို့ တားဆီးလို့မရတော့ဘူး"

လူတော်တော်များများ သက်ပြင်းချလိုက်ကြသည်။

ယွင်ဧကရာဇ်တောင် ပျက်စီးသွားပြီမှန်း သိလိုက်ရပြီး တိမိသားစုက အကျော်အမော်အများအပြားကို စေလွှတ်ခဲ့သည်။ သူတို့တွင် အခွင့်အရေး မရှိတော့ပေ။

"ဘာဖြစ်လို့ သူတို့နဲ့ အပိုစကားတွေ ပြောနေရတာလဲ။ သူတို့ကို တစ်ခါတည်း သတ်ပစ်လိုက်ရင် ပြီးနေတာပဲ"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ပြောလိုက်သည်။

"ခဏနေဦး"

ထိုအခိုက်တွင် လူရိပ်နှစ်ခုက လေထဲတွင် ပေါ်လာသည်။ သူတို့ နှစ်ယောက်လုံးက အနက်ရောင် ၀တ်စုံ ဝတ်ထားကြ၏။

တစ်ယောက်က‌ ခေါင်းတစ်ခုလုံး ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကမူ ပိန်ပိန်အဘွားအိုတစ်ဦး ဖြစ်သည်။

"အကြီးအကဲနှစ်ယောက်ကို နှုတ်ခွန်းဆက်ပါတယ်"

၎င်းတို့နှစ်ဦးကို မြင်သောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ကမန်းကတန်း ဦးညွတ်လိုက်၏။

လူတိုင်း၏ နှလုံးသားက ပို၍ပင် လေးလံသွားခဲ့သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးစီတိုင်းက သူတော်စင်အဆင့်များ၏ အထွတ်အထိပ်မှာ ရပ်‌တည်နေကြသူများ ဖြစ်သည်။ သူတို့သည် အလွန်ကြောက်စရာကောင်း၏။ ယခုအခါ နှစ်​​ယောက်​​ ရောက်​လာ​ပြီမို့ သူတို့မှာ အခွင့်အရေး မရှိတော့ပေ။

ဆံပင်ဖြူ အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏အကြည့်က တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများကို ဖြတ်ကျော်သွားသည်။

"ငါတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းက ပြန်လာပေမဲ့ အားနည်းနေသေးတာကြောင့် ဘေးအင်အားတွေ လိုအပ်နေသေးတယ်။ မင်းတို့တွေ အညံ့ခံပြီး ငါတို့ မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် အလုပ်လုပ်နေသရွေ့ ငါတို့ မင်းတို့ကို ချမ်းသာပေးနိုင်တယ်"

လူများစွာ၏ နှလုံးသားများက လှုပ်ရှားသွားကြသည်။ သူတို့၏ မျက်လုံးများက အရောင်လက်သွားကြ၏။

ယနေ့တွင် တိုက်ခိုက်ပါက သေခြင်းတစ်ခုသာ စောင့်ကြိုနေလိမ့်မည်။ သူတို့က အသတ်ခံရမည့်အစား မိစ္ဆာဝိညာဉ်ဂိုဏ်းကို လက်အောက်ခံနိုင်သည်။

"ဒါပေါ့၊ အညံ့ခံသူတိုင်းက မင်းတို့ရဲ့ ဝိညာဉ် ဒါမှမဟုတ် နတ်ဘုရားဝိညာဉ်အပေါ်မှာ တားမြစ်ချက်ချရလိမ့်မယ်။ မင်းတို့ ခုခံဖို့ ကြံစည်ဝံ့တာနဲ့ မင်းတို့ရဲ့ဝိညာဉ်ဟာ ငါတို့ရဲ့ အတွေးတစ်ခုနဲ့ ပျက်စီးသွားလိမ့်မယ်"

ဆံပင်ဖြူ အဘိုးအို၏ အသံက အေးစက်သွားသည်။

လူတော်တော်များများမှာ မျက်နှာပျက်သွားကြ၏။ သူတို့၏ဝိညာဉ် သို့မဟုတ် နတ်ဘုရားဝိညာဉ်အပေါ် တားမြစ်ချက်ချလိုက်ပါက ၎င်းတို့သည် လုံးဝ လွတ်လပ်မှုရှိတော့မည် မဟုတ်ပေ။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အမိန့်ကို အကြွင်းမဲ့ နာခံကြရမည် ဖြစ်သည်။

"ကောင်းပြီလေ၊ မင်းတို့ အညံ့ခံမလား... ဆန့်ကျင်မှာလား။ စဉ်းစားဖို့အတွက် သုံးမိနစ်ပဲ အချိန်ပေးမယ်။ အညံ့ခံရင် အသက်ရှင်နိုင်တယ်၊ မဟုတ်ရင်တော့.... သေမယ်"

ဆံပင်ဖြူ အဘိုးကြီးက ပြောလိုက်သည်။

လူအတော်များများ၏ အမူအရာများက ပြောင်းလဲသွားသည်။ သူတို့က ပတ်ဝန်းကျင် အခြေအနေကို တစ်ချက်ဝေ့ကြည့်လိုက်၏။

သို့သော်လည်း လွတ်လမ်းမရှိအောင် အပြည့်အဝ ဝန်းရံထားကြသည်။ တိမိသားစုမှ ကျွမ်းကျင်သူများကလည်း အများအပြား ရှိသေးသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မူလအဖွဲ့ဝင်များနှင့်အတူ ၎င်းတို့တွင် အခွင့်အရေး လုံးဝ မရှိပေ။

ကွာခြားချက်က ကြီးမားလွန်းသည်။ ဝိုင်းရံမှုမှ ရုန်းထွက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ တိုက်ခိုက်လျှင် သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေမည်။

အချိန်များက တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည်။ လေထုက ပို၍ လေးလံလာပြီ။

မကြာမီ၊ သုံးမိနစ်အချိန် ကုန်လွန်သွားသည်။

"ငါ အညံ့ခံဖို့ ဆန္ဒရှိပါတယ်။ ကောင်းကင်နတ်ဘုရားဂိုဏ်းတစ်ခုလုံးက လက်နက်ချဖို့ ဆန္ဒရှိတယ်"

အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ် ဖြစ်၏။ သူက ပထမဆုံး စကားပြောဖြစ်ခဲ့သည်။

"ကောင်းပြီ၊ အခြေအနေနဲ့ လိုက်လျောညီထွေ နေတတ်သူက ပညာရှိတာပဲ။ လာပါ၊ မင်းရဲ့ စိတ်ဝိညာဉ် ဒါမှမဟုတ် နတ်ဘုရားဝိညာဉ်အပေါ်မှာ တားမြစ်ချက်ကို ငါချမှတ်မယ်"

ပိန်ပိန် အဘွားအိုက ပြောလိုက်သည်။ သူ့အသံက နားထဲတွင် စူးစူးရှရှဖြစ်ကာ လူများကို မသက်မသာ ခံစားရစေသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က သိပ်ပြီးမကျေနပ်သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူများကိုခေါ်ကာ ရှေ့သို့ တိုးသွားနေဆဲပင်။

ပိန်ပိန်အဘွားအိုက ဆင်းသက်လာကာ ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးညွှန်လိုက်သည်။ မရေမတွက်နိုင်သော အမှတ်အသား စာလုံးများ ပေါ်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားတော့သည်။

All Chapters