အခန်း ၁၇၃၆
Vol. 116 Ch. 1736
အပိုင်း ( 1736 ) အကူအညီမဲ့ရသော ရွေးချယ်မှုတစ်ခု။
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က လုမင်၏ လှံပုဆိန်မှာ အသုံးမဝင်တော့ကြောင်း ထောက်ပြခဲ့သည်။ ထို့နောက်တွင် တိမိသားစုနှင့် မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ကျွမ်းကျင်သူများက စတင် တိုက်ခိုက်လိုက်၏။ လုမင်နှင့် အခြားသူများဆီသို့ အမျိုးမျိုးသော တိုက်ခိုက်မှုများ ကျရောက်လာတော့သည်။
တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများလည်း အစွမ်းကုန်သုံးပြီး ပြန်လည်တိုက်ခိုက်ရန်သာ တတ်နိုင်သည်။
သို့သော်၊ တစ်ဖက်ရန်သူများက လူအင်အားများပိုများပြီး ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်များချည်း နှစ်ဦး ရှိသည်။ သူတို့က တစ်ဖက်ရန်သူများကို လုံးဝ မယှဉ်နိုင်ပေ။ သူတို့အားလုံး အရေးနိမ့်နေပြီး ဆက်လက်ဆုတ်သွားခဲ့ရသည်။
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နှစ်ပါးက အားကောင်းလွန်းသည်။ ဆယ်ကြိမ်ထက်မနည်း လှုပ်ရှားပြီးနောက်၊ လုမင်တို့ဘက်မှ အန္တိမသူတော်စင် ဆယ်ယောက်တွင် အားနည်းသူများက ဒဏ်ရာများ ရရှိနေပြီ ဖြစ်သည်။
"လုမင်က လှံပုဆိန်ကို မသုံးသေးဘူး၊ သူက တကယ်ကို မသုံးနိုင်တော့ဘူးထင်တယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က ပြောလိုက်သည်။ သူ့မျက်လုံးများက အေးစက်သော အလင်းရောင်တို့ လင်းလက်လာ၏။
သူနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတစ်ခုလုံးက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုကို ခံထားရပြီး မလွတ်မြောက်နိုင်သောကြောင့် တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများကို မလွတ်မြောက်စေလိုတော့ပေ။ အထူးသဖြင့် လုမင်ကို ဖြစ်သည်။
အနည်းဆုံးတော့ လုမင်နှင့် တခြားလူများကိုဖမ်းပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ရုပ်သေးရုပ်များ ဖြစ်လာစေရန် ကြိုးစားရမည်။
"သတ်"
ပြီးပြည့်စုံခြင်းအဆင့် မန္တိမသူတော်စင် နှစ်ဦးတို့က ပို၍ပင် ရဲတင်းလာကြသည်။ သူတို့က ဧကရာဇ်ဓားကို လက်ထဲတွင် ကိုင်ထားပြီး၊ ဓားချက်များ ထုတ်ဖော်ကြ၏။ ၎င်းတို့က ကမ္ဘာကြီးကို လွှမ်းမိုးထားသော ဧကရာဇ်များကဲ့သို့ပင်။
"ရွှပ်"
နတ်ဆိုးရဲတိုက်မှ အန္တိမသူတော်စင်ကို ဓားချက်ထိမှန်သွားသည်။ သူက ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးလုနီးပါးဖြစ်ခဲ့၏။
"ဝုန်း... ဝုန်း"
ထိုအခါ အခြားသူများက တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများ၏ ခံစစ်အစီရင်ကို ဖြိုခွဲပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ကာ တိုက်ခိုက်ကြတော့သည်။
"သေ"
တိမိသားစုမှ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးက ကြွေးကြော်လိုက်သည်။ သူသည် နတ်ဆိုးရဲတိုက်မှ အန္တိမသူတော်စင်ကို စိုက်ကြည့်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။ ဧကရာဇ်ဓားမှ ဓားအလင်းက အရာအားလုံးကို ဖျက်ဆီးနိုင်သကဲ့သို့ ဖြာထွက်လာတော့သည်။
"မြန်မြန်ထွက်သွားကြ"
နတ်ဆိုးရဲတိုက်၏ ကျွမ်းကျင်သူက ဟိန်းဟောက်လိုက်သည်။ သူ ပိတ်ဆို့ရန် အစွမ်းကုန် ကြိုးစားလိုက်၏။ သို့သော်လည်း အသုံးမဝင်ဘဲ နောက်ဆုံးတွင် ထက်ပိုင်းဖြတ်ခံရကာ သေဆုံးသွားတော့သည်။
"ကောင်လေး၊ မင်းမှာ အရည်အချင်းရှိတယ်။ အညံ့ခံပါ"
တိမိသားစု၏ အကျော်အမော်က နတ်ဆိုးရဲတိုက်မှ ပါရမီရှင်လူငယ်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျုပ် အညံ့ခံပါတယ်"
နတ်ဆိုးရဲတိုက်မှ ပါရမီရှင်လည်း အညံ့ခံရမှတပါး ရွေးချယ်စရာမရှိတော့ပေ။
ထိုအချိန်တွင် နောက်ထပ် အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ဘုရင်နန်းတော်မှ အန္တိမသူတော်စင်တစ်ဦး၏ ဒန်တျန်ကို တိမိသားစုမှ အကျော်အမော်က ဓားဖြင့် ထိုးလိုက်၏။ သူ၏ သူတော်စင်နှလုံးသားပင်လျှင် ဖျက်ဆီးခံလိုက်ရတော့သည်။
ဓားအလင်းများ ဖြာထွက်သွားပြီးနောက် ထိုသူတော်စင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အန္တိမသူတော်စင် နှစ်ယောက် ကွယ်လွန်သွားခဲ့ပြီ။
"ငါတို့က သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့မရဘူး။ ဆုတ်ကြ"
တိမ်နဂါးတောင်ကြားသခင်က အော်ဟစ်လိုက်သည်။ ကျန်သော အန္တိမသူတော်စင်ရှစ်ဦးက အစွမ်းကုန် တွန်းလှန်ခဲ့၏။ သို့သော်လည်း ရန်သူများက အစွမ်းထက်လွန်းသည်။ ၎င်းတို့က လုံး၀ ပိတ်ဆို့ခံထားရပြီး မလွတ်မြောက်နိုင်တော့ပေ။
"ငါတို့ ဒီအတိုင်းဆက်သွားနေလို့မရဘူး။ ဒီကနေ ခွဲထွက်နိုင်ဖို့ ကြိုးစားရမယ်။ မဟုတ်ရင် ငါတို့အားလုံး လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး"
ရေခဲနဂါးဘိုးဘေးကြီးက ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ ရှစ်ယောက်က နှစ်ဦးကို တစ်ဖွဲ့ခွဲပြီး ဖောက်ထွက်မယ်။ ငါတို့ လွတ်မြောက်နိုင်မလားဆိုတာကတော့ ငါတို့ရဲ့ ကံအပေါ်မှာ မူတည်တယ်"
သေခြင်းရှင်ခြင်းဓားဂိုဏ်းချုပ်ကလည်း ပြောလိုက်သည်။
"ငါဦးဆောင်မယ်"
ရေခဲနဂါးဘိုးဘေးက သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး ဧရာမ ရေခဲနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ပါးစပ်ဟပြီး နှင်းဖြူရောင် နဂါးဦးချိုကို ထွေးထုတ်လိုက်၏။ ဤနဂါးဦးချိုက ကြောက်စရာကောင်းသော အတက်အကျများကို ထုတ်လွှတ်နေတော့သည်။
ရေခဲနဂါးဘိုးဘေး၏ မျက်လုံးထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင်များ ပေါ်လာပြီးနောက် ဟိန်းဟောက်လိုက်သည်။
"ပေါက်ကွဲစေ"
နှင်းဖြူရောင် နဂါးဦးချိုက ပေါက်ကွဲသွားပြီးနောက် ကြောက်မက်ကောင်းသော အအေးဓာတ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ တိမိသားစုမှ အန္တိမသူတော်စင်သည် အအေးဓာတ်လှိုင်းကြောင့် ချက်ချင်းအေးခဲသွားပြီး ရေခဲလူသားအဖြစ်သို့ ပြောင်းလဲသွား၏။
အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် အကျော်အမော်တစ်ဦးက ချက်ချင်း ဆုတ်သွားသော်လည်း သူ့ခန္ဓာကို ရေခဲအလွှာတစ်ခုက ဖုံးအုပ်ထားတော့သည်။
"ထွက်ကြ"
ရေခဲနဂါးဘိုးဘေးကြီးက ဟိန်းဟောက်လိုက်သည်။ အခြားလူများကလည်း သူ့နောက်ကိုလိုက်ကာ ဝိုင်းရံမှုမှ ပြေးထွက်သွား၏။ အန္တိမသူတော်စင် ရှစ်ယောက်က အုပ်စုလေးစုခွဲကာ အရပ်လေးမျက်နှာသို့ ပြေးထွက်သွားတော့သည်။
တိမ်နဂါးတောင်ကြားနှင့် ရေခဲနဂါးဘိုးဘေးက တစ်ဖွဲ့တည်းဖြစ်ပြီး လုမင်နှင့် ရှဲ့နျန်ချင်းကို ခေါ်ဆောင်သွားခဲ့သည်။
သေခြင်းရှင်ခြင်းဓားဂိုဏ်းမှ အန္တိမသူတော်စင် နှစ်ယောက်က လော့ရှန်းနှင့် အခြားသော ပါရမီရှင်ကို ခေါင်ဆောင်သွား၏။ လင်လုံနန်းတော်မှ အကျော်အမော်နှစ်ဦးကလည်း အုပ်စုတစ်စုဖွဲ့ထားသည်။ နတ်ဆိုးရဲတိုက်သခင်နှင့် ကောင်းကင်ဘုရင်နန်းတော်၏သခင်တို့က အုပ်စုတစ်ခု ဖွဲ့ခဲ့ကြပေသည်။
"လူစုခွဲပြီး လိုက်ကြ"
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ဦးက အော်ဟစ်လိုက်သည်။
"ငါတို့ လုမင်ကို အလွတ်ပေးလို့မရဘူး။ သူ ကြီးပြင်းလာရင် သေချာပေါက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်က အော်လိုက်သည်။
"လိုက်ကြ"
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်က လူတစ်စုကိုဦးဆောင်ပြီး လုမင်နှင့် အခြားသူများနောက်သို့ လိုက်သွား၏။ အခြားသူများကလည်း လူစုခွဲကာ အခြားအုပ်စုများနောက်သို့ လိုက်သွားကြတော့သည်။
"ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်က ငါတို့ကို မျက်စိကျနေတယ်"
တိမ်နဂါးတောင်ကြားသခင်က မျက်နှာပျက်သွားသည်။
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်မရှိလျှင် တိမ်နဂါးတောင်ကြားသခင်နှင့် ရေခဲနဂါးဘိုးဘေးတို့၏ အင်အားဖြင့် သူတို့လွတ်မြောက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ သို့သော်၊ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင် ရှိနေလျှင်တော့ ခက်ခဲလိမ့်မည်။
သူတို့နှစ်ဦးက လုမင်နှင့် ရှဲ့နျန်ချင်းကို ဦးဆောင်ကာ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ သို့သော်၊ ရန်သူများက ပိုလျင်မြန်၏။ သူတို့ကြားမှ အကွာအဝေးက ပိုနီးလာတော့သည်။
"ဆရာ... ဘိုးဘေး၊ ကျွန်တော်တို့ လူခွဲသွားသင့်တယ်"
ထိုအချိန်တွင် လုမင်က ပြောလိုက်သည်။
တစ်ဖက်လူများက သူ့ကို ပစ်မှတ်ထားနေကြကြောင်း ထင်ရှားသည်။ လမ်းခွဲလိုက်လျှင်တော့ ရှဲ့နျန်ချင်းက လွတ်မြောက်ရန် အခွင့်အလမ်း မြင့်မားလိမ့်မည်။
အတူတူရှိနေလျှင်တော့ မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
"လုမင်၊ လမ်းခွဲစရာမလိုပါဘူး။ အတူတူသွားကြမယ်"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။ လုမင်၏ အတွေးများကို သူမက နားမလည်ဘဲမနေပေ။
"လုမင် မှန်တယ်၊ ငါတို့ လမ်းခွဲသွားရမယ်။ ဘိုးဘေး... ခင်ဗျားက နျန်ချင်းကို ခေါ်သွားလိုက်ပါ။ ကျုပ်က လုမင်ကို ခေါ်သွားမယ်၊ ဘယ်သူက လွတ်မြောက်နိုင်မလဲဆိုတာကတော့ ကံစီမံရာပေါ့"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။
"ကောင်းပြီ"
ရေခဲနဂါးဘိုးဘေးက မတုံ့ဆိုင်းတော့ဘဲ ခေါင်းညိတ်လိုက်၏။
"လုမင်..."
ရှဲ့နျန်ချင်းက တုံ့ဆိုင်းနေကာ လုမင်နှင့် မခွဲလိုပေ။
"သွားကြစို့"
လုမင်က အော်လိုက်သည်။
ရေခဲနဂါးဘိုးဘေးက သူ၏ ကြီးမားသော နဂါးလက်သည်းဖြင့် ရှဲ့နျန်ချင်းကို ဖမ်းဆွဲလိုက်၏။ သံရှည်ဆွဲကာ ဟိန်းဟောက်ရင်း သူက အခြားလမ်းကြောင်းတစ်ခုသို့ ပျံသန်းသွားတော့သည်။
"မင်းတို့ အဲဒီရေခဲနဂါးနောက်ကို လိုက်သွားကြ။ ဒီနှစ်ဦးကိုတော့ ငါ့အတွက်ထားလိုက်"
ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်က အမိန့်ပေးလိုက်သည်။ အခြား အန္တိမသူတော်စင်များက ရေခဲနဂါးဘိုးဘေး၏နောက်သို့ လိုက်သွားကြ၏။ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်ကမူ၊ လုမင်နှင့် တိမ်နဂါးတောင်ကြားသခင်နောက်သို့ ဆက်လက် လိုက်လာတော့သည်။
လုမင်က သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ရေခဲနဂါးဘိုးဘေး၏ တိုက်ခိုက်နိုင်စွမ်းအရ ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်နှင့် မကြုံသရွေ့ ထွက်ပြေးရန် အခွင့်အလမ်းရှိလိမ့်မည်။
ထို့ပြင်၊ ရန်သူများက သူ့ကို အမှန်တကယ် ပစ်မှတ်ထားခဲ့ကြသည်။
ထို့ကြောင့် လုမင်က အခြားသူများကို ခေါ်ဆောင်ရန် တောင်နှင့်မြစ် ပန်းချီကားကို အသုံးမပြုခဲ့ပေ။
အခြားသူများကို တောင်နှင့်မြစ်ပန်းချီကားသို့ ခေါ်ထည့်လိုက်လျှင် ပစ်မှတ်က ပိုနည်းလာမည် ဖြစ်သည်။ သူတို့က လုမင်ကို ပစ်မှတ်ထားရုံသာ လိုလိမ့်မည်။ ဤနည်းဖြင့် သူတို့က လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ လုမင်ကို ဖမ်းဆီးနိုင်သရွေ့ အားလုံးပြီးသွားပြီ ဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းကတော့ လမ်းခွဲကာ သီးခြားထွက်ခွာကြခြင်းပင်။
တိမ်နဂါးတောင်ကြားသခင်က လုမင်ကိုခေါ်ပြီး ဓားအလင်းတစ်ခုကဲ့သို့ ပျံသန်းသွားသည်။ သူတို့က တခဏချင်းမှာပင် မိုင်ထောင်ချီ ဖြတ်သန်းသွား၏။ သူတို့က အဆုံးမရှိသော တောင်များကို တရိပ်ရိပ် ဖြတ်သန်းသွားကြသည်။
"မင်းတို့ မလွတ်နိုင်ဘူး။ နာခံမှုရှိရှိနဲ့ အညံ့ခံလိုက်ပါ၊ မဟုတ်ရင် မင်း သေရလိမ့်မယ်"
တိမိသားစုမှ အန္တိမသူတော်စင်က အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က ရွှေရောင်ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူက ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ပျံသန်းလာတော့သည်။
တိမ်နဂါးတောင်ကြားသခင်က မည်မျှပင် ကြိုးစားစေကာမူ၊ သူတို့ကြားမှ အကွာအဝေးကို မတိုးနိုင်ဘဲ ပို၍ပင် နီးကပ်လာခဲ့ကြသည်။
"ဝှစ်"
အနောက်ဘက်တွင်၊ တိမိသားစုမှ အန္တိမသူတော်စင်က လုမင်နှင့် တိမ်နဂါးတောင်ကြားသခင်ဆီသို့ ဓားချက်များ ထုတ်ဖော်လိုက်သည်။ တိမ်တိုက်နဂါးတောင်ကြားသခင်က တိုက်ခိုက်မှုကို တားဆီးရန် သူ့ဓားဖြင့် လွှဲခုတ်လိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တိမ်နဂါးတောင်ကြားသခင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားကာ သူ့မျက်နှာလည်း ဖြူဖျော့သွားတော့သည်။ သို့သော်လည်း ဤတိုက်ခိုက်မှု၏ သက်ရောက်မှုအားဖြင့် သူက မိုင်တစ်ရာကျော် ပျံသန်းသွားခဲ့သည်။
"ဆရာ..."
လုမင် စိတ်ပူသွားသည်။
'ငါအဆင်ပြေပါတယ်။ မင်အာ... မင်းအရင်သွားတော့။ ငါသူ့ကို တားဆီးထားမယ်'
တိမ်နဂါးတောင်ကြားသခင်က လုမင်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
'ဗျာ'
လုမင် တုန်လှုပ်သွား၏။
'မဟုတ်ဘူး၊ ဒီလူက အရမ်းသန်မာလွန်းတယ်။ သူက ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ယောက်လေ။ ဆရာ့ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး'
တိမ်နဂါးတောင်ကြားသခင်သာ တစ်ဦးတည်း နေခဲ့မည်ဆိုလျှင် အန္တရာယ်ရှိလိမ့်မည်။ လုမင်က ယင်းကို သဘောမတူနိုင်ပေ။
'မင်အာ... မင်းလွတ်မြောက်နေသရွေ့ မျှော်လင့်ချက်ရှိတယ်။ အခု မင်းရဲ့ ဆရာတူညီအကိုတွေနဲ့ နဂါးနတ်ဘုရားတောင်ကြားရဲ့ လူအများစုက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့လက်အောက်ကို ကျရောက်နေပြီ။ အခုချိန်မှာ တစ်ခုတည်းသော မျှော်လင့်ချက်က မင်းရဲ့ မြင့်မားတဲ့အရည်အချင်းနဲ့ မင်း အသက်ရှင်နိုင်ဖို့ပဲ။ အနာဂတ်မှာ မင်း ကြီးပြင်းလာတဲ့အခါ မိစ္ဆာဝိညာဉ်ဂိုဏ်းနဲ့ တိမိသားစုကို ဖျက်ဆီးနိုင်လိမ့်မယ်'
'မင်း အဖမ်းခံလိုက်ရရင်တော့ ငါတို့မှာ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး။ နားလည်ရဲ့လား'
တိမ်နဂါးတောင်ကြားသခင်က ဆက်လက်ပြီး အသံလွှင့်ကာ ပြောလိုက်သည်။