အခန်း ၁၇၅၃
Vol. 117 Ch. 1753
အပိုင်း ( 1753 ) တစ်ဦးတည်းက အားလုံးကို လွှမ်းမိုးခြင်း။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ချင်ယီအတွက်မူ သူ့မျက်လုံးများက မနာလိုစိတ်ဖြင့် တဖျပ်ဖျပ်ခတ်နေသည်။
ယခင်က သူသည် ဟွမ်လင်၏ရှေ့တွင် အရှက်ရဖူးသည်။ ယခုလည်း လုမင်က အခြား ပါရမီရှင်များကို လွှမ်းမိုးပြီး ထင်ရှားနေပြန်ပြီ။ ဤအရာက သူ့အား အလွန်မနာလိုဖြစ်စေသည်။ သူက ထင်ရှားသူမဟုတ်သောကြောင့်လည်း တိတ်တဆိတ် မုန်းတီးနေတော့သည်။
'ဒီကောင်က ဟွမ်လင်ကို စိတ်ဝင်စားနေပုံရတယ်။ ဟွမ်လင်ကလည်း ဒီကောင်လေးကို စိတ်ဝင်စားနေမှာကို ကြောက်ရတယ်။ ဟမ့်... မင်းတို့ အလိုရှိသလိုတော့ ငါ ခွင့်မပြုနိုင်ဘူး'
ချင်ယီ၏ မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူသည် ရွှေကျီးကန်းနဝမမင်းသားနှင့် တိုက်ခိုက်နေခြင်း ဖြစ်၏။ ဤအခိုက်အတန့်တွင် သူက သူ့ခန္ဓာကိုယ်ကို တမင်လှုပ်ယမ်းကာ ဟွမ်လင်အား တိုက်ခိုက်ရန် ရွှေကျီးကန်း နဝမမင်းသားကို တစ်ကွက်လှစ်ဟာပြလိုက်တော့သည်။
"မကောင်းတော့ဘူး"
လုမင်နှင့် မုချင်ရွယ်တို့ စိုးရိမ်သွားကြသည်။
ချင်ယီ၏ တိုက်ခိုက်ရေးစွမ်းအားဖြင့် ရွှေကျီးကန်း နဝမမင်းသားကို တားဆီးရန်မှာ ပြဿနာ မဟုတ်ပေ။ သို့ရာတွင်၊ သူက ရွှေကျီးကန်း နဝမမင်းသား၏ တွန်းထုတ်ခြင်းကို ခံခဲ့ရသည်။ ဒါက ပုံမှန်မဟုတ်သော်လည်း သူတို့ စဉ်းစားရန် အချိန်မရှိတော့ပေ။
"ဟွမ်လင်၊ ဒီကနေ ထွက်သွားစမ်း"
ရွှေကျီးကန်း နဝမမင်းသားက ဟိန်းဟောက်လိုက်သည်။ သူ၏ ရွှေရောင်အတောင်ပံများက ဟွမ်လင်ဆီသို့ ဓါးသွားများပမာ ဖြတ်သန်းသွား၏။
သို့သော်လည်း ဟွမ်လင်က တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ခုခံရန်သာ တတ်နိုင်ခဲ့သည်။
"ဝုန်း"
ဟွမ်လင်၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်မီးတောက်က ကွဲကြေလုနီးပါး ပြင်းထန်စွာ တုန်ခါသွားသည်။ ဟွမ်လင်၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ယင်သွား၏။ သူက မဟန်နိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ သူ့မျက်နှာမှာလည်း ဖြူဖျော့သွားတော့သည်။
"သတ်"
ရွှေကျီးကန်း နဝမမင်းသားက အော်လိုက်သည်။ သူ့မျက်လုံးများသည် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။ ဟွင်လင်အပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက ထပ်မံ ကျရောက်လာတော့သည်။
"ဟွမ်လင်"
မုချင်ရွယ်က အလွန် စိုးရိမ်နေမိသည်။ သို့သော်လည်း သူ့ပြိုင်ဘက်က လုံးဝ အခွင့်အရေးမပေးပေ။
"မင်း သေချင်နေတာပဲ"
ထိုအချိန်တွင် လုမင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစက်များ ထွန်းတောက်လာပြီး သူတော်စင်လက်နက်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။
သူတော်စင်လက်နက်များ၏ လက်နက်စွမ်းအင်က ချိတ်ဆက်ပြီး အလင်းတိုင်များကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
အတွေးတစ်ခုဖြင့် လုမင်က မဟာသူတော်စင်လက်နက် ဓားကို ပစ်လွှတ်လိုက်သည်။ ဓားက ရွှေကျီးကန်း နဝမမင်းသားဆီသို့ ဖြတ်သန်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေချွန်သံတစ်ခုပင် ထွက်ပေါ်လာ၏။
ရွှေကျီးကန်း နဝမမင်းသား တုန်လှုပ်သွားသည်။ လုမင်က ပါရမီရှင်လေးယောက်ကို တိုက်ခိုက်နေချိန်တွင် သူ့ကို တိုက်ခိုက်ရန် ခွန်အားရှိဦးမည်ဟု မမျှော်လင့်ထားပေ။ ဤအခိုက်အတန့်တွင် သူက အတောင်များကို လှန်လိုက်ကာ နေတစ်စင်းကို ထုတ်ဖော်ပြီး လုမင်၏ ဓားကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် အသုံးမဝင်ခဲ့ပါ။ ဓားက နေကိုဖြတ်၍ ရွှေကျီးကန်း နဝမမင်းသား၏ အတောင်ပံတစ်ဖက်ကို ထိုးဖောက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရွှေကျီးကန်း နဝမမင်းသားကို နောက်သို့တွန်းပို့ကာ သူ၏အတောင်တစ်ဖက်ကိုပင် ဖြတ်လုနီးပါးဖြစ်ခဲ့ပေသည်။
"လက်နက်တစ်သောင်းတာအိုကျမ်း... မင်းက လက်နက်တစ်သောင်းတာအိုကျမ်းကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ဝမ်ထျန်းလုံက မယုံကြည်နိုင်စွာ အော်လိုက်သည်။
ဟွမ်ကျန့်နှင့် အခြားသူများလည်း တုန်လှုပ်သွား၏။
လုမင်က ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်းတာအိုကျမ်းကို အမှန်တကယ် သိနေသည်။
"သတ်"
လုမင်က ထပ်မံ ဟိန်းဟောက်လိုက်သည်။ သူတော်စင်လက်နက်များက ရွှေကျီးကန်းနဝမမင်းသားဆီသို့ မုန်တိုင်းတိုက်ခတ်သလို ဖြတ်သန်းသွား၏။ ရွှေကျီးကန်း နဝမမင်းသားက အစွမ်းကုန်တိုက်ခိုက်သော်လည်း နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာများ ရရှိခဲ့တော့သည်။ ရွှေရောင် ငှက်မွေးများက လေထဲတွင် ပြန့်ကျဲသွားသည်။
"ဝမ်"
လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို ထိန်းချုပ်ပြီး တောက်ပသော အလင်းဖြင့် ဟွမ်ကျန့်ကို ဖိနှိပ်လိုက်သည်။
ဟွမ်ကျန့်က သံဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် ထိပ်တိုက်တွေ့လိုက်၏။
"ကစဉ့်ကလျားကပ်ဘေးလက်ချောင်း"
လုမင်၏ လက်ချောင်းက ကစဉ့်ကလျားနိယာမတို့ ရစ်ဝဲလာသည်။ သူက လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ အရာအားလုံးကို ဖျက်ဆီးတော့မည့် နတ်ဘုရား၏ လက်ညှိုးကဲ့သို့ ဧရာမ လက်ချောင်းကြီး ပေါ်လာ၏။ ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက ဆယ့်ရှစ်ရာခိုင်နှုန်း အောင်မြင်ခြင်း၏ စွမ်းအားကို အစွမ်းကုန် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဤလက်ချောင်းကလည်း ဟွမ်ကျန့်ကို ပစ်မှတ်ထားနေဆဲ ဖြစ်သည်။
ဟွမ်ကျန့်၏ မျက်လုံးများက လေးနက်လာသည်။ သူ့ခန္ဓာကိုယ်က တောက်ပပြီး ဓားစွမ်းအင်များ ဖြာထွက်လာ၏။ သံဓားအရိပ်များက သူ့တကိုယ်လုံးကို ဖုံးအုပ်ထားတော့သည်။
"ဒေါင်"
ကစဉ့်ကလျားကပ်ဘေးလက်ချောင်းက သံဓားကို ထိုးလိုက်သည်။ ဟွမ်ကျန့်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါပြီး နောက်သို့ လွင့်စဉ်သွား၏။ သူက ကျောက်စိမ်းလှေကား၏ အောက်ခြေသို့ ပြုတ်ကျသွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
တခြားသူများလည်း အံ့သြသွားကြသည်။ လုမင်သည် အလွန်အစွမ်းထက်၏။ သူက ရွှေကျီးကန်း နဝမမင်းသားနှင့် ဟွမ်ကျန့်တို့ကို ရှေ့ဆင့်နောက်ဆင့် ဒဏ်ရာရစေခဲ့သည်။ ယခုအချိန်တွင် သူက အရှုံးမရှိသော စစ်ဘုရားကဲ့သို့ပင်။
ကျန်လူအနည်းငယ်လည်း မဝံ့ရဲတော့ဘဲ နောက်ဆုတ်သွားခဲ့သည်။ သူတို့က လုမင်အား လေးလေးနက်နက်ကြည့်ကာ တိုက်ခိုက်ခြင်းကို ရပ်လိုက်ကြလေသည်။
"လုမင်၊ မင်းက လက်နက်တစ်သောင်းတာအိုကျမ်းကို ဘယ်လို လေ့ကျင့်ခဲ့တာလဲ"
ဝမ်ထျန်းလုံက လုမင်အား စိုက်ကြည့်ကာ အေးစက်စက် အော်လိုက်သည်။
လုမင်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြန်မဖြေပေ။
"ဒဏ္ဍာရီတွေအရ ကစဉ့်ကလျားနိယာမဟာ မြောက်များစွာသော နိယာမတွေအဖြစ် ပြောင်းလဲနိုင်တယ်တဲ့။ အချို့ ဘုရင်နိယာမနဲ့ အန္တိမနိယာမတွေကလွဲရင် အခြား အရာအားလုံးကို ပြောင်းလဲနိုင်တယ်။ အဲဒါသာမှန်ရင် သူက လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်နိုင်ခဲ့တာ အံ့ဩစရာမဟုတ်ဘူး"
ဟွမ်ကျန့်က သူ့နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး ပြောလိုက်သည်။
"ဒီလူက တကယ်ကို ကစဉ့်ကလျားရဲ့သားတော်ပဲ"
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က လေးနက်သော အကြည့်ဖြင့် ပြောသည်။
"ဟွမ်ပမ့်၊ အခုချိန်မှာတော့ မင်း ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မယ်။ ငါတို့ အကောင်းဆုံး ကြိုးစားပြီးပြီ"
ဟွမ်ကျန့်က ခေါင်းယမ်းကာ သံဓားကို ဓားအိမ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ သူ့ဒဏ်ရာများကို စတင်ကုသလိုက်လေသည်။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်လေးလည်း နောက်သို့ဆုတ်သွားသည်။ သူက ဟွမ်လင်ကို တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ပေ။
လုမင်က ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လွန်းသည်။ သူတို့က ပူးပေါင်းပြီး တိုက်ခိုက်တာတောင် အသုံးမဝင်ပါ။
သူတို့က အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ဖြစ်သည်။ သူတို့က အကူအညီပေးရန် လိုက်လာရုံဖြစ်ပြီး သူတို့၏ အသက်ကိုရင်း၍ တိုက်ခိုက်စရာမလိုပေ။
ဝမ်ထျန်းလုံ၏ အကြည့်က အလွန်အေးစက်နေသည်။ သို့သော်လည်း ဘာမျှမပြောတော့ဘဲ လုမင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဆုတ်သွားတော့သည်။
"ပြန်သိမ်း"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူတော်စင်လက်နက်များက လုမင်၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။
ထိုအချိန်တွင် ရွှေကျီးကန်း နဝမမင်းသားက သနားစရာ အခြေအနေတွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်က သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ရွှေအမွေးများ အားလုံးနီးပါး ကျွတ်ကျသွား၏။ သူက အမွေးမရှိသော ကျီးကန်းတစ်ကောင် ဖြစ်လာခဲ့လေသည်။
အခြားသူများက ရွှေကျီးကန်း နဝမမင်းသားကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ကြသည်။
"အား... လုမင်၊ ငါမင်းကိုသေစေချင်တယ်"
ရွှေကျီးကန်း နဝမမင်းသားက ဒေါသချောင်းချောင်းထွက်ကာ အော်ဟစ်လိုက်သည်။
ဤအရှက်တရားသည် အလွန်ကြီးမား၏။
ရွှေကျီးကန်းများကို နေမင်း၏ နတ်သားရဲများအဖြစ် လူသိများသည်။ သူတို့သည် အလွန်မောက်မာခဲ့၏။ ရှေးခေတ်က သူတို့သည် အစစ်အမှန်နဂါး၊ ဖီးနစ်တို့နှင့်ပင် ယှဉ်ပြိုင်ခဲ့ဖူးသည်။ သေချာတာကတော့ သူတို့ဟာ ထိပ်တန်း နတ်သားရဲများပင်။
ယခုမူ၊ သူသည် ရွှေကျီးကန်း နဝမမင်းသားဖြစ်သော်လည်း လူတိုင်း၏ရှေ့တွင် လုမင်၏ အမွေးနုတ်ခြင်းကို ခံလိုက်ရသည်။ ဒါက ကြီးစွာသော အရှက်ကွဲမှုတစ်ခုပင်။
"ငှက်နာတစ်ကောင်က အော်ဝံ့သေးတာလား၊ ဒီနေ့ ငါတို့ ငှက်သားကင်စားရလိမ့်မယ်နဲ့တူတယ်"
လုမင်၏ မျက်လုံးများက အေးစက်နေပြီး ရွှေကျီးကန်းနဝမမင်းသားကို စိုက်ကြည့်လိုက်သည်။
ရွှေကျီးကန်း နဝမမင်းသားက တုန်လှုပ်သွားပြီး အသည်းအသန် နောက်ဆုတ်သွား၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
"ငှက်နာလေး... မင်း သတ္တိမရှိရင် မြန်မြန် ထွက်သွားစမ်း"
လုမင်က လှောင်ပြောင်လိုက်သည်။ သူက ခြေတစ်လှမ်းဖြင့် ဟွမ်လင်၏အနီးသို့ ရောက်လာပြီး ချင်ယီကို အေးစက်စက် စိုက်ကြည့်လိုက်၏။
ချင်ယီက မျက်နှာပျက်သွားသည်။
ထိုအချိန်တွင် ဟွမ်ခုန်းနှင့် ဟွမ်ပမ့်တို့၏ မျက်နှာများလည်း အမူအရာပျက်သွားကြ၏။ လုမင်၏ တိုက်ခိုက်ရေး စွမ်းအားက သူတို့၏ မျှော်မှန်းချက်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
ဟွမ်လင်ကို အင်အားသုံးပြီး ဖယ်ရှားရန် မဖြစ်နိုင်တော့ပေ။ သူတို့က မိမိကိုယ်ကိုသာ အားကိုးနိုင်ခဲ့သည်။
ဟွင်လင်နှင့် အခြားသူများက ရှေ့သို့ တိုးသွားပြီး ဖီးနစ်အော်မြည်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟွင်လင်၏ အားသာချက်က ကြီးမားလာသည်။ သူမ၏ အမြန်နှုန်းက မပြောင်းလဲသော်လည်း ဟွမ်ခုန်းနှင့် ဟွမ်ပမ့်တို့၏ အမြန်နှုန်းသည် နှေးကွေးသည်ထက် နှေးကွေးလာ၏။
ဟွမ်လင်က တောင်ထိပ်သို့ နီးကပ်သွားခြင်းကို ကြည့်နေရုံသာ ရှိတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက်၊ ဟွမ်လင်က တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။
တောင်ထိပ်သို့ ရောက်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှ ဖီးလျှံဖီးနစ်တစ်ကောင်က သံရှည်ဆွဲကာအော်ဟစ်၍ ကောင်းကင်သို့ ထိုးတက်သွား၏။ သူမ၏ အရှိန်အဝါက တဟုန်ထိုး တက်လာတော့သည်။
"သူ အဆင့်တက်သွားပြီ"
လူတိုင်း တုန်လှုပ်သွားကြသည်။
တောင်ထိပ်ပေါ်သို့ တက်လှမ်းလိုက်ပြီးနောက် ဟွမ်လင်၏ ကျင့်ကြံမှုက တောက်ပသော သူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သွားပေသည်။
ကျောက်စိမ်းလှေကားက ဖီးနစ်နန်းတော်၏ တပည့်များအတွက် စမ်းသပ်မှုသာမက အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပုံရသည်။
ဟွမ်ပမ့်၊ ဟွမ်ခုန်းနှင့် ဟွမ်ရွှမ်တို့က ရပ်လိုက်ကြပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်လေသည်။ ဤပြိုင်ပွဲမှာ သူတို့ရှုံးသွားပြီဆိုတာ သိကြသည်။
ဟွမ်လင်ထံမှ အားကောင်းသော အရှိန်အဝါက ဖြာထွက်နေသည်။ ခဏအကြာတွင်၊ သူက ပြန်လည်ရုတ်သိမ်းလိုက်၏။ ထိုအချိန်တွင် ဝူထုံသစ်ပင်၏ သစ်ရွက်များက ကြွေကျပြီး ဖီးနစ်တစ်ကောင်အသွင် ပြောင်းလဲသွားသည်။
ဟွမ်လင်က ဖီးနစ်ငှက်၏ ကျောထက်သို့ ခုန်တက်သွား၏။ ဖီးနစ်က အော်မြည်ကာ ဝူထုံသစ်ပင်ပေါ်သို့ ပျံတက်သွားတော့သည်။