အခန်း ၁၇၅၅
Vol. 117 Ch. 1755
အပိုင်း ( 1755 ) တံခါးသို့ ရောက်လာကြသူများ။
လုမင်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ တခြားသူများထက် ကိုယ့်ကိုယ်ကို အားကိုးတာက ပိုကောင်းပုံပင်။
ကိုယ်တိုင်က သန်မာနေသရွေ့ တခြားသူများထံမှ အကူအညီတောင်းစရာ မလိုပေ။
'ဆရာ၊ ခဏလောက် သည်းခံပေးပါ။ ကျွန်တော်ရဲ့ ခွန်အားတွေပြည့်ဝတာနဲ့ ဆရာကို ကယ်တင်ဖို့ သေချာပေါက် ပြန်လာခဲ့မယ်'
လုမင်က လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
"လူငယ်လေး၊ မင်းရဲ့ အခြေအနေကို ပြောင်းလိုက်ပါ။ ငါ အကောင်းဆုံး ဖြည့်ဆည်းပေးမယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က အနည်းငယ် ဖြေသိမ့်ချင်သလို ပြောလိုက်သည်။
လုမင်လည်း သူ့စိတ်ကို တည်ငြိမ်စေပြီးနောက် ပြောလိုက်လေသည်။
"နန်းတော်ရှင်၊ ကျွန်တော်က သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်ရဲ့ လူသတ်သမားတွေကို သတ်ခဲ့တာကြောင့် သတ်ဖြတ်ခြင်းအမှတ်အသား ကျန်ရစ်ခဲ့ရပါတယ်။ အဲဒါကို ဖယ်ရှားပေးဖို့ အကူအညီပေးနိုင်မလား"
သတ်ဖြတ်ခြင်းအမှတ်အသားဖြင့် သတ်မှတ်ထားသော အကွာအဝေးအတွင်း တစ်ဖက်လူများသည် သူ့အား အာရုံခံနိုင်မည် ဖြစ်သည်။ အကယ်၍ သူက အခြား သတ်ဖြတ်ခြင်းတစ်သောင်းအိမ်တော်မှ လူသတ်သမားနှင့်တွေ့ပါက ကျိန်းသေပင် စိတ်အနှောက်အယှက်ဖြစ်မည်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းကို နေ့တိုင်း သတိထားနေရလိမ့်မည်။
"ဒါကလွယ်ပါတယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က သူမ၏လက်ကို ဝှေ့ယမ်းကာ လုမင်ကို အလင်းတန်းများ ဖုံးအုပ်လိုက်သည်။
လုမင်လည်း သူ့တစ်ကိုယ်လုံး ပူနွေးလာသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ မီးခိုးရောင် စွမ်းအင်များ ထွက်လာပြီး အဆက်မပြတ် တွန့်လိမ်နေသည်ကို သူတွေ့လိုက်ရ၏။ ယင်းက အလွန်ထူးဆန်းသည်။
ဤသည်မှာ သတ်ဖြတ်ခြင်းအမှတ်အသားပင်။
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ၎င်းကို ညင်သာစွာ ဖိညှစ်လိုက်ရာ သတ်ဖြတ်အမှတ်အသားက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ကောင်းပြီ၊ သတ်ဖြတ်ခြင်းအမှတ်အသားကို ဖယ်ရှားလိုက်ပြီ။ နောက်ပြီးတော့ မင်းက ဒီတစ်ခေါက်မှာ ဟွမ်လင်ကို အများကြီး အကူအညီပေးပြီး ဝူထုံသစ်ပင်ရဲ့နှလုံးသားကို ရရှိအောင် ကူညီပေးခဲ့တယ်။ မင်းက ဟွမ်လင်ရဲ့ သူငယ်ချင်းလည်း ဖြစ်သေးတာကြောင့် ဖီးနစ်နန်းတော်မှာ အချိန်ကြာကြာ နေလို့ရပါတယ်။ ဖီးနစ်နန်းတော်ရဲ့ မြင့်မြတ်တဲ့ ကျင့်ကြံမှုမြေအချို့ကိုလည်း လွတ်လွတ်လပ်လပ် ဝင်နိုင်တယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် နန်းတော်ရှင်"
လုမင်က လက်ယှက်ပြပြီး ကျေးဇူးတင်စကားဆိုလိုက်လေသည်။
တစ်ဖက်လူက မိစ္ဆာဝိညာဉ်ဂိုဏ်းဝင်များကို ဖယ်ရှားရန် အကျော်အမော်များ စေလွှတ်ရန် သဘောမတူသော်လည်း ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးဖြစ်သည်။ လုမင်က ဆက်လက်ပြောဆိုရန် မသင့်တော့ပေ။
"ကောင်းပြီလေ၊ မင်း ထွက်သွားနိုင်ပြီ။ ဟွမ်လင် လိုက်ပြပေးလိမ့်မယ်"
ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ပြောလိုက်သည်။
ထို့နောက် လုမင်နှင့် ဟွမ်လင်တို့လည်း နှုတ်ဆက်ပြီး ထွက်ခွာသွားကြလေသည်။
"လုမင်၊ တောင်းပန်ပါတယ်"
အပြန်လမ်းတွင် ဟွမ်လင်က ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ နန်းတော်ရှင် အကြီးအကဲက ဖီးနစ်နန်းတော်နန်းတော်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တာ ငါ နားလည်နိုင်ပါတယ်"
လုမင် ပြုံးလိုက်သည်။ ဟွမ်လင်သည် ဖီးနစ်နန်းတော်၏ နန်းတော်ရှင်က ကူညီရန် မည်သည့်ပညာရှင်ကိုမျှ မစေလွှတ်သောကြောင့် တောင်းပန်နေကြောင်း သူသိသည်။
"လုမင်၊ ဖီးနစ်နန်းတော်မှာ ကောင်းမွန်တဲ့ ကျင့်ကြံမှုမြေတွေရှိတယ်။ ရက်နည်းနည်းကြာရင် ငါနင့်ကို လာခေါ်မယ်လေ၊ နင် ဖီးနစ်နန်းတော်မှာ နေလို့ရပါတယ်"
ဟွမ်လင်က ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်လိုက်လေသည်။
ခဏကြာ စကားပြောနေပြီးနောက် လမ်းခွဲကာ လုမင်က သူ့နေအိမ်သို့ ပြန်လာခဲ့သည်။
ခြံဝင်းသို့ ပြန်လာပြီးနောက် လုမင်က ပူဖောင်းလေးကို ခေါ်ထုတ်ကာ သူ့ဘာသာသူ ဆော့ကစားခွင့်ပြုထားလိုက်သည်။ သူကိုယ်တိုင်ကတော့ တိတ်တဆိတ် လေ့ကျင့်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ်ကြာသွားသည်။
ထိုနေ့တွင် ဖီးနစ်နန်းတော်သို့ အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာသည်။
ဤနှစ်ဖွဲ့မှာ ရွှေကျီးကန်းမျိုးနှင့် ဝမ်မျိုးနွယ်တို့ပင်။
ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က သူတို့ကို ထွက်ကြိုလိုက်သည်။
"ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်က ဖီးနစ်နန်းတော်ကို ဘာကိစ္စများရှိလို့ ရောက်လာကြတာလဲ"
ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က မေးသည်။
"ဒါက အရမ်းရိုးရှင်းပါတယ်။ ဝမ်မျိုးနွယ်က လူတစ်ယောက်ကို တောင်းဆိုဖို့ ဖီးနစ်နန်းတော်ကို ရောက်လာတာ"
ဝမ်မျိုးနွယ်မှ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ သူ့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားများစွာနှင့် လူငယ်အများအပြား ရှိ၏။ ထိုအထဲမှ တစ်ယောက်က ဝမ်ထျန်းလုံပင်။
"ကျုပ်ရဲ့ ရွှေကျီးကန်းမျိုးနွယ်ကလည်း ဖီးနစ်နန်းတော်က လူတစ်ဦးကို အလိုရှိတယ်"
စကားပြောလာသူမှာ ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး အရှိန်အဝါများ အားကောင်း၏။
လူငယ်များ အပါအဝင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ကွယ်တွင် လူအများအပြား ရှိခဲ့သည်။ သူတို့ထဲတွင် ရွှေကျီးကန်းမျိုးနွယ်စု၏ နဝမမင်းသားလည်း ပါဝင်ပေသည်။
ဖီးနစ်နန်းတော်မှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ မျက်နှာက မှောင်သွားခဲ့သည်။
"ရယ်စရာကောင်းလိုက်တာ၊ ခင်ဗျားတို့နှစ်ယောက်က ကျုပ်ဖီးနစ်နန်းတော်က လူတစ်ယောက်ကို တောင်းဖို့ တကယ်လာခဲ့တာလား"
"ညီနောင်ဟွမ်၊ ဒေါသထွက်နေစရာ မလိုပါဘူး။ ကျုပ်ရဲ့ ဝမ်မျိုးနွယ် လိုချင်တဲ့လူက ဖီးနစ်နန်းတော်ရဲ့ တပည့်မဟုတ်ဘူး။ အဲဒါက လုမင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ပဲ။ သူက အခု ဖီးနစ်နန်းတော်မှာ နေတယ်"
ဝမ်မျိုးနွယ်၏ အကြီးအကဲက ပြောလိုက်သည်။
"လုမင်လား"
ဖီးနစ်နန်းတော်က ဧကရာဇ်တစ်ပိုင်း အကျော်အမော်က မျက်မှောင်ကြုတ်သွားသည်။ ဖီးနစ်နန်းတော်တွင် လုမင်အမည်ရှိသော လူငယ်တစ်ဦး တည်းခိုနေကြောင်း သူသိ၏။ သို့သော်လည်း သူက နန်းတော်ရှင်၏ အမိန့်အရ ဖီးနစ်နန်းတော်၏ ဧည့်သည် ဖြစ်သည်။
"ကျုပ်ရွှေကျီးကန်းမျိုးနွယ် လိုချင်တဲ့လူကလည်း ဒီလူ လုမင်ပဲ"
ရွှေကျီးကန်းမျိုးနွယ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း အေးစက်စက် ပြောသည်။
"ဒါကတော့ လက်မခံနိုင်တာ စိတ်မကောင်းပါဘူး။ လုမင်က ဖီးနန်းတော်ရဲ့ ဧည့်သည်... သူက ဖီးနစ်နန်းတော်ရဲ့ ဧည့်သည်ဖြစ်တဲ့အတွက် ကျုပ်တို့က သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံရမယ်"
ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်းက ဆိုသည်။
"ညီနောင်ဟွမ်၊ ခင်ဗျား သေချာစဉ်းစားရင် ပိုကောင်းမယ်။ ကျုပ်ရဲ့ ဝမ်မျိုးနွယ်က လုမင်ကိုရဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒီလူက ကျုပ်တို့ဝမ်မျိုးနွယ်ရဲ့ လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ထားတာကြောင့် သူ့ကို ခွင့်မလွှတ်နိုင်ဘူး"
ဝမ်မျိုးနွယ်၏ အကြီးအကဲတစ်ဦးက အေးစက်စက် ပြောလိုက်သည်။
"ဒီကိစ္စက ညှိနှိုင်းစရာမရှိဘူး။ လုမင်က ဖီးနစ်နန်းတော်ရဲ့ ဧည့်သည်ဖြစ်တာကြောင့် သူ့ရဲ့လုံခြုံမှုကို အာမခံရမယ်။ လုမင်ကို ခင်ဗျားတို့ရဲ့လက်ထဲ အပ်လိုက်မယ်ဆိုရင် အခြားသူတွေက ဖီးနစ်နန်းတော်ကို ဘယ်လိုထင်ကြမလဲ။ အားလုံးပဲ ကျေးဇူးပြုပြီး ပြန်သွားပါတော့"
ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ လေသံက တင်းမာလာသည်။
ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်မှ လူများ၏ အမူအရာများလည်း အေးစက်သွားကြသည်။ လုမင်ကို ဖီးနစ်နန်းတော်က ကာကွယ်ထားပြီး လွှဲပြောင်းပေးအပ်ခြင်းမပြုဘဲနေမည်ဟု မမျှော်လင့်ထားပေ။
သို့ရာတွင်၊ ဝမ်မျိုးနွယ်စုခေါင်းဆောင်က လုမင်ကို အသက်ရှင်လျက် မကျန်ရစ်စေရန် ညွှန်ကြားခဲ့သည်။
ဝမ်မျိုးနွယ်၏ လက်နက်တစ်သောင်းတာအိုကျမ်းကို အပြင်လူတစ်ယောက်က လေ့ကျင့်ပိုင်ခွင့် မပြုနိုင်ပေ။
"လုမင်၊ ထွက်လာခဲ့စမ်း"
ဝမ်မျိုးနွယ်၏ အကြီးအကဲက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ့အသံက ဖီးနစ်နန်းတော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
"အတင့်ရဲလိုက်တာ၊ မင်း ဘာလုပ်တာလဲ"
ဖီးနစ်နန်းတော်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က အမူအရာပြောင်းသွားကာ အော််ဟစ်လိုက်သည်။
တစ်ဖက်လူက အလွန်ရဲတင်း၏။ သူက ဖီးနစ်နန်းတော်မှာ မည်သို့အော်ဟစ်ဝံ့သနည်း။
ထိုအချိန်တွင် ဖီးနစ်နန်းတော်ရှိ လူအများစုက တုန်လှုပ်သွားကြသည်။
ဤအော်သံကြောင့် လုမင်လည်း လေ့ကျင့်နေရာမှ လန့်နိုးလာခဲ့သည်။
"ဘယ်သူလဲ"
အသံကြားရာကို လှမ်းကြည့်ရင်း လုမင် မျက်မှောင်ကြုတ်သွား၏။ ထို့နောက်တွင် သူက လေထဲသို့ ခုန်လွှားပြီး ထိုလမ်းကြောင်းအတိုင်း လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ခဏကြာတော့ ခန်းမကြီးတစ်ခု သူ့ရှေ့မှာ ပေါ်လာသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ယခုအချိန်တွင် ပုံရိပ်များစွာသည်လည်း ဤလမ်းကြောင်းအတိုင်း ပျံသန်းသွားတာကို တွေ့လိုက်ရသည်။
"လုမင်"
အသံတစ်ခု ထွက်လာသည်။ ဟွမ်လင် ဖြစ်၏။ သူလည်း ဤနေရာတွင် ပေါ်လာခဲ့သည်။
'လုမင်၊ ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ် ရောက်လာကြပြီ။ သူတို့က နင့်ကို လွှဲပြောင်းပေးစေချင်နေတယ်'
ဟွမ်လင်က လုမင်ထံသို့ အသံပို့လွှတ်ကာ အမြန်ပြောလိုက်သည်။
'ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်'
ခန်းမကျယ်ကြီးဆီသို့ လျှောက်လာရင်း လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ ခန်းမကျယ်ကြီးအနီးသို့ ရောက်သောအခါ ခန်းမအပြင်ဘက် လေထဲတွင် ပျံဝဲနေသော လူအုပ်စုနှစ်စုကို တွေ့လိုက်ရ၏။
၎င်းတို့မှာ ဝမ်မျိုးနွယ်စုနှင့် ရွှေကျီးကန်းမျိုးနွယ်တို့ ဖြစ်သည်။
"သူက လုမင်ပဲ"
ဝမ်ထျန်းလုံက လုမင်ကို ညွှန်ပြလိုက်သည်။
ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်မှ လူများက လုမင်ကို တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
"ကောင်လေး၊ မင်းက လုမင်လား။ အခု ငါတို့နဲ့အတူ လိုက်ခဲ့ပါ။ ဝမ်မျိုးနွယ်က မင်းကို ပြောစရာရှိတယ်"
ဝမ်မျိုးနွယ်၏ အကြီးအကဲက အေးစက်ကာ အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။
လုမင် သူပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ရတော့မလိုပင်။
"ဝမ်မျိုးနွယ်ကို ပြောဖို့ ကျုပ်မှာ ဘာမှမရှိဘူး။ နောက်ပြီးတော့ ဖီးနစ်နန်းတော်မှာ နေရတာက အင်မတန် အဆင်ပြေပါတယ်။ ခင်ဗျားနဲ့အတူ ဝမ်မျိုးနွယ်ကိုသွားလည်ဖို့ စိတ်မဝင်စားဘူး"
လုမင်က ပြောလိုက်သည်။
ဝမ်မျိုးနွယ်မှ အကြီးအကဲ၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့မျက်လုံးများတွင် စူးရှသော အလင်းများ လင်းလက်လာ၏။
"ကောင်လေး၊ မသိသလိုမတတ်သလို ဟန်ဆောင်မနေနဲ့။ မင်းက ဝမ်မျိုးနွယ်ရဲ့ လက်နက်တစ်သောင်းတာအိုကျမ်းကို လေ့ကျင့်ထားတယ်၊ အဲဒီအတွက် ဖြေရှင်းချက်ပေးရမယ်။ ဝမ်မျိုးနွယ်ရဲ့ လက်နက်တစ်သောင်းတာအိုကျမ်းက ပြင်ပလူတွေကို လေ့ကျင့်ပိုင်ခွင့်မပေးဘူး။ တကယ်လို့ မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ရင်တော့ ဝမ်မျိုးနွယ်က ဒီကိစ္စကို ဆက်မလိုက်တော့ဘူး"
"ဪ၊ ဒီလိုအကြောင်းတွေ ရှိတာပဲ။ ဒါဆို ရွှေကျီးကန်းမျိုးနွယ်က ဘာဖြစ်လို့ ကျုပ်ကို ရှာနေတာလဲ"
လုမင်က ရွှေကျီးကန်းမျိုးနွယ်စု၏ လူများကို ကြည့်လိုက်သည်။
"ရွှေကျီးကန်းမျိုးနွယ်ကို စော်ကားတဲ့အတွက် မင်း အပြစ်ပေးခံရမယ်"
ရွှေကျီးကန်းမျိုးနွယ်မှ သက်လတ်ပိုင်း အမျိုးသား၏ အဖြေက ပိုရိုးရှင်း၏။
"ဟားဟားဟားဟား... ရယ်စရာပဲဟေ့၊ ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံးဟာသပဲ"
လုမင်က ဟားတိုက်ကာ ရယ်မောလိုက်တော့သည်။