အခန်း ၁၇၅၈
Vol. 118 Ch. 1758
အပိုင်း ( 1758 ) လုံချန်နှင့် ပြန်ဆုံခြင်း။
ဖီးနစ်နန်းတော်တည်ရှိရာ တောင်ကို ဖီးနစ်တောင်ဟု ခေါ်သည်။
ဖီးနစ်တောင်အစွန်းတွင် ဖီးနစ်ရေကန်ဟုခေါ်သော ရေကန်တစ်ခု ရှိ၏။
ယနေ့တွင်၊ မနက်အစောကြီးကတည်းက ဖီးနစ်ကန်မှာ လူများဖြင့် ပြည့်ကျပ်နေသည်။
တစ်စုံတစ်ယောက်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ ထိပ်သီး ပါရမီရှင်နှစ်ယောက်ကို စိန်ခေါ်ခဲ့ဖူး၏။ ပါရမီရှင်နှစ်ဦးကို တစ်ပြိုင်နက်တည်း စိန်ခေါ်သည်အထိ မည်သူက ဤမျှ ရဲရင့်မည်ကို လူအများက သိချင်နေကြသည်။ ထိုလူက မည်မျှ အစွမ်းထက်သနည်း။
လူငယ်များစွာအပြင် မျိုးဆက်ဟောင်းအချို့ပင် စူးစမ်းလိုစိတ်ရှိကြသည်။ သူတို့က ဖီးနစ်ရေကန်တစ်ဝိုက်တွင် စုရုံးကာ တိုက်ပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
"ဖီးနစ်နန်းတော်ကလူတွေ ရောက်လာပြီ"
တစ်ယောက်ယောက်က အော်လိုက်သည်။
လူများစွာက ဖီးနစ်နန်းတော်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်၏။ ထိုအခါ ဖီးနစ်ရေကန်ဆီသို့ ပျံသန်းလာသော လူတစ်စုကို တွေ့လိုက်ရသည်။
အများစုမှာ ငယ်ရွယ်သူများဖြစ်သော်လည်း အားကောင်းသော အရှိန်အဝါဖြင့် အကြီးအကဲများလည်း ရှိသေးသည်။
"လုမင်က ဘယ်သူလဲ"
တစ်ယောက်ယောက်က မေးလိုက်သည်။
"ဟွမ်လင်ရဲ့အနားမှာ ရပ်နေတဲ့ ဝတ်စုံနက်ဝတ် လူငယ်က လုမင်ဆိုတာပေါ့"
"အိုး၊ သူ့ရဲ့ ကျင့်ကြံမှုအခြေခံက သိပ်ပြီး မြင့်မားပုံမရဘူး။ သူက တောက်ပသော သူတော်စင်နယ်ပယ်ရဲ့ အဆင့်မြင့်အဆင့်မှာပဲ ရှိသေးပေမဲ့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားနဲ့ ဝမ်ထျန်းပမ်းတို့ကို စိန်ခေါ်ဝံ့တယ်။ တကယ် ရဲတင်းတာပဲ"
တစ်ယောက်က မှတ်ချက်ချလိုက်သည်။ ဤနေရာတွင် အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိ အကြီးအကဲများ ရှိ၏။ ဧကရာဇ်တစ်ပိုင်းများပင် ရှိသည်။ လုမင်က သူ၏ ကျင့်ကြံမှုအဆင့်ကိုဖုံးကွယ်ရန် ပန်တုန်အရှိန်အဝါပညာရပ်ကို အသုံးပြုခဲ့သော်လည်း ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားလွန်းသဖြင့် သူ့ကို ထွင်းဖောက်မြင်နိုင်ကြသေးသည်။
"ဘယ်လို၊ သူက တောက်ပသော သူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှာပဲ ရှိသေးတာလား"
"ဟုတ်တယ်၊ ဒါပေမဲ့ လုမင်က ကစဉ့်ကလျားရဲ့သားတော် ဖြစ်နိုင်ချေများတယ်ဆိုတဲ့ ကောလဟာလတွေကို ကျုပ်ကြားခဲ့တယ်"
"ဘာ၊ ကစဉ့်ကလျားရဲ့သားတော်... ဒါက အမှန်ပဲလား"
"ဒါက အမှန်ဖြစ်နိုင်တယ်။ မဟုတ်ရင် ဝမ်မျိုးနွယ်ရဲ့ လက်နက်တစ်သောင်းတာအိုကျမ်းကို သူ ဘယ်လိုလုပ်ပြီး လေ့ကျင့်နိုင်မှာလဲ။ ဒါပေမဲ့ သူက ကစဉ့်ကလျားရဲ့သားတော် ဒါမှမဟုတ် အခြား နတ်ဘုရားရဲ့သားတော်ဆိုရင်တောင် ဒါက သူ့ရဲ့ အလားအလာကိုပဲ ကိုယ်စားပြုနိုင်တယ်။ သူ ကြီးပြင်းမလာသေးသရွေ့ အခြားသူတွေက သူ့ကို သတ်နိုင်တုန်းပဲ"
လုမင်နှင့် အခြားသူများ ရောက်လာခြင်းက ဆွေးနွေးမှုများစွာကို ဖြစ်စေခဲ့သည်။
ဤကာလတွင် ဤတိုက်ပွဲက မည်မျှကျော်ကြားခဲ့သည်ကို မြင်နိုင်ပေသည်။ အထူးသဖြင့်၊ လုမင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ရှိခဲ့သည်။
"လုမင်၊ နင်လုပ်နိုင်ပါတယ်။ နင် အနိုင်ရမယ်ဆိုတာ ငါ ယုံကြည်တယ်"
ဟွမ်လင်က လုမင်က အားပေးလိုက်သည်။
လုမင်လည်း ပြုံးပြီး ကောင်းကင်မှ ဆင်းသက်ခဲ့လေသည်။ သူက ဖီးနစ်ရေကန်ပေါ်သို့ ဆင်းသက်ကာ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။
"ကလစ်..."
ထိုအချိန်တွင် အဝေးမှ ကောင်းကင်တွင် လျှပ်စီးများ တဖျတ်ဖျတ်လက်သွားသည်။ လျှပ်စီးကြောင်းများက ကောင်းကင်ကို အပိုင်းပိုင်း ခွဲသွားပုံရသည်။ ထို့နောက် လျှပ်စီးများ ပျောက်ကွယ်သွားသောအခါ ဖီးနစ်ရေကန်အပေါ်တွင် လူတစ်စုရှိနေပြီ ဖြစ်သည်။
"မိုးကြိုးနတ်ဘုရားဂိုဏ်းက လူတွေ ရောက်လာကြပြီ"
တစ်ယောက်က ခပ်တိုးတိုးလေး ပြောလိုက်သည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းသည် ရှေးဟောင်းလ မြင့်မြတ်နယ်မြေ၏ အသန်မာဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သည်။
"လုမင်၊ မင်း အနိုင်ရရှိမယ်လို့ ငါမျှော်လင့်တယ်"
မိုးကြိုးနတ်ဘုရားဂိုဏ်းဘက်မှ လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူ့အသံက နေရာအနှံ့ ပျံ့လွင့်သွား၏။
"ညီနောင်ယဲ့၊ ငါ အနိုင်ရရင် တစ်ခွက်တစ်ဖလား ချကြမယ်"
လုမင် ပြုံးလိုက်သည်။
စကားပြောလာသော လူငယ်က ယဲ့တုန်ဖန့်မှတပါး အခြားသူ မဟုတ်ပေ။
ဒါက လူတော်တော်များများကို မျက်ခုံးပင့်စေသည်။ လုမင်က မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ပါရမီရှင်တစ်ဦးနှင့်လည်း ရင်းနှီးခဲ့သလော။
"ဘာတွေတွေးနေတာလဲ၊ မင်းမှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး"
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ မြင့်မြတ်သော အရှိန်အဝါဖြင့် လူတစ်စုက လေထဲသို့ ဖြတ်သန်းလာကြ၏။
ဝမ်မျိုးနွယ်၏ အကျော်အမော်များ ရောက်လာပြီ။
ဝမ်မျိုးနွယ်မှ လူအနည်းစုသာ ရောက်လာကြသည်။ ငယ်ရွယ်သော ပါရမီရှင်များနှင့် မျိုးဆက်ဟောင်း အကျော်အမော်များ ရှိခဲ့၏။ သူတို့အားလုံးက ကျွမ်းကျင်သူများပင်။
၎င်းတို့အနက်မှ ဝမ်ထျန်းပမ်းက လုမင်နှင့် မျက်နှာချင်းဆိုင်ကာ ရေကန်ပေါ်သို့ ဆင်းသက်ခဲ့သည်။
"လုမင်၊ မင်းကို ငါတစ်ယောက်တည်း သတ်နိုင်ပေမဲ့ မင်းက ငါနဲ့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို တစ်ချိန်တည်းမှာ တိုက်ခိုက်ချင်နေတယ်။ ဒီလိုဆိုမှတော့ မင်းကို မြန်မြန်သေစေမယ်"
ဝမ်ထျန်းပမ်းက လှောင်ပြောင်လိုက်သည်။
"ခွန်အားဆိုတာမျိုးက မင်းရဲ့ စကားလုံးတွေနဲ့ ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဝုန်း"
ထိုအချိန်တွင် ကြီးမားသော သားရဲကြီးတစ်ကောင်က လှမ်းတက်နေသကဲ့သို့ ကောင်းကင်ကြီး တုန်ခါသွားသည်။
နောက်မှ အခြေအနေကို မြင်လိုက်ရ၏။
ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်မျိုးဖြင့် မီတာတစ်ရာမြင့်မားသော ဧရာမ ပုံရိပ်ကြီးကိုးခုက ကြီးမားသော ရထားတစ်စင်းကို လေထဲမှ ဆွဲလာသည်။
"ဝူး..."
မီတာတစ်ရာ မြင့်မားသော ပုံရိပ်ကြီးကိုးခုက မနီးမဝေးတွင် ရပ်တန့်သွားတာကြောင့် လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ကြရသည်။
"နတ်ဆင်ဂိုဏ်းကလူတွေလည်း ရောက်လာပြီ"
တစ်စုံတစ်ယောက်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် အားကောင်းသည့် အင်အားစုများစွာရှိသော်လည်း ခွန်အားကွာခြားမှုများ ရှိခဲ့သည်။ နတ်ဆင်ဂိုဏ်းကတော့ တန်ခိုးအကြီးဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်ပေသည်။
လုမင်လည်း ရထားဆီသို့ လှမ်းကြည့်လိုက်သည်။
သူ အမှတ်မမှားပါက၊ ထိုစဉ်က လုံချန်ကို နတ်ဆင်ဂိုဏ်း၏ ကြောက်စရာကောင်းသော အကျော်အမော်တစ်ဦးမှ ကယ်တင်ခဲ့သည်။
ထိုအချိန်တွင် လူတစ်စုက ရထားပေါ်မှ ဆင်းလာသည်။ လူတစ်ဒါဇင်မျှသာ ရှိ၏။
ဦးဆောင်သူမှာ သာမာန်အသွင်အပြင်ရှိသော လူငယ်တစ်ဦးဖြစ်သော်လည်း သူ့မျက်လုံးများက လျှပ်စီးလက်နေပုံရပြီး လွှမ်းမိုးနေသော ရောင်ဝါမျိုး ရှိသည်။
"လုံချန်"
လုမင်၏ မျက်လုံးများက တောက်ပသွားသည်။ ဤနေရာတွင် လုံချန်ကိုတွေ့ရန် သူ မမျှော်လင့်ထားပေ။
လုံချန်ကလည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လုမင်ကို တွေ့ရသောအခါ ပြုံးလိုက်သည်။
"လုမင်၊ မတွေ့တာကြာပြီ"
လုံချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်၊ သူ့လေသံတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ရှိနေသေးသည်။
သူနှင့် လုမင် နှစ်ယောက်စလုံးက ရှမ်းဟွမ်တိုက်ကြီးမှ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်ကတည်း သူတို့သည် ဝေးကွာခဲ့သောကြောင့် ယခုကဲ့သို့ တိုင်းတပါးတွင် ပြန်ဆုံရသောအခါ စိတ်လှုပ်ရှားနေမည်မှာ မလွဲမသွေပင်။
"အင်း၊ မတွေ့ရတာကြာပြီ။ လုံချန်၊ ဒီတိုက်ပွဲပြီးမှ စကားပြောကြရအောင်"
လုမင်က ပြုံးလိုက်သည်။
လုံချန်လည်း ခေါင်းညိတ်ပြပြီး နတ်ဆင်ဂိုဏ်းမှ လူများနှင့်အတူ ဘေးမှာ ရပ်လိုက်သည်။
လုမင်က နတ်ဆင်ဂိုဏ်းရဲ့ လူတွေကိုလည်း သိတာလား။
လူများစွာတို့ တုန်လှုပ်သွားကြသည်။ လုမင်က လူတော်တော်များများကို သိနေသည်။
ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံ၌ လင်းလက်သွားသည်။ တောရိုင်းဓားဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်လာ၏။ ထို့နောက် ကောင်းကင်ငှက်နန်းတော်နှင့် ဟူတူဂိုဏ်းတို့လည်း ရောက်ရှိခဲ့ကြသည်။
၎င်းတို့အားလုံးက ရှေးဟောင်းလမြင့်မြတ်နယ်မြေမှ အင်အားစုကြီးများ ဖြစ်ချေသည်။
အင်အားကြီးမားသော အင်အားစုအများစုက ကစဉ့်ကလျား၏သားတာ်အကြောင်းကို ကြားရသောကြောင့် ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။
"ဝမ်"
ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်း ဒါဇင်ပေါင်းများစွာက သူတို့ဆီသို့ အဝေးမှ ဖြတ်သန်းလာသည်။ ၎င်းတို့က ခြေသုံးချောင်း ရွှေကျီးကန်းများ ဖြစ်၏။
ရွှေကျီးကန်းမျိုးနွယ်မှလူများ ရောက်လာပြီ။
ခြေထောက်သုံးချောင်းရှိသော ရွှေကျီးများက ဖီးနစ်ကန်အထက် ကောင်းကင်တွင် ရပ်တန့်သွားကြသည်။ ကောင်းကင်တွင် နေ ဒါဇင်ပေါင်းများစွာ ပေါ်လာသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များကို ရွှေရောင်နေမီးလျှံများက ဝန်းရံထားပေသည်။
"ဝှစ်"
ခြေသုံးချောင်း ရွှေကျီးကန်းများထဲမှ တစ်ကောင်က အတောင်ပံခတ်ကာ ဖီးနစ်ရေကန် မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက ဝမ်ထျန်းပမ်းနှင့် ပခုံးချင်းယှဉ်ရပ်ပြီး လုမင်ကို စိုက်ကြည့်လိုက်၏။ သူ၏ ရွှေရောင် မျက်လုံးများက အေးစက်သော အလင်းရောင်များ ထုတ်လွှတ်နေတော့သည်။
ရွှေကျီးကန်း ဆဋ္ဌမမင်းသား ဖြစ်သည်။
"ဝမ်ထျန်းပမ်း၊ ဒီကောင်ကို ငါ့အတွက်ထားခဲ့"
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက မောက်မာစွာ ပြောလိုက်သည်။
"မင်းကိုထားခဲ့ရမှာလား"
ဝမ်ထျန်းပမ်းက မျက်ခုံးပင့်လိုက်သည်။
"အမှန်ပဲ၊ လုမင်ကို ငါတစ်ယောက်တည်း သတ်လို့ရတယ်"
ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏အသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် သူက တောင်ပံများကိုခတ်ကာ ရွှေရောင်အလင်းတန်းတစ်ခုအလား လုမင်ဆီသို့ ပျံသန်းသွား၏။ သူက သူ၏တောင်ပံများကိုလှန်ကာ နေမင်း၏နတ်မီးတောက်များဖြင့် ဓားသွားကဲ့သို့ လုမင်ကို ခုတ်ချလိုက်တော့သည်။
လုမင်က ရေကန်၏ မျက်နှာပြင်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူက လျှပ်စီးလက်သကဲ့သို့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားထံသို့ ပြေးသွားခဲ့၏။ သူက လက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ မီးလျှံဓားက ပြိုကျသွားတော့သည်။ လုမင်၏လက်က ထိုမျှနှင့်မရပ်ဘဲ ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ အတောင်ပံများကို ရိုက်ချလိုက်သည်။
"ဒုန်း"
ဧရာမ သတ္တဝါကြီးနှစ်ကောင် ထိပ်တိုက်တွေ့ဆုံသွားသကဲ့သို့ပင်။ ပြင်းထန်သော အင်အားက ဖီးနစ်ကန်တွင်ထောင်ပေါင်းများစွာသော လှိုင်းလုံးကြီးများကို ချက်ချင်း ဖြစ်ပေါ်လာစေခဲ့သည်။
"သတ်၊ မဟာနေမင်း ကမ္ဘာကိုဖျက်ဆီးခြင်း"
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်မီးလျှံက ပြင်းထန်စွာ တောက်လောင်နေ၏။ သူ့ပတ်ဝန်းကျင်မှ လေဟာနယ်က အက်ကြောင်းများပင် ပေါ်လာတော့သည်။ သူ့ခန္ဓာကိုယ်က နေတစ်စင်းကဲ့သို့ ပြောင်းလဲသွားကာ လုမင်ထံ တိုးဝင်သွားသည်။
လုမင်က ကစဉ့်ကလျားနိယာမကို အသက်သွင်းပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုလိုက်သည်။ သူက လက်ဝါးကို လက်သီးအဖြစ် ပြောင်းလဲပြီး အဆက်မပြတ် ထိုးနှက်လိုက်၏။
ငရဲဖိနှိပ်ကျောက်စာချပ်တစ်ခုကဲ့သို့ လက်သီးချက်များက တစ်ဖက်လူထံ ကျရောက်သွားတော့သည်။