အခန်း ၁၇၅၉
Vol. 118 Ch. 1759
အပိုင်း ( 1759 ) ပါရမီရှင်နှစ်ယောက်နှင့် တိုက်ပွဲ။
"ဝုန်း... ဝုန်း... ဝုန်း"
ပြင်းထန်သော ပေါက်ကွဲသံများကို အဆက်မပြတ် ကြားနေရသည်။ သူတို့နှစ်ဦးက အကြိမ်တစ်ရာကျော် ထိပ်တိုက်တွေ့ခဲ့ကြ၏။ နောက်ဆုံးတွင် ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ဘောလုံးတစ်လုံးကဲ့သို့ အဝေးကို လွင့်သွားတော့သည်။
သူက နောက်ဆုံး ဟန်ချက်မထိန်းနိုင်မီ အတောင်များကိုဖြန့်ကာ အကြိမ်ရေအနည်းငယ် ပြင်းပြင်းထန်ထန် ခတ်လိုက်ရသည်။
"လုမင်က အရမ်းသန်မာတာပဲ။ သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျားအလင်းတွေက ဖုံးလွှမ်းထားပြီး ရွှေကျီးကန်းရဲ့ နတ်မီးတောက်ကို လုံးဝ မကြောက်ဘူး"
"ကစဉ့်ကလျားနိယာမ... အဲဒါက တကယ့် ကစဉ့်ကလျားနိယာမပဲ။ လုမင်က ကစဉ့်ကလျားရဲ့သားတော်ဆိုတာ မမှားဘူး"
"ကစဉ့်ကလျားရဲ့သားတော်... ကစဉ့်ကလျားရဲ့သားတော်က ရှေးဟောင်းလမြင့်မြတ်နယ်မြေမှာ အမှန်တကယ် ပေါ်လာတယ်။ ကောင်းကင်မြို့တော်မှာလည်း သေဆုံးခြင်းရဲ့သားတော်နဲ့ အခြား သားတော်တစ်ဦး ပေါ်လာတယ်လို့ ကျုပ်ကြားတယ်"
"ကစဉ့်ကလျားရဲ့သားတော်တင် ဘယ်ကမလဲ။ ကောင်းကင်ဧကရာဇ်မြို့တော်မှာ ဘုရင်ခန္ဓာတွေလည်း ထွက်ပေါ်လာကြတယ်လို့ ကြားရတယ်။ ဒါက တကယ်ကို တုန်လှုပ်စရာကောင်းတယ်"
"ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဆိုင်မှုခေတ်ကို ရောက်လာတော့မယ်"
"မင်းတစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ ဝမ်ထျန်းပမ်း... မင်းလည်းလာခဲ့ပါ"
လုမင်၏ လျစ်လျူရှုထားသောအသံ ထွက်ပေါ်လာသည်။
"မင်းရဲ့ ဆန္ဒအတိုင်းပဲ"
ဝမ်ထျန်းပမ်းက အေးစက်စက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်အနှံ့မှ အလင်းစက်များ တောက်ပပြီး သူတော်စင်လက်နက်များ တစ်ခုပြီးတစ်ခု ပျံထွက်သွား၏။
စုစုပေါင်း လက်နက်တစ်ရာကျော် ရှိသည်။
၎င်းတို့တွင် မဟာသူတော်စင်လက်နက်က သုံးခုရှိပေသည်။
ဝမ်ထျန်းပမ်းက သူ့လက်ထဲတွင် မဟာသူတော်စင်အဆင့် ဓားတစ်လက်ကို ကိုင်ဆောင်လိုက်သည်။ လက်နက်စွမ်းအင်များကို စုစည်းလိုက်သောအခါ သူ့အငွေ့အသက်က အလွန်ကြောက်စရာကောင်းလာ၏။ ဖီးနစ်ရေကန်တွင် ကြောက်စရာကောင်းသော ဓားအမှတ်အသားများ ဖြစ်ပေါ်လာတော့သည်။
"ဝှစ်"
ဝမ်ထျန်းပမ်းက လုမင်ကို တိုက်ခိုက်လိုက်သည်။ သူ့ကို လက်နက်များစွာက ဝန်းရံထား၏။ ကြောက်စရာကောင်းသော ဓားအလင်းများက လုမင်၏ သေကွင်းသေကွက်များကို ပစ်မှတ်ထားကာ တိုက်ခိုက်လာတော့သည်။
"သေစမ်း"
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ဟိန်းဟောက်လိုက်သည်။ သူက အတောင်ပံများကိုခတ်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ လုမင်ကို တိုက်ခိုက်လိုက်၏။ သူက မရောက်လာသေးခင်မှာပင် တောက်လောင်နေသော နေမင်း၏ မီးလျှံက လုမင်ကို တိုက်ခိုက်ပြီးနေပြီ။
တစ်ချိန်တည်းတွင် ရွှေကျီးကန်း၏ ခြေသည်းများက လုမင်ဆီသို့ ကုပ်ချလိုက်၏။
ခြေသုံးချောင်း ရွှေကျီးကန်း၏ တတိယခြေသည်းက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက ဖျက်ဆီး၍မရသော သူတော်စင်လက်နက်များကိုပင် ချေမှုန်းနိုင်သည်ဟု ဆိုကြသည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုလိုက်သည်။ သူက ရွှေကျီးကန်း ဆဋ္ဌမမင်းသားနှင့် ဝမ်ထျမ်းပမ်းဆီသို့ လက်ညှိုးတစ်ချက်စီ ညွှန်ပြလိုက်၏။
"ဝုန်း... ဝုန်း"
ပေါက်ကွဲမှုနှစ်ခုအပြီးတွင် ဝမ်ထျန်းပမ်းနှင့် ရွှေကျီးကန်း ဆဋ္ဌမမင်းသားတို့မှာ လေထဲတွင် နောက်ပြန်လျှောထွက်သွားတော့သည်။ လေထဲမှာလည်း ကြောက်စရာကောင်းသော လှိုင်းနှစ်ခု ပေါ်လာခဲ့ရသည်။
လူတော်တော်များများက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ လုမင်သည် အလွန်အစွမ်းထက်၏။ သူက ရွှေကျီးကန်း ဆဋ္ဌမမင်းသားနှင့် ဝမ်ထျန်းပမ်းကို ဤမျှဆိုးရွားသော အခြေအနေသို့ တွန်းပို့နိုင်၏။ ယင်းက တုန်လှုပ်စရာကောင်းသည်။
အရေးအကြီးဆုံးမှာ၊ လုမင်၏ ကျင့်ကြံမှုအဆင့်က တြော်ပသော သူတော်စင်နယ်ပယ်၏ အဆင့်မြင့်အဆင့်သာ ရှိနေသေးခြင်းပင်။ ဝမ်ထျန်းပမ်းနှင့် ရွှေကျီးကန်း ဆဋ္ဌမမင်းသားတို့က တောက်ပသော သူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့က မဟာသူတော်စင်နယ်ပယ်သို့ ရောက်ရှိတော့မည်။
ဤကဲ့သို့ ပိုမြင့်မားသော ကျင့်ကြံမှုဖြင့်ပင် လုမင်ကို မယှဉ်နိုင်သေးပေ။
ရွှေကျီးကန်းမျိုးနွယ်နှင့် ဝမ်မျိုးနွယ်မှ လူများ၏ မျက်နှာများ မည်းမှောင်သွားကြသည်။
"ကစဉ့်ကလျားရဲ့သားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်။ ဘုရင်ခန္ဓာနဲ့ ကောင်းကင်သားတော်တွေကလွဲရင် အဆင့်တူ တိုက်ပွဲမှာ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး"
အဘိုးအိုတစ်ယောက်က တအံ့တဩဖြင့် ပြောလိုက်သည်။
ငယ်ရွယ်သော ပါရမီရှင်များစွာ၏ အမူအရာက ဖျော့တော့သွားလေသည်။
ဤတိုက်ပွဲအဆင့်က သူတို့ထက် အများကြီး ပိုမြင့်မားသည်။
"သတ်"
"သတ်"
ရွှေကျီးကန်း ဆဋ္ဌမမင်းသားနှင့် ဝမ်ထျန်းပမ်းက အော်ဟစ်လိုက်ကြသည်။ ဤတိုက်ပွဲကို သူတို့ မရှုံးနိုင်ပေ။
ဝမ်ထျန်းပမ်း၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် အလင်းအစက်များ လင်းလက်လာသည်။ နောက်ထပ် သူတော်စင်လက်နက်များ ပျံထွက်လာပြီး သူ၏တိုက်ခိုက်နိုင်စွမ်းက ပို၍ပင် အားကောင်းသွား၏။
ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ ဦးခေါင်းထက်တွင် နေတစ်စင်း အမှန်တကယ် ပေါ်လာသည်။ ၎င်းက လင်းလက်တောက်ပပြီး ကြောက်မက်ဖွယ် စွမ်းအားတို့ကို ထုတ်လွှတ်နေတော့သည်။
"ငါ့နေရောင်အောက်မှာ ပျက်စီးစေ"
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက အော်လိုက်သည်။ နေလုံးမှ လုမင်ကို လောင်ကျွမ်းတော့မလို အလင်းရောင်များ ဖြာကျလာ၏။
၎င်းက ရွှေကျီးကန်း ဆဋ္ဌမမင်းသား၏ နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ၎င်း၏ စွမ်းအားက လေးဆယ်ရာခိုင်နှုန်းအထိ ရှိနေပြီ။
လေးဆယ်ရာခိုင်နှုန်းသော နတ်ဘုရားစွမ်းရည်၏ စွမ်းအားက လုံးဝ ကြောက်စရာကောင်းသည်။
ဤတိုက်ကွက်ကို အသုံးပြုပြီးသည်နှင့် သာမာန် တောက်ပသော သူတော်စင်အားလုံး သေဆုံးပြီး ပြာဖြစ်ကုန်ကြလိမ့်မည်။ သာမာန် မဟာသူတော်စင်များသည်ပင် နတ်ဘုရားစွမ်းရည်ကို ကောင်းစွာ မကျွမ်းကျင်ပါက ထိပ်တိုက်ရင်ဆိုင်ဝံ့မည်မဟုတ်ဘဲ ဆုတ်ခွာရမည် ဖြစ်သည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ကစဉ့်ကလျားနိယာမများ စီးဆင်းလာခဲ့သည်။
ကစဉ့်ကလျားနိယာမသည် ကမ္ဘာပေါ်တွင် အလွန်လွှမ်းမိုး၏။ အဆုံးမဲ့စွမ်းအင်များက လုမင်၏ လက်ချောင်းဆီသို့ စုစည်းရောက်ရှိသွားလာသည်။ မိုင်တစ်ရာအတွင်းရှိ စွမ်းအင်များက ချက်ချင်းဆိုသလို ခြောက်သွေ့သွားပုံရပေသည်။
နတ်ဘုရား၏လက်ညှိုးကဲ့သို့ ကြီးမားသော လက်ချောင်းကြီးက ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို ညွှန်ပြလိုက်သည်။
ကောင်းကင်မှ တောက်လောင်နေသော နေမင်းကြီးကို လက်ချောင်းက တိုက်မိသွား၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ပေါက်ကွဲသံနှင့်မတူ မျက်လုံးမဖွင့်နိုင်လောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။ အားနည်းသူတချို့ဆိုလျှင် အလင်းရောင်က စူးရှလွန်းသဖြင့် မျက်ရည်များ စီးကျလာခဲ့ရသည်။
"ဝုန်း"
ထို့နောက်တွင် နေလုံးက ပေါက်ကွဲထွက်လာသည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကမူ မရပ်တန့်ဘဲ ရှေ့ဆက်တိုးသွား၏။ ၎င်းက ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို ပြင်းပြင်းထန်ထန် ထိမှန်သွားတော့သည်။
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက အော်ဟစ်ပြီး အဝေးကို လွင့်စဉ်သွားခဲ့သည်။ သူ၏သွေးများက ဖီးနစ်ရေကန်ပေါ်သို့ ကျရောက်သွား၏။ ရွှေရောင်အမွေးများသည်လည်း ကောင်းကင်ယံတွင် ပြန့်ကျဲနေတော့သည်။
ရွှေကျီးကန်း ဆဋ္ဌမမင်းသားက ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
လုမင်က ကစဉ့်ကလျားကပ်ဘေးလက်ချောင်းကို အသုံးပြုပြီးသည်နှင့်တပြိုင်နက်၊ လေထုကိုနင်းကာ ဝမ်ထျန်းပမ်းဆီသို့ ပြေးသွားသည်။
ဝမ်ထျန်းပမ်းကလည်း လုမင်ဆီသို့ ပြေးလာ၏။ နှစ်ယောက်စလုံးက လက်နက်တစ်သောင်းတာအိုကျမ်းကို အသုံးပြုလိုက်ကြသည်။ လက်နက်စွမ်းအင်များက စုစည်းပြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့ပေသည်။
"သတ်"
လုမင်က နတ်ဘုရားဓားကျင့်စဥ်ကို အသုံးပြုပြီး အော်လိုက်သည်။ မမြင်နိုင်သော ဓားအလင်းနှစ်ခုက သူ့မျက်လုံးများမှ ထွက်ပေါ်လာ၏။
ဝမ်ထျန်းပမ်းက ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအားက အားကောင်းပြီး ဝိညာဉ်ကာကွယ်ရေး ရတနာများလည်း ရှိ၏။ သို့သော်လည်း လုမင်၏ ကျင့်ကြံမှုအခြေခံ မြင့်တက်လာသည်နှင့်အမျှ သူ၏ စိတ်ဝိညာဉ်စွမ်းအားကလည်း ပိုသန်မာလာသည်။ ထို့ကြောင့် ဝမ်ထျန်းပမ်း၏ စိတ်ဝိညာဉ်မှာ ထိခိုက်ရသေးသည်။
ဝမ်ထျန်းပမ်း၏ မျက်လုံးများက နာကျင်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ရွှစ်"
လုမင်က မဟာသူတော်စင်အဆင့် ဓားဖြင့် ဝမ်ထျန်းပမ်းကို ခုတ်ချလိုက်သည်။
ဝမ်ထျန်းပမ်းက ဒေါသတကြီး ဟိန်းဟောက်ပြီး အစွမ်းကုန် ပြန်လည်တိုက်ခိုက်လိုက်၏။ သူက ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူတို့၏ဓားများ ထိပ်တိုက်တွေ့ဆုံပြီးနောက် ကောင်းကင်ကြီးက တုန်ခါသွားသည်။ ထို့နောက် ပုံရိပ်တစ်ခုက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားတော့သည်။
ယင်းက ဝမ်ထျန်းပမ်း ဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံမှုတွင် သူ့ကို လုမင်က ဖိနှိပ်နိုင်ခဲ့ပြီ။
"သတ်"
လုမင်က ဝမ်ထျန်းပမ်းကို ဆက်လက်တိုက်ခိုက်လိုက်သည်။ သူ့အရှိန်အဝါက အလွန်အားကောင်းပြီး သတ်ဖြတ်ချင်စိတ်ကလည်း မိုးထိအောင် ဖြာထွက်နေ၏။
ဝမ်ထျန်းပမ်းလည်း အစွမ်းကုန် ခုခံခဲ့ပေသည်။
"ထန်... ထန်... ထန်"
နှစ်ယောက်သား ထိပ်တိုက်တွေ့ကြသော်လည်း အကြိမ်တိုင်းတွင် ဝမ်ထျန်းပမ်းက နောက်ပြန်ဆုတ်သွားရသည်။ တိုက်ခိုက်မှု ဒါဇင်ချီကာ ရင်ဆိုင်ပြီးနောက်မှာတော့ ဝမ်ထျန်းပမ်းက ခြေလှမ်းရာဂဏန်းခန့် နောက်ပြန်ဆုတ်သွားရတော့သည်။
သူ၏ ဓားကိုင်လက်ကလည်း တဆတ်ဆတ်တုန်နေခဲ့သည်။
"လုမင်၊ သေစမ်း"
ဝမ်ထျန်းပမ်းက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် အလင်းစက်တစ်ခု တောက်ပလာသည်။ ထို့နောက်တွင် ကြီးမားသော ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများလည်း ဖြာထွက်လာတော့သည်။
"အန္တိမ သူတော်စင် လက်နက်... အဲဒါက အန္တိမ သူတော်စင် လက်နက်ပဲ။ ဝမ်ထျန်းပမ်းက အန္တိမသူတော်စင်လက်နက်ကို ဘယ်လို တံဆိပ်ခတ်နိုင်တာလဲ"
တစ်ယောက်က အော်ဟစ်လိုက်သည်။
"အဲဒါ ဧကရာဇ်အဆင့် အကျော်အမော်တစ်ဦးက ကူညီပေးခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် ဝမ်ထျန်းပမ်းက သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အန္တိမသူတော်စင်လက်နက်ကို တံဆိပ်ခတ်နိုင်မှာ မဟုတ်ဘူး။ အန္တိမသူတော်စင်လက်နက်က သူ့ခန္ဓာကိုယ်ကို ကွဲကြေစေလိမ့်မယ်"
"ဟုတ်တယ်၊ လုမင် အန္တရာယ်ရှိလာပြီ။ အစကတည်းက ဝမ်ထျန်းပမ်းက သူ့ထက် အများကြီး အားမနည်းခဲ့ဘူး။ အခု အန္တိမသူတော်စင်လက်နက် ပေါ်လာတာကြောင့် လုမင်က ခုခံဖို့မလွယ်တော့ဘူး"
ဟွမ်လင်၊ မုချင်ရွယ်နှင့် အခြားသူများက စိုးရိမ်ပူပန်လာကြသည်။
လုံချန်၏ မျက်လုံးများကတော့ တောက်ပနေပြီး လုံးဝ မစိုးရိမ်ပေ။
"သေစမ်း"
ဝမ်ထျန်းပမ်းက အန္တိမသူတော်စင်လက်နက်၊ ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။ ဟင်းလင်းပြင်က ကွဲထွက်တော့မလို တုန်ခါသွား၏။
"ထန်"
လုမင်က မဟာသူတော်စင်လက်နက်ဓားဖြင့် ခုခံလိုက်သည်။ သို့သော်၊ ဓားက တုန်ခါသွားပြီး ကြောက်မက်ဖွယ်အင်အားတစ်ခုကလည်း ဆက်လက် တိုးဝင်လာ၏။ လုမင်၏ ခန္ဓာကိုယ်က ဟန်ချက်မထိန်းနိုင်မီ မီတာထောင်ချီကာ လွင့်စဉ်သွားတော့သည်။