အခန်း ၁၇၆၁
Vol. 118 Ch. 1761
အပိုင်း ( 1761 ) ထိပ်တိုက်တွေ့ကြခြင်း။
"ဧရာမ လက်ဝါးကြီးက ထိုမျှနှင့်မရပ်ပေ။ ဆက်လက်ကျဆင်းလာပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် တိုက်မိသွားသည်။
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းသည် အလွန်အစွမ်းထက်၏။ သို့သော်လည်း လုမင်၏ ကျင့်ကြံမှုက အားနည်းနေသေးသည်။ လက်ဝါးကြီးကို မတားဆီးနိုင်ဘဲ ပြိုကျသွားရသည်။
သို့သော်လည်း အဆက်မပြတ် ခုခံပြီးနောက် လက်ဝါးပုံရိပ်ကြီးမှာ စွမ်းအားများစွာ လျှော့ကျသွားခဲ့သည်။ ကျန်သော စွမ်းအင်များဖြင့် လုမင်အပေါ်သို့ ဆက်လက်ကျရောက်လာပေသည်။
"ရပ်စမ်း"
လုမင်က ခွန်အားအပြည့်ဖြင့် တားဆီးရင်း ဆုတ်သွားသည်။ သူတော်စင်လက်နက် တရာကျော်က သူ့ရှေ့တွင် ပျံ့လွင့်နေ၏။ နဂါးအကြေးခွံအလွှာတစ်ခုကလည်း သူ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ကစဉ့်ကလျားနိယာမသည်ပင် နဂါးအကြေးခွံများပေါ်တွင် စီးဆင်းနေတော့သည်။
"ဝုန်း"
လက်ဝါးကြီးက အရာအားလုံးကို ချေမှုန်းပစ်လိုက်သည်။ လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါပြီး မီတာတစ်ထောင် ဆုတ်သွားရ၏။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာကာ သူ့မျက်နှာလည်း ဖြူဖျော့သွားတော့သည်။
"ဟမ်"
ဝမ်မိသားစုမှ အကြီးအကဲ၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု ပေါ်လာသည်။ သူ့လက်ဝါးက လုမင်ကို ဒဏ်ရာရစေရုံဖြစ်ကာ မသတ်နိုင်ခဲ့ပေ။ သူက လက်ဝါးဖြင့် ထပ်မံရိုက်ချလိုက်သည်။ ဤတစ်ကြိမ်တွင် အရာအားလုံးကို ဖြတ်သွားနိုင်ပုံရသော ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ဖီးနစ်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းကို ပိတ်ဆို့လိုက်တော့သည်။
ဝမ်မိသားစု၏ အကြီးအကဲက ဖီးနစ်နန်းတော်မှ လူများကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဘာလဲ၊ ဖီးနစ်နန်းတော်က ငါ့ကို တားဆီးချင်တာလား"
"ပေါက်ကရတွေ၊ ရွှေကျီးကန်းမျိုးနွယ်က အရှက်မရှိပေမဲ့ ဝမ်မိသားစုက ပိုလို့တောင် အရှက်မဲ့သေးတယ်။ မျိုးဆက်သစ်လူငယ်တွေက လုမင်ကို အနိုင်မယူနိုင်တာနဲ့ ရှင့်လို မျိုးဆက်ဟောင်းတွေတောင် တိုက်ခိုက်လာရတယ်လို့... ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလဲ"
မုချင်ရွယ်က အော်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ဝမ်မိသားစုအကြီးအကဲက ကြိမ်းမောင်းလိုက်၏။
"ပါးစပ်ပိတ်ထားရမယ်... ရှင်က စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အရှက်မရှိပေမဲ့ ရှင့်အကြောင်း တခြားသူတွေကို ပြောခွင့်မပေးဘူးလား"
မုချင်ရွယ်က ပြန်အော်သည်။
မုချင်ရွယ်၏ နောက်ကွယ်မှ အင်အားက အလွန်အားကောင်းသည်။ သူမက ဝမ်မိသားစုကို လုံးဝ မကြောက်ပေ။
"ချင်ရွယ်ပြောတာက မမှားဘူး။ လွန်ခဲ့တဲ့တစ်လက လုမင်က ဝမ်ထျန်းပမ်းနဲ့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို စိန်ခေါ်ခဲ့တယ်။ ဒါဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ တိုက်ပွဲတစ်ခုပဲ။ ဒါပေမဲ့ အခုအချိန်မှာ ရှင်က ဝမ်ထျန်းပမ်းကို ကယ်တင်တဲ့အပြင် လုမင်ကိုလည်း တိုက်ခိုက်ခဲ့သေးတယ်။ ဒါက အရမ်းများတယ်လို့ မထင်ဘူးလား"
ဟွမ်လင်ကလည်း ပြောလိုက်သည်။
"ဒါက အရမ်းများတာတင် မကဘူး၊ လုံးဝကို မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့တာလို့ ခေါ်တယ်။ အခုလေးတင် ဝမ်ထျန်းပမ်းက အသာစီးရနေတော့ လုမင်ကို သတ်ပစ်ဖို့ အော်ပြောခဲ့သေးတယ်။ ဒါပေမဲ့ ဝမ်ထျန်းပမ်းက ရှုံးနိမ့်တဲ့အခါ မျိုးဆက်ဟောင်းတွေက သူ့ကို ကယ်တင်ဖို့ ဝင်ရောက်လာကြတယ်။ လုမင်ကိုတောင် တိုက်ခိုက်ခဲ့သေးတယ်။ ဒါက ဝမ်မျိုးနွယ်ရဲ့ နည်းလမ်းလား... ကျုပ် တကယ်ကို ပညာရလိုက်ပါပြီ"
လုံချန်က အေးစက်စက် ပြောလိုက်၏။
ငယ်ရွယ်သူအများအပြား၏ လှောင်ပြောင်ခြင်းကို ခံရခြင်းကြောင့် ဝမ်မျိုးနွယ်မှ အကြီးအကဲ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ထို့နောက် ဝမ်မျိုးနွယ်မှ အကြီးအကဲက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး၊ အန္တိမသူတော်စင်လက်နက် ပုဆိန်ကို ပြန်ပေးပါ။ ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
"ကျုပ်အသက်ကို ချမ်းသာပေးမှာလား၊ ဟားဟားဟား.... ရယ်စရာကောင်းလိုက်တာ"
လုမင်က ဝမ်မျိုးနွယ်မှ အကြီးအကဲကိုကြည့်ကာ ဟားတိုက်ရယ်မောလိုက်သည်။
"ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ဝမ်မျိုးနွယ်ကို ဒီလောက်အရှက်ကင်းမဲ့မယ်လို့ မထင်ထားဘူး။ ဒီပုံစံနဲ့ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ အင်အားစုကြီးလို့ ဘယ်လိုခေါ်နိုင်တာလဲ။ ရယ်စရာကောင်းလိုက်တာ"
"ဒီနေ့ ကျုပ်က ဝမ်ထျန်းပမ်းနဲ့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို စိန်ခေါ်တိုက်ခိုက်ခဲ့တယ်။ ကျုပ်က သူတို့ကို မယှဉ်နိုင်ရင် ကျုပ် အသတ်ခံရမှာပဲ။ သူတို့ မယှဉ်နိုင်ရင်လည်း ဘယ်သူမှ ဝင်စွတ်ဖက်ခွင့်မရှိဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ဝင်စွတ်ဖက်တဲ့အပြင် ပုဆိန်ကိုတောင် ပြန်တောင်းနေသေးတယ်။ ခင်ဗျားမှာ ဒီအတွက် ဘာအခွင့်အရေးရှိလို့လဲ"
"မင်း... ဝမ်မျိုးနွယ်ကို စော်ကားဝံ့တယ်လား။ မင်း သေချင်နေတာပဲ"
ဝမ်မျိုးနွယ်မှ အကြီးအကဲက ရှေ့သို့ တိုးလာသည်။ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ဖြင့် အေးစက်သွား၏။ ကြောက်စရာကောင်းတဲ့ ရောင်ဝါက လုမင်အပေါ်ကို ဖိချလိုက်တော့သည်။
သို့ရာတွင်၊ ဖီးနစ်နန်းတော်မှ အကြီးအကဲတစ်ဦးကလည်း ရှေ့သို့ တိုးလာကာ ဝမ်မျိုးနွယ်မှ ကျွမ်းကျင်မှုကို သူ၏ ရောင်ဝါဖြင့် တားဆီးခဲ့သည်။
"ဖီးနစ်နန်းတော်က ဝမ်မျိုးနွယ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာလား"
ဝမ်မျိုးနွယ်မှ အကြီးအကဲက အေးစက်စက် ပြောလိုက်သည်။
"ဖီးနစ်နန်းတော်က ကြောက်မယ်ထင်လား"
ဖီးနစ်နန်းတော်မှ အဘွားအိုတစ်ယောက်က နှုတ်ခမ်းကိုမဲ့လိုက်၏။
"ဟားဟားဟား၊ ကျုပ်အမြင်အရတော့ နောင်အခါမှာတွေ့ရင် ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ် ခင်ဗျားတို့ သူတို့ကို ရှောင်သွားတာ ပိုကောင်းတယ်။ သူတို့နဲ့ မပတ်သက်မိရင် အကောင်းဆုံးပဲ။ ခင်ဗျားတို့ရှုံးရင် တစ်ဖက်လူက အရှက်ခွဲပြီး သတ်လိမ့်မယ်၊ အနိုင်ရရှိရင်လည်း သူတို့ရဲ့ မျိုးဆက်ဟောင်းတွေက အရှက်မရှိ ခင်ဗျားတို့ကို လာသတ်ဦးမှာပဲ"
လုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့လေသံက ထေ့ငေါ့ခြင်းအပြည့်ရှိ၏။
"အမှန်ပဲ၊ ငါ့အမြင်တော့ ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ အိမ်မှာနေပြီး အပြင်မထွက်သင့်ဘူး။ သူတို့က ရှုံးနိမ့်မှုကို မခံနိုင်ကြဘူးလေ"
မုချင်ရွယ်ကလည်း ပြောသည်။
ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်ဝင်တို့၏ မျက်နှာများ မည်းမှောင်သွားတော့သည်။
"ကောင်လေး၊ အဲဒီတောင်ပံကို ပြန်ပေးပါ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့လိုက်မယ်"
ထိုအချိန်တွင် ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက ရှေ့သို့ လှမ်းလာပြီး လုမင်အား ရွှေရောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဟားဟားဟား၊ အဲဒါက ကျုပ်ရဲ့ တိုက်ပွဲအောင်မြင်မှု အကျိုးအမြတ်ပဲလေ။ ဒီည ရွှေကျီးကန်းရဲ့အတောင်ပံကို ကင်စားမယ်၊ ဒါက အရမ်းအရသာရှိမှာပဲ"
လုမင်က ရယ်မောလိုက်သည်။
သူ ဒေါသထွက်နေသည်၊ အလွန် ဒေါသထွက်၏။
ဒါက မမျှတသော တိုက်ပွဲတစ်ခုပင်။ သူပြောသလိုပင်၊ သူရှုံးနိမ့်ပါက တစ်ဖက်လူ၏ သတ်ခံရလိမ့်မည်။ သို့သော်လည်း တစ်ဖက် မျိုးဆက်ဟောင်းများက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ကာ ရွှေကျီးကန်းဆဋ္ဌမမင်းသားနှင့် ဝမ်ထျန်းပမ်းတို့ကို ကယ်တင်ခဲ့သည်။
ယခုလည်း သူ၏ အောင်နိုင်မှုအကျိုးအမြတ်များကို တောင်းနေကြပြီ။ လုမင်က မည်သို့လွှဲပြောင်းပေးအပ်နိုင်မည်နည်း။
"မင်းလုပ်ဝံ့လား၊ မင်းသေချင်နေတာလား"
ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူများအားလုံးက သတ်ဖြတ်ချင်စိတ်ဖြင့် ရှေ့သို့ တိုးလာခဲ့ကြသည်။ လုမင်ကို စူးစိုက်ကြည့်ရင်း သူတို့မျက်လုံးများက အေးစက်သွား၏။
"ဝူး"
ကောင်းကင်တွင် နဂါးနှင့်ဆင် အော်သံများကို ကြားလိုက်ရသည်။ လုံချန်က လေထဲမှ လျှောက်လှမ်းလာ၏။ သူ့နောက်မှာလည်း နတ်ဆင်ဂိုဏ်းမှမှ ကျွမ်းကျင်သူများ ရှိနေကြသည်။
"နတ်ဆင်ဂိုဏ်းက ဝင်စွက်ဖက်ချင်တာလား"
ရွှေကျီးကန်းမျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
နတ်ဆင်ဂိုဏ်းသည် အလွန်အစွမ်းထက်၏။ ရွှေကျီးကန်းမျိုးနွယ်ပင်လျှင် သူတို့ကို သတိထားရသည်။
"တော်စမ်း"
လုံချန်၏ အဖြေက ရိုးရှင်းသော်လည်း သူ့သဘောထားက ထင်ရှားသည်။
"ဝုန်း"
ဖီးနစ်နန်းတော်မှ အကျော်အမော်များကလည်း ရှေ့သို့တိုးလာကာ လုမင်၏ရှေ့တွင် ရပ်လိုက်ကြသည်။
အင်အားစုကြီးလေးခု၏ ပညာရှင်များက အချင်းချင်း ထိပ်တိုက်တွေ့နေပြီ။
သူတို့ပတ်ဝန်းကျင်မှ တခြားသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။ ယယနေ့တွင် အင်အားစုကြီးလေးခုက တိုက်ခိုက်တော့မည်လော။
'အကြီးအကဲ၊ လုမင်က အရမ်းထက်မြက်တာကြောင့် ကျွန်တော်တို့နဲ့ မိတ်ဆွေဖွဲ့ထိုက်ပါတယ်။ နောက်ပြီးတော့ လုမင်နဲ့ ကျွန်တော်က သူငယ်ချင်းဟောင်းတွေပါ'
ယဲ့တုန်ဖန့်က မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ကျွမ်းကျင်သူ၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ခေါင်းညိတ်ပြပြီး အခြား မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အကျော်အမော်များထံ အသံပို့လွှတ်လိုက်၏။ ထို့နောက် လျှပ်စီးတဖျပ်ဖျပ်လက်ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲအချို့က ဝမ်မျိုးနွယ်စုမှ ကျွမ်းကျင်သူများအနီးတွင် ပေါ်လာတော့သည်။ ဝမ်မျိုးနွယ်အပေါ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ကျရောက်လာခဲ့သည်။
"ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်၊ မင်းတို့ ဒီနေ့ အရမ်းများသွားပြီ"
မိုးကြိုးဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ယင်းက ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်ဝင်တို့၏ မျက်နှာများကို ပို၍ပင် အကြည့်ရဆိုးသွားစေသည်။
"မိုးကြိုးဘုရားဂိုဏ်းကလည်း ဝင်စွက်ဖက်ချင်တာလား"
ဝမ်မျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက ပြောလိုက်သည်။
“မျိုးဆက်သစ်လူငယ်တွေကြား တိုက်ပွဲဆိုတာ မျိုးဆက်သစ်လူငယ်တွေအတွက် ကိစ္စတစ်ခုပါ။ ပါရမီရှင်တွေကြားက ပြိုင်ဆိုင်မှု မရှိရင် သူတို့ ဘယ်လိုလုပ်ပြီး တိုးတက်နိုင်မှာလဲ။ လူငယ်တွေရဲ့ကိစ္စမှာ မျိုးဆက်ဟောင်းတွေက ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ဒါဟာ သိုင်းပညာလောကမှာ မရေးသားထားတဲ့ စည်းမျဉ်းတစ်ခုပဲ။ အားလုံးက မင်းတို့လိုဆိုရင် မျိုးဆက်သစ်လူငယ်တွေက ဘယ်လိုလုပ်ပြီး သတ္တိရှိရှိ လေ့ကျင့်နိုင်မှာလဲ"
"ဝမ်မျိုးနွယ်နဲ့ ရွှေကျီးကန်းမျိုးနွယ်က ဒီလိုလုပ်နိုင်ရင် တခြား အင်အားစုတွေကလည်း ဒီလိုပဲ လုပ်နိုင်တယ်။ မျိုးဆက်သစ်တွေကို မျိုးဆက်ဟောင်းတွေက သတ်လိမ့်မယ်"
မိုးကြိုးဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပြောသည်။
မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ၏ အသံသည် ငြိမ်သက်နေသော်လည်း သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်က ထိုသို့လုပ်နိုင်လျှင် တခြားအင်အားစုများကလည်း လုပ်နိုင်သည်။ နောင်တွင် ဝမ်မျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ်မှ တပည့်များ မပူးပေါင်းပါက ၎င်းတို့လည်း သတ်ဖြတ်ခံရလိမ့်မည်။
မျိုးဆက်သစ်လူငယ်များ၏ သွေးသစ်လောင်းခြင်း မရှိပါက မည်သည့်အင်အားစုမဆို အနှေးနှင့်အမြန် ပျက်စီးသွားရမည် ဖြစ်သည်။
ဝမ်မျိုးနွယ်နှင့် ရွှေကျီကန်းမျိုးနွယ်မှ ကျွမ်းကျင်သူများ၏ မျက်နှာများက မှုန်ကုပ်သွားကြသည်။
"ကောင်းပြီ၊ ဒီနေ့ကိစ္စ မေ့လိုက်ရအောင်"
ဝမ်မျိုးနွယ်မှ ကျွမ်းကျင်သူတစ်ဦးက သူ့လက်ကိုဝှေ့ယမ်းပြီး လုမင်ကို အေးစက်စက် ကြည့်လိုက်သည်။
"ဝမ်ထျန်းပမ်းနဲ့ ရွှေကျီးကန်း ဆဋ္ဌမမင်းသားကို အနိုင်ယူနိုင်တာကြောင့် မျိုးဆက်သစ်လူငယ်တွေကို လွှမ်းမိုးနိုင်မယ်လို့ မထင်လိုက်နဲ့။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရဲ့ မဟာသူတော်စင်နယ်ပယ် ပါရမီရှင်တွေက ကောင်းကင်ဧကရာဇ်မြို့တော်ကို သွားနေကြပေမဲ့ မကြာခင် ပြန်လာကြလိမ့်မယ်။ အဲဒီအခါကျရင် ငါ့ဝမ်မျိုးနွယ်ရဲ့ လူတစ်ယောက်ယောက်က မင်းကို သတ်မှာ အသေအချာပဲ။ သွားကြစို့"
ထို့နောက်မှာတော့ ဝမ်မျိုးနွယ်မှ လူများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။